“ ဆုတ်ကိုင်မထားနဲ့ လွှတ်ချသင့်တာတွေ လွှတ်ချလိုက် ဆိုပေမယ့် ´´

 

တစ်ညနေ ညနေစာထမင်းစားပြီး ခင်ခ နေတဲ့ရပ်ကွက်လေးထဲ ဟိုနားဒီနားလမ်းလျှောက်ထွက်လာခဲ့ရာ လမ်းဆုံထောင့်နားမရောက်မှီမှာ ၆နှစ်အရွယ်လောက် လမ်းထဲက ကလေးတစ်ယောက် ခြေစုံရပ်ပြီးငိုနေတာ တွေ့လိုက်လို့ အဲဒီကလေးနားရောက်တော့

“ သား ဘာလို့ ငိုနေတာလည်းကွ ´´ မေးလိုက်ရင်ဘဲ၊ ငိုနေတဲ့ကလေးက

“ လေးလေး သားရေခဲမုန့်တွေ အောက်ကိုပြုတ်ကျသွာလို့ ဟီး ဟီး—— ´´

“ အော် ဒါများကွာ နောက်တစ်ခု ထပ်ဝယ်စားလိုက်ပေါ့ ´´

“ လေးလေး ကလည်း သားမုန့်ဖိုးက ၅၀ ဘဲရခဲ့တာ၊ နောက်တစ်ခုထပ်သွား ၀ယ်စရာမှမရှိတော့လို့ပေါ့ဗျ ဟီး ဟီး ဟီး—–´´

“ ရေခဲမုန့်က တစ်ခု ဘယ်လောက်မို့လဲကွ´´

“ တစ်ခု ၅၀ ပေးရတယ် လေးလေး ´´ ဆိုပြီး မျက်ရည်တွေကို လက်တစ်ဖတ်နဲ့ ပွတ်သုတ်ပြီးပြောတော့

“ အော် အဲလိုလား ဒါဆို လေးလေး ၁၀၀ ပေးလိုက်မယ်၊ မငိုနဲ့တော့ တိတ်တော့ သား စားချင်တဲ့ ရေခဲမုန့် နှစ်ခုတောင်စားလို့ရတာဘဲကွာ´´ ဆိုကာ ခင်ခ ငွေကျပ် ၁၀၀ တန်တရွက်ပေးလိုက်တာကို အဲဒီကလေးက လှမ်းယူပြီး နောက်ရေခဲမုန့်ဝယ်စားဖို့ ရေခဲမုန့်ရောင်းတဲ့ဆိုင် ခြေဦးလှည့်သွားမယ့်ဟန်ပြုပြီးမှ သူခုနကျသွား တဲ့ရေခဲမုန့်ကို ပြန်လို့ငုံကြည့်နေလို့

“ ကဲ ပါ အောက်ကျသွားတဲ့ ရေခဲမုန့်ကို ကြည့်မနေပါနဲ့တော့´´ ဆိုမှဘဲ အပြေးလေး ရေခဲမုန့်ရောင်းတဲ့ ဆိုင်ဆီပြေးသွားတာပေါ့ဗျာ။

တစ်ခါတုန်းကလည်း သူငယ်ချင်းမိတ်ဆွေတွေနဲ့ ညနေဖက်ဘီယာဆိုင်တစ်ခုမှာ ခင်ခ တို့ဝိုင်းဖွဲ့ပြီးစားသောက် နေကြတုန်း စားပွဲထိုးလေးတစ်ယောက် စားစရာများထဲ့ထားတဲ့ ပုဂံဗန်းနဲ့သယ်လာရင်း ရေစိုနေတဲ့ကျောက်ပြား ခင်းကိုအဖြတ် မတော်တဆချော်လဲမလိုဖြစ်တော့ ခုနသယ်လာတဲ့ဗန်းပေါ်က ပုဂံနှစ်ချပ် လွတ်ကျပြီးကွဲပါ လေရော။ အဲဒီမှာ စားပွဲထိုးလေးက လွတ်ကျသွားလို့ကွဲသွားတဲ့ပုဂံကွဲစတွေကို ပြန်သိမ်းစဲရင် မျက်ရည်လေးကျ တာတွေ့လို့ အတော်လေးကြာ အဲဒီစားပွဲထိုးလေး ခင်ခ တို့ဝိုင်းနားလာရပ်တော့ အင်းတာဗျူးလုပ်ကြည့်တော့ “ မင်းက ခုနမတော်တဆ လွတ်ကျသွားလို့ကွဲသွားတဲ့ ပုဂံကွဲတွေပြန်သိမ်းနေတုန်း ဘာလို့မျက်ရည်ကျရ တာလဲ ဆိုင်ရှင်ရိုက်မှာကြောက်လို့လား´´ မေးပြီး အတူထိုင်နေတဲ့ သူငယ်ချင်းကလည်း-

