ဒီပုံလေးပဲထပ်တင်လိုက်တယ်နော်...

ဒီပုံလေးပဲထပ်တင်လိုက်တယ်နော်…

သမီးလေးရေ…..

သမီးလေးက အခု ငယ်သေးတယ်နော်…စာလဲ မဖတ်တတ်သေးဘူး…ဒါပေမယ့် သမီးလေး သိတတ်တဲ့ အချိန်…အရွယ်ရောက်တဲ့ အချိန်ဆိုရင် ဖတ်ဖို့ ဖေဖေရေးထားတာပါ…သမီးလေး အရွယ်ရောက်လာရင် ဘာပဲဖြစ်ဖြစ် ဖေဖေတို့က မမှားသင့်တာ မမှားရအောင် ပြောဆိုဆုံးမရတော့မယ်…ဆူသင့်ဆူထိုက်ရင်လဲ ဆူရတော့မယ်…သမီးလေးကောင်းဖို့ ဆူရ..ပြောရမှာပါ သမီးလေးရေ…ဖေဖေကလဲ ဘယ်ဆူချင်မှာလဲ နော်…အဲ့ဒီအချိန်ရောက်ရင် သမီးလေးက တချိန်လုံး ဆူနေတာပဲ…မချစ်ကြဘူးနဲ့တူတယ်ဆိုပြီး ဖေဖေ့ကို စိတ်ဆိုးလိမ့်မယ်…အဲ့ဒီအချိန်ကျမှ ဒီစာကို ဖတ်ပါ သမီးလေးရေ…သမီးလေးကို ဖေဖေ ဘယ်လောက်တောင်ချစ်သလဲ ဆိုတာ ရေးထားတာပါနော်…

သမီးလေးရေ…..

သမီးမေမေ..သမီးလေးကို ကိုယ်ဝန် စရှိတော့ နှစ်ဖက်စလုံးက မြေးဦး…ဖေဖေတို့ကလဲ သားဦးဆိုတော့ တအားပျော်ကြတာပေါ့…ဖေဖေတို့က ညီအကို နှစ်ယောက်ဆိုတော့ အရင်ထဲက ညီမလေးတစ်ယောက် တအားရချင်ခဲ့တာ…ဒါပေမယ့် မရခဲ့ဘူး…အဲ့တော့.ဖေဖေက မွေးတဲ့ ကလေးလေးကို သမီးလေးဖြစ်ပါစေလို့ ကြိတ်ဆုတောင်းခဲ့တယ်…ဘယ်တော့မှ ဆုတောင်းမပြည့်ခဲ့တဲ့ ဖေဖေက ဒီတခေါက်တော့ ဆုတောင်းပြည့်ခဲ့တယ်…သမီးလေးရေ…အာထရာဆောင်းရိုက်ကြည့်ကတည်းက မိန်းကလေးတဲ့…ပျော်လိုက်တာ…ဒါပေမယ့် အာထရာဆောင်းမှာ မိန်းကလေးဆို သိပ်မသေချာသေးဘူးတဲ့…ယောင်္ကျားလေးလဲ ဖြစ်တတ်တယ်ဆိုတာနဲ့ အပြည့်အ၀တော့ မပျော်အားသေးဘူးပေါ့…ဒါပေမယ့် သမီးလေး နာမည်ကို ဘယ်လိုပေးရမလဲ…ဘာလေးဆို ခေါ်လို့ကောင်းမလဲ  ဆိုတာတော့ စိတ်ထဲကနေကြိတ် ရွေးနေမိပြီ…

သမီးလေးရေ….

အိုဂျီက ဇွန်လလယ်လောက် မွေးလိမ့်မယ်ဆိုတော့သမီးလေး ကျောင်းတက်ဖို့အတွက် အတော်ပဲပေါ့ဆိုပြီး တွေးမိသေးတယ်…ဇွန်လ တစ်ရက်နေ့ကြီး မနက် ရှစ်နာရီလောက်ပဲ ရှိသေးတယ်…သမီးမေမေ က အောက်ကနေ ရေတွေထွက်လာပြီဘာဖြစ်တာလဲ မသိဘူးဆိုပြီး အလန့်တကြားနဲ့အော်လိုက်တော့ သမီးဖွားဖွားတို့က ရေမွှာပေါက်ပြီထင်တယ်…ဆေးရုံပြေးဆိုပြီး အထူးကုဆေးရုံ ပြေးကြရတာပေါ့…တော်လိုက်တဲ့ သမီးမေမေနော်…သူနာပြုတက္ကသိုလ်ကကျောင်းပြီးလို့တာ တော်တော့တယ်…ဆေးရုံမှာ  မွေးရင် ကလေး အသားဝါကူးတတ်တယ်ဆိုလို့ အပြင်ဆေးရုံမှာမွေးတာနော်…ဆေးရုံကြီးက ဖေဖေ့တို့အမျိုး အစိမ်းဝတ် ဆရာမကြီးကတောင် သူ အိုဂျီဝပ်မှာ တာဝန်ကျနေတာတောင် လာမမွေးလို့ဆိုပြီး ပြောနေသေးတယ်…

သမီးလေးရေ….

