“ဒဏ်ရာတွေ ခင်းထားတဲ့ လမ်းလေးထဲ … ဘယ်လိုများ ရှေ့ဆက်ပြီးတော့ လျှောက်ရအုံးမယ်..

လောကရဲ့ ဆူးပြင်ကျယ်မှာ ….. ” အရက်ဆိုင်ကအပြန် အတော်လေးလဲ ထွေနေပါပီ။ ခေါင်းငိုက်ပီး ခပ်စိုက်စိုက် လျှောက်အလာ လမ်းဘေးနားက တွန်းလှည်းနဲ့ရောင်းတဲ့ ထီဆိုင်လေးဆီက ဖွင့်ထားတဲ့ သီချင်းသံကြောင့် ခြေလှမ်းတော့ ခဏရပ်မိသွားတယ်။ ညာဘက် ပါးစောင်ထဲက လက်ကျန်ကွမ်းဖတ် အစအနတွေကို လက်ညှိုးနဲ့ ပြန်ကလော်ရင်း ကျိတ်ဝါးမိနေလေရဲ့ …. တစ်လက်စတည်း အိတ်ထောင်ထဲက ဒီနေ့ရတဲ့ လက်ကျန် ပိုက်ဆံ ၃၇၀၀ကို ခပ်ဆတ်ဆတ်ဆွဲထုတ်ရင်း ကံကြမ္မာ အလှည့်အပြောင်းအတွက် ငဲ့စောင်းပီး ထီသည်ကို ကြည့်မိတော့ ……..။

အဟတ် .. ကိုယ့်ဆြာက ကျုပ်ကို သောက်ရေးတောင် မစိုက်ဘူး ….. ကျုပ်ကလည်း အတန်းပညာမဲ့ပေသည့်တိုင် လမ်းဘေးက အနုတ်ကျိတ် ထီဆိုင်တွေမှာ သွားထိုးရင် သိန်း၁၅၀၀ မပေါက်မှန်း ကြားဖူးနေတော့ ခုတက်လာတဲ့ အစိုးရနဲ့ ဒီမိုကရေစီဆိုတာကို မယုံကြည်သလို ဒင်းကိုလည်း ကျုပ်ရဲ့ နှစ်ပဲတစ်ပြား ဉာဏ်နဲ့ ဆင်ခြင်လိုက်ပီး .. သွားကြားထဲက ကွမ်းသီးစကို ပြန်ဆွဝါးရင်း ခပ်သွက်သွက် အိမ်အပြန် ……………….. အင်း … အိုဘယ့် ..လောကဓံ(ဘာမှမဆိုင်)

တာမွေ အခွန်လွတ်ဈေးနား ဖြတ်လျှောက်မိတော့ အကာမဲ့ လေးတိုင်စိုက် ဈေးရုံလေးကို စွေကြည့်မိလိုက်တယ်။ ကျုပ်ဖတ်ခဲ့ဖူးပီး စာလုံးပေါင်းနဲ့ အဓိပ္ပါယ် အသေအချာ မသိတဲ့ တပါတ်ရစ် ဂျာနယ်တွေထဲက အတိုင်း မြန်မာပြည်အနှံ့ ဈေးသစ်ကြီးတွေ ဆောက်နေကြတော့ ဒီဈေးကလေးလဲ ၀ါယာရှော့နဲ့ သုံးထပ်ဈေးကြီး ဖြစ်စေချင်ရဲ့။ သာကေတန်(United State of Thar K Ta)က ကျုပ်ဘကြီး ဦးကြည် အရင်တစ်ခါ ပြန်လာတော့…….. ” မင်းတို့ အိမ်တွေ ဈေးတွေတောင် ဂလောက်ပေါ့ပေါ့ဆဆနဲ့ ၀ါယာရှော့ ဖြစ်ပီး မီးလောင်နေကြတာ မင့်တို့ တိုင်းပြည် နူကလီးယားစက်ရုံများ ထောင်ဖြစ်ရင်.. ငါ့နှယ်ကွာတဲ့ ” သြော် ဘကြီးရယ် ဒါလည်း … အိုဘယ့် ..လောကဓံပေါ့(ဘာမျှမဆိုင်)

