ထမင်းတစ်အိုးချက်ခန့် ကြာသောအခါတွင်မူ နန်းတော်တွင်းသို့ သိက္ခာတော်အပြည့်ဖြင့် စည်သူဆရာတော် ဒိုင်ဗင်ထိုးတော်မူ၍ ကြွလာလေသည်။ ခိုင်ဘုရင်ကြီးလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးလျင် ဆရာတော်အား နေရာထိုင်ခင်းပေးပြီး ပုဆစ်တုတ် ထိုင်နေတော်မူလေသည်။ ဆရာတော်က ထန်းလက်ယပ်ကြီး ကိုကိုင်၍ “ ကဲ ဒါကာတော်မင်းကြီး လျှောက်စရာရှိတာ လျှောက်လေ ဆရာတော် သိပ်မအားဘူး  ဒီကပြန်ရင် ဆိုမာလီတွေကို လက္ခဏာ ကြည့်ပေးစရာ ရှိသေးတယ်ကွဲ့ “

“မှန်ပါ့ဘုရား” ဟုဆို၍ ဘေးဘီဝဲယာကို လှည့်ကြည့်နေလေသည်။ အနားတွင် ယပ်တော်သွင်းနေသော မောင်ဆာမိမှာလည်း ယပ်တောင်ဖြင့် ဖတ်ကနဲ မျက်နှာကို ကွယ်လိုက်လေသည်။ အမတ်တွေလည်း လေးစားရိုသေသော ပုံစံဖြင့် မျက်နှာနဲ့ ကြမ်းပြင် အပ်ထားကြလေသည်။ ဘုရင်တစ်ပါးတည်း ငုတ်တုတ် ။ မည်သူမျှ မလျှောက်တင်ရဲကြ ။ ရှက်ရှာကြမှာပေါ့ ဒီအရွယ်ကြီးကျမှ မိန်းမရချင်လို့ ယတြာတောင်းရတာ ဘယ်သူမရှက်ဘဲရှိလိမ့်မတုံး။ ဆရာတော်ဘုရားလည်း စိတ်မရှည်တော့ ထန်းလက်ယပ်ကြီးဖြင့် ကြမ်းပြင်ကို ဗြန်းခနဲ နေအောင် ရိုက်လိုက်ပြီးလျှင် “တယ်…လျှောက်စရာရှိတာ လျှောက်ကြတာမဟုတ်ဘူး ပင့်တုန်းက ပင့်ပြီးတော့  မြန်မြန်လျှောက် ဒီသဘောင်္အမှီ ကြွရမှာ “ ဟုဆိုလိုက်သဖြင့် ဘုရင်လည်း ဘိုင်နိမ်းတပ်၍  ခေါ်လေတော့သည်။

“ ဟဲ့ အမတ်ကြီးမိုက် လျှောက်တင်စရာရှိတာ တင်တော့လေ “ ဟု အမတ်ကြီးမိုက်အား လူမိုက်ရာသွင်းတော်မူလေသည်။ အမတ်ကြီးလည်း ဖြစ်ကြောင်းရယ်မှ ကုန်စင်ကို နှတ်သံနော၍ လျှောက်တင်လေတော့သည်။ “အဲ့ဒါကြောင့် အရှင်ဘုရားဆီ မှာ ယတြာတောင်းရတာပါဘုရား” ဟုသော အမတ်မိုက်၏ လျှောက်တင်သံအဆုံးတွင်

