သမီးဒေါ်လေးကိုခြစ်တယ်…. အို ဦးဦးကြောင်ကလည်း အန်တီ့ကိုခြစ်တာ သမီးကို ဘာလို့လာပြောနေတာလဲ၊ ပြီးတော့ သူက အိမ်ထောင်နဲ့နော်၊ သမီးညီမဝမ်းကွဲရဲ့အမေ၊ သမီးအန်ကယ်ရဲ့မိန်းမ.. မသင့်တော်ပါဘူးဦးရယ်။ တိန်စ်… ဦးကြောင်ပေါဒါ အဲလိုဟုတ်ဖူးကွဲ့.. ဗယ်လင်တိုင်းနေ့ ဒီနေ့မှာ သမီးဒေါ်ဂလေးကို ခြစ်ခွင့်ပန်နေတာ.. သမီးလိုတော်တဲ့ သူကလေးကို ဦးကြောင်ခြစ်မိနေပြီ။ ဟင်… ဦးကြောင်ကို ပြန်ခြစ်ရင် နာတင်းဒိုး ဆော့ရမယ်၊ ဝီဂိမ်းစက် အိပ်စ်ဘောက် ဂိမ်းစက် ဝယ်ပေးမယ်၊ ကြိုက်သလောက် ဆော့ရမယ်။ ဆိုဒါရောသောက်ရမှာလား..။ ကဖိန်းနဲ့သကြားဓာတ် အပြည့်ပါတဲ့ ဆိုဒါအစစ် သောက်ရမယ်၊ ချောကလက် တဝဂျီးစားရမယ်။ သွားရည်စာ ဆိုတာ စားချင်တိုင်းစား၊ မက်ဒေါ်နယ် ဒက်ဗယ် ထရစ်ပယ် ဒီလက်စ် ဟမ်ဘာဂါ အာလူးကြော် ကိုမေးမနေနဲ့။ သမီးဒေါ်ဂလေး သဘောအကျကြီး ကျနေမှန်းသိသဖြင့် နောက်ဆုံးပွဲသိမ်း… ပြီးဒေါ့  အိမ်စာလုပ်ပေးမယ်၊ စာမေးပွဲ ခိုးချနည်းသင်ပေးမယ်။ သမီးဒေါ်ဂလေးက ကျောင်းအတက်ပြရုံဗဲ..။ နွေရာသီ ကျောင်းပိတ်ရက်ကြရင် ဟယ်ရီပေါ်တာ တက်ခဲ့တဲ့ ဂမ္ဘီရမှော်အတတ်သင်ကျောင်းကို ပို့ပေးမယ်။ ဦးကြောင်ကြီးကို ခြစ်လားဟင်..။

သမီးဒေါ်ဂလေး ခေါင်းငြိမ့်မည် ပြုအပြီးမှ တစုံတခု သတိရသွားဟန်ဖြင့် မျက်နှာလေး ညှိုးသွားသည်။ ဟို..ဟို.. အထိန်းဒေါ် ကြေးမုံဂျီးပြောတယ် ဦးကြောင်က ငပွဂျီးတဲ့၊ ရွာထဲမှာ ဟိုလူ့ကို ရန်စလိုက် ဒီလူ့ကို ဆဲလိုက်နဲ့ ရူးကြောင်ကြောင် အကောင်တဲ့။ အနားလာရင် အကပ်မခံရဘူး ရိုက်ထုတ်ပစ်လို့ မှာထားတယ်။ ဖစ်မှဖစ်ရလေ .. သဂျီးတို့ကလည်း ဒင်းကိုမှ အထိန်းဒေါ် ခန့်ရတယ်လို့၊ ဒါကြောင့်ပဲ စိတ်မချဖြစ်ရတာ..။ သေချာနားထောင် သမီးဒေါ်ဂလေး.. အဲဒီ ကြေးမုံဂျီးဆိုဒါ လူဂေါင်းဟုတ်ဖူး.. စုန်းမဂျီး၊ အမည်ရင်းက ဒေါ်အိုဇာ.. စုံးအတတ်ကုန် ခြောက်ကြိုးကဝေ အောင်ပြီးသွားပြီ။ မဟုတ်မဟတ် အကုန်လုပ်လို့ မဟုတ်တရုတ်လို့လည်း ခေါ်ကြတယ်။ လူတွေဒုက္ခရောက်လေ သူပျော်လေပဲ။ ကချင်ပြည်နယ်က စစ်ပွဲကိုပဲကြည့်တော့၊ မုံရွာလက်ပံတန်းတောင်မှာလဲ ဒင်းပဲမွှေတာ။ ရခိုင်ပြည်အရေးမှာလည်း သူ့စနက်မကင်းဘူး။ ငွေတမျက်နှာပဲကြည့်တဲ့ ငါဖို့ တကိုယ်ဂေါင်းဂျီး။ သူပြောတာ အရေးမလုပ်နဲ့၊ ဦးကြောင်ပြောတာယုံ..။