ကျုပ်က သိမ်ကြီးဈေး စီရုံအောက်မှာ နေ့စားနဲ့ ကားပါကင်ကြေးကောက်တဲ့ အလုပ်လုပ်တော့ အဲ့မှာ ညဘက် အလုပ်လုပ်တဲ့ _ာခေါင်း အောင်ကြီးနဲ့ ဆုံဖြစ်တယ်။ အစတော့ ခပ်တန်းတန်းရယ် နောက်ပိုင်း ဒီကောင်က ကျုပ်ကို ကွမ်းလေး ဘာလေးဝယ်ကျွေးရင်း ခင်သွားတာပေါ့။ တရက်တော့ စကားစမြည် ပြောကြရင်း သင်းကငြီးပြတယ်” ကျနော်လဲ သိပ်တော့ အဆင်မပြေတော့ဘူးဗျ အရင်က လိုင်းကြေး ၆ဖွဲ့လောက်ဘဲ ပေးရတာ ခုကျ ပါတီအင်ဖော်မာ၊ မီဒီယာအင်ဖော်မာ၊ တိုင်းဒေသကြီးအင်ဖော်မာ၊ လွှတ်တော်အမတ်အင်ဖော်မာ .. အိုဗျာ .. ဂျပန်ခေတ်ကလို ကေဒါတွေ များနေတော့ ဘုန်းကြီးဝတ်ပီး နိုင်ငံရေးလုပ်ချင်စိတ်တောင် ပေါက်နေပီတဲ့” သြော် … အောင်ကြီးရယ် .. ဒါလည်း အိုဘယ့် လောကဓံပေါ့ကွာ(ဘာနှင့်မျှ မသက်ဆိုင်)

ကျုပ်ညစောင့်လုပ်တဲ့ သင်္ဘောကုမ္ပဏီပိုင်ရှင်အိမ်က …… တစ်ရက်မှာ ကားသမားတွေ စုပီး စကားပြောနေတာကြားရဲ့ “သူဌေးက ခရိုနီကွ .. ခုလောလောဆယ်တော့ အတွင်းမှာ လူတန်းစားတိုက်ပွဲ ဖြစ်နေပီ နိုင်ငံခြားကပြန်လာတဲ့ ပညာတတ်တွေက ပြည်ပရင်းနှီးမြှပ်နှံမှုဆိုတာ အမည်ခံပီး ကော်ပိုထရေစီဆိုတာကြီးကို ချေးငွေတွေ စီမံကိန်းတွေနဲ့ မက်လုံးပြနေတာ ကြာရင် ငါတို့လည်း အလုပ်ပြုတ်ကိန်း မြင်နေပီတဲ့” ကျုပ်တစ်လုံးမှ နားမလည်တာတော့ အမှန်ဘဲ ဒါပေသိ အလုပ်ပြုတ်ကိန်း ဆိုတာကြီးကြောင့် နည်းနည်းတော့ ရင်ထိတ်မိတယ်။ မတတ်နိုင်ဘူးလေဗျာ ပြုတ်လည်း ပြုတ်ပေါ့ ကြုံဆုံရမှာကိုက ကျုပ်အတွက်တော့ အိုဘယ့် လောကဓံလေ(ဘာအကြောင်းနှင့်မျှ မဆိုင်)

တပတ်လောက်တော့ ကြာပီ ကျုပ်ရင်ထဲ ဘယ်လိုဖြစ်နေမှန်း မသိဘူး ….။ ကျုပ်တဲဘေးက ကလေးတယောက်တော့ ပညာတတ်လေးရယ် သူလည်း အလုပ်အကိုင်မကောင်းတော့ နိုင်ငံရေးပါတီတစ်ခုမှာ လူငယ်ဘာဆိုလားဘဲ အဲ..ဒါပေမဲ့ သူရှေ့မှာ ထောင်ထွက် စီနီယာဆိုလားတွေ များနေတော့ တက်လမ်းနှေးနေတယ်လို့ ပြောပြရဲ့ ကျုပ်လဲ ဃဂဏန မသိဘူးရယ်။ ကျုပ်က ကျုပ်ခံစားရတာလေး ရင်ဖွင့်ကြည့် မိတာပါ ” မောင်ခိုင်ရာ ငါ့ဘ၀ ဇာတာမကောင်းပုံများ မွေးခတည်းက ခုသေခါနီးအထိ စိတ်မောလူမောနဲ့ကွာလို့ မသေခင်တော့ အေးအေးချမ်းချမ်း ဖြစ်ချင်ရဲ့ကွာလို့ ဆိုတော့”….”ဦးမိုက်ရာ ကျနော်တို့ အန်တီနဲ့ ဘကြီးလဲ သိပ်မထူးပါဘူး … ကျားကြီးရင် ခြေရာကြီး ဆိုသလို ခင်ဗျားထက်တောင် ပိုဆိုးသေးပါတယ်ဗျာတဲ့” သူ့အန်တီ(အဒေါ်)နဲ့ အဘကို ဘယ်သူဘာမှန်း မသိပေမဲ့ ကျုပ်ကတော့ တွေးနေကျအတိုင်း ခပ်လေးလေး ပြောမိလေရဲ့

အိုဘယ့် …. လောကဓံပေါ့ မောင်ရာလို့ ……..

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း