credit to : Spring Flowers , http://www.facebook.com/spring.flowers.14

Aung San Suu Kyi : The Choice ဆိုတဲ့ documentary ကို ကိုဗညား Ba Nyar က စာတန်းထိုးလို့ ပြီးသွားပါပြီ ။ တကယ်တော့ ဘာသာပြန်ပြီး သူ့ကို ပေးထားတာ အတော်ကြာပြီ …..သူလည်း အလုပ်တွေပိနေတာနဲ့ ပေါ်မလာပေါ်မလာ…. ကြာတော့ မေ့တေ့တေ့တောင် ဖြစ်နေပြီ ။ ဒီနေ့မှ ဆိုင်းမဆင့်ဘုံမဆင့် ပြီးပြီလို့ သိလိုက်ရတော့ အတော်လေး ဝမ်းသာသွားမိပါတယ် ။ မအားတဲ့ ကြားက သတိတရ စာတမ်းထိုးပေးတာကို အလွန်တရာ ကျေးဇူးတင်မိပါတယ် ။ အရင်က ဒေါ်စုရဲ့ Rule of Law ခေါင်းစဉ်နဲ့ ပြောသွားတဲ့ ယေးလ်တက္ကသိုလ် မိန့်ခွန်းရယ် ၊ CNN မှ ဒေါ်စု အင်တာဗျူးတွေကိုလည်း သူကဘဲ လိုလိုလားလား မြန်မာ စာတန်းထိုးပေးခဲ့တာပါ ။

အခု ဒီ The Choice ကို ပြန်ကြည့်မိတော့ ဘာသာပြန်နေစဉ်တုန်းက အထပ်ထပ် ကြည့်ထားပေမယ့် အသစ်ဖြစ်ရပြန်ပါတယ် ။ မြန်မာပြည် ခေတ်သစ်သမိုင်းက ပုံရိပ်ပေါင်းများစွာနဲ့ အတူ ဒေါ်စုရဲ့ အောက်စ်ဖို့ဒ်က မိသားစုဘဝလေးကိုလည်း လွမ်းမောစဖွယ်တွေ့ရတယ် ။ သူတို့မိသားစု သူငယ်ချင်းတချို့ရဲ့ ပြောပြချက်တွေကလည်း အလှည့်အပြောင်း ပြင်းထန်တဲ့ သူတို့ ဘဝများကို ပီပြင်စွာ နားလည်စေပါတယ် ။မြန်မာစာတန်းထိုးနဲ့ ကြည့်ချင်ရင် link က ဒီမှာပါ ။

အမြည်းအနေနဲ့ ဒီဇာတ်လမ်းထဲ ပါဝင်သူတွေ ပြောတဲ့ စကားအချို့ကို ဖော်ပြလိုက်ပါတယ်

*********************************************

( ဒေါ်စု ) ။ ။ ကျမ မိသားစုနဲ့ အတူမနေနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတာပေါ့ ။ သားတွေနဲ့ နေချင်ခဲ့တာပေါ့ ။ မိသားစုဆိုတာ အတူတူနေဖို့ဘဲဟာ ။ အဲဒီအတွက် ကျမမှာ ပုဂိုလ်ရေးအရ ဝမ်းနည်းစိတ်မကောင်းဖြစ်ရမှုတွေတော့ ရှိတာပေါ့လေ ။ ဖြစ်နိုင်ရင် မိသားစုနဲ့ အတူ နေရင်း သားလေးတွေ ကြီးပြင်းလာတာကို ကိုယ်တိုင် မြင်ခွင့်ရချင်ခဲ့ပါတယ် ။ ဒါပေမယ့် မြန်မာပြည်သူတွေနဲ့နေဖို့ ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး နောင်တ ၊ သံသယဆိုတာတွေ
တော့ ကျမမှာ မရှိပါဘူး ။

( မိုက်ကယ်အဲရစ်စ် ) ။ ။ ကျနော်တို့ ဇနီးမောင်နှံရဲ့ အနာဂတ်ကို သူဟာ လွန်ခဲ့တဲ့ အနှစ် ( ၂ဝ ) ကျော်က ကျနော်တို့ မင်္ဂလာရက် မတိုင်ခင်တစ်နေ့ကတည်းက ကြိုပြီး ပြောခဲ့ပါတယ် ။ ပြောတာမှ ရုတ်တရက်တွေးမိလို့ခန့်မှန်းပြောတဲ့ပုံမျိုး မဟုတ်ဘဲ တကယ့်ကို သေသေချာချာ သိနေတဲ့ အသိမျိုးနဲ့ ပြောခဲ့တာပါ ။ သူဟာ တနေ့တော့ မြန်မာပြည်သူပြည်သားတွေကို အလုပ်အကျွေးပြုရမယ် တဲ့ ။