“ တမင်လွှတ်ကျတာမှမဟုတ်တာ မတော်တဆ လွတ်ကျတာဘဲ ဆိုင်ရှင်ကိုရှင်းပြလိုက်ပေါ့၊ ဒါမှမဟုတ် ငါ့တို့ဝိုင်းပြောပေးရမလား´´ ၀င်ပြောတော့ စားပွဲထိုးလေးက- လွတ်ကျသွားအောင်လျှောက်မိလိုက်တဲ့ သူ့ခြေ ထောက်ကိုစိတ်တိုလို့ရယ် ဒီလ လစာထုတ်ရင်ဒါဏ်ကြေး ဖြတ်ခံရမှာမို့ကို သတိရပြီး မျက်ရည်ကျမိတာလို့ ဖြေရှာတယ်လေ။

တစ်နေ့ကလည်း အထည်ဆိုင် ၄- ၅ ဆိုင်ပိုင်တဲ့ သူဌေးတစ်ယောက်နဲ့ မန်းက ဒိုင်မွန်းပလာဇာရဲ့ ပေါ်ထပ်မှာ ရှိတဲ့ကော်ဖီဆိုင်မှာစကားထိုင်ပြောပြီး ပြန်ကြဖို့ရွှေ့လျားစက်လှေကားနဲ့အဆင်း ပထမ ထပ်စက်လှေကား ထိပ်မှာ အဲဒီသူဌေးလက်မှာကိုင်ထားတဲ့ လက်ကိုင်ဖုန်းကလေး မတော်တဆစက်လှေကားလက်ကိုင်တန်းနဲ့ တိုက်ပြီးလွတ်ကျကာ စက်လှေကားဘေးကွက်လပ်ကနေ မြေညီထပ်ထိကျသွားပြီး မြေညီထပ်ရောက်တော့ ဟန်းစက်က အက်ကွဲသွားပါလေရော။ အဲဒီမှာဖုန်းလိုင်းကဒ် ကို အဲဒီသူဌေးထုတ်ယူလိုက်ပြီး ဟန်းစက်အသစ် ၀ယ်ဖို့ ကားနဲ့အသွား ကားမောင်းရင် မတော်တဆလွတ်ကျသွားတဲ့ ဟန်းစက်လေးကို သတိတရ နှမြောစွာနဲ့ အသုံးဘယ်လိုကောင်းကြောင်း ၀ယ်ထားတာသိပ်မကြာသေးကြောင်း စင်္ကာပူက၀ယ်လာတာဖြစ်ကြောင်း စိတ်မကောင်းတဲ့လေသံနဲ့ ပြောနေလို့ နှစ်သိမ်စကားပြောပေးခဲ့ရသေးတယ်လေ။

ဒီအဖြစ်ပျက်ကလေးတွေကို ထိုင်ပြီးသတိရသွားရင်း ခင်ခ တွေးမိတာတွေက –

ပထဆုံး အဖြစ်အပျက်လေးက ရေခဲမုန့်လွတ်ကျသွားတဲ့ကလေးအနေနဲ့  သူရခဲ့တဲ့ သူအတွက်တော့ဝင်ငွေလို့ ဆိုရတဲ့ မုန်ဖိုးကို သူစားချင်တဲ့ ရေခဲမုန့်လေးဝယ်ပြီး စားမယ်လုပ် ခါမှ မတော်တဆ အကုန်မစားရသေးဘဲ လွတ်ကျသွားခဲ့လို့ နောက်ထပ်လည်းပြန်ဝယ်စားစရာ အဆင်သင့် ၀င်ငွေမုန်ဖိုးလည်းမရှိတော့ အခုလို မတော် တဆ လွတ်ကျသွားတာဟာ အဲဒီကလေးအတွက်တော့ မဟာဆုံးရှုံး မှု့ကြီးအဖြစ် သူ့အရွယ် သူ့ဝင်ငွေ သူ့အဖြစ်ကို ယူကြုံးမရ၀မ်းနည်းရှာတာပေါ့ဗျာ။