ဒါ..ဒါပေမဲ့ တခါက သူပြောဖူးတာ ဦးကြောင်နဲ့သူ ရည်းစားသနာ ဖြစ်ဖူးတယ်ဒဲ့..။ ဟမ်.. သူ ဒီလိုပြောသလား၊ ဦးကြောင်မျက်နှာ ဆွေးရိပ်သမ်း၍ စိတ်အလျဉ် အတိတ်ဆီသို့ ရောက်သွားကာ… ကြေးမုံဂျီးနှင့် ငအောင်ကြူး တို့မှာ ကစားဖော်ကစားဖက် ဖြစ်သော်လည်း သူဌေးသမီးနှင့် မျက်နှာမွဲ ဘဝခြင်း ခြားလှသည်။ ကြေးမုံဂျီးမှာ ငယ်စဉ်ကပင် ဇာတိပြ ဆိုးသွမ်းလှသဖြင့် သူ့တွင် ကစားဖော် မရှိချေ။ အောင်ကြူးတယောက်သာ အနွံတာခံ အပေါင်းအသင်း လုပ်ရှာသည်။ ဒါကို သူကတန်ဖိုးမထား “ရလေလိုလေ အိုတစ္ဆေ ကြေးမုံရက်စက် တရုတ်မှတ်” စာဆိုရှိသည့်အတိုင်း အမျိုးစုံ အနိုင်ကျင့် ရမ်းကားသည်မှာ သူစိတ်ထင်လျင် ထင်သလို နွားမောင်းတမ်းဆော့၍ အောင်ကြူးအပေါ် တက်ခွစီးသည်၊ အမဲလိုက်တမ်း ကစားမည်ဆိုကာ အောင်ကြူးအား တောကောင်လုပ်ခိုင်း၍ လေးခွဖြင့်ဆော်သည်၊ ဂျပန်ကင်ပေတိုင် ကစားနည်းဆိုကာ အောင်ကြူးအား သစ်ပင်တွင် ဇောက်ထိုးချိတ်၍ သားရေကွင်းပစ်သည်။ ဆယ်ခါ့တခါ အောင်ကြူးမှ မှုံဂျီးရယ် လင်မယားလုပ်တမ်း ကစားရအောင် စည်းရုံးလျင် မားမားခေါ်နေတယ် ပြန်လာခဲ့မယ်ဆိုကာ ပျောက်သွားသည်၊ ငတုံးငအ အောင်ကြူးခမျာ အဟုတ်ထင်လျက် အစောင့်ကြီးစောင့်ရင်း ညလယ်သန်းဂေါင်မှ အိမ်ပြန်ရောက်သဖြင့် သူ့အမေ အရိုက်ခံရသည်မှာ ခဏခဏပင်၊ ဒါလည်းမမှတ်.. ကြေးမုံဂျီး စိတ်ကောင်းဝင်လာလေမလား မျှော်လင့်ဆဲ…။

