“သဒိသံပါကံ ဇနေတိ” တူသောအကျိုးကိုပေး၏။
“ယာဒိသံ ဝဘတေဗီဇံ တာဒိသံ ဟရတေဖလံ” အကြင်မျိုးစေ့အား လယ်ယာမြေ၌ကြဲချ၏- ထို-ကြဲချသော မျိုးစေ့အတိုင်း အပင်သည် ဖြစ်၏။
“စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ရဟန်းတို့ စေတနာဟူသည်အကျိုးပေးစေနိုင်သော ကံဖြစ်၏။ (ဗုဒ္ဓ)

သူ၏စေတနာသည် သူ့အား တန်ပြန်သက်ရောက် အကျိုးပေးသောမြန်မာနိုင်ငံဘွား ကချင်အမျိုးသား လူငယ်တစ်ယောက် ဖြစ်သော အောင်လအန်ဆောင်၏ကောင်းသတင်းကို ဒီကနေ့မနက် အင်တာနက်မှ ဖတ်လိုက်ရတော့ အတော်ကိုပီတိဖြစ်သွားပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနား ဇာတိဖြစ်သူအောင်လအန်ဆောင်သည် အမေရိကနိုင်ငံ မစ်ချီကန်ပြည်နယ် အင်ဒရူး တက္ကသိုလ်မှစီးပွားရေးနှင့် မွေးမြူရေး သိပ္ဗံဘွဲ့ ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ Mixed Martial
Artist ပညာကို ၂၀၀၄ ခုနှစ်မှ စတင် သင်ကြားခဲ့ပါတယ်။
အမေရိကနိုင်ငံမှာ ကျင်းပတဲ့ အားကစားနည်း တစ်မျိုးဖြစ်သော Mixed Martial Artist MMA ဘက်စုံသုံး ကိုယ်ခံပညာ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပါတယ်။ The Burmese Pythonဟု အမည်ပြောင်း ခေါ်ကြသော အောင်လအန်ဆောင်သည် ၂၀၀၇ ခုနှစ်မှ စတင်ကာပရော်ဖက်ရှင်နယ် ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ လက်ရှိအချိန်အထိ ၂၁ ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ၁၃ ပွဲနိုင်၊ ၈ ပွဲရှုံး၊ သရေပွဲမရှိ စံချိန် ရထားသူလည်း ဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ အသက် (၂၇)နှစ် အရပ် (၆)ပေ တလက္မ Weihgt ၁၈၅-ရှိပါတယ်။
သူ၏ပြိုင်ဘက် JASON LOUCK မှာ အသက် (၂၉)နှစ် အရပ်(၆)ပေ Weight ၁၈၅-ရှိပါတယ်။
အမေရိကန်နိုင်ငံ Rollins Center တွင် ပြိုင်ဖက်ဖြစ်သော အမေရိကန်နိုင်ငံသား JASON LOUCK ကို လက်သီးချက် ပြင်းပြင်းနဲ့ ပထမအချီမှာပဲ အလဲထိုး အနိုင်ယူခဲ့တဲ့အတွက်အောင်လအန်ဆောင်ဟာ ၈ ပွဲရှုံး၊ ၁၄ ပွဲအနိုင်ရသူ ဖြစ်သွားပါပြီ။

ကိုယ့်လူမျိုး ကိုယ့်နိုင်ငံဘွားတစ်ယောက် အောင်ပွဲရတာကို မပျော်ပဲ မနေနိုင်ခဲ့၊  မနေနိုင်ခဲ့၊ မှတ်တမ်းမတင်ပဲလည်း မနေနိုင်ခဲ့ပါဘူး။ သူ့၏စေတနာမှန်တော့သူ့ကို ကောင်းကျိုးပေးသွားတာပဲလို့ ကိုယ်တွေ့ခံစား လိုက်ခြင်းလည်း ဖြစ်ပါတယ်။

သတ္တဝါတိုင်းမှာ စေတနာဆိုတာ- အာရုံကို အကြောင်းပြုပြီး ဖြစ်တတ်မြဲလို့ဆိုပါတယ်။ အဟိတ်တိရစ္ဆာန် သတ္တဝါများမှသော်လည်း စေတနာက ဖြစ်ကြပါတယ်။
တစ်ကောင်နဲ့တစ်ကောင် ကိုက်ကြ, ပုတ်ကြ, ကုတ်ခြစ်နေကြတာဟာ ဒေါသ-နဲ့ယှဉ်တဲ့အကုသိုလ် စေတနာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အစာလေးတွေချီလို့နို့ချိုတွေတိုက်ကျွေးလို့ သားသမီးများကို ပြုစုနေကြတဲ့ ကျွေးမွေးနေကြတဲ့တိရစ္ဆန်များမှာရော အဒေါသ-မေတ္တာနဲ့ယှဉ်တဲ့ ကုသိုလ်စေတနာတွေ ဖြစ်နေတာပဲမဟုတ်ပါလား။
လူသားတွေမှာလည်း ထို့အတူပါပဲ ကုသိုလ်- အကုသိုလ် စေတနာတွေကအာရုံကိုမှီပြီး ဖြစ်တတ်ကြပါတယ်၊ စေတနာကောင်းက အကျိုးပေး ကောင်းတတ်ပါတယ်၊
ကံကောင်းတယ်လို့ ဆိုရမှာပါ။ စေတနာ မကောင်းရင် အကျိုးပေး မကောင်းပါဘူး၊
ကံဆိုးတယ်လို့ ပြောရမှာပါ။ အကျိုးပေး ကောင်းခြင်း- မကောင်းခြင်းများက ဓမ္မနိယာမ- ကမ္မနိယာမ သဘောအတိုင်း ဖြစ်ပုံကို ဒေသနာတော်များမှာ အတိအလင်းဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီကနေ့ စေတနာမှန်လို့ ကံအကျိုး ပြန်ပုံမှာကတော့ ကချင် လူထုဘ၀စစ်ဘေးဒဏ်မှအမြန်ဆုံးလွတ်မြောက်လို့ အေးချမ်းသာယာစွာ မိသားစုနှင့် အတူတကွနေထိုင်နိုင်ပါစေကြောင်း ဆုတောင်းမှုပြုပြီး ရလာသမျှ ဆုငွေများကို စစ်ဘေးဒဏ်သင့်ကချင်လူထုအတွက် လှူဒါန်းနိုင်ဖို့ ထက်သန်သောစေတနာ ကောင်းမြတ်သောရည်ရွယ်ချက်အပြည့်၊ လက်သီးချက် ပြင်းပြင်းနဲ့- ၁၃. ၁၀. ၂၀၁၂-နေ့မှာ အမေရိကနိုင်ငံRollins Center တွင် ပြိုင်ဖက်ဖြစ်သော အမေရိကန် JASON LOUCK ကိုအောင်လအန်ဆောင်-က အလဲထိုး အနိုင်ယူပြခဲ့ပါတယ်။