( ဒေါ်စု ) ။ ။ ကျမတိုင်းပြည်ဟာ ကျမအတွက် အရမ်းကို အရေးပါတယ်ဆိုတာ အစကတည်းက သူ့ကို သေချာသိစေချင်ခဲ့တာပါ ။ မြန်မာပြည်အတွက် လိုအပ်လာလို့ ကျမ သွားပြန်နေဖို့လိုလာရင် ကျမနဲ့ ကျမတိုင်းပြည်ကြားမှာ သူဝင်ပြီး တားမြစ်ပိတ်ပင်တာမျိုး မလုပ်ရဘူးလို့ ကျမ သေချာပြောခဲ့တယ် ။

( ဟီလာရီကလင်တန် ) ။ ။ ဒေါ်စုဟာ ဘေးကနေထိုင်ပြီး သက်သက်မဲ့ တရားဟောချင်နေတဲ့လူမျိုး မဟုတ်ပါဘူး ။ တိုင်းပြည်မှာ အပြောင်းအလဲ ဖြစ်အောင် ကူညီချင်တယ် ။ ရေရှည်ခံတဲ့ ဒီမိုကရေစီစနစ်တစ်ခုကို ဖန်တီးပေးချင်တယ် ။ ဒီလိုလုပ်ဖို့ဆိုရင် အလုပ်ကို ရေကုန်ရေခန်း ကြိုးစားလုပ်ရမှာဘဲ ၊ နေရာအတွက် ဝင်ပြိုင်တာမျိုးတွေ လုပ်ရမှာဘဲ ။ ပြီးရင် ဆုံးဖြတ်ချက်တွေချဖို့အတွက် ရှုပ်ထွေးလှတဲ့လွှတ်တော်အလုပ်ကို လုပ်ရတာမျိုးတွေ ရှိမှာဘဲ ။ ဒီလို လုပ်တဲ့နေရာမှာ အရင်က ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ လူတွေနဲ့လည်း ဆက်ဆံရတာမျိုး ရှိလာမှာဘဲ ။ ဖိနှိပ်ခဲ့တဲ့လူတွေတွင်ဘယ်ဟုတ်မလဲ ၊ လူသတ်သမားဖြစ်ခဲ့သူတွေနဲ့လည်း သိသိကြီးနဲ့ တွဲလုပ်ရတာမျိုးတွေ ကြုံရမှာပါဘဲ ။

( Peter Caray မိုက်ကယ့်သူငယ်ချင်း ) ။ ။ သူတို့က NLD ပါတီကို ရုံးခွဲတွေ ဖွင့်ဖို့နဲ့ ဒေါ်စုကို ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ဖို့ ခွင့်ပြုပေးခဲ့ကြတယ် ။ ဒီတော့ အခု သူမဟာ လွတ်လပ်နေပြီပေါ့ ။ ဒါပေမယ့် ရက်စက်မှုရဲ့ အကျိုးဆက်အမွေ ၊ ထောင်ကျသွားရသူများရဲ့ အကျိုးဆက်အမွေ ၊ အသက်ပေးလိုက်ရသူများရဲ့ အကျိုးဆက်အမွေ ၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ အများစုဖြစ်တဲ့ဗမာတွေကြားထဲက ဆက်ဆံရေးအကျိုးဆက်အမွေ ……ဒါတွေအားလုံးဟာ ခါးသီးမုန်းတီးဖွယ်အဆိပ်တွေလိုပါဘဲ ။ ဆိုလိုတာက ” လက်လွှဲဝင်ယူဖို့ အင်မတန်ခက်ခဲတဲ့ အကျိုးဆက်အမွေတွေ ” ပါ ။ ဒီတော့ မြန်မာပြည်ရဲ့ အနာဂတ်ကို ကြည့်ရင် မပြီးသေးတဲ့ အလုပ်တွေက တောင်ပုံယာပုံပါဘဲ ။ အဲဒီလုပ်ဖို့ကျန်နေတဲ့ အလုပ်တွေရဲ့ အဓိကအခရာနေရာမှာ မြန်မာပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကလည်း ရှိနေပြန်တယ် ။

