မိခင်၏မေတ္တာမျိုးကို အဘယ်မေတ္တာဖြင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။

zaylayJuly 18, 20101min510

မိခင်မေတ္တာ
ရွာတရွာမှ အရွယ်သေးငယ်သည့် မုဆိုးမကလေးသည် သားကို ပညာတတ်စေလိုလှသဖြင့် ပုသိမ်မြို့ပေါ်သို့ တက်ပြီး သားကို ကျောင်းထားသည်။ သား-ကျောင်းနေနိုင်ရေးအတွက် ကျောင်းနှင့် မဝေးလှသော တန်းလျားတခုမှ အခန်းကလေးတခန်းကို ငှါးနေကာ သူ့တွင် ဈေးတောင်းခေါင်းတင်ပြီး ငွေရှာရသည်။

ဟင်းရွက်တောင်းကို ခေါင်းတင်၍ ရှာသော မိန်းမတယောက်၏ ဝင်ငွေမှာ စစ်စစ်ပေါက်ပေါက်တွက်လျှင် တနေ့ သုံးကျပ်ပင် မရှိနိုင်ပါ။ သို့သော် မုဆိုးမကလေးက သူသာ အစားဆင်းရဲခံပြီး သားဖြစ်သူ မငြိုငြင်ရအောင် သူများနဲ့တန်းတူဖြစ်အောင် ထားသည်။

သို့နှင့် သားသည် ၁၀-တန်းသို့ရောက်လာလေသည်။ လူပျိုကြီးဖားဖားလည်း ဖြစ်လာလေပြီ။ ထိုအချိန်တွင် မိခင်မုဆိုးမကလေးက ပိုပြီးအလုပ်လုပ်သည်။ ပိုပြီးကြိုးစားသည်။ ကျောင်းနှင့်ပတ်သက်သော စရိတ်အမျိုးမျိုးအပြင် အဝတ်အစားအတွက်ပါ သားလူပျိုလူရွယ်ကလေး မျက်နှာမငယ်ရအောင် အလဲလဲအလှယ်လှယ် ဝတ်နိုင်အောင် ဖုတ်ပူမီးတိုက်ရှာသည်။

တနေ့တွင် သားဖြစ်သူသည် ဘယ်ကဘယ်လို ဖြစ်လာသည်မသိ။ ရှူးရှူးရှဲရှဲနှင့် အိမ်ကိုပြန်လာပြီး မီးဖိုထဲတွင် အသင့်တွေ့သောဓားနှင့် သူ့အမေကို ခုတ်လေသည်။ အိမ်နီးချင်းတွေက အတင်းဖျင်၊ အတင်းဆွဲသဖြင့် မိခင်မုဆိုးမကလေးမှာ သေလောက်သောဒဏ်ရာ မရစေကာမူ ဆေးရုံသို့တက်၍ ကုသလိုက်ရသည်။

အရပ်က မခံသဖြင့် ရဲက သူငယ်ကိုဖမ်းပြီး ဓားခုတ်မှုဖြင့် တရားစွဲတင်သည်။ ဒဏ်ရာသက်သာ၍ ဆေးရုံမှဆင်းလာသောမုဆိုးမကလေးသည် သူ့သားအချုပ်အနှောင် ခံနေရသည်ကို သိသည်နှင့် အာမခံရအောင် အမျိုးမျိုး ကြိုးစားပြီး အာမခံဖြင့် ထုတ်ယူသည်။

ထို့နောက် အမှုကို ရုံးတင်စစ်ဆေးသောအခါ မိခင်ဖြစ်သူမှာ တရားလိုမဟုတ်ဘဲ သက်သေနေရာကသာ ရှိသဖြင့် သားဖြစ်သူ ဒဏ်မခံရအောင် ကျမ်းအစူးခံပြီး အစွမ်းရှိသမျှ သားဘက်က ကာကွယ် ထွက်ဆိုလေသည်။ သားလည်း အမှုမှ ကွင်းလုံးကျွတ် လွတ်သွားသည်။

အမှုပြီးသောအခါ သားသည် သာမဏေဘောင်သို့ ဝင်သွားပြီး နောင်အသက်ပြည်သည်နှင့် ရဟန်းဖြစ်သွားသည်။ ယခု တောရွာကလေးတရွာတွင် ပရိယတ္တိ သင်ကြားဆဲရှိသည်။ မိခင် မုဆိုးမကလေးသည်လည်း သီလရှင်ဝတ်ကာ သားရဟန်းရှိရာသို့လိုက်ပြီး သားရဟန်းတော်ကို ပြုစုလုပ်ကျွေးတုန်း ရှိပါသည်။

ယင်းအမှုအကြောင်း အစအဆုံးကို ထိုစဉ်က ပုသိမ်တွင်ရောက်နေသော ကျွန်တော်တို့က ကောင်းကောင်းသိလိုက်ပါသည်။
အဖမဲ့ သားကလေးတယောက် လောကကြီးအလယ်၌ တင့်တင့်တယ်တယ် လူဖြစ်နိုင်ရေးအတွက် မိခင်မုဆိုးမကလေးသည် ဈေးတောင်းခေါင်းတင်ကာ လုပ်ကျွေးရင်း ပညာသင်စေသည်။ သားကလေး တတန်းပြီးတတန်း တက်သွားလေလေ၊ စရိတ်က တလထက်တလ ပိုကုန်လေလေ ဖြစ်လာသည်။ သို့သော် ဈေးတောင်းခေါင်းတင်၍ ရသောငွေမှာ တိုး၍မလာပါ။ မလောက်မင ဖြစ်ရုံဟု မဆိုနိုင်ဘဲ မလောက်ဘဲနေသည်။

ထိုအခါ သားကလေး ပညာဆက်လက်သင်နိုင်ရေး၊ လူချင်းတူတူ သူချင်းမျှမျှ ဖြစ်နိုင်ရေးအတွက် ဘဝကို အဆုံးခံပြီး ငွေရှာလေသည်။ သားအတွက် ကျောင်းလခ ပေးရခါနီးအချိန်မျိုး၊ အဝတ်အစား ဝယ်ရတော့မည့် အခါမျိုး၊ စာအုပ်ဝယ်ရတော့မည့် ကိစ္စမျိုးတွင် မုဆိုးမကလေးသည် စွန့်စားခန်းဝင်လိုက်သည်။ အခြားအချိန်မျိုးတွင်ကား ဈေးတောင်းခေါင်းတင်ပြီး ရိုးရိုးသားသားပင် အသက်မွေးသည်။

အမေ၏သတင်းသည် တနေ့သော် သား၏နားသို့ ရောက်သွားလေသည်။ ဤတွင် သားက အရှက်မွှန်ပြီး အမေကို ဓားဖြင့်ခုတ်ခြင်းဖြစ်လေသည်။ သူ့ကို ဓားဖြင့် အသေခုတ်ပါသော်လည်း မိခင်မုဆိုးမကလေးက သားအပေါ်ထားသည့် မေတ္တာမှာ ပျက်ကွက်၍မသွား၊ သားကို အချုပ်အနှောင်ထဲမှ အာမခံရအောင် ဖြစ်သည့်နည်းဖြင့် နောက်ကွယ်က ကြိုးစားယူပြီး အမှုစစ်သောအခါ၌လည်း အမေဖြစ်သူ မုဆိုးမကလေးသည် သူ့ကိုယ်သူ ကျမ်းစူးခံ၍ သားလွတ်အောင် ဆောင်ရွက်လိုက်လေသည်။

မိခင်၏မေတ္တာမျိုးကို အဘယ်မေတ္တာဖြင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။