မထိုးသတ်မီ အချိန်ကလည်း ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျှက်ရှိသောပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည့် ကချင်တိုင်းရင်းသားများနှင့်ပတ်သက်၍ “ကျွန်တော်ငယ်ငယ် ကလေးဘဝ ကတည်းက မြန်မာနိုင်ငံမှာ
ကြီးပြင်းလာသူပါ၊ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုကျွန်တော်ကြားသိနေရပါတယ်၊ ဒါကြောင့် လာမည့် အောက်တိုဘာလ ၁၃ ရက်မှာထိုးသတ်မည့်ပွဲကနေ ရလာတဲ့ငွေတွေ၊ စပွန်ဆာကြေးတွေ၊ လက်မှတ်ရောင်းရတဲ့
ငွေတွေအားလုံးကို ကချင်ဒုက္ခသည်တွေထံမှာ လှူဒါန်းသွားမှာပါ၊ ဒုက္ခရောက်နေကြတဲ့သူတွေဆီကိုလည်း ကျွန်တော့်မှာရှိတဲ့ နည်းလမ်းတွေနဲ့ အားပေးစကား ပြောကြားမှာပါ၊ သူတို့ရဲ့  ငိုသံတွေကို ကျွန်တော့်နားထဲမှာ အမြဲကြားနေရပါတယ်” ဟု သတင်းမီဒီယာများကို ပြောကြားခဲ့ပါသေးတယ်။

သူ့၏ ကောင်းမြတ်သော ရည်ရွယ်ချက်ကြောင့် သူမှာ အောင်မြင်မှု သရဖူကိုဆောင်းနိုင်ခဲ့တာပါပဲ။ ထိုသို့သော အောင်မြင်မှုတို့ကြောင့် လေးစားဖွယ်ကောင်းသောဂုဏ်ယူဖွယ်ကောင်းသော မြတ်နိုးဖွယ်ကောင်းသော အားကျဖွယ်ကောင်းသောကချင်သားကောင်း တစ်ယောက်ကို Comments တွေ ပေးလိုက်ကြတာ…….
“ဝမ်းသာစရာပါလား ကချင်လူမျိုးတွေအတွက်တော့ ဂုဏ်ယူစရာပါလား။ကျနော်တို့ကတော့ ကိုယ့်နိုင်ငံသား တစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်။ကချင်လူမျိုးတွေအတွက်တော့ အမောပြေစေမဲ့၊ သတင်းကောင်းလေးတစ်ခု ဖြစ်သွားလိမ့်မယ် ထင်ပါတယ်၊ ဂုဏ်ယူပါတယ်ဗျာ”
“လေးစားဂုဏ်ယူပါတယ်-ကချင် လူထုဘ၀ စစ်ဘေးဒဏ်မှအမြန်ဆုံးလွတ်မြောက်ပြီး အေးချမ်းသာယာစွာ မိသားစုနှင့် အတူတကွ နေထိုင်နိုင်ပါစေကြောင်း ဆုတောင်းပါတယ်”
“နောက်နောင်လည်းရန်ပုံငွေရှာပြီးကူညီပါဦးလို.ပြောချင်တယ်”
“စေတနာကောင်းလို့ ကံကောင်းပါတယ် ကောင်းကျိုးတွေဆက်ဆက် ရပါစေ”

စတဲ့.. စတဲ့ Comments တွေက အများကြီးပါ။ မြန်မာပြည်ဘွားကချင်တိုင်းရင်းသား တစ်ယောက်၏ ကောင်းမြတ်တဲ့ ကျော်စောတဲ့
ဂုဏ်ယူဖွယ်သတင်းကြောင့် အမိမြေ ကချင်ပြည်နယ်အတွင်း ကောင်းသတင်းဂုဏ်များအမျိုးသားရေးဂုဏ်များ မွှေးပျံ့ ကြိုင်လှိုင်နေလိမ့်မည်ကို မှန်းဆ ဝမ်းသာကြည်နူးလျှက်…..
သတ္တဝါမှန်သရွေ့  တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ။

ဘုန်းသျှံ (လန်ဒန်ဝိဟာရ)
၁၆. ၁၀. ၂၀၁၂။

kai

About kai

Kai has written 930 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.