မြန်မာ့ စီးပွားရေးနယ်ပယ်စုံမှာ ကျယ်ကျယ်ပြန့်ပြန့်ကြီးကို အင်အားကြီး ခြေကုပ်ယူမိထားတဲ့ ကုမ္ပဏီကြီးတစ်ခုရှိတယ်ဗျ..

ကျုပ် ဦးလေး စစ်သားကြီးတွေ ချွေးနဲစာတွေနဲ့ မတည်ထားတဲ့ ကုမ္ပဏီ၊ ဦးတို့ ပိုင်တဲ့ ကုမ္ပဏီ ဆိုပါတော့ဗျာ..

ကုမ္ပဏီကြီးက ရတဲ့ အကျိုးအမြတ်တွေကို ဟိုလူကြီးမင်းသွားမယ့်လမ်းတိုင်းမှာ လုံခြုံရေးကင်းစောင့်ပေးရရှာတဲ့ ကျုပ်ဦးလေးတွေ ဘယ်လိုခံစားရတယ်တော့မသိ..

ဟိုးထိပ်စည်းက အကောင်ကြီးကြီးတွေကတော့ အခွင့်အရေးဟူသမျှ သူရို့လက်ထဲဆိုတော့ ပြောရမှာတောင် မကောင်းပါဘူး..

အကောင်ကြီးတွေ သားသမီး ကလပ်မှာ တခါသုံးဟာ လုံခြုံရေးယူနေတဲ့ ကျုပ်ဦးလေး လစာရဲ့ ဆယ်ဆတောင် က ပါ့မလားရယ်.

(ဘုန်းဖုရားကြီးသူများတော့ နား သွားတာတောင် နိုင်ငံတော် ဘတ်ဂျက် ထဲက နှိုက်သုံးနေတုန်း.. မရှိတဲ့ သူတွေ ကျလို့)

ပြောရရင် ကျုပ်ဦးလေးတို့ပိုင်တဲ့ ကုမ္ပဏီကြီးက နိုင်ငံစီးပွားရေးမှာ ကင်ဆာအမြစ်တွယ်ပြီး အသွေးအသား စုပ်သလို ကုပ်တွယ်နေတော့ကာ ဆေးတောင်မီပါဦးမလား ပူမိတယ်ဗျာ..

နာမည်နဲ့လိုက်အောင်လည်း စီးပွားရေးလုပ်ငန်း နယ်ပယ် ဂွင်မှန်သမျှမှာ ဒီကုမ္ပဏီကြီးက ဦးပြီး ပိုင်ပြီးသားခင်ဗျ..

အဲ့ဒီ ဦးထားပိုင်ထားတာလည်း ဘယ်လို ဘယ်နည်းရထားတယ်ဆိုတာ ထင်သာမြင်သာခဲ့တာ ဘယ်ဟုတ်လိမ့်မတုန်း

အသံထွက်တော့မှသာ သူပါမှန်းသိရတာတွေ အများကြီး..

ခု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စမှာပဲကြည့်၊ ဦးပိုင်ကုမ္ပဏီပေးခြေရမယ့် ငွေစာရင်း တရုတ်ကကုမ္ပဏီတစ်ခုက သွင်းသွားတယ်ဆိုမှ အများသိရတာ..။

အခွင့်အရေးဆုံးရှုံးရတဲ့ နယ်သူနယ်သားတွေ မကျေမနပ်ဖြစ်ကြတော့ အားလုံးက ခြေလွန်လက်လွန်တွေ ဖြစ်နေပြီ။

ဒီကိစ္စပြောရတာလည်း နှမ လင်နေတော့ မောင် ဖင်ကျိန်း တဲ့ ကိန်းမျိုးဗျ။

မိဘ ဆိုတဲ့ လူကြီးတွေက ကောင်းပါတယ်လို့  နည်းနဲ့ လမ်းနဲ့ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့်သူနဲ့ ပေးစားထားတယ် ဆိုပေသကိုး။ (တန်စိုးလက်ဖွဲ့တွေ ယူ၊ ဘယ်ရွေ့ဘယ်မျှ တင်တောင်းတယ်ဆိုတာ နောက်ကွယ်ကလေ)