(ကင်မ်) ။ ။ အဖေက ပညာတတ်တစ်ယောက်ပါ ။ ဒါပေမယ့် ရယ်စရာဘာညာ ပြောလေ့ရှိတဲ့သူတော့ မဟုတ်ဘူး ။ ဘူတန်မှာ (၅) နှစ်လောက်နေပြီး ဘုရင့်မိသားစုကို စာသင်ပေးခဲ့ဖူးတော့ အရမ်းသဘောထားကြီး အမြင်ကျယ်တဲ့လူတစ်ယောက်ပါ ။ ကျနော့်အမေလို မိန်းမတစ်ယောက်ကို ယူထားမှာတော့ ကြုံလာသမျှကို ပျော့ပျော့ပြောင်းပြောင်းနဲ့ခံနိုင်အောင် လုပ်ထားရတာပေါ့ဗျာ။

(မေးသူ ) ။ ။ ဘယ်လိုပုံနဲ့ ပျော့ပြောင်းတာကို ပြောတာလဲဗျ ။

( ကင်မ် ) ။ ။ ပြောရရင်တော့ အမေလုပ်နေတာတွေကို ဆက်လုပ်နိုင်အောင် ခွင့်ပြုပေးတာမျိုးပေါ့ဗျာ ။ အမေ့ကိုလည်း အားပေးရင်း ကျနော်တို့ညီအစ်ကိုလည်း စောင့်ရှောက်ရင်းပေါ့ ။ တချိန်တည်းမှာ သူ့ရဲ့ အလုပ်တွေကိုလည်း မပျက်မကွက် လုပ်ရင်းပေါ့ ။ တစ်ချိန်တည်းမှာ သူလုပ်ရတဲ့အလုပ်တွေက နည်းတာမှ မဟုတ်တာ ။

( Karma phunchu မိုက်ကယ့်တပည့် ) ။ ။ ဇန်နဝါရီလ ၆ ရက်နေ့မှာ မိုက်ကယ်က ကျနော့်ကို ပြောတယ် ။ ငါ့ကိုလာကူပါဦးကွာ ၊ ငါတော့ နေမကောင်း ဖြစ်နေပြီ တဲ့ ။

( Peter မိုက်ကယ့်သူငယ်ချင်း ) ။ ။ မိုက်ကယ်က ကျနော့်ကို ခေါ်ပြောတယ် ။ ငါ့မှာ သတင်း နှစ်ခု ပြောစရာရှိတယ်ကွာ တဲ့ ။ သတင်းဆိုးကတော့ ငါ့မှာ ကင်ဆာရောဂါ ရနေပြီဆိုတာဘဲ ။ သတင်းကောင်းကတော့ ငါဒီရောဂါကို နိုင်အောင်ကို တိုက်မှာ တဲ့

( Karma phunchu ) ။ ။ မိုက်ကယ်က ဒီရောဂါကို သူကျော်လွှားမှာ ၊ အနိုင်ရမှာလို့ချည်း ကျနော်တို့အားလုံးနဲ့ စုကို တချိန်လုံးပြောနေခဲ့တာပါ ။ သူ့စိတ်ထဲမှာ အဲဒီလို တကယ်ယုံနေတာလားဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး ။

( Peter ) ။ ။ မိုက်ကယ် ကင်ဆာရောဂါရတာနဲ့ ဒီရောဂါဒီလောက်အပွားမြန်သွားတာဟာ ၁၉၉ဝ နှစ်များတစ်လျှောက်မှာ သူ့ရဲ့ အထီးကျန်ဆန်စွာ ဘဝကို ဖြတ်သန်းရမှုနဲ့လည်း အတိုင်းအတာတစ်ခုထိ ဆိုင်မယ်လို့ ကျနော်ထင်ပါတယ် ။ ဒေါ်စုအတွက်စဉ်းစားရင်း အိပ်ပျက်ရတဲ့ ညတွေလည်း ပါမှာပေါ့ဗျာ ။

(မေးသူ) ။ ။ ဒေါ်စုနဲ့ မိုက်ကယ် အဲဒီတုန်းက ဘယ်လိုဆက်သွယ်ခဲ့ကြသလဲ ။
(ဒေါ်စု ) ။ ။ ကျမသူနဲ့ အကြိမ်တော်တော်များများ ဖုန်းပြောဖြစ်ပါတယ် ။
(မေးသူ) ။ ။ ဒေါ်စုအိမ်က ဖုန်းနဲ့လား ။
(ဒေါ်စု) ။ ။ မဟုတ်ပါဘူး ။ ကျမအိမ်က ဖုန်းက အဖြတ်ခံထားရတယ်လေ။ သူငယ်ချင်းတွေအိမ်ကို သွားပြီး ဆက်တာပါ ။

