ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၀န်ထမ်းတွေလစာဟာ အလွန်ဘဲ နည်းကြပါတယ်။ မိဘနှစ်ပါးလုံး အစိုးရ၀န်ထမ်းဖြစ်ခဲ့ကြလို့ ကျွန်တော်ငယ်စဉ်အခါက မိသားစုဟာ အလွန်ကျပ်တည်းခဲ့ပါတယ်။

အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေ ပင်စင်ယူလိုက်တဲ့ အခါ မိသားစုမှာ ဘာမှ စုဆောင်းငွေဆိုတာမရှိပါဘူး။ ရသမျှ အဖေနဲ့ အမေ့ လခတွေဟာ စားစရိတ်၊ ကျောင်းစရိတ်နဲ့တင် အလျှင်မမှီခဲ့ပါ။

ကျွန်တော့် မိဘတွေဖြတ်သန်းခဲ့ရတဲ့ ဘ၀ကို ကြည့်ပြီး အတော်ထိတ်လန့်ခဲ့ဖူးပါတယ်။ ဒါမို့ အစိုးရ၀န်ထမ်းလုပ်ချင်စိတ်ကို လုံးဝမရှိခဲ့ပါဘူး။ ပတ်ဝန်းကျင်မှာ ဂွင်ကောင်းလို့ ရတဲ့လစာနဲ့ မတန်အောင် ချမ်းသာနေကြတဲ့ အစိုးရ၀န်ထမ်းတွေလည်း အများကြီးတွေ့ဖူးပါတယ်။ ငယ်စဉ်က အားကျစိတ်ဖြစ်ခဲ့ပေမဲ့ အတန်ငယ်အသက်ရလာတဲ့ အချိန်မှာ ရှက်ရမှန်းသိလို့ သူများမသာထှာရေစာစားမှ၊ ခိုးမှ လူစဉ်မှီနေနိုင်မဲ့ အစိုးရ၀န်ထမ်းဘ၀ကို လုံးဝသွားချင်စိတ်ကို ကုန်သွားပါတယ်။

ဆောင်ပုဒ်လေးတစ်ခုရှိတယ်လေ ဘာတဲ့ “၀န်ထမ်းကောင်းမှ တိုင်းပြည် ကောင်းမည် “ ဆိုတာ။ မြန်မာပြည်မှာ ၀န်ထမ်းကောင်းဆိုတာလည်း အတော်ရှားသားလို့ဆိုရမယ်။ အရင်ကတော့ မပြောတတ်ဘူး ကျွန်တော်တို့ ခေတ်မှာ ဆရာဝန်တွေကလွဲလို့ လူတော်ဆိုသူ တော်တော်များဟာ အစိုးရအလုပ်ဝင်မလုပ်ချင်ကြတော့ဘူး။ ဟုတ်လည်းဟုတ်တာဘဲလေ ပင်ကိုအရည်အချင်းရှိသူအများစုကတော့ သူများဆီကတောင်းမှ၊ညစ်မှ ရမဲ့ အလုပ်မျိုးကို ဘယ်လုပ်ချင်ကြမလည်းခင်ဗျ၊ ကိုယ်ဘာသာကိုယ် ရပ်တည်ကြမှာပေါ့။ ဘ၀ပေး အခြေအနေကြောင့်လည်း အစိုးရ၀န်ထမ်းဘ၀ထဲကို ၀င်လိုက်ရသူများလည်း ရှိမှာပါ။ အများစုကတော့ ထူးမခြားနား တွေများတယ်။

ဒါပေမဲ့ အစိုးရ၀န်ထမ်းဆိုတာလည်း တိုင်းပြည်အတွက်မရှိမဖြစ် မဟုတ်လား။ ဒီလူတွေ တော်မှ အမြော်အမြင်ရှိမှ လုပ်တတ်ကိုင်တတ်မှ တိုင်းပြည်က တိုးတက်မှာမဟုတ်လားခင်ဗျ။ ဒီတော့ အစိုးရဌာန ဆိုင်ရာတွေမှာ လူတော်တွေကို အလုပ် လုပ်ချင်လာအောင် စတင်ဆွဲဆောင်သင့်နေပါပြီ။ လူတော်တွေကို မွေးဖို့လိုအပ်နေပြီလို့ထင်ပါတယ်။

