“Myanmar, I come from Myanmar..” အဲဒီ့လိုဖြေလိုက်ရတဲ့အချိန် Green Rose ရဲ့ရင်ထဲမှာ ဘာကိုဂုဏ်ယူမိမှန်းမသိ ဂုဏ်ယူနေမိတာ.. ဘာကိုကျေနပ်နေမှန်းမသိ.. ကျေနပ့်နေမိတာ..

Green Rose အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားရဖို့အကြောင်းလေးတစ်ခုရှိလာတယ်။ အမေ့ရဲ့ ကျန်းမာရေးအတွက် Medical Check up လုပ်ဖို့လိုအပ်တယ်လို့ ဆရာဝန်တစ်ယောက်က အကြံပေးလာတော့ အမေက Bangkok ကဆေးရုံတစ်ခုမှာ သွားလုပ်မယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီ့မှာ Green Rose  လည်းအလုပ်ကခွင့်ယူဖို့ကိစ္စ Passport ကိစ္စတွေ လုံးပမ်းရပါတော့တယ်။ တဖက်ကလည်း အဲဒီ့ကို ရောက်ဖူးတဲ့ သူတွေဆီကနေ သိသင့်သိထိုက်တာတွေ မေးရ မြန်းရ စုံစမ်းရပါတော့တယ်။ Green Rose ရော အမေရော တစ်ခေါက်မှမရောက်ဖူး တဲ့အပြင် ဟိုမှာကိုယ်သွားချင်တဲ့ နေရာတွေကို အချိန်ပေးပြီး လိုက်ပို့ရလောက်အောင် ရင်းနှီးတဲ့ အသိမိတ်ဆွေ မရှိတာပါ။ နောက်တစ်ခုက သွားမယ့်အချိန်အတွင်းမှာ ရောက်သင့် ရောက်ထိုက်၊ သွားသင့်သွားထိုက် တဲ့နေရာတွေကို အစုံအစေ့ရောက်နိုင်ဖို့အတွက် ဒီမှာကတည်းက ကြိုတင်ပြီး plan ဆွဲသွားချင်တာလည်းပါတာပေါ့လေ..။ သွားမှာက Tour တွေဘာတွေနဲ့လည်းမဟုတ်၊ ဒီအတိုင်း သားအမိ ၂ ယောက်ထဲ သွားမှာဆိုတော့ နီးစပ်ရာ ပါတ်သက်ရာ တွေက အမျိုးမျိုးသော အကြံဥာဏ်တွေပေးကြပါတယ်။

အဲဒီ့မှာ တော်တော်များများ တညီတညွတ်တည်း ပေးကြတဲ့အကြံဥာဏ်က “ ဟိုရောက်ရင် တတ်နိုင်သရွေ့ မြန်မာလိုမပြောနဲ့၊ မြန်မာလိုမ၀တ်နဲ့၊ မြန်မာမှန်း မသိစေနဲ့တဲ့” စိတ်ထဲမှာ ခံပြင်းစိတ်က အရင်ဝင်လာတယ်။ ဘာဖြစ်လို့လဲလို့ ပြန်မေးမိတော့ အန္တရာယ်များလို့ ဆိုတဲ့ အဖြေကအရင်ထွက်လာတယ်။ တကယ်ကို စေတနာနဲ့ လမ်းညွှန်ကြတဲ့သူတွေ ဖြစ်တဲ့အပြင် ထော်လော်ကန့်လန့် လုပ်ဖို့ အဆင်မပြေတဲ့ လူကြီးတွေဖြစ်နေလို့ စစ်စစ်ပေါက်ပေါက် မေးဖို့ မသင့်တော်ပါဘူး။ အဲဒီ့တော့ တွေ့သမျှ၊ သိသမျှ လူတွေတော်တော်များများဆီမှာ စနည်းနာရပါတော့တယ်။ အမေကိုယ်တိုင်ကတော့ သူ့အသိမိတ်ဆွေတွေ၊ အထူးသဖြင့် Travel and Tour လုပ်ငန်းလုပ်ကိုင်နေတဲ့ မိတ်ဆွေကိုယ်တိုင်က အဲဒီ့လို သတိပေးလိုက်တာမို့  ဘာမှစောဒက တက်စရာမလို ခြွင်းချက်မရှိ လက်ခံပြီးသားဖြစ်နေတာပါ။ အဲဒီ့တော့ Green Rose ရဲ့ မကျေမနပ် လက်မခံချင်ဖြစ်နေတဲ့ ပုံစံကိုမြင်တော့ “နင်ကဘာဖြစ်နေတာလဲ၊ အကုန်လုံးက အတွေ့အကြုံရှိပြီး၊ အခေါက်ခေါက်အခါခါ သွားနေတဲ့လူတွေ၊ ဟိုတစ်ယောက်ဆို အဲဒီ့မှာ ရုံးခန်းတောင်ဖွင့်ထားတာ၊ မပြောနဲ့ဆိုမပြောနဲ့၊ မ၀တ်နဲ့ဆိုမ၀တ်နဲ့ပေါ့” တဲ့။

