ဖြာကျနေတဲ့ရောင်စုံတွေနဲ့
သာယာတဲ့ဟောဒီလမ်းမဟာ
အနော်ရထာ တဲ့ ၊
နှစ်ထောင်ကစ ငါးရာအဆုံး
သုံးလို့ရတဲ့အင်္ကျီပုံကြား
ရွေးလျက်သားဟာ ကျနော်ပါ ၊
ဘေထုပ်ဆိုပေမယ့်
အခြေမစုတ်သလို
အမေလုပ်သူမသိ
လက်ထဲရှိတာ တစ်ထောင်တည်းပါ ၊
နှစ်ထောင်တန်ဟာ လှတာမှန်ပေမယ့်
တကယ့်လိုအပ်မှုဟာ အင်္ကျီဖြစ်ဖို့ပါ
အဲဒီလို အဲဒီလိုနဲ့
ကျနော့်ရဲ့ လက်တွေဟာ
ငါးရာတန်ကြား အလုပ်များရင်း
ဖျော့တော့တော့အဆင်းပေမယ့်
ရှင်းနေတဲ့ အင်္ကျီအပြာ
ကျနော့်လက်ထဲ ပါခဲ့ပါပြီ ၊
အင်္ကျီဖြစ်ဖို့သာ ယူဆတဲ့ကျနော့်အတွက်
ပိုထွက်လာမယ့် အသပြာ
လဘက်ရည်ဆိုတာမက
စီးကရက်ပါ ရခဲ့ပါတယ် ၊
ဘယ်လိုပဲဖြစ်ဖြစ်
ဝတ်လိုက်ရင်အတူတူမို့
ချို့တဲ့ တဲ့ဘဝအပေါ်
ကျနော် ပျော်လျက်ပါ ၊
ဒီလိုနဲ့ နေ့ရက်တွေကို
မေ့လျက်သလို ဖြတ်သန်း
အထီးကျန်လမ်းပေါ်မှာ
ချစ်ချင်ခြင်းဆိုတာ ရှိလာပါရောလား
ဒါပေမယ့်ဗျာ
ဘတ်စ်ကားနဲ့ နှစ်ပါးသွား
လခက နည်းပါးတဲ့ကျနော့်အတွက်
အိမ်သူဖြစ်နိုင်သူဟာ ဘယ်မှာများပါလဲ ?
အဆင်းညီဖို့ထက် အင်္ကျီဖြစ်ဖို့ကိုသာ
စဉ်းစားခဲ့တဲ့ကျနော့်အတွက်
ချစ်မက်ရမယ့်သူဟာ
ဘေထုပ်မှာထက် ရှာရခက်မှန်း
တမ်းတရင်းနဲ့သိခဲ့ရပါပြီ ၊
ဒါပေမယ့်ကွယ်
အလယ်အလတ်တောင် မဝယ်တတ်ခဲ့သူ
အူတူတူငနဲတစ်ကောင်အတွက်
အဆွေးဘဝ ဝေးကြရအောင်
ရွေးကျတစ်ပွင့် ထွေးပွေ့ခွင့်ရှိပါရစေ ။

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..