အခြားအချက်တွေလည်း အများကြီးရှိသေးပေမဲ့၊ အခုအဓိကပြောချင်တာကတော့ လစာပါ။

အခု ခေတ်နဲ့ မလျှော်ညီတဲ့ ၀န်ထမ်းလစာနှူန်းထားနဲ့ ဘယ်လို လူတော်မျိုးက အစိုးရအလုပ်ကို လုပ်ချင်ကြမှာလည်းဗျ။ နိုင်ငံခြားမှာ သွားနေပြီး ချမ်းသာနေပြီးသား ၊နောက်ပညာလည်းသေချာတတ်၊ တိုင်းပြည်အတွက် အနစ်နာခံ အလုပ် လုပ်ချင်လို့ ဒီလစာနဲ့ လုပ်ပါမယ်ဆိုတဲ့ လူမျိုးလည်းရှိမပေါ့။ ဒါပေမဲ့ ဘယ်နှစ်ယောက်ရှိမလည်းဗျာ။

ဟာသလေးတစ်ခု ဖတ်ဖူးတယ်။ အမေရိကား သမ္မတ အိုဘားမားက “ငါတို့နိုင်ငံမှာ အခြေခံလစာက ဒေါ်လာ ၃၀၀၀ ကွ၊ စားစရိတ်နေစရိတ်အထွေထွေတွေနှူတ်လိုက်ရင် ၂၅၀၀ လောက်ကုန်တယ်ကွ၊ ဒါပေမဲ့ ကျန်တဲ့ ပိုက်ဆံ ဒေါ်လာ ၅၀၀ ကို သူတို့တွေ ဘယ်လို သုံးပစ်ကြတယ်ဆိုတာ တော့မသိဘူး” တဲ့။ မြန်မာသမ္မတကြီးက လည်းပြန်ပြောပါတယ်။ “ ငါတို့နိုင်ငံမှာ အခြေခံလစာက သုံးသောင်းကွ၊ ဒါပေမဲ့ လူတစ်ယောက် တကယ်ကုန်တာ တစ်လကို တစ်သိန်း၊ သူတို့တွေ အဲ့ လိုတဲ့ ပိုက်ဆံ ခုနှစ်သောင်းကို ဘယ်လိုရှာတယ်ဆိုတာကို ငါမသိဘူး” လို့ဆိုပါတယ်။

မြန်မာပြည်မှာ အစိုးရ၀န်ထမ်းတွေ အကျင့်ပျက်တာ တခြားလော်မာတဲ့စိတ်ကြောင့်လည်းပါမယ်၊ ဒါပေမဲ့ အဓိက က ပေးတဲ့ လစာ မလောက်ဌ တာကနေစတယ်လို့မြင်ပါတယ်။ ငတ်လို့ တဖြည်းဖြည်း ယူရင်း ချမ်းသာတဲ့ အထိကို လုပ်လာကြတာပါ။ အိန္ဒိယ ကမိတ်ဆွေတစ်ယောက်ကတော့ ပြောဖူးတယ်၊ သူတို့ဆီမှာ အစိုးရ၀န်ထမ်းအလုပ်က လစာအတော်ကောင်းတယ်လို့ဆိုပါတယ်။ နေထိုင်စရိတ်ကာမိတဲ့ အပြင် ချောင်ချောင်လည်လည် နေနိုင်ပါတယ်တဲ့။ ဒါပေမဲ့ ၀န်ထမ်းတွေကတော့ လာဒ်စားတာဘဲတဲ့။

အခုတိုင်းပြည်ကြီးကမွဲနေတယ်။ ၀န်ထမ်းတွေကလည်း အများကြီးဘဲ။ စီးပွားရေးကလည်း မကောင်း။ ဘယ်က ပိုက်ဆံနဲ့ လစာပေးမလည်းပေါ့။ ခေါင်းခဲစရာတော့ အမှန်ပါဘဲ။ ဒါပေမဲ့ ဒီအတိုင်းဘဲ ဆက်အောင်းထားမလား။