ဟုတ်ကဲ့ Green Rose ကလည်း မြန်မာအ၀တ်အစားချည်းပဲ ၀တ်တဲ့ မြန်မာဆန်သူမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ခက်တာက Green Rose က ကိစ္စတစ်ခုကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံမသိရပဲ၊ ကိုယ်ကိုယ်တိုင်က လက်မခံနိုင်ပဲ လိုက်နာတတ်တဲ့လူမျိုးထဲမှာ မပါပါဘူး။

အဲဒီ့လိုနဲ့ မေးရင်း၊ မြန်းရင်း စုံစမ်းရင်း ထိုင်းကနေ အထည်တွေဝယ်ရောင်းနေတဲ့ အစ်မတစ်ယောက်နဲ့တွေ့မှ အကြောင်းရင်းကို သေချာသိလိုက်ရပါတယ်။ “အဲဒီ့မှာ မြန်မာမှန်းသိရင် အန္တရာယ်ရှိတယ်ဆိုတာက မြန်မာအချင်းချင်းကြားက ပြဿနာပါ။ ထိုင်းလူမျိုးတွေကြောင့်မဟုတ်ပါဘူး။ မြန်မာအများစုရှိတဲ့ နေရာတွေမှာဆိုရင် မြန်မာမှန်းသိသွားတဲ့အခါ အန္တရာယ်နဲ့ ကြုံရတတ်ပါတယ်။ အလုခံရတာပါ။ မြန်မာအချင်းချင် ပြန်လုကြတာပါ” တဲ့။ အဲဒီ့မှာ Green Rose စိတ်ထဲမှာ တော်တော် မကောင်းဖြစ်သွားပါတယ်။ အစက ထင်ထားတာက တချို့သောထိုင်းလူမျိုးတွေဟာ မြန်မာဆိုရင် အထင်သေးစိတ်နဲ့ ဆက်ဆံကြတယ်၊ အန္တရာယ်ပေးချင်ကြတယ် လို့ထင်ထားတာပါ။ ဒါမျိုးဆိုရင်တော့ ရင်ဆိုင်ပြီးသားပါပဲ၊ ခုတော့ ကိုယ့်မြန်မာအချင်းချင်းဆိုတော့ စဉ်းစားရပါပြီ။ ကိုယ့်အိမ်ထဲမှာ ကိုယ့်မိသားစုဝင် အချင်းချင်း ပြဿနာတက်ရတာမျိုးကို ရှက်စရာလို့မမြင်ပေမယ့် သူများအိမ် အလည်သွားရင်း ကိုယ့်အချင်းချင်း ပြဿနာဖြစ်ရမှာမျိုးတော့ ရှက်ပါတယ်။

နောက်တစ်ခုက ကိုယ်တစ်ယောက်တည်း သွားရမယ်ဆိုရင်တော့ မြန်မာမှန်းသိအောင် မြန်မာအ၀တ်အစားတွေချည်း ၀တ်ဖို့ ဆုံးဖြတ်မိမှာပါ။ ခုတော့ အမေနဲ့ဆိုတော့ စဉ်းစားရပါပြီ။ ကိုယ့်ကို အားကိုးပြီး သွားပါတယ်ဆိုမှ တစ်စုံတစ်ခု အန္တရာယ်ကျရောက်လာခဲ့ရင် Green Rose အသုံးမကျရာ ကျပါတယ်။ အမေ့ရဲ့ဘေးကင်း လုံခြုံရေး၊ အစစအရာရာ အဆင်ပြေချောမွေ့ရေးဟာ Green Rose တာဝန်လုံးလုံး ဖြစ်သွားပါပြီ။ အဲဒီ့တော့ မြန်မာအ၀တ်အစားမ၀တ်ဖို့ ဆုံးဖြတ်ချက် ကျပါတယ်။ အမေက ထည့်ကိုမယူရဘူးဆိုပြီး တချက်လွှတ်အမိန့်ချပါတယ်။ (ကိုယ်သတ္တိမရှိတာ အမေ့ကိုလွှဲချတာပါ) ဒါပေမယ့် ထည့်မယူပေမယ့် လေဆိပ်အသွားမှာ ၀တ်သွားဖို့တော့ အတိုက်အခံလုပ်ယူပါတယ်။

အဲလိုနဲ့ အမေ့ရဲ့ မျက်စောင်းနဲ့၊ ပွစိပွစိစကားတွေကို မသိချင်ယောက်ဆောင်ပြီး မြန်မာဝတ်စုံနဲ့ လေဆိပ်ဆင်းပါတယ်။ (:smile: ဒီလိုလေးလည်း ပြုံးထားတယ် မလှမှာစိုးလို့)

