အိမ်ထောင်မှု၊ ဘုရားတည်..ဆေးမှင်ရည် စုတ်ထိုး

maypearlJuly 22, 20101min1652

အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ကျ်သုံးမျိုးပြင်ရန်ခက်သည်အမျိုးဆိုသော မြန်မာစကားပုံတစ်ခုကို လူတော်တော်များများ ကြားဖူး ကြမှာပါ။  ဆေးမှင်ရည်ဖြင့် စုတ်ထိုးပြီးလျှင်ဖျက်ရျ်မရသကဲ့သို့ အိမ်ထောင်မှုတစ်ခုတည်ပြီးလျှင် ပြန်ဖျက်ရန် မဖြစ်နိုင်ပါ။ အထူးသဖြင့် ကျွန်မတို့ မြန်မာနိုင်ငံတွင် တစ်လင်တစ်မယားစနစ် အထူးဖွံ့ဖြိုးသော နိုင်ငံဖြစ်သည်နှင့်အညီ  အိမ်ထောင်တစ်ခုကို ထူထောင်ပြီး ပြန်ဖျက်သော အမှုများကို မည်ကဲ့သို့သော မြန်မာမိန်းကလေး၊ယောကျားလေးများ အားလုံးမပြုလုပ်လိုကြပါ။ အကြောင်းကြောင်းကြောင့် ကွဲရ၊ကွာရ ပြီဆိုလျှင်လည်း ထိုကဲ့ သို့သော အခြေအနေမျိုးမဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းခဲ့ကြသူများချည်းပင်။

သို့သော်လည်း ကံဆိုသည်မှာ ပြောရခက်သည်ဆိုသောစကားလည်းရှိသဖြင့် ကိုယ့်ရဲ့အတိတ်ဘဝက ကံ မည်မျှရှိမည်ဆိုသည်ကို မည်သူမျှ မသိရှိ နိုင်ကြပါ။ ကိုယ်က ကိုယ့်အတွက် အကောင်းဆုံးရပ်တည်ပေးနိုင်မည့်သူဆိုပြီး ရွေးချယ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှု တွေ ကိုကြုံတွေ့ရမည်မှာ ထုံးစံတစ်ခုလိုပင်။ အိမ်ထောင်တစ်ခုကို မပြိုကွဲအောင် ထိန်းသိမ်းကြတဲ့နေရာမှာ ကာယကံရှင်နှစ်ဦးအပြင် အကောင်းဆုံး အထောက်အပံ့ ပေးသည်မှာ နှစ်ဖက် မိဘဆွေမျိုးများဖြစ်ပါသည်။ နှစ်ဖက်မိဘဆွေမျိုးများ ကောင်းမှသာ တော်ရုံတန်ရုံဖြင့် ပြသနာများကို အေးချမ်းအောင် ဆောင်ရွက်နိုင်သည်။

ကျွန်မပတ်ဝန်းကျင်တွင် တွေ့ကြုံနေရသော အိမ်ထောင်သည် ဘဝများမှာ အခြေခံအားဖြင့် ငွေကြေးမပြေလည်မှုများဖြင့် စတင်ခဲ့ကြခြင်း ဖြစ်ပါ သည်။ ထိုကဲ့သို့ သုံးသပ်သဖြင့် အိမ်ထောင်တစ်ခုမှာ ငွေကြေးမလိုဘူးဆိုသော သူများ နှင့်  အငြင်းပွားဖွယ်ရှိပါသည်။ သို့သော်လည်း လက်တွေ့ ကျကျစဉ်းစားလျှင် ငွေသည် အရာအားလုံးကို မဖြေရှင်းပေးနိုင်သော်လည်း အမှုတော်တော်များများကို ပြေလည်အောင် ဖြေရှင်းနိုင်သော အရာပင်။

အိမ်ထောင်သည် အများစု(သာမန်) သည် ငွေရဖို့အတွက် အလုပ်ကိုကြိုးစားလုပ်နေရခြင်းကြောင့် တစ်ဦးအပေါ်တစ်ဦး ဂရုစိုက်ချိန်များလျှော့ပါး လာတတ်ပါသည်။ အိမ်ထောင်ဦးစီးမှ လည်း ငွေကိုကောင်းမွန်စွာ မရှာနိုင်ခြင်းအပေါ် အိမ်ထောင်ရှင်မက ဘယ်နှစ်လလောက်အထိ နားလည်ခွင့် လွှတ်လို့ ရနိုင်ပါမည်နည်း။သူ့အနောက်တွင် အိမ်ဌားစရိတ်၊ကလေးစရိတ်စသည့် စရိတ်ပေါင်းမြောက်မြားစွာက တန်းစီပြီးစောင့်ဆိုင်းနေကြလေ သည်။