( ( Robert Gordon မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် ၁၉၉၅-၂၀၀ဝ ) ။ ။ ဒေါ်စုကျနော်တို့ဆီကို ရောက်လာလေ့ရှိတယ် ။ သံရုံးတော့မဟုတ်ပါဘူး ။ ကျနော်တို့အိမ်ကို လာတာပါ ။ ပြီးတော့ မိုက်ကယ်နဲ့ ဖုန်းပြောကြတယ် ။ တခါတလေတော့လည်း ကျနော်နဲ့ ကျနော့်အမျိုးသမီးက သူ့ကို နှစ်သိမ့်ရတာ ၊ အားပေးရတာတွေ ရှိတာပေါ့ဗျာ ။

( Karma မိုက်ကယ့်တပည့်) ။ ။ ကျနော် လုံးဝမှတ်မိနေတာတစ်ခုရှိတယ်ဗျ ။ မိုက်ကယ်က ကျနော့်ကို ပြောတယ် ၊ Karma ရေ …ငါတို့ လုပ်နိုင်တာတစ်ခုခုတော့ ရှိရမယ်ကွာ ၊ ရှိကို ရှိရမယ် တဲ့ ။ ( မြန်မာပြည်ကို ပြန်ပြီး ဇနီးသည်နှင့် နောက်ဆုံးအကြိမ်တွေ့ဖို့ ကြိုးစားစဉ် ဗီဇာအကြိမ်ကြိမ် ငြင်းပယ်ခံရတာကို ရည်ညွှန်းပြောသောစကား )

(Karma phunchu ) ။ ။ သူ့နောက်ဆုံးနေ့မှာ မိုက်ကယ်က ပြောတယ် …Karma ရေ ..စုကို ပြောလိုက်ပါကွာ ….တို့တွေ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ် တဲ့ ။

( ဒါရိုက်တာ မိုးသူ ) ။ ။ ကျနော်ထောင်ထဲရောက်နေတုန်း ကျနော့်မိန်းမဆုံးကြောင်း အကြောင်းကြားလာတယ် ။ ဒေါ်စုလည်း အသုဘကို ရောက်နေတယ်တဲ့ ။ ဒီလိုနဲ့ ကျတော်လည်း ရေဝေးကို လိုက်သွားတယ် ။ ကျနော်မိန်းမအလောင်းနားမှာ ကျနော်ရော ဒေါ်စုရော ရှိတုန်း ဒေါ်စု ပြောလိုက်တာ တစ်ခုက ကျနော့်ရင်ကို အတော်ထိခိုက်သွားစေတယ်ဗျာ ။ သူက ” ဆရာ….ဆရာရော ကျမရော ခင်ပွန်းကောင်း ၊ ဇနီးကောင်းတွေ မဟုတ်ကြဘူးနော် ” တဲ့ ။ ဘာကြောင့်လည်းဆိုတော့ ကျနော့်မိန်းမဆုံးတော့ ကျနော်က ထောင်ထဲမှာ ။ မိုက်ကယ်ဆုံးတုန်းကလည်း သူ မသွားလိုက်ဘူးလေ ။ သူက ဆက်ပြောသေးတယ် ….” ကျမက မိခင်ကောင်းတောင် မဟုတ်ပါဘူး ဆရာရယ် ။ ကျမသားအခု ဆေးလိပ်သောက်တတ်နေပြီလေ ” တဲ့ ။ သူ့မှာ သူ့သားတွေကို စောင့်ရှောက်ခွင့်မှ မရခဲ့တာကိုးဗျာ ။

( Christopher ဒေါ်စုတို့ မိသားစုမိတ်ဆွေ ) ။ ။ စုကို အားပေးဖို့ ကျနော် မြန်မာပြည်ကို အရမ်းပြန်လာချင်ခဲ့တယ် ။ စုဟာ မိုက်ကယ်ဆုံးသွားတော့ သူ့ဘဝရဲ့ အခန်းကဏ္ဍတစ်ခု လုံးဝပြီးဆုံးသွားခဲ့သလို ခံစားခဲ့ရတယ်လို့ ကျနော်ထင်ပါတယ် ။ အနာဂတ်ကိုဘဲ တွေးတော့မယ် ၊ ငါ့နိုင်ငံအတွက်ဘဲ လုံးဝကို အာရုံနှစ်လိုက်တော့မယ် ဆိုတဲ့ ပုံစံမျိုးပေါ့ ။

