မောင်ဝါဝါနှင့် ပေးဆပ်သူတို့ နှလုံးသား
– သူရဿဝါ –

လူသားတွေဟာ ပတ်ဝန်းကျင်နဲ့ အခြား လူသားတွေနဲ့ အပြန်အလှန် ကူးလူး ဆက်ဆံ နေထိုင် ကြရတာ ဖြစ်လို့ အပေး အယူ ကိစ္စတွေနဲ့ သိပ်ပြီး မကင်းလှ ပါဘူး။ မောင်ဝါဝါတို့ ငယ်ငယ် တုန်းကတော့ ကိုယ့်ရဲ့ အသက်အရွယ် အနေအထား အရ လောကကြီးကို ဘာမှ သိပ်ပြီး ပေးနိုင်တာ မရှိခဲ့ တာမို့ ကိုယ်ကပဲ “ပေး” ဆိုတဲ့ စကားလုံးကို ရဲရဲဝံ့ဝံ့ သုံးစွဲ ခဲ့ဖူးပါတယ်။ “အဖေ .. မုန့်ဖိုးပေး”၊ “အမေ .. မုန့်ဖိုးပေး” စတဲ့ စကားတွေ ထဲမှာ “ပေး” ဆိုတဲ့ စကားလုံး ပါပေမယ့် ကိုယ်က ရမယ့် ပေးမို့လို့ ဘယ်သူ့ မျက်နှာမှ မထောက် ခပ်ပြောင်ပြောင် တောင်းရဲ ခဲ့ပါတယ်။ တဖြည်းဖြည်း အသက် အရွယ် ကြီးပြင်းလို့ လောကထဲ တကယ် ဝင်ရောက် လာရတဲ့ အချိန်ကျတော့ “ပေး” ဆိုတဲ့ စကားလုံးကို ကိုယ်က ရဖို့ သက်သက် မဟုတ်ဘဲ၊ ကိုယ်က ပေးရဖို့လည်း သုံးစွဲ လာရတဲ့ အဖြစ်တွေ ကြုံရပါ တော့တယ်။

“ပေးချင်သလောက် ပေးပါ” တဲ့။ တားစီး လိုက်မိတဲ့ အငှားကားက ကိုယ့်အသိ အကျွမ်း တစ်ယောက်ယောက် ဖြစ်နေလို့ သူကလည်း အားနာသမှုနဲ့ ဘယ်ရွေ့ ဘယ်မျှ သတ်မှတ်ပြီး တောင်းတာမျိုး မဟုတ်ဘဲ ပေးချင် သလောက်သာ ပေးဆိုတဲ့ သဘောမျိုး တောင်းတာမျိုး၊ မျက်နှာ နာရသူ တစ်ဦးဦးနဲ့ အပေးအယူ သဘော၊ အရောင်း အဝယ် သဘော ဆက်ဆံ ရတဲ့ အခါမှာ ကိုယ့်ကို အထူး အခွင့်အရေး ပုံစံမျိုး ပေးပြီး “ပေးသလောက်ပဲ ယူမယ်” သဘောမျိုး ကြုံဖူး ကြမှာပါ။ အဲဒါမျိုး ကြားရတဲ့ အခါ ကိုယ်ကလည်း သူ့ကို ပြန်အားနာပြီး ခါတိုင်း ဆစ်နေကျ ဈေးမျိုး ကိုတောင် မဆစ်တော့ဘဲ ပေးလိုက် တာမျိုးလည်း လုပ်ဖူးကြ မှာပါ။ ဘာပဲ ဖြစ်ဖြစ် ပေးတာတော့ ပေးရမှာပဲလေ။ “ပေး” ဆိုတဲ့ စကားလုံးကို သုံးပေမယ့် ကိုယ်က ရတာ မဟုတ်ဘဲ ပေးရမယ့် အခြေအနေတွေ ပါဝင်တဲ့ တကယ့် လောကကြီးထဲ တစတစ ရောက်လာ ကြပြီကိုး။

“ပေးဒေး (pay day)” တဲ့။ လခစား ဝန်ထမ်းတွေ ရင်းနှီး ကျွမ်းဝင်တဲ့ စကားလုံးပါ။ လစာ ထုတ်တဲ့ ရက်ကို “ပေးဒေး” လို့ ခေါ်ကြပါတယ်။ တစ်လလုံးလုံး ကိုယ်လုပ် ခဲ့တဲ့ လုပ်အားခကို ကိုယ့်ရဲ့ အလုပ်ရှင် များက လစာ အနေနဲ့ သတ်မှတ်ပြီး ပေးတဲ့ နေ့ပါ။ မောင်ဝါဝါ ကတော့ အမြဲတမ်း နောက်ပြောင်ပြီး ပြောလေ့ရှိတယ်။ “ပေးဒေးမှ တကယ့် ပေးဒေးပဲ၊ အဲဒီနေ့ဆို ကိုယ့်ကို အလုပ်ရှင်က လစာ ပေးတယ်၊ အဲဒီ လစာကို ကိုယ်က ကိုယ့်ရဲ့ အကြွေးရှင် တွေကို ပြန်ပေး ရတယ်၊ တစ်နေကုန် အကြောင်း အမျိုးမျိုးနဲ့ လူအမျိုးမျိုးကို ပေးနေကြတဲ့နေ့၊ ဒါကြောင့် ပေးဒေးအစစ် .. ဟဲဟဲ” လို့။ ဒါလည်း ပေးတဲ့ သံသရာ ထဲကနေ မထွက်ပြန်ဘူးကိုး။