ကိုယ့်နှမကို ဟဝါပြုလေမှ အနောက်ခန်းထဲက အမေကယ်ပါ၊ အဘကယ်ပါ အော်သံကြားတော့ ထဆဲလို့ မရတဲ့ အစ်ကိုမောင်တွေ အဖြစ်မျိုးလေ။

နှမလေးက ဒီလူနဲ့ မပေါင်းနိုင်ပါဘူးတော်ရေ့ဆိုလို့ကော ကိစ္စက ပြီးသွားမလား။

ဟိုက စာချုပ်စာတမ်းနဲ့ အတည်ယူတာတို့၊ ခင်ဗျားလွန်တယ်တို့၊ ဂျယ်လေးသုံးပြီး အနာသက်သာအောင်လုပ်ဖို့အရေးဆိုပေါ့တို့ ပြောကြမှာပေါ့။

ဟုတ်ဘူးလားဗျာ။

မိဘနေရာက လူကြီးတွေ လုပ်ပုံလည်းကြည့်အုံး..။ ကောင်းစေချင်လို့ လင်ပေးစားတာ.. နာတယ်ဆိုပြီး ပြောတဲ့ သမီးကို ကျည်ပွေ့နဲ့ ထုတဲ့အတိုင်းပဲ။

ဟိုမှာ သူတို့ကို လက်ညှိုးနဲ့တောင် ပြန်မထိုးတဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူ သံဃာနဲ့ နယ်သူနယ်သားတွေကို မျက်ရည်ယိုပြီးလူစုကွဲအောင်လုပ်တာတဲ့။

တကိုယ်လုံးမီးလောင်တာ ရစရာကောရှိလို့လား..။ ကိုယ့်အသား အဲ့လိုနာရင်ကော ခံနိုင်ကြမတဲ့လား စဉ်းစားပါအုံး။

ဘုန်းကြီး ခေါင်းခေါက်တာတောင်မဟုတ်၊ မီးလောင်တိုက်သွင်းပြီးမှ ဆောရီးလုပ်ချင်သေးတယ်။ ( တရုတ်အားကိုး မA၇ိုးတွေလို့ မပြောတော့ပါဘူးဗျာ)

သံဃာတော်တွေကတော့ သူတို့တတ်နိုင်တဲ့နည်းနဲ့ တုန့်ပြန်လိုက်ပြီလေ။ သူတို့ကပ်တဲ့ ဆွမ်းကို လက်မခံခဲ့ဘူး။ (သံဃာ အလုပ်ပဲ လုပ်ပါလို့ ပြောကြတယ်မလား)

ခု သမဒကြီးကလည်း ကော်မရှင်ဖွဲ့ စစ်ခိုင်းပြီတဲ့။

ဘာရမတုန်းဗျာ။ ကျုပ်လည်း လက်ပံတောင်းတောင်အထိ သွားမကူနိုင်ပေမယ့် ကျုပ်တတ်နိုင်တဲ့ဘက်က လှုပ်ရှားမယ်။

ဒီကနေ့ကစ ဦးပိုင်ကုမ္ပဏီနဲ့ ပတ်သက်သမျှ ဘာမှ အားမပေးတော့ဘူး..

ဘယ်သူမှ ကိုယ့်ဘက် မပါချင်နေ တကိုယ်တော် `ဦးပိုင် ဆန့်ကျင်ရေး Campaign´ လုပ်မယ်.. လာလေရော့..။

ဦးတို့ပိုင်တဲ့ကုမ္ပဏီနဲ့ လွတ်တဲ့ကိစ္စကလည်း မြန်မာပြည်ကြီးမှာ ခပ်ရှားရှားရယ်..။ မြေပေါ် မြေအောက် ရေပေါ် ရေအောက် ဟိုး ချောင်ကြိုချောင်ကြားတောင် မလွတ်ဘူးဗျ။

ရတယ်။ ကိုယ်စားတဲ့ဆန် သူနဲ့လွတ်အောင် ကျုပ်အဖိုးလယ်ထွက် ပဲ စားတော့မယ်။ ကျုပ်အဖိုးက နောက်ချေးဘဲ မြေသြဇာလုပ်တာဆိုတော့ ဦးပိုင်ကုမ္ပဏီကရောင်းတဲ့ ဓာတ်မြေသြဇာနဲ့လည်းလွတ်ပြီးသား။