အဲလိုနဲ့ သွားလိုက်တာ ဟိုဖက် ထိုင်းလေဆိပ်အ၀င် လေယဉ်ပေါ်က ဆင်းကတည်းက ချုံခိုတိုက်ခိုက်မှာကို မျှော်လင့်ထားတဲ့ စစ်သားလို မြန်မာဆိုပြီး လာနှိမ်ရင်တော့ ဘာပဲဖြစ်ဖြစ် အတွေ့ပဲဆိုပြီး စိတ်ဓါတ်ကိုအသင့် မောင်းတင်ထားမိပါတယ်။ မျက်နှာကြောကတော့ အတော်အသင့် တင်းနေမှာအမှန်။ လျှောက်ရင်းလျှောက်ရင်းနဲ့ Immigration ကို တော်တော်နဲ့မတွေ့ တဲ့အခါ လမ်းညွှန်ဆိုင်းဘုတ်ကြီးမြင်နေပေမယ့် ဟုတ်မှဟုတ်ရဲ့လားလို့ မသင်္ကာဖြစ်လာပြီး တွေ့ရာ enquiry ကိုဝင်မေးရတဲ့အချိန်မှာတော့ တင်းထားတဲ့ မျက်နှာကြောတွေ လျှော့ချပြီး စပြုံးရတော့တာပါပဲ။ မြန်မာဆိုတာ မယဉ်ကျေးသူတွေလို့ မှတ်ကျောက်တင်သွားမှာ မခံနိုင်ဘူးလေ။

လေဆိပ်အထွက်မှာ ဆေးရုံက လာကြိုတာမို့ အခက်အခဲမရှိ တည်းခိုရာနေရာကို ရောက်ခဲ့ပါတယ်။

နောက်နေ့မနက်ကစ ပြဿနာတက်တာက အမေပေါ့လေ။ လာကြိုတဲ့ မြန်မာစကားပြန်မလေးက မနက် ၈ နာရီအရောက် ဆေးရုံကိုလာဖို့ မှာထားပေမယ့် Green Rose ရဲ့ အမေက ၀ီရိယ ကောင်းစွာနဲ့ ၇ နာရီအရောက်သွားဖို့ ဆုံးဖြတ်ပါတယ်။ အဲဒီ့မှာ မနက် (၇) နာရီ ဆေးရုံကိုရောက်သွားတော့ ဆေးရုံမှာ မြန်မာစကားပြန် တစ်ယောက်မှမရှိပါဘူး။ အင်္ဂလိပ်လိုပဲပြောရပါတယ်။ အဲဒီ့မှာ ထိုင်းလူမျိုးတွေ အင်္ဂလိပ်စာ တော်တော်အားနည်းတာကို တွေ့လာရပါတယ်။ (ဒါပေမယ့် လေ့လာကြည့်တော့ သူတို့ဆီမှာ စာမတတ်သူတွေတောင် လူတန်းစေ့ နေနိုင်အောင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးထားတာ၊ မိခင်ဘာသာ စကားနဲ့ပဲ တော်တော်တန်တန် အဆင့်မြင့်တဲ့ နေရာတွေမှာ လုပ်ကိုင်နေနိုင်တာတွေ တွေ့လာရပါတယ်)

Green Rose ရော အမေရော မြန်မာဝတ်စုံဝတ်သွားတာမဟုတ်တဲ့အတွက် သူတို့က Green Rose တို့ကို ထိုင်းဘာသာစကားနဲ့ပဲ ပြောပါတယ်။ Green Rose တို့က နားမလည်တဲ့ အကြောင်း အင်္ဂလိပ်လို ပြန်ပြောတော့ အံ့သြသွားပြီး ဘာလူမျိုးလဲ၊ ဘယ်ကလာသလဲလို့မေးပါတယ်။ အဲဒီ့မှာ Green Rose က ပြန်ဖြေလိုက်တာက “Myanmar, I come from Myanmar..” တဲ့။ အဲဒီ့လိုဖြေနေတဲ့အချိန် Green Rose ရဲ့ရင်ထဲမှာ ဘာကို ဂုဏ်ယူနေမိမှန်း မသိ ဂုဏ်ယူမိ၊  ဘာကို ကျေနပ်နေမှန်းမသိ ကျေနပ်နေမိတာ သတိထားလိုက်မိပါတယ်။ ရုတ်တရက် ဘာကြောင့်လဲလို့ စဉ်းစားမရပေမယ့် ၂ ခါ၊ ၃ ခါ လောက် အဲလိုဖြေ၊ အဲလိုခံစားမိ လာတော့ ကိုယ့်ကိုယ်ကို စမ်းစစ်ရပါတော့တယ်။ ဘာလဲ.. ၊ ဘာကြောင့်လဲ ဆိုပြီးတော့ပေါ့။ အဲဒီ့မှာ ထွက်လာတဲ့အဖြေက ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး သိက္ခာကျမယ့်အလုပ် တစ်ခုမှ မလုပ်မိတဲ့ ကိုယ့်ကိုယ်ကို ကျေနပ် ဂုဏ်ယူတဲ့စိတ် ဆိုတာပါပဲ။

“Myanmar, I come from Myanmar..” ပါ။

 

 

လေးစားလျှက်

(Green Rose)

About Green Rose

Green Rose has written 10 post in this Website..

I AM A ROSE, GREEN ROSE