“ဘာပြောလိုက်တယ်” ဟူသော  ဆရာတော်ဘုရား၏ အသံကြီးမှာ နန်းတော်ကြီး ပွင့်ထွက်မတတ် ကျယ်လောင်သွားသဖြင့် ဘုရင်နှင့်တကွ  အမတ်များလည်း လန့်ဖြန့််ပြီး “ဘာဖြစ်လို့ ပါလဲ ဘုရား “ ဟု ပြိုင်တူလျှောက်တင်ကြလေသည်။  “ ဟင်  အ လိုက်တဲ့မင်းကြီး န လိုက်တဲ့မင်းကြီး  ဒီယတြာ ငါ့ဆီရှိမှတော့ ဒီနေ့ ဒီချိန် ဒီနေရာမှာ ငါ ရှိပါ့မလားဟဲ့ ကလေးတစ်သိုက်နဲ့ ထန်းတက်နေမှာပေါ့  တုံးလိုက်တဲ့ မင်းကြီး ငါ့ဆီက ယတြာ ရမှဆိုရင် ဒီတစ်သက် တစ်ပါးတည်းသာ နတ်ရွာစံပေတော့ “ ဟု ပြောဆိုကြိမ်းမောင်းပြီးလျှင် ထန်းလက်ယပ်ကြီးကို ဗုံးခနဲနေအောင် လွှတ်ချ၍  စိတ်ဆိုးမာန်ဆိုးဖြင့် နန်းတော်ထဲမှ သဘောဆိပ် သို့ ထွက်ခွာကြွမြန်းသွားတော်မူလေသည်။

ဘုရင်လည်း အမတ်များဘက်သို့ လှည့်ပြီး မျက်လုံးစိမ်းစိမ်းများဖြင့် ကြည့်တော်မူပြီးနောက်  တစ်ချက်လွှတ် အမိန့်အား ထုတ်ပြန်တော်မူလေတော့သည်။

“ ဒီတစ်နည်းမရရင် နောက်တစ်နည်း  မရရအောင်ကြံကြ “

“ အမိန့်တော်မြတ် အတိုင်းပါဘုရား”

အမတ်မင်းများ အလုပ်ရှုပ်တော်မူလေပြီ ။ ဘယ်လိုဘယ်ပုံနှင့် ကြံရပါ့မလဲမသိတတ်တော့။သူ့အကြံ ကောင်းနိုးနိုး ငါ့အကြံကောင်းနိုးနိုးဖြင့် တိုင်ပင် နှီးနှော ဖလှယ် ရန်ဖြစ်နေကျလေတော့သည်။ နောက်ဆုံး ဘိတ်ဆုံး မတတ်သာသည့် အဆုံး  အကြံတစ်ခုကို ကောင်းမွန်စွာ ထောက်ခံကြလေတော့သည်။ ထိုအကြံမှာ နန်းတော်တွင် ခိုင်ဘုရင်ကြီး တယုတယ မွေးကျွေးပြုစုထားသော အရောင်အဆင်းနှင့် ပြည့်စုံသည့် ခိုဖြူလေးတစ်ကောင် ရှိသည်။ထိုခိုလေးသည် လူစကားနားလည်၏ ။ဘုရင်၏ အရေးပါသော တမန်တော်ကိစ္စများကိုလည်း သူကဆောင်ရွက်နိုင်သည်။ ထို့ကြောင့်သူ့ကို အသုံးချရန် ကြံကြလေတော့သည်။

“ ကဲ အမတ်မိုက်နဲ့ အမတ်ပေ ကျုပ်တို့တော့ ဒီခိုဖြူလေးကို မိဘုရားလောင်းဖြစ်မယ့်သူပေါ်မှာ နားပါဆိုပြီးလှောင်ချိုင့်ကနေ လွှတ်လိုက်မယ်  အဲ တိုင်းသူပြည်သားတွေကိုတော့ အသိမပေးလေနဲ့ တော်ကြာ အိုနာ ကျိုးကန်းကလွဲ ရင် အကုန်လုံး အိမ်ထဲဝင်နေလိမ့်မယ် အခုဘဲစလိုက်ကြစို့ ‘’  ဟုဆိုကာ  ခိုဖြူလေးကို လွှတ်တင်လိုက်လေတော့သည်။ ခိုဖြူလေးသည် နန်းတော်ထက်တွင် သုံးပတ်မျှ ၀ဲပြီးနောက် မြောက်စူးစူးသို့ ပျံသန်းလေတော့သည်။