(ကင်မ် ) ။ ။ အမေဟာ တကယ့်ကို စိတ်ဓါတ်ကြံခိုင်သူလို့ ကျနော်ထင်ပါတယ် ။ တစ်ခုခုဝမ်းနည်းစိတ်မကောင်းစရာရှိနေရင်တောင်မှ သူ့ဘဝကိုသူ ဆက်လျှောက်ရမယ်ဆိုတာသိတယ် ။ အဲဒါကို တွေးပြီး အချိန်ကုန်ခံငိုနေတတ်တဲ့သူမျိုး မဟုတ်ဘူး ။

(ဦးတင်ဦး) ။ ။ ကျနော်တို့အခုလုပ်နေတာတွေက ကျနော်တို့ဘာသာ တွက်ချက်ပြီး စွန့်စားလုပ်နေကြတာပါ ။ သတိထားတဲ့ အကောင်းမြင်မှုတော့ ရှိရသေးတာပေါ့လေ ။ ဒေါ်စုက သမ္မတကြီးကို ယုံတယ်လို့ ပြောတော့ လူတွေက မေးကြတယ် ….ဒါဆိုရင် အစိုးရကိုရော တဲ့ ။ အဲဒါကို ဒေါ်စုက ဘာမှ ပြန်မဖြေထားဘူး ။ ဒီတော့ ဆိုလိုတာက ကျနော်တို့မှာ ဒီအစိုးရနဲ့ တွဲလုပ်လို့ ရလားမရဘူးလားဆိုတဲ့ ပြသာနာက ရှိနေသေးတယ် ။ အဲဒါက ပြသာနာအဖြစ် ရှိနေသေးတယ် ။

( ဟီလာရီ ကလင်တန် ) ။ ။ သူမဟာ အခု စွန့်စားမှုတရပ်လုပ်နေတယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး ။ ဒါပေမယ့် အစိုးရက တကယ်လုပ်ချင်စိတ်ရှိသလားဆိုတာကို သိဖို့နဲ့ အပြောင်းအလဲတွေကို အားပေးဖို့ ဒီလို လုပ်မှလည်း ဖြစ်မယ်လေ ။ ဒီလိုမှ မလုပ်ရင် နောက်ထပ်ရွေးချယ်စရာဘာလဲဆိုတာလည်း သူသိပါတယ် ။ နောက်ရွေးချယ်မှုဆိုတာကတော့ အခြေအနေတွေ အရင်အတိုင်းဘဲ ပြန်ဖြစ်သွားရုံပေါ့ ….အနားယူသွားတဲ့ စစ်ခေါင်းဆောင်တွေနေရာမှာ စစ်ခေါင်းဆောင်မျိုးဆက်သစ်တစ်ခု ဝင်လာမယ် ။ ၊ တိုင်းပြည်ပွင့်လင်းတိုးတက်လာတာလည်း ရှိမှာမဟုတ်ဘူး ၊ ဒီထက်ကောင်းတဲ့ အနာဂတ်ကို သွားဖို့ လမ်းလည်း ရှိမှာ မဟုတ်ဘူး …….ဒါတွေကို သူလုံးဝ နားလည်ပါတယ် ။

( သတင်းထောက် ) ။ ။ စစ်တပ်က ဆက်ပြီး လူအခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတယ်နော် ။ ကလေးစစ်သားတွေသုံးတာမျိုး ၊ အလိုမတူဘဲ ကလေးတွေကို ခေါ်သွားမျိုး ၊ မုဒိန်းကျင့်တာကို စစ်ဆင်ရေးတစ်ရပ်အနေနဲ့ သုံးတာမျိုးတွေ ရှိနေသေးတယ် ။ ဒီလို အခြေအနေမျိုးမှာ သူတို့ကို ကိုယ့်ဘက်ပါလာအောင် ဒေါ်စုအနေနဲ့ ဘယ်လိုအလျော့ပေးစေ့စပ်တာမျိုးတွေ လုပ်ရမလဲ ။ တစ်ချိန်ထဲမှာဘဲ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေကိုလည်း ကိုင်တွယ်ဖြေရှင်းရဦးမယ်မဟုတ်လား ။