လစာက တိုးကို တိုးပေးရမှာပါ။ နိုမိုဆို ဒီအကျင့်ပျက်ချစားမှူ့ သံသရာကနေ ထွက်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မယ်လို့ မထင်မိပါ။

management ပညာနဲ့ ပက်သက်ပြီးဘာမှ မတတ်ပေမဲ့ ကျွန်တော့် အတွေ့အကြုံအရ စနစ်တစ်ခုကို သဘောတွေ့မိပါတယ်။ ဒါက ကျွန်တော့် ကျောင်းပြီးတုန်းက ၀င်လုပ်ဖူးတဲ့ company တစ်ခုမှာ ကျင့်သုံးတဲ့ ပုံစံမျိုးပါ။ ကျွန်တော့် company ဟောင်းဟာ မြန်မာပြည်မှာ အတော်အတန်ပါဝါရှိတဲ့ လုပ်ငန်းတစ်ခုပါ။ လုပ်ငန်းလည်း အတော်ကိုကြီးပါတယ်။ ဒါပေမဲ့ company ရဲ့  ပင်မ ၀န်ထမ်းအနေနဲ့ တော်ရုံလူကို မခန့်ပါဘူး။ ဒါမို့ company ရဲ့  တရားဝင် ၀န်ထမ်းဟာ လုပ်ငန်းပမာဏထက်စာရင် နည်းပါတယ်။ အောက်ခြေအလုပ်မှန်သမျှကို ကန်ထရိုက်ဘဲခေါ်သုံးပါတယ်။ ဒါမို့ ပင်မ၀န်ထမ်းတွေဆို ပင်စင်ပါ ပေးပါတယ်။ နှစ်စဉ် အခမဲ့ medical check up လုပ်ပေးတယ်။ အသက်အာမခံပေးတယ်။ မိန်းမနဲ့ ကလေးရှိရင် ကာကွယ်ဆေးလိုအပ်တာ အကုန်ထိုးပေးတယ်၊ ကားဝယ်၊ အိမ်ဝယ်ချင်ရင် လစာပေါ်မူတည်ပြီး အတိုးမဲ့ ထုတ်ချေးပေးတယ် စသဖြင့် တော်တော်ကို facility ကောင်းကောင်းပေးထားပါတယ်။ ရန်ကုန်ရုံးမှာဆို coffee lady တွေရှိတယ်၊ ကန်ထရိုက်နဲ့ ခန့်တာမျိုးပေါ့။ ၂၀၀၈ လောက်တုန်းက သူတို့တွေရဲ့ လစာတောင် တစ်သိန်းခွဲ ၀န်းကျင်မှာ ရှိတယ်။

အစိုးရအနေနဲ့လည်း ဒီလိုပုံစံမျိုးဆန်ဆန်လုပ်သင့် နေပြီထင်ပါတယ်။ ရုံးတွေမှာ ကြည့်လိုက်ရင် လူပိုတွေက အများကြီး။ ကွန်ပျူတာတွေအစားထိုး၊ စီမံခန့်ခွဲမှူ့ ပုံစံတွေ ပြောင်းလိုက်ရင် လူပိုတွေအများကြီးထွက်သွားပါမယ်။ ဒီကိစ္စက ချက်ချင်းကြီးတော့ ဖြုတ်ထုတ်သတ်ပုံစံမျိုးနဲ့ လည်းလုပ်လို့ မဖြစ်သေးပါဘူး။ ဒါပေမဲ့ တာဝန်ရှိသူတွေ အနေနဲ့ တဖြည်းဖြည်းလူမွေးထားပြီး အစားထိုးသွားရမယ်လို့ထင်ပါတယ်။ အခု လူကြီးတန်းဖြစ်နေကြတဲ့လူတွေ ပင်စင်ယူတဲ့ အထိတော့ စောင့်ရ ဦးမလားတော့ မသိပါ။

(မဝေေ၀ ရဲ့  ပင်စင်ယူသင့် မယူသင့် ကိုဖတ်မိရာကနေ တွေးမိတွေးရာရေးမိပါသည်၊ အစိုးရ၀န်ထမ်းများကို စော်ကားမိသလို ဖြစ်သွားရင် တောင်းပန်ပါ၏)

About pazflor

has written 8 post in this Website..