“ ဟယ် မြောက်စူးစူးမှာ ဘာရှိလို့လဲ အမတ်များရဲ့ “ ခိုင်ဘုရင်ကြီး မေးတော်မူလေသောအခါ အမတ်များက ၀မ်းသာအားရလျှောက်တင် ကြလေတော့သည်။ “ မှန်လှပါ ထိုအရပ်တွင် ဂေဇက်တိုင်းသူ လုံမပျိုဖြူများသာ ရေချိုးရန် သတ်မှတ်ထားသော ပလုတ်တုတ်ကန် ရှိကြောင်းပါဘုရား

‘’ ဟယ် အခုလိုက်ကြမယ် အခုချက်ချင်း ပလုတ်တုတ်ကန်ကို ငါကိုယ်တော်မြတ် ကြွတော်မူမယ်’’

“ စိတ်ကိုထိန်းပါအုံး ဘုရား ဆင်စီး၍ ကြွတော်မူမလား မြင်းစီး၍ ကြွတော်မူမလား ဘုရား “

“ တယ်လည်း လျှာရှည်တဲ့ အမတ်ပေ ဖိနပ်စီးပြီးကြွတော်မူမယ် မီအောင်သာ လိုက်ခဲ့ကြ “ ဟုဆိုကာ ဘုရင်မင်းမြတ်တို့၏ အိနြေ္ဒဖြင့် ခလုတ်တိုက်မတတ် ပြေးလေတော့သည် ။အမတ်များလည်း နောက်မှ တစ်သီတစ်တန်းကြီး လိုက်ပါသွားကြလေတော့သည်။

ပလုတ်တုတ်ကန်ထဲတွင် ဂေဇက်တိုင်းသူ တို့သည် ပျော်ရွှင်စွာရေကစားလျက် ရှိကြသည်။ ကန်ဘေးပတ်လည်တွင်လည်း တောရိုင်းပန်းချုံများက လှပစွာ စီတန်း၍ ၀န်းရံထားလေသည်။ ခိုင်ဘုရင်သည် ကန်နှင့်မနီးမဝေးသို့ ရောက်သောအခါ  “ ဟဲ့ အမတ်မိုက် ရှေ့ကနေ သွားကြည့်လိုက် ဘယ်သူ့ပုခုံးပေါ်နားတယ်ဆိုတာ ငါကိုယ်တော်မြတ် ရင်တုန်လွန်းလို့ နောက်ကဖြည်းဖြည်း လိုက်ခဲ့မယ် ဟုဆိုလေသည်။ အမတ်မိုက်လည်း ရှေ့သို့ ရင်ခုန်ခြင်းများစွာဖြင့် ပန်းချုံများကြား တိုးသွားလေတော့သည်။

“ ဟင်” မြင်လိုက်ရသော မြင်ကွင်းက အမတ်မိုက်၏ နှလုံးသွေး တို့  ပွက်ပွက်ဆူသွားစေသည်။ အမောဆို့သွားစေသည်။ ဒေါသများက အတုံးလိုက် အတစ်လိုက် ၀င်ရောက်လာကြပြီး ငယ်ထိပ်သို့ဆောင့်တက်သွားလေသည်။ ကြည့်စမ်းပါဦး  ကြည့်လိုက်စမ်းကြပါဦး။ အမတ်မိုက်၏ ရှေ့တွင်မြင်ရသော မြင်ကွင်းထဲတွင်   ဂေဇက်တိုင်းသားများ ဖြစ်ကြသော ကိုရင်ငကြောင်၊ ကိုရင်မိုဘိုင်း၊ ကိုရင်လင်းဆက် တို့သည်ကား ပန်းချုံများကြား မှောက်လျက် ရှေ့သို့ သည်းကြီးမည်းကြီး အလုအယက်တိုးနေကြလေသည်။ ဒေါသထွက်စရာ အကောင်းဆုံးကား  ကိုရင်ငကြောင်လက်ထဲ တွင်ရှိနေသောအရာ။မိမိတို့၏ နောက်ဆုံးမျှော်လင့်ချက်ကို ရှာဖွေပေးမည့်သူ၊ ဘုရင်ကြီး၏ အသက်ကယ်ဆေးအဖြစ် သတ်မှတ်ထားသော ခိုဖြူလေးမှာ လည်ပင်းလိမ်လျက် ပိုးစိုးပက်စက် သေနေလေပြီ။လုပ်ရက်ကြပါပေ့ ငမိုက်သားတို့ရယ်။