ထို့သို့ နွားဖြစ်လိုက် ဒရယ်ဖြစ်လိုက် လင်းစွဲဖြစ်လိုက် ဘဝမျိုးစုံ ကျင်လည်နေရင်း ရက်ကိုလစား လကိုနှစ်စား တဖြည်းဖြည်း လူလားမြောက်ချိန်ဝယ် ကြေးမုံဂျီးတယောက် ရွာကွမ်းတောင်ကိုင် ဖြစ်သွားလေသည်။ သူ့မိဘ လက်ငုတ်လက်ရင်း ကွမ်းခြံနှင့် ကွမ်းယာဆိုင် ရှိသောကြောင့်ပေတီး။ ကန့်ကွက်သူများအား ကွမ်းမရောင်းဘဲ နေသဖြင့် ကွမ်းမစားရ မနေနိုင်သူ တရွာလုံး အရှုံးပေးလေရာ တောင်လိုပုံထားသော ကွမ်းရွက်ပုံကြီးအား လက်ထောက်လျက် ကွမ်းတောင်ကိုင်ဘွဲ့ ခံယူလေသည်။ ထိုနေ့မှစ၍ အောင်ကြူးအား အရေးမလုပ်တော့ချေ။ အောင်ကြူးခမျာ သူ့အား နွားလုပ်ခိုင်းအုံးမလား တမျှော်မျှော်ဖြင့် လည်ပင်းရှည်လာသည်မှာ သစ်ကုလားအုတ် တမျှဖြစ်ချေသည်။

ဘယ်မှာလဲ ကြေးမုံဂျီးရေ...

ဘယ်မှာလဲ ကြေးမုံဂျီးရေ…

တဖြည်းဖြည်း အနေဝေးသွားရင်း ကြေးမုံဂျီး မြို့ရောက်ကာ ရွာကိုမေ့သည်။ မြို့သား ဖားပြုတ်ကအောင်ပုကိုမှ အထင်ကြီးသည်၊ မြို့သူအီးဒုံး ရွှအိတို့နှင့်ပေါင်းကာ ဘီဘီဆိုင်ထိုင်သည်။ လောင်းကစားဒိုင်ကပေထံမှ ဘောပွဲ လက်ခွဲဒိုင်ယူကာ စီးပွားလုပ်သည်။ ထို့နောက် ခြေလှမ်းပိုကျဲလာပြီး တရုတ်ကူမြူနစ်ပါတီနှင့် ဆက်သွယ်၍ တရုတ်အမည် အီတွန့်ဗွမ်ဖြင့် မြစ်ဆုံ၊ ဝမ်ပေါင်၊ ရွှေဂက်စ်၊ မိုဘိုင်းHuawei  ဆပ်ကန်ထရိုက်ယူသည်။ ထိုမျှမက တရုတ်ကောင်းဂျောင်း ဝါဒဖြန့်ခယူလျက် နှစ်ပြန်ကြော် လုပ်ကိုင်စားသောက်သဖြင့် သတိပေးတားမြစ်လျင် ထမီစွန်တောင်ချီစွဲလျက် ကက်ကက်လန် ရန်တွေ့သည်၊ လူမိုက်ငှား လုပ်ကြံသတ်ဖြတ်သည်မှာ သေခြင်လျင် စိန်မစားနဲ့ ကြေးမုံဂျီးဆီသွားဟု နာမည်ကြီးသည်။ ခေတ်အပြောင်းအလဲတွင် ပြည်ထဲရေးဝန်ကြီး ဖြစ်လာသူ ဦးကြောင်ကြီးမှ ခရိုနီများအား ဖော်ထုတ်အရေးယူရန် ကြေငြာရာမှ ကြေးမုံဂျီး အိုးမလုံအုံပွင့်၍ ခြေဦးတည့်ရာ ထွက်ပြေးရင်း တချိန်ကစီးပွားဖက် ဂဇက်ဦးခိုင် သမီးဒေါ်ဂလေးအား ထိန်းကျောင်းရင်း ဇာတ်မြှုပ်ပုန်းအောင်း နေလေသည်။ လက်စားမချေ သင်ပုန်းချေလိုသူ စင်ကြယ်မြင့်မြတ် သဘောထားကြီးသည် ဦးကြောင်ကြီးမှ ကြေးမုံဂျီးအား အဖမ်းမခံလိုလျင် အိမ်ထောင်ချမည်ဖြစ်ကြောင်း၊ သူကိုယ်တိုင် ကြေးမုံဂျီးနှင့်အတူ ထောင်ထဲ အဝင်ခံမည်ဖြစ်ကြောင်း ကမ်းလှမ်းသော်လည်း ကြောင်မျက်နှာ ကြွက်မကြည့်ရဲ ဆိုသကဲ့သို့ ကြေးမုံဂျီး အသံ ထွက်မလာပေ။ ကိုယ်တိုင်လည်းမယူ သူများကိုတော့လည်းမပေး အတော်ဆိုးဝါးသည့် တရုတ်ကူမြူနစ်စပိုင် ကြေးမုံဂျီးဖြစ်ပေစွတဂါး..။