ဒုတိယ အဖြစ်အပျက်လေးက စားပွဲထိုးလေး မမျှော်လင့်ထားဘဲ မတော်တဆ ရေစိုမှု့ကြောင့် ချော်သွားပြီး ပုဂံချပ်တွေလွတ်ကျကွဲသွားရလို့ သူလကုန်ရင် သူရမယ့်ရပိုင်ခွင့်ထဲက အဖြတ်ခံရမှာကို တွေးပူရင်း ၀မ်းနည်း နေတာလည်း သူ့အတွက်တော့ ဆုံးရှုံးလက်လွတ်ရမှု့တစ်ခုပေဘဲဗျာ။

တတိယ မတော်တဆ ဟန်းစက်လေးလွတ်ကျသွားလို့ သူအနေနဲ့ အဲလိုဟန်းစက်မျိုး ဆယ်လုံးမက ၀ယ်လို့ ရနိုင်တဲ့ ငွေကြေးချမ်းသာပေမယ့် လက်ရှိဟန်းစက်သုံးစွဲလို့ရနိုင်ပြီး မော်ဒယ်ဟန်းစက်အသစ် ကိုင်ချင် လို့ ထပ်ဝယ်လိုက်ရ ငွေကြေးသုံးစွဲလိုက်ရတာကို မနှမြောနိုင်ပေမယ့် မမျော်လင့်ဘဲ မမျော်လင်တဲ့ ငွေကြေး ကုန်ကျရမယ့်အတွက်တော့ သူအနေနဲ့ ဆုံးရှုံးမှု့တစ်ခုလို ခံစားသွားရတဲ့ ခံစားမှု့ပေါ့ဗျာ။

အဲဒီမတူညီတဲ့ မတော်တဆလွတ်ကျမှု့တွေမှာ တူညီကြတာလေးက ကိုယ်ရပိုင်ခွင့် ကိုယ်ပိုင်ဆိုင်ခွင့်ထဲက ကိုယ်အသုံးတည့်စွာ မသုံးရဘဲနဲ့  လွတ်ကျမှု့အတွက် ကိုယ်ပိုင်ဆိုင်မှု့ထဲက လျော့နည်းသွားလိုက်ရတာကို စိတ်ထဲမကျေနပ်မှု့က စိတ်မကောင်းမှု့ ၀မ်းနည်းမှု့ ခံစားသွားရမှု့ကို ဖြစ်ပေါ်စေခဲ့ကြတာဘဲ မဟုတ်လားဗျာ။

ပုတုစဉ်လူသားတွေဆိုတော့ မိမိအတ္တဟိတ ရှေ့တန်းတင် လက်ထဲမှာဘဲကိုင်ထားချင်ကြတာလေ မိမိရထားတဲ့ ရပိုင်ခွင့် ပိုင်ဆိုင်ခွင့်ကို ဘယ်လျော့ချင်ကြမလဲ ပိုပြီးတိုးလာမယ်ဆိုရင် ပိုလို့တောင်လိုချင်ကြတဲ့သူတွေလေ။ ဒီတော့ လက်ထဲဆုတ်ကိုင်မထားနဲ့ လွှတ်သင့်တာတွေ လွှတ်ချလိုက်လို့ ဆိုပေမယ့် တကယ်လွှတ်ချလိုက်တာ မဟုတ်ဘူး မတော်တဆ လွတ်ကျသွားတာတောင် စိတ်မကောင်းဖြစ်ကြ နှမျောတတ်ကြရင် တမင်တကာကို လွှတ်တာ ချရမယ်ဆိုရင် ဘယ်လိုများခံစားကြရမလဲ တွေးဆသာကြည့်ကြပါလို့- – – – – ။

 

ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတွေနဲ့ ခင်ခရဲ့ အတွေးကို ဟိုတစ်စ ဒီတစ်စ  ရေးလိုက်မိသောအခါပေါ့ဗျာ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ။

 

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..