“ ဟဲ့ ငမိုက်သားတွေ “ အမတ်မိုက်၏  ခေါ်သံအဆုံး ဒင်းတို့သုံးယောက်က သူခိုးလူမိသလို ပြူးပြူးပြာပြာဖြင့် ထလာကြလေသည်။ “ မောင်မင်းတို့ ဒီနေရာမှာ ဘာလာလုပ်ကြတာလဲ မှန်မှန်ပြောစမ်း”

“ ဟို အနော်တို့ လာချောင်းကြည့် အဲ ဟုတ်ပေါင် ပန်းလာခူးတာ  ဘုရားမှာ လှုမလို့လေ အဟဲ ပန်းခူးကြတာ ဟုတ်တယ်မို့လား ကိုရင်တို့ “ ကိုရင်ကြောင်၏ စကားကို ကျန်နှစ်ယောက်မှ ၀ိုင်းဝန်းထောက်ခံကြလေသည်။

“ ဒါဖြင့် ဒီခိုက ဘာကိစ္စကြောင့်သေသွားတာလဲ ပြောစမ်း”

“ ဒီခိုလား မပြောချင်ပါဘူး အမတ်မင်းရယ် ဒီမှာလေ လူတွေရှေ့ကို လာပြီး ဟိုဘက်ဖလပ်ဖလပ်နဲ့ ပျံလိုက် ဒီဘက်ဖလပ်ဖလပ်နဲ့ ပျံလိုက်နဲ့ လုပ်နေတာ မြင်ကွင်းမရှင်းတာနဲ့ အနော်က လေးဂွနဲ့ ဆော်ထည့်လိုက်တာ အနော်တော်တယ်နော် တစ်ချက်တည်းဘဲ အမွှေးနုတ်ပြီးရင် အမတ်ကြီး ထန်းရည်နဲ့မြည်းရအောင်လာပေးမယ်နော် “

“တယ် မိုက်လိုက်တဲ့ငကြောင် မင်းပြစ်မင်းဒဏ် သင့်တော့မှာဘဲ ငါလုပ်လိုက်ရ “

“ အမတ်မိုက် “ ခိုင်ဘုရင်ကြီး၏ အသံ ။ နောက်မှာ ရောက်နေသော ဘုရင်ကြီးက အားလုံးကို ဇာတ်ရည်လည်သွားလေပြီ။ ထို့အတူ ငမိုက်သား သုံးယောက်သည်လည်း အဖြစ်အပျက်ကို ရိပ်မိသွား သဖြင့် ဒူးများ တဆတ်ဆတ် တုန်နေကြလေတော့သည်။  ပြားပြားဝပ်ပြီး ဘုရင်ကြီး အားအသနားခံနေသော မျက်လုံးများဖြင့် မော်ဖူးနေကြလေပြီ။

ခိုင်ဘုရင်ကြီး၏ မျက်နှာတော်မှာ ဝေခွဲရခက်လောက်အောင် နူးညံ့နေလေသည်။ တစ်ကယ်ဆို ဒီကိစ္စကား ဒေါသအမျက်ချောင်းချောင်း ထွက်ရမည့်ကိစ္စ ။ အမတ်များလည်း အနီးပါးမှ အရိပ်ခြေကို စောင့်ကြည့်နေရလေသည်။  “ ငါ့ရဲ့ကြင်ဖက်ကို တွေ့ပြီ” ဘုရင်ကြီး နှုတ်ဖျားမှ ထွက်ပေါ်လာသော အသံ။ တိုးညှင်းပေမယ့်  အမတ်များကောင်းကောင်းကြားရလေသည်။ ဘုရင်ကြီး၏ မျက်လုံးများက ငမိုက်သားသုံးကောင် ထံမှာ စူးစူးစိုက်စိုက်ကြည့်လျက်။ အမတ်ပေ မနေသာတော့ တောင်းပန်ရပြီ။