(ဒေါ်စု) ။ ။ စစ်တပ်အနေနဲ့ ဒီတိုင်းပြည်ရဲ့ အနာဂတ်ဟာ သူတို့ရဲ့ အနာဂတ်လည်း ဖြစ်တယ်ဆိုတာကို နားလည်မယ်လို့ ကျမထင်ပါတယ် ။ ဒီတိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့အတွက် ပြုပြင်ပြောင်းလဲရေးတွေလည်း ဖြစ်ပါတယ် ။ ဟုတ်ပါတယ် …အခု ရှင်ပြောတဲ့ လူ့အခွင့်ချိုးဖောက်မှုတွေလည်း ဆက်ဖြစ်နေပါတယ် ။ ဒါတွေက ဘာကြောင့်လည်းဆိုတော့ တိုင်းပြည်ရဲ့ စနစ်မှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ မရှိသေးလို့ပါဘဲ ။ ကျမတို့တွေ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ နားလည်အောင် စစ်တပ်ကို ကျမတို့ စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

( ဟီလာရီ ) ။ ။ နယ်ဆင်မင်ဒဲလားက ဘာကြောင့် အာဏာရှင် ဒီကလပ်ခ်ကို ယုံကြည်မှု ပေးခဲ့တာလဲ ။ နိုင်ငံရေး ပြုပြင်မှုတွေလုပ်ဖို့ ဆိုပြီး ဘာကြောင့် မင်ဒဲလားက ဒီကလပ်ခ်နဲ့ ပူပေါင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ ။ ဒီကလပ်ခ် ဆိုတာ လူမဲတွေကို ဖိနှိပ်ငြှင်းပန်းခဲ့တဲ့ အာဏာရှင်ခေါင်းဆောင်ဘဲလေ ။ ဒါတွေဟာ တွေးခေါ်ခံစားပြီး လုပ်ရတဲ့ အပိုင်းတွေဘဲ ။ ဒါလို ကိစ္စမျိုးအတွက် သိပ္ပံနည်းကျတဲ့တွက်လို့ရတဲ့ ပုံစံဆိုတာ မရှိပါဘူး ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လို စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်အတွက်ကတော့ ဒီကိစ္စဟာ မသေချာပေမယ့် အန္တရာယ်များနိုင်ပေမယ့် လုပ်သင့်လုပ်ထိုက်ရဲ့လားဆိုတာကို ကိုယ်တိုင် ချင့်ချိန်စဉ်းစားပြီး ဆုံးဖြတ်ရမှာဘဲ ။ လုပ်သင့်လို့ လုပ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ကျမယူဆတယ် ။ ဒီအတွက် ကျမဘက်ကတော့ သူ့ကို ဒီထက်ကောင်းတဲ့ ပံ့ပိုးမှု မှန်သမျှကို ပေးမှာဘဲ ။

( ဒေါ်စု ) ။ ။ ကျမနဲ့ ကျမမိသားစု လုံးဝကွဲသွားခဲ့တဲ့ အချိန်ကတော့ ကျမ အကျယ်ချုပ်ကျသွားတဲ့ အချိန်ပါဘဲ ။ ကျမတို့ မိသားစုရဲ့ ဆက်ဆံရေးဟာ အတော်လေးတော့ ပြောင်းလဲသွားတော့မယ်ဆိုတာ အဲဒီအချိန်မှာ ကျမလည်း သိလိုက်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျမတို့ ဆက်သွယ်လို့ မရတော့ဘူးလေ ။

ကျမအကျယ်ချုပ်ကျပြီး ပထမဆုံး ခရစ်စမတ်မှာ မိုက်ကယ်ကို လာခွင့်ပြုခဲ့ကြတယ် ။ ကလေးတွေကတော့ လာခွင့်မရခဲ့ပါဘူး ။

ဘဝမှာ မိသားစုနဲ့ အတူတူ လုပ်ရတဲ့ အလုပ်တွေ ရှိတယ်လေ ။ သူတို့မပါဘဲဆိုတာ လုပ်ဖို့ မလွယ်ပါဘူး ။ မိသားစုဆိုရာ တန်ဖိုးထားရတဲ့ အရာပါ ။ မိသားစုကွဲတယ်ဆိုတာ မကောင်းပါဘူး ။ ဘယ်တော့မှ မကောင်းပါဘူး ………….။
— with Mee Hlan and 2 others.

credit to : Spring Flowers , http://www.facebook.com/spring.flowers.14

(face book ပေါ်တွင် တွေ့ မိသောကြောင့် ပြန် share ထားခြင်းဖြစ်ပါသည်။ Spring Flowers မှ ခွင့်ပြုမည်ဟုလည်း မျှော်လင့်ပါသည်)

About ကထူးဆန္း

has written 107 post in this Website..