အချို့သောအိမ်ထောင်သည်များသည် ချစ်ခင်စုံမက်ကြသဖြင့် အဖေ၊အမေတို့ကို ဆန့်ကျင်ပြီး တစ်အိုးတစ်အိမ်ထူထောင်ခဲ့ကြသော်လည်း စီးပွားရေးမပြေလည်မှုများနှင့် ကလေးပြသနာများကြားတွင် အချစ်ဆိုသောအရာမှာ ကြောက်လန့်တကြားပြန်ထွက်ပြေးသွားတတ်ပါသည်။ ထိုကဲ့ သို့သော အိမ်ထောင်သည်များမှာ တစ်ဦးအပေါ်တစ်ဦး နားလည်ပေးချင်သော်လည်း ဘဝရဲ့အမောများကြားမှာ နားလည်မှုဆိုသောအရာအစား ဒေါသအသွင်ဖြင့် စိတ်ထွက်ပေါက်ပေးတတ်ကြပါသည်။ မိန်းမလုပ်သူကအဆင်မပြေမှုကို ဒေါသနှင့်ထွက်ပေါက်ရှာတတ်ကြပြီး ယောကျားအများစု ကတော့ အဆင်မပြေမှုများကို အရက်ဖြင့် ထွက်ပေါက်ရှာတတ်ကြပါသည်။ ထိုကဲ့သို့သော အိမ်ထောင်သည်များမှာ အဆင်ပြေရန် ရာခိုင်နှုန်းနည်း ပါးတတ်သည်။

ကျွန်မတွေ့ဖူးသော အိမ်ထောင်တစ်ခုတွင်မူ ကောင်လေးနှင့်ကောင်မလေးတွင် ကောင်မလေးက မလှ၊ကောင်လေးထက်လဲ အသက်ကြီး သည်။ သို့သော် ပိုက်ဆံအတော်အသင့် အဆင်ပြေသည်။ထို့ကြောင့် ကောင်လေးက သူ့ကိုပိုက်ဆံမက်ပြီးယူသည်။ သူကကောင်လေးကိုချစ်လို့ ယူသည်။ ယူပြီးသောအခါ ကောင်မလေးဘက်မှ သဘောမတူသဖြင့် ကောင်မလေးကို ဆင်ပေးထားသည်များကို မိဘက အားလုံးပြန်သိမ်းသွား သည်။ ထိုအခါ ကောင်လေး၏ ဇာတိကပေါ်လာတော့သည်။ ကောင်မလေးအပေါ် လုံးဝဂရုမစိုက်တော့။ အလုပ်ကပြန်လာလျှင် မိန်းမကိုအိမ်မှာ ထား ခဲ့ပြီး အပြင်မှာ အချိန်ကုန်နေသည်ကများလာသည်။ တဖြည်းဖြည်းနှင့် ကောင်မလေးမှာကိုယ်ဝန်ရှိလာသည်။ ကောင်လေးမကောင်းသဖြင့် ကလေးမယူရန် ပတ်ဝန်းကျင်ကတိုက်တွန်းကြသော်လည်း ကောင်မလေးကဇွတ်ယူသည်။ သူက ချစ်သည်ကိုး။ အခုတလော ကောင်လေးသတင်း တွေက မကောင်း။ ကောင်မလေးတစ်ယောက်နှင့် ရှုပ်နေသည်ဆိုသောအသံတွေကြားရလာသည်။ သို့သော်ကောင်မလေးက သည်းခံပြီးနေသည်။ ကလေးမီးဖွား စရိတ်လည်းပေးမည့်ပုံမရတော့။ ကောင်မလေး အခုမှမျက်ရည်နှင့်မျက်ခွက် ဖြစ်ကုန်သည်။ နောက်ဆုံးတော့ ကောင်လေးက ကောင်မလေးကို ပစ်ပြီး တခြားတစ်ယောက်နှင့်ယူသွားသည်။

ထိုကဲ့သောအိမ်ထောင်မျိုးများ ကျွန်မတို့ပတ်ဝန်းကျင်တွင် တော်တော်များများကိုတွေ့ဖူးကြပါလိမ့်မည်။ ကိုယ်တွေ့သော်လည်းကောင်း၊ တစ်ဆင့်စကားသော်လည်းကောင်း ကြားဖူးကြပါသည်။ စာဖတ်သူတွေကရော အိမ်ထောင်ရေးကို ဘယ်လိုစဉ်းစားဆုံးဖြတ်ပြီး တည်ထောင်ရင် အဆင်ပြေနိုင်သည်ဟုထင်မြင်ယူဆပါသနည်း။

2 comments

  • etone

    July 23, 2010 at 2:53 am

    ဟုတ်တယ် ဒီခေတ်မှာ ယောကျာင်္းတွေရော၊ မိန်းမတွေရောအကျင့်ပျက်လာတာများတယ် ။ သစ္စာမရှိ တော့ဘူး ။
    အတူယောင်တွေများလာတယ် ။ ဒါပေမဲ့….. ကိုယ်ကတော့ကံကောင်းတယ်လို့ပြောရမယ် အရမ်းချစ်ပြီးနားလည်တတ်တဲ့ချစ်သူမျိုးရထားတယ် ။

  • maypearl

    July 23, 2010 at 4:22 am

    ဟုတ်လား
    ကောင်းတာပေါ့
    ဝမ်းသာပါတယ်..အိတုံ
    အဲဒီလို လူမျိုးကတော်တော်ရှားတယ်နော်

Leave a Reply