အခုဆိုရင် “ပေး” ဆိုတာကို သာမာန် အရပ်သုံး စကားတင် မကတော့ဘဲ တရားဝင် နာမည်တံဆိပ် တစ်ခု ကပ်ပြီးတောင် သုံးလာ ကြပါပြီ။ အခု နောက်ပိုင်း ဘတ်စ်ကား စီးသူတွေ ကြားထဲ ခေတ်စား လာတဲ့ နာမည် တစ်ခုက “အိုင်ပေး (iPay)” ပါတဲ့။ အရင်က ဝန်ထမ်းတွေ ကူပွန်နဲ့ စီးကြ သလို ခပ်ဆင်ဆင် စနစ်ပေါ့။ ကိုယ့် ပိုက်ဆံ တွေကို တစ်ထောင်တန်၊ နှစ်ထောင်တန် စတဲ့ ကဒ်တွေထဲ ကြိုတင် ထည့်ထား ပြီးတော့ ဘတ်စ်ကား စီးတဲ့ အခါ အဲဒီ ကဒ်ကလေး တွေကို စပယ်ယာ ရင်ဘတ်မှာ ချိတ်ထားတဲ့ စက်မှာ ကဒ်လိုက်တဲ့ အခါ ဘတ်စ်ကားခကို ပြန်ဖြတ် လိုက်တယ်။ အဲဒါ “အိုင်ပေး” ပဲ။ “အိုင်ပေး” တွေ စစပေါ်တော့ ခရီးသည်က “အိုင်ပေး” ကဒ်ကို ပေးတာတောင် စပယ်ယာက ရုံးတက် ရုံးဆင်းချိန် မဟုတ်လို့ မယူပါဘူးလို့ ငြင်းတာမျိုး တစ်ခါ နှစ်ခါ မြင်ဖူး တွေ့ဖူး ပါတယ်။ တစ်ခါတော့ ကိုယ့်ဘေးက ခရီးသည်က အဲဒီလို ပေးတာကို စပယ်ယာ ငြင်းလိုက်တာ မြင်တော့ မောင်ဝါဝါလည်း အဲဒီ စပယ်ယာ ရှေ့တင် ဘေးက ခရီးသည်ကို နှစ်သိမ့် သလို ပုံမျိုးနဲ့ ခပ်ရွဲ့ရွဲ့ ပြောဖူးတယ်။ “အော် .. အစ်ကိုကြီးရယ် .. အိုင်ပေး ဆိုပေ မယ့်လို့ အိုင်က ပေးပေမယ့် သူက ငြင်း တော့လည်း ဘယ်တတ်နိုင် ပါ့မလဲ၊ ဒီတော့ အိုင်ပေး ဆိုတာ နဲ့တင် မပြည့်စုံဘူး၊ “အိုင်ပေး သူငြင်း” လို့ ခေါ်မှ ပြည့်စုံမယ် ထင်တာပဲ အဟဲဟဲ” လို့။ ဒါက အစပိုင်းပါ။ အခုတော့လည်း အဲဒီလို မငြင်းကြ တော့ပါဘူး။ “အိုင်ပေး” တာနဲ့ စပယ်ယာ တွေကလည်း သူတို့ ရင်ဘတ်က စက်မှာ “ကပ်”လိုက် တော့တာ ပါပဲ။ ဒီတော့လည်း “အိုင်ပေး သူကပ်” ဖြစ်သွားပြီပေါ့။ အဆင်ပြေ ပါတယ်။ မောင်ဝါဝါ ပြောချင် တာက မောင်ဝါဝါ တို့ရဲ့ “ပေး” လောကကြီးထဲ ပေးရတဲ့ စနစ်ဟာ အကောင် အထည် စနစ်တကျ အတိအကျနဲ့ ကဒ်တွေထဲ ရောက်လာ ကြပြန်ပြီ ဆိုတာပါ။