မနက်ရှစ်နာရီကစ ဗိုက်နာလိုက်တာ သမီးမေမေ တနေကုန်ပါပဲ…ညနေ ငါးနာရီလောက်ကျတော့ တအားနာလာပြီလေ…ည ၇ နာရီလောက်ရောက်တော့ သမီးမေမေ နာလွန်းလို့ အော်တောင်မအော်နိုင်တော့ဘူး…ဖေဖေတို့လဲ မကြည့်ရက်တော့လို့ အပြင်ထွက်နေလိုက်တယ်…ညရှစ်နာရီလောက်ရောက်တော့ မွေးခန်းဝင်သွားကြတယ်…ဖေဖေကတော့ အပြင်ဘက်မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေရတယ်…ည ၉ နာရီလောက်ရောက်တော့ ကလေးငိုသံလေးကြားလိုက်တယ်…ဟော…မွေးပြီထင်တယ်ပေါ့…ဘယ်လိုမှ မနေနိုင်ဘူး…မွေးခန်း ကို ဟိုအပေါက်က ချောင်းကြည့်လိုက်  ဒီအပေါက်ကချောင်းကြည့်လိုက်ပေါ့….၉ နာရီခွဲလဲ ထွက်မလာ…၁၀ နာရီ မတ်တင်းလဲ ထွက်မလာ…ဘာများဖြစ်နေပြီလဲပေါ့…အင်္ဂါများမစုံလို့လား ဘာဖြစ်လို့လဲ ဆိုပြီး စိုးရိမ်လိုက်ရတာ…လူလဲ ထူပူနေပြီးနှလုံးခုန်သံဆိုတာ တဒိန်းဒိန်းနဲ့ နှလုံးတစ်ခုလုံးပေါက်ထွက်တော့မလားထင်မိတယ်…ဖေဖေ့ဘ၀ရဲ့ အကြာဆုံး အချိန်ပေါ့…ဆယ်နာရီကျော်မှ ဆရာမတစ်ယောက်ထွက်လာပြီး မိန်းကလေးပါ…အင်္ဂါလဲ စုံပါတယ် ဆိုမှ သက်ပြင်းအကျယ်ကြီးချနိုင်တော့တယ်…သံယောဇဉ်မီးများ တယ်ပူတာပါလား လို့ သူများပြောတာ တကယ်ပါလားနော်…မြင်တောင်မမြင်ဘူးသေးတဲ့ သမီးလေးကို စိုးရိမ်လိုက်ရတာ…

သမီးလေးရေ….

မွေးခန်းထဲကထွက်လာတော့ ဖြူဖြူဖွေးဖွေး ချစ်စရာလေးနော်…မျက်လုံးလေး နှုတ်ခမ်းလေးတွေများလှလိုက်တာ…တော်သေးတာပေါ့နော်..ဖေကြီးနဲ့ မတူပဲ အသားဖြူဖြူလေးမို့လို့…မွေးပြီး သုံးရက်လောက်ရောက်တော့ ဆေးရုံ ဆင်းရတယ်…နောက်နှစ်ရက်လောက်ရောက်တော့ သမီးလေး မျက်လုံးလေးတွေ ၀ါနေသလိုပဲ…အဲ့ဒါနဲ့ မွေးခဲ့တဲ့ ဆေးရုံပဲ ပြန်သွားပြိး အရင်ကြည့်တဲ့ ကလေးအထူးကုနဲ့ပဲ ပြန်ပြတယ်…သမီးမေမေကို စိတ်မချတာနဲ့ ဖေဖေကိုယ်တိုင် အခန်းထဲ ၀င်ပြီး …ဒေါက်တာ သမီးလေးက မျက်လုံးတွေ ၀ါနေသလိုပဲ…သေသေချာချာ ကြည့်ပေးပါဦးဆိုပြီး  ၀င်ပြောသေးတယ်…အဲ့ဒိ အထူးကုက အနှီးထုပ်ကလေးကို တချက်ပဲဖွင့်ကြည့်ပြီး မ၀ါဘူး…မ၀ါဘူးဆိုပြီး နောက် သုံးရက်နေတခေါက်လာပြဆိုပြီး ချိန်းလိုက်တယ်…နောက်နှစ်ရက်လောက်ရောက်တော့ တော်တော် ၀ါနေပြီ…သုံးရက်ပြည့်အောင် မစောင့်နိုင်တော့ဘူး…ထပ်သွားပြတယ်…ဆရာဝန်ကို စောင့်ရင်း တအားကြာလာတာနဲ့ ဒီအတိုင်းဆို မဖြစ်တော့ဘူး…ဆရာဝန်ပြောင်းမှ ဖြစ်မယ်ဆိုပြီး နောက် ကလေးအထူးကုတစ်ယောက်ဆီ ပြေးကြရတယ်…

သမီးလေးရေ….

နောက်ဆရာဝန်က တချက်ပဲကြည့်တယ်…ကလေးအတွက် တအားအရေးကြီးတဲ့ အချိန်ရောက်နေပြီ…မိနစ်တိုင်း စက္ကန့်တိုင်း အရေးကြီးနေပြီ…ချက်ချင်းဆေးရုံတင်ပါ…အိမ်တောင် မပြန်ပါနဲ့ ဆိုပြီးပြောလိုက်တော့ မျက်စိကိုပြာကနဲ ဖြစ်သွားတာပဲ…ချက်ချင်း ဆေးရုံပြေး…ရောက်ရောက်ချင်းပဲ ဆရာမတွေက ကလေးကို ဆေးသွင်းဖို့ သွေးကြောရှာ…ဘယ်လိုမှ ရှာမတွေ့ဘူး…အပ်ကလေးနဲ့ ဖောက်ကနဲဖောက်လိုက် သမီးလေးက ငိုလိုက်..ထပ်ဖောက်လိုက် ထပ်ငိုလိုက်နဲ့ ဘယ်လိုမှကြည့်ရက်စရာမရှိဘူး….ခြေထောက်ကော…လက်နှစ်ဘက်ကော အပေါက် အပေါက်တွေ ဖြစ်အောင် ဖောက်ပြီးမှ တွေ့သွားပြီတဲ့…တော်သေးတာပေါ့…ငါ့ သမီးလေး မနာတော့ဘူးလို့ တွေးကာရှိသေးတယ်…မပြီးသေးဘူးတဲ့…အ၀ါရည် တိုင်းဖို့ ထပ်ဖောက်ရဦးမှာတဲ့…ဆရာဝန်ပေါက်စကလေးက သမီးလေး ခြေဖ၀ါးကို တင်းအောင်ဆုပ်ပြီး အပ်နဲ့ တချက်ဖောက်လိုက်တယ်…သမီးလေး ငိုလိုက်တာ…သွေးကို ညှစ်ထုတ်တယ်…ထွက်မလာဘူး…အဲ့ဒါနဲ့ နောက်ခြေထောက်ပြောင်း..ဒါလဲမထွက်ဘူး…မထွက်တော့ အပေါက်ကို ကျယ်သွားအောင် ပတ်ပတ်လည်ထပ်ဖောက်နေလိုက်တာ…ဘယ်လိုမှ မကြည့်ရက်တော့ဘူး…အသဲကို အပ်နဲ့ထိုးတယ်ဆိုတာ ဒီလိုလားလို့တောင် တွေးယူရတယ်…သမီးမေမေလဲ ငို…ဖေဖေဆိုတာ မျက်ရည်တွေ ဘယ်လို ကျလာသလဲ မသိဘူး…ဒီလောက်လူတွေအများကြီးရှေ့မှာ ငိုချလိုက်တယ်..သူများတွေကတော့ အထူးတဆန်းပေါ့…အဖေလုပ်တဲ့ သူက ငိုတယ်ဆိုတာ…ဖေဖေကတော့ ရှက်မနေနိုင်ပါဘူး…ကိုယ့်သမီးလေး ဝေဒနာ ခံစားနေရတာပဲ မကြည့်ရက်တာပါ…

သမီးလေးရေ….

ဆေးသွင်းဖို့ သွေးကြောရှာလိုက်…အ၀ါရည်တိုင်းဖို့ သွေးဖောက်လိုက်နဲ့ နောက်တော့ ဘယ်လိုမှ မကြည့်ရက် မကြားရက်လို့ သွေးဖောက်တော့မယ်ဆို အဝေးကြီးကို လမ်းလျှောက်သွားနေလိုက်တော့တယ်…အဲ့ဒီနောက် အ၀တ်မျက်မှန်လေးတပ်…မှန်ပြားပေါ်မှာ ကိုယ်တုံးလုံးလေး အပေါ်မီးပြောင်း အောက်မီးပြောင်းနဲ့ သမီးလေး ဘယ်လောက်တောင် ပူလိုက်မလဲကွယ်…သမီးခံစားနေရတာတွေ ဖေဖေလေ အကုန်လုံးယူလို့ရရင် ယူပစ်လိုက်ချင်တယ်…ညရောက်တော့လဲ သမီးလေး ၁၁ နာရီလောက်ကစပြီး ငိုလိုက်တာ…တရစပ်ပဲ လက်တွေကွေးကောက် ခြေတွေကွေးကောက်ပြီးကို ငိုတာ…ဖေဖေကတော့ ဘယ်သိမလဲ…သမီးလေး ဝေဒနာတွေများ တအားခံစားနေရပြီလား..ဘယ်လိုလုပ်ရမလဲ…ဆရာဝန်တွေခေါ်တော့လဲ ညဂျုတီကျတဲ့ ဆရာဝန်တွေကော..ဆရာမတွေကောက အသစ်ကလေးတွေ…ဘာမှလုပ်မပေးတတ်ဘူး…ဆေးရုံကနေ ဒီအတိုင်း ပွေ့ချီပြီး မန္တလေးပဲ ညတွင်းချင်းပြေးရမလား…ဘယ်လိုလုပ်ရမလဲ…သမီးလေးက ဗိုက်ကြီးတအားပူနေပြီး တအားကြီးကို ငိုနေပြီ…နောက်ဆုံး ဆရာဝန်မလေးက နှာခေါင်းထဲ ပိုက်ထဲ့ပြီး အစာကို စုပ်မလို့တဲ့…ပိုက်တွေ ယူလာပြီ…ကလေးလေးက သေးသေးလေးရှိသေးတာ..ဘယ်လိုလုပ် ဒီလို လုပ်လို့ဖြစ်ပါ့မလဲ…သမီးလေး ကံကောင်းတယ်….ပိုက်ယူလာပြီး သမီးလေးနားရောက်ခါနီးမှ ဆီးတွေ ၀မ်းတွေ ဗုန်းကနဲထွက်ပြီး အငိုတိတ်သွားတယ်…တော်သေးတာပေါ့နော်…ဖေဖေတို့ကလဲ သမီးဦးဆိုတော့ အတွေ့အကြုံမရှိတာတွေလဲပါပါတယ်…လေနာတာ..၀မ်းမသွားတတ်တာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာကို ဖေဖေတို့ မသိတာလဲ ပါပါတယ်…၁၀ ရက်လောက်ဆေးရုံတက်လိုက်ရတယ်…ပထမ ကလေးဆရာဝန်သာ ဖေဖေပြောတုန်းက သေသေချာချာ ကြည့်ပေးခဲ့ရင် သမီးလေး ဒီလောက်ဒုက္ခရောက်မှာမဟုတ်ဘူးနော်…အဲ့ဒီဆရာဝန်မကတော့ သိမှာမဟုတ်ဘူး…ဖေဖေကတော့ လမ်းမှာတွေ့ရင် ကားနဲ့ပဲ ပြေးပြေးတိုက်လိုက်ချင်တယ်…ဖေဖေ..ငါ့ သမီးထိ ဒါးကြည့်ဆိုသလိုများဖြစ်နေပြီလား မသိဘူး…

သမီးလေးရေ….

ည ည လေနာရင်လဲ ဘာလုပ်ရမှန်းမသိ…သမီးလေးကို ပခုံပေါ်တင် ပြီး တညလုံးလမ်းလျှောက်သိပ်…သမီးလေး မအိပ်မချင်း တညလုံးမအိပ်ရပါဘူး သမီးလေးရယ်…ဆောင်းတွင်းရောက်ပြန်တော့လဲ နှာတွေစီး နှာခေါင်းပိတ်ပြီး အသက်ရှုမ၀တော့ တညလုံးငို…ဖေဖေနဲ့မေမေ ဘာလုပ်ရမှန်းမသိဘူး…ဖေဖေဆို တအားရွံတတ်တာ…ကျောင်းတက်တော့ အဆောင်မှာ မျက်နှာသစ်..သွားတိုက် သူများလို အများသုံးရေကန်မှာ ဘယ်တော့မှ မလုပ်ဘူး…ရေသန့်ဘူးကြီးသတ်သတ်ဝယ်ပြီး ရေသန့်နဲ့ မှ သွားတိုက် မျက်နှာသစ်လုပ်လို့ သူငယ်ချင်းတွေကတောင် ၀ိုင်းသြဘာပေးတာခံခဲ့ရတဲ့သူပါ…ကုန်ကုန်ပြောမယ် သမီးရယ်…သွားတိုက်ဆေးတောင် သူများနဲ့ အတူတူ သုံးရရင် နည်းနည်းညှစ်ထုတ်ပြီး အပြင်ကို တောက် ထုတ်တတ်ပါတယ်…အဲ့ဒီ သွားတိုက်ဆေးက သူများသွားပွတ်တံနဲ့ ထိပြီးသားအပိုင်းမို့လို့လေ…အဲ့ဒီလောက်အထိ ရွံတတ်ပါတယ်..ဒါပေမယ့် သမီးလေး နှာခေါင်းပိတ် အသက်ရှုမရပဲ ပါးစပ်ကလေး ဟတ်ပဲ့ ဟတ်ပဲ့ နဲ့ ရှုနေရတာမြင်တော့ ဘယ်လိုမှ မနေနိုင်ဘူး…ဖေဖေကောမေမေကော သမီးလေး နှာခေါင်းကို ပါးစပ်နဲ့ တေ့ စုပ်ကြရတယ်…ပိတ်နေတဲ့ နှပ်ချီးဖတ်တွေထွက်လိုထွက်ညားပေါ့…ဒီလောက်ရွံတတ်တဲ့ ဖေဖေလေ…သမီးလေးကိုတော့ ဘာမှ မရွံနိုင်ဘူး…သက်သာလိုသက်သာညား ကြံမိကြံရာပေါ့….၅၂၈ အချစ် ဘယ်လောက်ကြီးသလဲဆိုတာလေ…

သမီးလေးရေ…..

ဖေဖေက လောင်းကစားသမားပါ…ပေါက်တတ်ကရတွေလဲ တွေးတတ်တယ်…တအားလဲ အစိုးရိမ်ကြီးတတ်တယ်…သံယောဇဉ်လဲ တအားများတတ်တယ်….သမီးမေမေတောင် လောင်းကစားနဲ့ သူနဲ့ ဘယ်သူ့ကို ချစ်လဲ မမေးရဲဘူး…ဖေဖေက ဘာပြောမယ်ဆိုတာ သိလို့…ဒါပေမယ့် သမီးလေးရေ…ဖေဖေတွေးမိတယ်…တကယ်လို့များပေါ့…ဖေဖေက လောင်းကစားတွေ လုပ်…အကြွေးတွေတင်…မတော်တဆများ…သမီးလေး သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အဖေတစ်ယောက်ယောက်ဆီမှာများတင်ခဲ့လို့  သူငယ်ချင်း အချင်းချင်း စကားနိုင်လုကြရင်း နင့်အဖေက ငါ့အဖေဆီမှ အကြွေးတွေတင်နေတယ်လို့များ သမီးလေး အပြောခံခဲ့ရရင် ဆိုပြီး တွေးမိတယ်..ဖေဖေဒီလိုတော့ အဖြစ်မခံနိုင်ဘူး….ဖေဖေ ကိုယ်မှန်တယ်ထင်တဲ့ဘက်ကို လောင်းနေရတာ တအားကြိုက်တယ်…ဒါပေမယ့်  ဒီလောင်းကစားကိုမဖြစ်မနေဖြတ်မှ ရမယ်…သမီးလေးအတွက် …သမီးလေးမျက်နှာမငယ်ဖို့အတွက်…

သမီးလေးရေ…..

သမီးလေးကို ဖေဖေပြောချင်တာတွေ အများကြီး ကျန်သေးတယ်…ဖေဖေထပ်ရေးဦးမယ်နော်…သမီးလေး အရွယ်ရောက်လို့ ဖေဖေနဲ့မေမေကို စိတ်ဆိုးခဲ့ရင်…ဖေဖေက သမီးကို မချစ်တော့ဘူးလို့ ထင်ခဲ့ရင် ဒီစာလေးကို ဖတ်ကြည့်ပါနော်…ဖေဖေ သမီးလေးကို ဘယ်လောက်တောင်ချစ်သလဲဆိုတာကို…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...