နံနက်စောစော အိပ်ယာကထလို့ ဘယ်အရပ်ကို ခြေဦးလှည့်ရမလဲတွေးရင်း နံနက် ခင်းပြုဖွယ်တွေ အမြန်ပြီးအောင် ဆောင်ရွက်လိုက်ပါတယ်။ ပြီးတော့ မော်တာဆိုင်ကယ် လေးကို စီးပြီး နံနက်စောစောစာစားဖို့ ပုဂံကဖီးကို ရှေးရူလိုက်ပါတယ်။ ပုဂံကဖီးဆိုင်ရှင် ကိုအောင်ပုက စိတ်ရှည်ပြီးအရမ်းသဘောကောင်းတာ။ သူတို့ဆိုင်မှာ ကျွန်တော် အကြိုက်ဆုံးက သူ့သမီးသျှားရွက် ဆိုရင်မှားပါလိမ့်မယ်။ ကြွပ်ကြွပ်ရွရွကြော်ထားတဲ့ ပဲပလာတာပါ။ သူတို့က ပဲပလာတာကို ပဲထည့်ပြီးမကြော်ဘဲ ပလာတာအပြန့်ကို ကြွပ် အောင်ကြော်ပြီး ပဲပြုတ်ဆီဆမ်းနဲ့စားရတာ အရမ်းကောင်းပါတယ်။

ပုဂံကဖီးရှေ့မှာတော့ ပုဂံမြို့ရဲ့မြို့လယ်စေတီရှိပါတယ်။ ရှေးဟောင်းစေတီကို ပုဂံ မြို့သစ်တည်ချိန် ပြန်ပူဇော်ထားတာပါ။ မုခ်ဦး ၈ ခုနဲ့ ၈ မျက်နှာဘုရားရယ်လို့ အမည် တွင်ပါတယ်။ မြို့အလယ်ခေါင်မှာရှိလို့ မြို့လယ်စေတီလို့ သုံးလိုက်တာပါ မြို့ဦးစေတီ မဟုတ်ပါဘူး။ လက်ဖက်ရည်ဆိုင်က ထွက်တော့ ဆိုင်ကယ်ဘီးမှာလေမရှိတော့ဘူး။ အနီးအနားမှာ ဘီးဖာဖို့ ဆိုင်ရှာတော့ အလက်ဇင်းဆိုတဲ့ ဆိုင်ကယ်ဘီးဖာဆိုင်တွေ့ တယ်။ ဘီးကို စစ်ဆေးလိုက်တော့ ကန္တာရဆူး စူးနေတာ တွေ့တယ်။ စိတ်တိုလို့ ဆူးပင်ကိုရှာပြီးခုတ်ပစ်မယ်ဆိုပြီး လိုက်ရှာတော့ ဘီးကိုစူးတဲ့ဆူးနဲ့ အပင်ကဆူးနဲ့ တူမတူ မိတ်ဆက်ခိုင်းလို့ မရတာနဲ့ စိတ်လျှော့လိုက်ပါတယ်။

ဆိုင်ကယ်ဘီးဖာပြီးတော့ ထွက်အလာ လမ်းလယ်ခေါင်မှာ အရပ်မြင့်မြင့်အသားဖြူ ဖြူထောင်ထောင်မောင်းနဲ့ နိုင်ငံခြားသားတစ်ယောက် စောစောစီးစီး ချွေးတွေထွက်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေလို့ ဘာအခက်အခဲရှိလဲမသိဘူးဆိုပြီး။ မတောက်တခေါက်ဘို စကားလေးနဲ့ သွားပွားတာပေါ့။ Hello nice to meet you, what can I do for you. ဆိုတော့ အဲဒီလူကြီးက“ကျွန်တော် သြဇီကပြန်လာတဲ့ မြန်မာပါဗျ။ အိမ်သာတက်ချင်လို့ လိုက်ရှာနေတာဗျ”တဲ့။ ကျွန်တော်လဲ ရှက်ပြုံးလေးပြုံးပြီး အနီးအနားက ကျွန်တော်အသိ ဗီနိုဆိုတဲ့ စာအုပ်ဆိုင်ကိုခေါ်သွားပေးလိုက်တယ်။  အဲဒီဆိုင်ရှင် မမက ရုပ်လည်း ချောပြီးသဘောလည်းကောင်းတယ်။ အိမ်ကို ဧည့်သည်လာတိုင်း မုန့်လုပ်ကျွေးတတ်တယ်။ လမ်းကြုံအိမ်သာဝင်တက်တာတော့ မုန့်ကျွေးမကျွေး မသိတော့ပါဘူး။ ကျွန်တော်လဲ အသာလေးလစ်ထွက်ခဲ့တာပေါ့။

မြို့ပြင်ကို ညောင်ဦးလေဆိပ်သွားတဲ့လမ်းအတိုင်း ထွက်ခဲ့ပြီး ဖွားစောရွာကို ကျော် မင်းနန်သူရွာဘက်ကို ၀င်ပြီး စူဠာမဏိစေတီကို ထွက်ခဲ့ပါတယ်။ စူဠာမဏိစေတီကို ပုဂံမြို့ဟောင်းဘက်ကနေ လာလို့လဲရပေမဲ့ ဒီဘက်ကလမ်းသင့်တာနဲ့ လာလိုက်တာပါ။ လမ်းကစေတီတွေမ၀င်ဘဲ အဲဒီစေတီကို ဘာကြောင့် တန်းသွားရလဲဆိုတော့ ဒီစေတီပေါ်ကနေ ပုဂံရှုခင်းတွေ့ကြည့်ရတာ အရမ်းကောင်းတယ်ဗျ။ စေတီကလဲမြင့် ပုဂံဒေသအလယ်လောက် မှာလည်းရှိဆိုတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်အားလုံးကြည့်လို့ ရတယ်။ ပြီးတော့ ကျွန်တော့တို့ငယ်ငယ်က အဲဒီဘက်က ခရီးလမ်းမသာတော ဧည့်သည်တွေ သိပ်မလာဘူး။ လူသွားလူလာနည်းတော့ ကိုယ်ဘာသာ လွတ်လွတ်လပ်လပ် အေးအေး ဆေးဆေးနေလို့ရတော့ ကျွန်တော် အရမ်း သဘောကျတဲ့နေရာပေါ့။

Sularmani Temple

စူလာမဠိစေတီကို နရပတိစည်သူမင်းတည်ထားကိုးကွယ်ခဲ့ပြီး၊ ပတ္တမြားရောင် ဘုရား လို့ အဓိပ္ပါယ်ရတယ်။  ထီးလို၊ မင်းလိုဘုရားနဲ့ ပုံသဏ္ဍာန် တူပါတယ်။ အတွင်းလှိုဏ် နှစ်ထပ်ရှိပါတယ်။ နေ့လည်နေခင်း နေပြင်းတဲ့အချိန်တွေမှာ ပုဆိုးလေးခင်းပြီး အိပ်ရတာ အရမ်းအရသာရှိတယ်။ Panasonic အဲယားကွန်းမလိုပါဘူး။ လှိုဏ်အတွင်းမှာလည်း နံရံဆေးရေးပန်းချီတွေကို လေ့လာနိုင်ပါတယ်။

ဘုရားကို ထူထဲခိုင်မာလှတဲ့ အုတ်တံတိုင်းကြီးနဲ့ ၀န်းရံထားတာကိုလဲတွေ့မြင်နိုင်ပါ တယ်။ အုတ်တံတိုင်းကြီးနားကို သွားကြည့်တော့  နွယ်ပင်လေးတစ်ပင် တွယ်တက်နေ တာကို တွေ့လိုက်ရတယ်။ ဒီလို့ ခြောက်သွေ့တဲ့မြေ ရေရှားတဲ့အရပ်မှာ ထူထဲတဲ့အုတ် နံရံကို တွယ်တက်နိုင်တာ အာဂနွယ်ပင်ပဲဖြစ်မယ်နော်။

3794786-Pyathada_Temple_Bagan

စူလာမဠိစေတီကထွက်တော့ ပြသဒါးဘုရားဘက်ကို ဆက်လာခဲ့ပါတယ်။ ဘာလို့အဲဒီ ဘုရားကို သွားရလဲဆိုတော့ ဒီဘုရားကို အရမ်းစိတ်ဝင်စားလို့ပါ။ ပထမအချက် ဘုရား ဘွဲ့အမည်။ ဒုတိယ တည်ဆောက်မှုလက်ရာနဲ့ အရင်က ကျွန်တော်အများဆုံးရောက်ခဲ့ တဲ့နေရာမို့ပါ။ (ကျွန်တော်မိခင်က ပုဂံဘုရားပြုပြင်ရေးအထူးအဖွဲ့တွင် တာဝန်ထမ်း ဆောင်ခဲ့ဖူးပါသည်။ ထိုစဉ်က ပြုပြင်ခဲ့သော ဘုရားများတွင် ပြသဒါးဘုရားလည်း အပါ အ၀င်ဖြစ်ပါသည်)။ ပြသဒါးဘုရားကို ကျစွာမင်းကြီးက ထူးဆန်းစွာ ပြသဒါးနေ့တွင် စတင်တည်ထားခဲ့ပြီး၊ ဘုရားတည်မပြီးခင် ကွယ်လွန်ခဲ့ပြီး အပြီးမသတ်နိုင်ခဲ့ပေ။ လှိုဏ် နှင့်အမိုးများ ပေါင်းကူးများ အုတ်စီလက်ရာမှာ ထူးခြားကောင်းမွန်လှပြီး လေ့လာရန် သင့်ပါသည်။

နေကလည်းပူ ဘုရားနှစ်ဆူမှာ အချိန်ဖြုန်းတာများသွားလို့ ၀မ်းထဲကဟာလာတာနဲ့ အိမ်ကို နေ့လည်စာပြန်စားလိုက်ဦးမယ်။ ထမင်းပြန်စားပြီးမှ ဘုရားဖူးဆက်ထွက်တော့ မယ်။

(တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ မည်သူကိုမျှမရည်ရွယ်ပါ၊ နာမည်တူ၊ အကြောင်းအရာ တူသူများခွင့်လွှတ်ပါ၊ ဖြစ်ရပ်မှန်မဟုတ် စိတ်ကူးယဉ်သက်သက်ဖြစ်ပါသည်။)

About Ko chogyi

Ko chogyi has written 32 post in this Website..

   Send article as PDF