ဖေ့စ်ဘွတ်ခ်တို့ ဘာတို့မှာ အွန်လိုင်း ဂိမ်းတွေ ကစား ကြတဲ့ အခါ ဂိမ်းထဲမှာ မူလ ပေးထားတဲ့ လိုအပ် ပစ္စည်းကို သုံးလို့ မလောက်တဲ့ အခါ အလကား ထပ်မပေးဘဲ အဲဒီ လိုအပ်တဲ့ ပစ္စည်း ပစ္စယကို လိုချင်ရင် အွန်လိုင်းက ပေးရတဲ့ စစ်စတမ် တစ်ခု ဖြစ်တဲ့ “ပေးပယ် (Pay Pal)” အကောင့်လို ဟာမျိုးနဲ့ ပိုက်ဆံ ထပ်တောင်း တာကို ကြုံဖူး ကြမှာပါ။ ကိုင်း … ပြောရင်း ဆိုရင်း ပေးရတဲ့ ကိစ္စက အွန်လိုင်း ပေါ်အထိ ရောက်လာပြီ မဟုတ်လား ခင်ဗျ။ အခု ကျွန်တော်တို့ ဆီမှာတောင် “ပေးပယ်” လို စနစ်မျိုးနဲ့ သုံးရမယ့် အွန်လိုင်း “ပေး” စစ်စတမ် တစ်ခု ပေါ်လာပြီ။ အားလုံး သိကြ မှာပါ။ ဖုန်းကဒ် တွေကို အပြင်မှာ ဝယ်စရာ မလိုတော့ဘဲ အွန်လိုင်း ကနေ လှမ်းဝယ်လို့ ရတဲ့ “မြန်ပေး (myan pay)” ဆိုတဲ့ စနစ်ပေါ့။ ပေးစရာ ရှိတာ မြန်မြန်ပေး ဆိုတဲ့ အဓိပ္ပါယ်မို့များ “မြန်ပေး” ဖြစ်နေ သလား … ပေါက်ပေါက်ရှာရှာ နောက်တီး နောက်တောက် စဉ်းစား မိပါသေးရဲ့။ ပေးစရာရှိ မြန်မြန် ပေးလိုက်၊ ပြီးရင် ပေးလို့ ရလာတာကို မြန်မြန်သုံး (တကယ် ကတော့ မြန်မြန် သုံးစရာကို မလိုပါဘူး၊ တစ်မိနစ် ငါးဆယ် ဆိုကတည်းက မြန်မြန် ကုန်ကို ကုန်မှာပဲ ဟာကိုနော့)၊ ပြီးရင် မြန်မြန် ပြန်သုံးဖို့ မြန်ပေးနဲ့ မြန်မြန် ထပ်ပေး ဆိုတော့ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲလို့ ပြောရမှာပေါ့။

အဲဒီတော့ “ပေးချင်သလောက် ပေး” ပဲဖြစ်ဖြစ်၊ “အိုင်ပေး” ပဲဖြစ်ဖြစ်၊ “ပေးပယ်” ပဲဖြစ်ဖြစ်၊ “မြန်ပေး” ပဲဖြစ်ဖြစ် တနည်းနည်း နဲ့တော့ ပေးရမှာ သေချာသပေါ့။ အခုတော့ ငယ်ငယ် ကလို အဖေ အမေ တို့ဆီ လက်ဝါး ဖြန့်ပြီး စိတ်သန့်သန့်နဲ့ “မုန့်ဖိုးပေး” လို့လည်း နောက်ကြောင်း အေးအေး မတောင်းရဲ တော့ပါဘူး။ ကိုယ်ရမယ့် “ပေး” က တစ်ခါ နှစ်ခါ၊ နောက်မှာက လက်နဲ့တစ်ဖုံ၊ စက်နဲ့တစ်မျိုး၊ ကဒ်နဲ့ တစ်နည်း၊ လေလှိုင်းက တစ်သွယ် ကိုယ်ပြန် “ပေး”ရမယ့် နည်းတွေက အမျိုးမျိုး မဟုတ်လား။ မောင်ဝါဝါ တို့ရဲ့ နေ့စဉ် ဘဝတွေက “ပေး” နာမည် တပ်ထားတဲ့ စနစ် အမျိုးမျိုး ကြားထဲ ဘယ်နေရာမှာမှ “ပေး” ရမှာနဲ့ မလွတ်တော့ ဘူးကိုး။ “ပေးကား ပေး၏ မရ” စကားပုံရဲ့ ဒက်ဖနေးရှင်း ကိုတောင် “အေးပေါ့လေ .. ပေးလိုက်မှတော့ ဘယ်ရ တော့မလဲ” လို့ ပြောင်းပြန် လှန်ပစ် ချင်လာပြီ ဆိုကြပါစို့။ ကိုင်း … ပေးရမယ့် အတူတူတော့ မထူးပါဘူး … ဒီစာစုရဲ့ ခေါင်းစဉ်ကိုပါ ပေးလိုက်တော့မယ်။ နေ့စဉ် ပေးဆပ် နေကြတဲ့ မောင်ဝါဝါ အပါ အဝင် ငါ သူတစ်ပါး ယောကျာ်း မိန်းမများ အတွက် ဂုဏ်တင်ပြီး နာမည်ကျော် ရုပ်ရှင်ကား တစ်ကားရဲ့ နာမည်နဲ့ပဲ အားလုံးကို လှလှပပ ကဗျာ ဆန်ဆန်လေး မြှောက်ပင့် ပေးလိုက် ချင်တာ ကတော့ “ပေးဆပ်သူတို့ နှလုံးသား” ရယ်လို့ပါ ဗျာတို့။

၁၂ – စက်တင်ဘာ – ၂၀၁၂

About သူရဿဝါ

သူ ရ ဿ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah