၅ ပေ ကျော်လွန်ဆောက်လုပ်ဟုဆိုကာ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းကို အမြစ်ဖြတ် ဖျက်ဆီး

သတင်း အထူးသတင်း မြန်မာမွတ်စလင်မ်သတင်း — ၁၈ ဖေဖော်ဝါရီလ ၂၀၁၃

ဖေဖော်ဝါရီ ၁၇၊

သာကေတ မာန်ပြေ ၃ ရပ်ကွက် ၁၉လမ်းနှင့် ၁၉ လမ်းထောင့်ရှိ မြန်မာမွတ်စလင်မ် ဘာသာရေး စာသင်ကျောင်းအား အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက ယနေ့နံနက်ပိုင်းမှ စတင်ကာ အဓမ္မ ဖျက်ဆီးရန်စုဝေး အုံကြွခဲ့ကြပြီး နေ့လယ် ၁၂း၁ဝ နာရီဝန်းကျင်တွင် စည်ပင် ခွင့်ပြုချက်ထက် ကျော်လွန်ဆောက်လုပ်သည်ဟုဆိုကာ တိုင်ပါမကျန် ဖြိုချလိုက်ပြီဖြစ်ကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူများက myanmarmuslim.net သို့ပြောသည်

2

အထက်ပါအတိုင်း ဖျက်ဆီးရန်အုံကြွစုဝေးနေစဉ်အတွင်း အစ္စလာမ်ဘာသာဝင်ဟု အထင်ခံရသူများကို မှတ်တမ်းများရယူနိုင်ခြင်း မရှိစေရန် ရပ်ကွက်နေ အစွန်းရောက်များက ဟန့်တားမှုများရှိခဲ့ကြောင်း သိရသည်။

သတင်းထောက်တစ်ယောက်ကို ကုလားနဲ့တူတယ် ဆိုပြီး စာသင်ဆောင်အတွင်းမှာ ခေါ်စစ်တယ်။ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူး ဦးတင်မောင်သန်းကိုတော့ ထိုးကြိတ်တာလုပ်တယ်၊

ဟု အဆိုပါဖြစ်ရပ်ကို မျက်မြင် မြင်တွေ့ခဲ့သည့် အစ္စလာမ် ဘာသာဝင်တစ်ဦးက ပြောသည်။

အထက်ပါ မြန်မာမွတ်စလင်မ် ဘာသာရေး စာသင်ကျောင်းသည် ၁၉၅၈ ခုနှစ်ကတည်းက ဘာသာရေးစာသင်ကျောင်း အဖြစ် ခွင့်ပြုမိန့် ရရှိထားသည့် နေရာတစ်ခုဖြစ်သည်။ အဆိုပါ စာသင်ကျောင်းအတွက် ခွင့်ပြုမိန့်ကို ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း သာသနာရေးဦးစီးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အထိ ၅ လကြာ အဆင့်ဆင့်တင်ပြခဲ့ပြီး လွန်ခဲ့သည့် ၂ ပတ်ခန့်က ပြင်ဆင်ခွင့်အမိန့်ရရှိခဲ့ပါသည်။

ယနေ့တွင် အထက်ပါ အုံကြွမှုကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာနမှ လက်ထောက်ဌာနမှုး ငွေစိုးသောင်း လက်မှတ်ရေးထိုးသည့်စာတွင် ဘောင်ကျော်အောင် ဆောက်လုပ်ထားသည့် အစိတ်အပိုင်းများအား ၁၇-၂-၂၀၁၃ နေ့တွင် ချက်ချင်းပြန်လည် ဖျက်သိမ်းပေးပါရန် အကြောင်းကြားစာတစ်ရပ်ကို ရုံးပိတ်ရက်တွင် နာရီပိုင်းအတွင်း ထုတ်ပြန်ပေးခဲ့သည်။

ထိုသို့ဘောင်ကျော်အောင် ဆောက်လုပ်ထားသည်ဟုဆိုသော ငါးပေခန့်အမြင့်အစိတ်အပိုင်းကို သာ ဖျက်သိမ်းရန် စာတွင် ညွှန်ကြားခဲ့သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး စန်းမင်း၊ မြို့နယ်ရဲမှူးကျော်ဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကံထွန်းတို့ကြီးကြပ်သည့် ဖျက်သိမ်းရေးအဖွဲ့က ညွှန်ကြားချက်ထက် ကျော်လွန်ကာ တိုင်ပါမကျန် ဖျက်ဆီးဖြိုချခဲ့သည်။ ယခုကဲ့သို့ လူထုအုံကြွမှုဖြင့် အစ္စလာမ်ဘာသာရေး အဆောက်အဦးတစ်ခုအား ဖျက်ဆီးရန်အတွက် မာန်ပြေ ၁၉ လမ်း ဆယ်အိမ်မှူးများဖြစ်သည့် ကိုစိုးလွင်နှင့် ဦးစောဦးအပါအဝင် တင်ထွန်းနိုင်၊ သိန်းထိုက်အောင်၊ အေးနိုင်တို့က ဦးဆောင်ခဲ့ကြောင်း လည်း သိရသည်။

မြန်မာနိုင်ငံမှာ တရားဥပဒေ မစိုးမိုးဘူး ဘာသာရေး လွတ်လပ်ခွင့်မရှိဘူး၊ လူနည်းစုဘာသာဝင်တွေအပေါ်မှာ မတရားခွဲခြား ဆက်ဆံ တယ်ဆိုတာကို ကျွန်တော် ရဲရဲတင်းတင်း ပြောတယ်။ အဲဒါတွေဖြစ်လာအောင်လုပ်ဖို့ ပြည်ထောင်စုအစိုးရမှာကော၊ သက်ဆိုင်ရာ အစိုးရမှာပါ အဆင့်ဆင့် တာဝန်ရှိတယ်

ဟု အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍ ၎င်း၏သဘောထားအမြင်ကို myanmarmuslim.netသို့ပြောသည်။

“လူနည်းစု ဘာသာဝင်တွေကို ကာကွယ်တဲ့ဥပဒေဟာ ယဉ်ကျေးတဲ့ နိုင်ငံတိုင်းမှာရှိတယ်။”ဟု အထက်ပါဖြစ်ရပ်ကို သွားရောက်လေ့လာ ရာမှ ထိုးကြိတ်ခံရကာ ဖုန်းလုယူခြင်းခံရသည့် ဦးတင်မောင်သန်းက ပြောသည်။ ဦးတင်မောင်သန်း ကိုင်ဆောင်သွားသည့် လက်ကိုင်ဖုန်း (၀၉-၅၀၁၃၁၅၉) ကို အကြမ်းဖက် ထိုးကြိတ်သူများက လုယက်ထားလိုက်ကြောင်းလည်းသိရသည်။

ရုံးကလေးဗလီမှာ သွပ်လေးငါးချပ်မိုးဖို့ ခွင့်ပြုမိန့်က ၂ နှစ်ကြာတယ်။ အခုလို ဖျက်ဖို့ အမိန့်ကျတော့ တနင်္ဂနွေနေ့လိုမှာတောင် နာရီပိုင်းပဲ ကြာတယ်

ဟု မြန်မာမွတ်စလင်မ်များ ခွဲခြားဆက်ဆံခံနေရမှုနှင့် ပတ်သက်ပြီး ဦးတင်မောင်သန်းက ဆက်လက်ပြောကြားသည်။

ဖြိုချခံလိုက်ရသည့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းကိစ္စရပ်အား မြန်မာ့မီဒီယာများတွင် ဗလီဟု မှားယွင်းဖော်ပြကာ သတင်းမှန်ကို ထိန်ချန်ခဲ့ကြသည်။

The Voice ရဲ့ Facebook မှာ ဗလီဆောက်လို့ ပဋိပက္ခဖြစ်တယ်လို့ရေးတယ်။ တစ်ဖက်အသံကိုပဲ နားထောင်လို့ ဒီလိုဖြစ်တာ။ အခုတော့ ပြန်ဖြုတ်လိုက်ပြီ

ဟု အွန်လိုင်းသုံးစွဲသူ လူငယ်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အတည်ပြုပြဋ္ဌာန်းထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ အပိုဒ် ၃၆၃တွင် “နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီ စောင့်ရှောက်မည်″ ဟုလည်းကောင်း အပိုဒ် ၃၆၄ တွင် “…လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်း ကောင်း၊ တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်″ ဟု ဖော်ပြ ပါရှိသည်။

About Aung Min

Aung Min has written 1 post in this Website..