ကြက်ဥနဲ့ ကြက်သားအတွက်လည်း ယောက်ဖကြက်သမားဆီက အားပေးမယ်။ ဗမာကြက်ဆိုတော့ ဟင်းတောင် လေးလေးပင်ပင်ရှိသေး.. ဟေ ဟေး။

အသီးအရွက်လည်း ကိုယ့်ဖာသာ ခြံစိုက်စားပစ်မယ် ဘာမှတ်လဲ။

အဝတ်အစားလည်း အမေ့ လက်ယက်ကန်းစင်ကကျတဲ့ ချည်ထည်လေးတွေပဲ ဝတ်မယ်ဗျာ။ ပင်နီလေးနဲ့ဆို ကိုယ်ရောင် ပိုလင်းသလားလို့။

နီးနီးနားနား ဘတ်စ်ကားတို့၊ အဝေးခရီး ရန်ကုန်.. မန်းလေး သွားလည်း ဦးပိုင်ဆွဲတဲ့ ကားနဲ့ တိုးမှာစိုးလို့ ဘာမှ မစီးတော့ဘူး။ ဈေးတွေ ကျနေတာဆိုတော့ ကိုယ်ပိုင်ကား ဝယ်လိုက်တော့မယ်။

ကျုပ် သိပ်ကြိုက်တဲ့ ဘီအီး၊ ဘီယာတို့အတွက်ရော..။ မပူဘူးဗျို့။ ကျုပ်က နှံ့စပ်ပြီးသား..။ ဂေဇက်မှာ အရက်ချက်တဲ့ပို့စ် ဖတ်ရတုန်းက ကော်ပီလုပ်ပြီး သိမ်းထားတာ. ဟဲ ဟဲ ဟဲ။

ကဲ ဘယ်သူ ဘာပြောပြော ကျုပ်ကတော့ တကိုယ်တော် `ဦးပိုင် ဆန့်ကျင်ရေး Campaign´ စပြီပဲ။

+++ xxx +++ xxx

Campaign နောက်ဆက်တွဲ

“ဟေ့လူ.. မပြေးနဲ့!”

“ကျုပ်လား ဘယ်မှ မပြေးပေါင်ဗျာ..။ ကိုယ့်ထမင်း ကိုယ်စားပြီး ကိုယ့်ဝဲ ကိုယ်ကုတ်နေတာ.. အေးဆေးပဲ”

“အေးဆေးလုပ်မနေနဲ့.. လာ စခန်းလိုက်ခဲ့”

“ဘာဗျ ကျုပ်က ဘာလို့ စခန်းလိုက်ရမှာတုန်း၊ နေပါအုံး ခင်ဗျားတို့ ဘယ်သူတွေတုန်း”

“ကျုပ်တို့က ယစ်မျိုးအရာရှိတွေပဲ”

“ယစ်မျိုးနဲ့ ကျုပ်နဲ့ ဘာဆိုင်လို့..”

“ခင်ဗျား အရက်ပုန်းချက်နေတာ သတင်းအတိအကျရပြီးသား ဘာငြင်းချင်သေးလဲ!”

“အဲ အဲဒါ ကျုပ်ဖာသာ သောက် သောက်ဖို့..”

“ဒါတွေလာမပြောနဲ့။ ကျုပ်တို့က ဥပဒေအရ လုပ်တာ။ ကျန်တာ စခန်းရောက်မှ ရှင်း“

“ဗျာ.. ဟုတ် ဟုတ်ကဲ့”

 

ပုန်းချက် ပုန်းရောင်းမလုပ်နဲ့

ပုန်းချက် ပုန်းရောင်းမလုပ်နဲ့ (credit: ဆရာဟာဂျူလီ-ကသာ)

စစ်အာဏာရှင် စနစ်သိုးကြီးရဲ့ ဆိုးမွေ = ဦးပိုင် ကင်ဆာရောဂါကို အမြစ်ပြုတ်နှံမယ်လေ

ဆိုးမွေ

ဆိုးမွေ (Credit to: ကာတွန်း ဆရာစိုးစံဝင်း နှင့် The Yangon Times)

credit: http://freedomnewsgroup.com/2012/11/30/myanmar-holdings/ (မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ လုပ်ငန်းများ)

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011