“ စဉ်းစားပါအုံးဘုရား တွေးတောပါအုံးဘုရား ဘုရင်တို့မည်သည် မိဘုရားမြှောက်လိုလျင် အမျိုးသမီး ကိုဘဲ ရွှေးချယ် ရပါမည်ဘုရား လူကြားသူကြားလို့မှ မကောင်း ယောက်ကျာ်းကြီး သုံးယောက်ကိုများ မိဘုရားမြှောက်ရမယ်လို့  အောင်မလေး အမတ်မင်းတို့ လျောက်တင်ကန့်ကွက် ကြပါတော့လား  “

အမတ်ပေ၏ လျောက်တင်သံအဆုံးတွင် ကိုရင်ငကြောင်တို့သုံးယောက်မှာ  ထန်းသီးလုံးလောက်ချွေးများကျလျှက် ဒူးများခွေယိုင်ကာ တစ်ယောက်ကို တစ်ယောက်တွဲထားရလေသည်။

မည်သို့မျှ လျှောက်တင်စေကာမူ ခိုင်ဘုရင်ကြီး နားမ၀င်လေတော့။ တိကျသောဆုံးဖြတ်ချက်က မျက်နှာပေါ်တွင် အထင်းသားပေါ်နေလေပြီ။  ဘုရင်ကြီးရှေ့သို့တိုးလာလေပြီ။

တစ်လှမ်း။

နှစ်လှမ်း။

သုံးလှမ်း။

ငကြောင်တို့သုံးယောက်လည်း မူးမိုက်ပြာဝေနေလေပြီ။  လေးလှမ်းမြောက်တွင် သူတို့ရှေ့သို့ရောက်လေပြီ။

“ပေးစမ်း အဲဒီအရက်ပုလင်း “ ဟုဆိုကာ ငကြောင်ခါးမှ အရက်ပုလင်းအား ယူ၍ ချာခနဲ လှည့်ထွက်သွားလေသည်။ ခိုင်ဘုရင်ကြီးမှာ နောက်သို့လုံးဝလှည့်မကြည့်လေတော့ သူ့အပေါ်တွင် သစ္စာရှိသော ကြင်ဖက်ကောင်းအား ရလိုက်သည့်အတွက် မိန့်မိန့်ကြီးတစ်လှမ်းချင်း ထွက်ခွာသွားလေပြီ။

ကျန်ခဲ့သောအမတ်သုံးယောက်မှာလည်း  ယခုမှ စိတ်ဒုံးဒုံးချလိုက်ဟန်ဖြင့် ခွေခေါက်မေ့မျောနေသော ငကြောင်တို့သုံ့းယောက်အား တစ်ယောက်စီထမ်းကာ စိတ်မချမ်းသာစွာဖြင့် ပြည်တော်ပြန်ခဲ့ကြလေတော့သည်။

ရေကန်ထဲတွင် ရေချိုးပျော်ပါးနေကြသော ဂေဇက်တိုင်းသူ လုံမပျိုဖြူတို့မှာ ထိုအဖြစ်အပျက်တို့ကို လုံးဝမသိရှိလိုက်ဘဲ “ အားနာလိုက်တာ အချစ်ရယ် “ ဟူသောသီချင်းကို သီဆို၍ ရေပက်တမ်း ကစားနေကြလေသည်။

ခိုင်ဘုရင်ကြီး၏ မိဘုရားရှာပုံတော်ဖွင့်ခြင်းမှာ ဤသို့ လူမသိ သူမသိ ပြီးဆုံးခဲ့ပါလေတော့သည်။

 

 

 

About ဗုံဗုံ

ဗုံ ဗုံ has written 11 post in this Website..