ယခုမူ သူ့အတွက် အခွင့်ကောင်း ပေါ်လေပြီ။ ဗုံပျံတလှည့် ငါးပျံတလှည့် ကြိမ်းဝါးလျက် သမီးဒေါ်ဂလေးအား ကြောင်ကြီးမကောင်းဂျောင်း ပလီစိခြောက်ချက် တိုးတိုးတဖုံ ကျယ်ကျယ်တမျိုး ရွှေနားတော်သွင်းထားသည်မှာ အသိစော၍ တော်ပေသေးတော့သည်။ မိမိမွေးဖွားရာ တိုင်းပြည်ကျေးဇူးမှမထောက် သစ်တောပြုန်းအောင် ရောင်းစားဝံ့သူ၊ မြေပေါ်မြေအောက် သယံဇာတများအား ပေါချောင်ကောင်းယူငင်လျက် သဘာဝပတ်ဝန်းကျင် ပျက်သုံးအောင် ပြုရက်သူ၊ ရတနာသုံးပါးဂိုဏ်းဝင် သံဃာတော်များအား မီးလောင်ဗုံးဖြင့် ပစ်ခတ်လုပ်ကြံရဲသူ၊ သေလျင်နောင်ဘဝမရှိ တရုတ်သာရှိသည်ဟု အယူလွဲမှားနေသူ၊ ပျိုတိုင်းကြိုက်နှင်းဆီခိုင် ကကြောင်ကြီးအား အခြောက်တိုက် မနာလို ဂျေဝင်နေသူ ကြေးမုံဂျီး လွယ်လွယ်နှင့်တော့ လက်မလျော့မည်မှာ သေချာလှသည်။ သမီးဒေါ်ဂလေးနှင့် ဦးကြောင်ကြီ ခြစ်ခရီးလမ်း ပျော်ရွှင်သာယာမည်လော၊ ခြောက်ကြိုးကဝေ ကြေးမုံဂျီးမှ သူ၏ အောက်လမ်းစုန်းအတတ်ဖြင့် မည်သို့လုပ်ကြံမည်နည်း… မည်သို့ပင် ဆိုစေကာမူ အခြစ်စစ် အခြစ်မှန်လျင် ဖြောင့်ဖြူးလေ့ မရှိ ဆိုကြသဖြင့် လွန်စွာစိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ဤသည်ဂါး သမီးဒေါ်ဂလေးနှင့် ဦးကြောင် ၂၀၁၃ ဗယ်လင်တိုင်း ကြာသာပတေးနေ့တွင် ဖြစ်ပွားခဲ့သော ကမ္ဘာတည်သရွေ့ ရာဇဝင်တွင်မည့် ဆွတ်ပျံ့ကြည်နူး လွမ်းမောဖွယ် အခြစ်ဇာတ်လမ်း အစဟု နှောင်းလူများ သတ်မှတ်ကြမည်မှာ မြေဂျီးလက်ခတ် မလွဲ ဖြစ်ပေတော့သည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 646 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး