အင်တာဗျူးသွားကြမယ် (၁) http://myanmargazette.net/168825

အင်တာဗျူးသွားကြမယ် (၂) http://myanmargazette.net/171251

အင်တာဗျူးသွားကြမယ် (၃) http://myanmargazette.net/171263

~~~~~~~~~~~~~~~~~~~~

အလုပ်မရှာခင် ကြိုတင်ပြင်ဆင်ရမဲ့ အရာ ၅ ခု

 

 ၁) ကိုယ်ရေးရာဇဝင်

ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင်လေးကိုတော့ သပ်သပ်ရပ်ရပ်၊ သားသားနားနားလေး ပြင်ဆင်ထားသင့်ပါတယ်။

ဖြစ်ကတဲ့ဆန်း ကိုယ်ရေးရာဇဝင် တစ်စောင်ကို ဘယ်အလုပ်ရှင်ကမှ ဒုတိယအကြိမ်ပြန်မကြည့်ပါဘူးတဲ့။ ဒါကြောင့် ကိုယ့်ရဲ့ CV  လေးကိုတော့ အမြင်တင့်တယ်အောင်၊ ရှင်းလင်းအောင် ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်တဲ့။

(ပြောရရင် ကိုယ်ကိုယ်တိုင် ကို အလုပ်တစ်ခုရပြီးကတည်းက ဖင်ထိုင်နေတာ CV ကောင်းကောင်းမပြင်ရသေးဘူးရယ်။ ဟီး။ အကျယ်ကို နောက်ရေးတဲ့အထဲမှာဆက်ရေးပါ့မယ်။)

 

၂)  LinkedIn Profile

(ဒါက ကိုယ်တိုင်ဘာမှန်းမသိလို့ ဝီကီလိုက်ရပါတယ်။ LinkedIn ဆိုတာ Professional Occupation  အတွက် World’s largest Social Network တစ်ခုပါတဲ့။ http://en.wikipedia.org/wiki/LinkedIn မှာဖတ်ကြည့်လို့ရပါတယ်။)

အဲဒီမှာရှိတဲ့ ကိုယ့် ပရိုဖိုင်း ဟာလည်း အရေးကြီးပါတယ်တဲ့။ ကိုယ်ရဲ့ လူအများနဲ့ဆက်သွယ်နိုင်မှု နဲ့ ပရိုဖိုင်း ကနေ အလုပ်ရှင်တွေက တွေ့နိုင်ဖို့ အလားအလာရှိလို့ပါတဲ့။ လက်ရှိအခြေအနေကို အမြဲ Update လုပ်ပါရန်တဲ့ဗျာ။

 

၃) Cover Letter

အလုပ်လျှောက်မယ်ဆို ကိုယ်ရေးရာဇဝင်များရေးမယ်ဆိုရင် စပြင်ဆင်ရမဲ့စာပါတဲ့။

(ကျနော် မြန်မာပြည်မှာနေတုန်းက ဒီ Cover Letter ရေးရတယ်ဆိုတာမသိဘူးရယ်။ လိုအပ်တယ်လည်းမသိဘူး။ CV ဆိုရင်ကို မိတ္တူကူးဆိုင်မှာ ဝယ်လို့ရတယ်ပဲသိတာ။ ပြီးရင် အကျယ်ရှင်းလင်းချက်လာပါ့မယ်။)

 

၎) ကိုယ်ရှာတဲ့ အလုပ်စာရင်းလုပ်ထားရန်

အလုပ်စရှာရာကနေ အဖြစ်အပျက်အစအဆုံးကို လွယ်လွယ်ကူကူပြန်လည်အသုံးပြုနိုင်အောင် စာရင်းပြင်ဆင်ထားပါတဲ့။

(ဒီလိုလေ။ ကိုယ် အလုပ်ရှာတော့မယ်ဆိုရင် စာရင်းလေးလုပ်ထားရတာပေါ့။ ကိုယ်က အွန်လိုင်းတွေ့သမျှ၊ သီတင်းစာထဲ တွေ့သမျှ အလုပ်၊ ကိုယ်နဲ့ ကိုက်ညီတာမှန်သမျှ အကုန်လျှောက်မှာဆိုတော့ကာ၊

အလုပ်ရှာတဲ့ လုပ်ငန်းမစခင်ဇယားလေး အရင် ဆွဲထားလိုက်။

– နံပတ်စဉ်

– လျှောက်မဲ့ရာထူး

– လျှောက်မဲ့ ကမ်ပနီ

– လစာ

– အီးမေးလိပ်စာ

– ဆက်သွယ်ရမဲ့ လူ နာမည်

– ဖုန်းနံပတ်

– လိပ်စာ

– (ဟိုကပြန်ခေါ်တဲ့အချိန် ရေးထားဖို့) အင်တာဗျူးအချိန်

–  Remark ဆိုတဲ့ ကော်လန်မျိုး

စတာတွေကို Mircosoft Excel လေးနဲ့ဖြစ်ဖြစ် လုပ်ထားပါလို့ပြောတာ။ သူက အဲဒီလောက်မရှင်းထားပါဘူး။ ကိုယ့်တုန်းက အဲလိုလုပ်ခဲ့တယ်လို့ပြောပြတာ။)

 

၅) အင်တာဗျူးသွားမဲ့ အဝတ်အစား

ရည်ရွယ်ထားတဲ့ အဝတ်အစားကို အလုပ်မလျှောက်ခင်ကတည်းက အကြမ်းဖြင်းကြိုပြင်ဆင်သင့်ပါသတဲ့။ ဘာလို့ဆို အင်တာဗျူးအတွက်ပြန်ခေါ်စာတို့ ဖုန်းတို့ဆိုတာ မျှော်မှန်းတဲ့အချိန်ထက် တိုတောင်းစွာ ရောက်လာနိုင်လို့ပါတဲ့။

(ဒီအဝတ်အစားနဲ့ပတ်သက်တာတော့ ပြောတာများပြီဖြစ်တဲ့အတွက် အကျယ်မရှင်းတော့ပါနော့။)

Reference: Job Searching Guide by Alison Doyle

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

ခု ဒီ အပိုင်းမှာ ကိုယ်သိနားလည်ထားတဲ့ Cover Letters, Resumes, CV and Employment-related Letters အကြောင်းကို ပြောပြမှာပါ။

မှားတာရှိလည်း ပြင်ပေးသွားပါ။ သိတာရှိလည်း ပြောပြပေးသွားပါနော့။

ကိုယ် ကိုယ်တိုင်ကို အစက လည်နေတာပါ။ နားမဟုတ် မျက်စိလည်နေတာ။ စိတ်ထဲလည်း CV ပေးပြီး ပြီးရောဟာကို အရစ်ရှည်သလေး၊ ဘာလေး ငြိုငြင်ဖူးပါရဲ့။ နောက်တော့မှ ကွဲပြားသွားတာက ဒီလိုလေ။

~~~~~~

 

 

Cover Letter ဆိုတာက တော့ အလုပ်လျှောက်တဲ့ ကမ်ပနီ/တာဝန်ရှိသူကို ရည်ညွှန်းပြီး ရေးရတဲ့ စာပါတဲ့။ အခြေခံအားဖြင့် ဘာတွေးရေးရမတုန်းဆိုတော့ _

– ဒီ ကမ်ပနီက ဒီ အလုပ်ခေါ်တာကို (သီတင်းစာ/အင်တာနက်) က တွေ့တဲ့အကြောင်း

– ဒီအလုပ်ကို စိတ်ဝင်စားလို့ လျှောက်လွှာပို့လိုက်ပါကြောင်း

– အတူတွဲပါလာတဲ့ ကိုယ်ရေးရာဇဝင်ကို ကြည့်နိုင်ပါကြောင်း

– ဒီ အလုပ်တွေကို ဘာလို့ လိုချင်/လုပ်ချင်တုန်း ဆိုတာ စတဲ့ အကြောင်းပြချက်လေးတွေကို စာပုဒ်လေးတွေနဲ့ စီကာစဉ်ကာ ရေးရတာကို Cover Letter ဟု ခေါ်ပါသည်တဲ့ ဗျား။

~~~~~~~~~~~~

 

 

Resume မှာက _

– ကိုယ်က ဘယ်သူဘယ်ဝါ

– ဘယ်အလုပ်မျိုးရှာနေပါတယ်

– ဘာပညာတတ်၊ ဘာဘွဲ့ရပြီးသားပါ

– ဘယ်လို အလုပ်အတွေ့အကြုံတွေ ရှိပါတယ်

– တခြား အရည်အချင်းတွေက ဘာတွေပါ၊

– တခြား ရည်ညွှန်းချက်စတာတွေကို ဖော်ပြပြီး ရေးထားတဲ့ စာမျိုးဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

 

 

Resume နဲ့ Curriculum vitae ဘာကွာလည်း ဆိုရင်တော့ အတို/အရှည်ကွာပါတယ်တဲ့။

ဟီး။  :mrgreen:

နားရှုပ်သွားသလား။ Resume ကို အပေါ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကို ၂ မျက်နှာထက်ပိုမရေးသင့်ပါဘူးတဲ့။

~~~~~~

 

 

CV မှာ ကျတော့…..

– ခုန က အချက်အလက်တွေကို အကျယ်၊ အပြည့်အစုံရေးရမှာပါတဲ့။

– ကိုယ့် ပညာရေးမှာဆိုရင်လည်း Resume မှာကျ ဘာဘွဲ့ ဆိုတာလောက်ရေးပေမဲ့  CV မှာကျတော့ ဘယ်နှစ်ခုနှစ်မှာ ဘယ်ဘွဲ့ကို ဘယ်ဘာသာတွေ သင်ပြီး ရခဲ့တာပါဆိုတာမျိုးရေးနိုင်ပါတယ်။

– ဒါအပြင် ကိုယ်လုပ်ခဲ့ဖူးတဲ့ သုတေသန၊ ပရီစန်တေးရှင်း၊ ရရှိဖူးတဲ့ ဆု စတာတွေကို နှစ်အပိုင်းအလိုက်လည်း ရေးလို့ရပါတယ်။

– အလုပ်အကိုင်ပိုင်းမှာလည်း ကိုယ်ရခဲ့ဖူးတဲ့ လုပ်ငန်းကို ပထမ အလုပ်က စလို့ ခု နောက်ဆုံးရတဲ့ အလုပ်ထိ ဘယ်လောက်ကာလလုပ်ခဲ့ရတယ်၊ ဘာတွေလုပ်ရတယ်ဆိုတာ အသေးစိတ်ရေးပေးနိုင်ရင်ကောင်းပါတယ်။

– နောက် ရရှိဖူးတဲ့ ဒီပလိုမာ/ဆာတီဖီကိတ် စတာတွေကိုလည်း စာရင်း စီပြီး ရေးလို့ရပါသေးတယ်။

~~~~~~~~~~~~~~~~~~~

 

 

အကြမ်းဖျင်းလေး ဓာတ်ပုံနဲ့တကွ အောက်မှာ ဖော်ပြလိုက်ပါတယ်။။

ဟီး။  :mrgreen: 

ရှက်လိုက်တာ၊ ရေးတဲ့ လူကိုယ်တိုင်က ကိုယ့် စီဗီ ကို အပ်ဒိတ်လုပ်ရသေးဘူး..

မောင်လေးဟာ ခဏငှါးလာတယ်။ သူကတော့ လိုတိုရှင်းပဲ။

ကိုယ် CV ပြင်ပေးထားတာကို ရှည်လို့တဲ့။

ရေးပေးထားတဲ့ ကာဗာလက်တာကိုလည်း ဝတ္ထုဆန်သတဲ့။ မုန်းတယ်။   :mrgreen:

အမှန်တိုင်းပြောရရင် ကိုယ့် အဖို့ တော့  

၁) Cover Letter

၂) အပြည့်အစုံ ရေးထားတဲ့ CV

၃) လိုအပ်တဲ့ ဘွဲ့လက်မှတ်တွေနဲ့ ဆိုရင် အလုပ်လျှောက်ဖို့ လုံလောက်ပါတယ်။

ကိုယ်ရတဲ့ ဘွဲ့ လက်မှတ်တွေ များရင် များသလို အလုပ်အတွေ့အကြုံများရင် များသလို၊ ကိုယ်ချဲ့ရင် ချဲ့နိုင်သလို CV က အရှည်ကြီးဖြစ်နိုင်ပါတယ်။

ဆိုတော့ ဉာဏ်ရှိသလို လွှာသုံးကြပါကုန်။

1CV 2CV 3CV 4CV

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

References/Recommendation Letters ဆိုတာကတော့ အလွယ် ထောက်ခံစာ လို့ ပဲ ခေါ်ရမလားပဲ။
တစ်ချို့ ကမ်ပနီတွေဆို အရင်အလုပ်တွေက ထောက်ခံစာ၊ ကျောင်းက ထောက်ခံစာတွေ တောင်းတတ်ပါတယ်။
အရင် အလုပ်ကတောင်းရမယ်ဆိုရင်တော့ ကိုယ်ဘယ်လို အလုပ်လုပ်ခဲ့တယ်၊ ထွက်ခဲ့တယ်၊ အလုပ်လုပ်တဲ့ သက်တမ်းတလျှောက် ဆက်ဆံရေး စတာတွေအပေါ်မူတည်ပြီး ရေးပေးချင်တဲ့ သူရှိတယ်။
မပေးတဲ့သူလည်းရှိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဘာသာပြန်ထားတာတွေ..

ကိုယ် ရေးချင်တာတွေ ရေးပြီးနောက်မှာ..

မြဝတီသီတင်းဆိုတဲ့ ဖဘ စာမျက်နှာပေါ်က ရထားတဲ့ CV ရေးနည်းကို တင်ပါရစေ။

အင်တာဗျူးသွားကြမယ် (၁) တုန်းက ကော်မန့်ထဲမှာပဲ ရေးလိုက်တာမို့ ခုသူနဲ့သက်ဆိုင်တဲ့ အောက်မှာ တစ်စုတစ်စည်းထဲထားချင်လို့ပါ။

မြန်မာပြည်နဲ့များ ပိုကိုက်ညီမလားလို့ ပေါင်းထည့်ပေးလိုက်တာပါ။
လိုသလို ယူကြပါရန်။

 

အလုပ်လျှောက်လွာ CV ဘယ်လိုရေးရမယ်

နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ CV ဖောင် Standard အမျိုးမျိုး ရှိပါတယ်။ အမေရိကန်စံညွန်း၊ အင်္ဂလန်စံညွန်း၊ သြဇီ စံညွန်း တို့အပြင် နိုင်ငံတစ်ခု တည်းမှာကိုတင် သုံးလေးခု မက ကွဲတာမျိုးတွေလည်း ရှိတတ်ပါတယ်။ CV ဖောင်ရဲ့  အဓိက ရည်ရွယ်ချက်က အလုပ်ရဖို့ပါပဲ။ ဒီတော့ မြန်မာပြည်က အလုပ်လျှောက်တဲ့ သူများအနေနဲ့ ဘယ်လိုဆီဗီရေးဖို့လိုအပ်တယ်ဆို တာကိုလည်း သိထားဖို့ လိုအပ်ပါသေးတယ်။
အချို့  က အလုပ်လျှောက်ကြပြီး CV ထဲမှာ အချက်အလက်ပြည့်ပြည့်စုံစုံ ပါမလာပါဘူး။
အချို့ ကျတော့လည်း အချက်အလက်တွေ များပေမယ့် လိုချင်တဲ့ အချက်အလက်ကို မရောက်ရပြန်ပါဘူး။

ကုမ္မဏီ တော်တော် များများကတော့ အလုပ်လျှောက်သူ တင်လာတဲ့ ဆီဗီ အပြင် သူတို့ Format ဆီဗီကိုပါ ထပ်ဖြည့်ခိုင်းတဲ့အခါမျိုးတွေ ရှိပါတယ်။ အစကတော့ အင်တာနက်ကနေ ရှာရှာဖွေဖွေနဲ့ ဟိုလိုလေးရေးရင် ကောင်းမလား၊ ဒီလိုလေး ရေးရင် ကောင်းမလားလို့ စဉ်းစားရတာမျိုး ရှိပါတယ်။

ကုမ္မဏီတစ်ခုကို အသားလွတ်သွားလျှောက်ဖို့အတွက် ကိုယ့် CV က ရှေ့ ပြေး တပ်သား ဆိုတာ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ CV မှာ အရေးအကြီးတဲ့ အချက်အချို့  က အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ အမည် – ဒါကတော့ မေးနေစရာတောင် မလိုပါဘူး။ အမည်မပါတဲ့ ဆီဗီဆို CV လို့တောင် မခေါ်ပါဘူး။

၂။ အဖ အမည် – ဘာရယ်လို့တော့ မဟုတ်ဘူး။ CV မှာ အဖ အမည်ကတော့ ထည့်ထည့်ရေးတာ ဟိုးအရင် ကတည်းက နိုင်ငံတကာ စံညွန်း ဖြစ်ပါတယ်။ အမိ အမည်တောင် အချို့  CV မှာ ထည့်ပေမယ့် အချို့  CV မှာကျ မလိုအပ်ပါဘူး။

၃။ မွေးသက္ကရာဇ် – အသက်ကလည်း အရေးကြီးပါတယ်။ အသက်ဖြည့်မထားပဲ လျှောက်လို့မရတာလည်း လူတိုင်းသိပါတယ်။ အသက် အရွယ်ကြည့်ပြီးတော့လည်း အလုပ်ခန့်ပါတယ်။

၎။ မှတ်ပုံတင် နံပါတ် – မှတ်ပုံတင်နံပါတ်၊ယာဉ်မောင်းလိုင်စင်၊ ပတ်စ်ပို့ နံပါတ် အစရှိသဖြင့် ရှိရင် ရှိသလို ထည့်ပေးတာ အကောင်းဆုံး ပါပဲ။

၅။ ကိုးကွယ်သည့် ဘာသာ – ဒါကလည်း လိုအပ်ပါတယ်။ သိပ်အများကြီးရှင်းပြနေစရာလိုမယ် မထင်ပါဘူး။

၆။ အိမ်ထောင်ရှိမရှိ – ဒါကလည်း လိုအပ်ပါတယ်။ ဥပမာ – မိသားစု ကြောင့် အလုပ်အပေါ် ဂရုစိုက်နိုင်မှု ရှိမရှိကို သိချင်တာမျိုး ဖြစ်ပါတယ်။

၇။ ပညာအရည်အချင်း – ပညာအရည်အချင်း ဘယ်လောက်ရှိလဲဆိုတာကို ကြည့်ပြီးမှ အလုပ်တစ်ခုက သင့်တော်မတော် ရွေးချယ်တာ ဖြစ်ပါတယ်။

ဒီနေရာက အရေးကြီးဆုံးလို့ဆိုလဲ မမှားပါဘူး။ ကိုယ်လုပ်မယ့် အလုပ်နဲ့ အဆင့်မှီတဲ့ ပညာအရည်အချင်း ရှိမရှိကြည့်ကြတာ မို့ ဖြစ်ပါတယ်။
ဘာသာစကား ကျွမ်းကျင်မှုက ပညာအရည်အချင်းခေါင်းစဉ် ထဲမှာပါပါတယ်။ ဒီမှာလည်း ကိုယ်တတ်ကျွမ်းတဲ့ ဘာသာစကား၊ စာပေကို လျှောက်တဲ့အလုပ်နဲ့ ဆီလျော်သလို ဖြည့်ပေးဖို့လိုအပ်ပါတယ်။
Good, Fair, Very Good တိုလို သတ်မှတ်ရတာမျိုးလည်း ရှိပါတယ်။

နောက်တစ်ခုက Typing skill။ ဒါကတော့ နည်းပါတယ်။ Typing speed ဖြည့်ရတာက စာစီစာရိုက်များများ လုပ်ရတဲ့ အလုပ်တွေမှာကျ ထည့်ခိုင်းတတ်ပါတယ်။ မလိုအပ်ရင်တော့ တကူးတက ထည့်စရာမလိုပါဘူး။

၈။ အလုပ်အကိုင် အတွေ့အကြုံ – အရင်က လုပ်ခဲ့တာတွေကို စလုပ်တဲ့အချိန်ကနေ ပြီးတဲ့ အချိန်အထိကို ထည့်ရေးရမှာ ဖြစ်ပါတယ်။
ယခင် အလုပ်မှ လစာ – အဲဒါကို အလုပ်အကိုင်အတွေ့အကြုံမှာ ကိုယ်လုပ်ခဲ့တဲ့ ကုမ္မဏီတိုင်းရဲ့  ဘေးမှာ ဖြစ်ဖြစ်၊ အောက်မှာ ဖြစ်ဖြစ် ဇယားနဲ့သော်လည်းကောင်း ထည့်ထားတာ အကောင်းဆုံးပါပဲ။

၉။ ထွက်ရသည့် အကြောင်းအရင်း – ဒါကလည်း လိုအပ်ပါသေးတယ်။ ကုမ္မဏီတိုင်းက အရင်အလုပ်ကနေ ဘာလို့ထွက်လဲ ဆိုတာကို စိတ်ဝင်စားပါတယ်။ Reason of leaving ကိုလည်း ဖြည့်ဖို့လိုအပ်ပါတယ်။

၁၀။ ကျွမ်းကျင်သော အလုပ် – Job Interested (စိတ်ပါဝင်စာ:သော အလုပ်) လို့လည်း ခေါ်ပါတယ်။ ဒီမှာကျ ကိုယ် ဘာတွေလုပ်နိုင်တယ်။ ဘယ်လိုလုပ်နိုင်တယ်ဆိုတာကို အတိုဆုံး၊ အလွယ်ဆို ဝါကျနဲ့ရေးဖို့ လိုအပ်ပါတယ်။

၁၁။ လျှောက်ထားလိုသော ရာထူး – အချို့ က ကိုယ့်ကိုယ်ကို ဘယ် Position လျှောက်လို့လျှောက်မှန်း မသိကြပါဘူး။ သင့်လျော်ရာ အလုပ်ဆိုပြီး ရေးတဲ့သူတွေတောင် ရှိပါသေးတယ်။ ဒီမှာတင် ကိုယ့်ရဲ့  Impression က ကျသွားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကို တစ်ခုခုရွေးပြီး အသေအချာ လျှောက်သင့်ပါတယ်။

၁၂။ မျော်မှန်းလစာ – ကိုယ် လစာဘယ်လောက် လိုချင်တာကိုလည်း ထည့်ကိုထည့်ရမယ့် အရာ ဖြစ်ပါတယ်။ ဒီမှာရေးလိုက်တဲ့ လစာကလည်း ကိုယ့်ရဲ့  တန်ဖိုးပါပဲ။ အားနာလို့ လစာလျော့ရေးလိုက်တာမျိုး၊ အလုပ်မရမှာစိုးလို့ လစာ လျော့ရေးလိုက်တာမျိုးကမှားယွင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လစာ ဘယ်လောက်ရသင့်တယ်ဆိုတာ ပတ်ဝန်းကျင်မှာ သေချာလေ့လာပြီး ကိုယ့်အရည်အချင်းနဲ့ဆို ရသင့်တယ်လို့ ယူဆတဲ့ ပမာဏလေး ထည့်ရေးဖို့လိုအပ်ပါတယ်။ ဒီမှာလည်း များများလိုချင်လို့ ပိုရေးလိုက်တယ်ဆိုရင်လည်း မရနိုင်တော့ပါဘူး။

၁၃။ လုပ်ကိုင်ပေးနိုင်သည့် အတိုင်းအတာ –  ဒီထဲမှာ ပါဝင်တာတွေကတော့ ဝန်ခံချက်များ ဖြစ်ပါတယ်။ ဥပမာ- နယ်ဝေးခရီးသွားနိုင်မသွားနိုင်တို့၊ ပင်လယ်ရေခြားမြေခြားသွားနိုင်မသွားနိုင်တို့၊ အိုဗာတိုင်း ဆင်းနိုင်မဆင်း နိုင်တို့ ဖြစ်ပါတယ်။ ဒါကိုလည်းသေချာ ဇယားနဲ့လုပ်လို့ Yes နဲ့ No သုံးရုံပဲ ဖြစ်ပါတယ်။

၁၄။ ဝါသနာ – ( Persoanal Interset) လို့ရေးတာ အကောင်းဆုံးပါပဲ။ ဒီမှာကျ တကယ်ပဲ ကိုယ်ဝါသနာ ပါတာ ပွင့်ပွင့်လင်းလင်း ရေးလို့ ရပါတယ်။ ဥပမာ – ရေကူး၊ ဘောလုံးကန်၊ ရုပ်ရှင်ကြည့် အစရှိသဖြင့်ပေါ့။

၁၅။ ဆက်သွယ်ရန် – ကိုယ့်ကို ဆက်သွယ်ဖို့ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ် အစရှိသဖြင့် စုံစုံလင်လင် ထည့်ဖို့လိုအပ်ပါတယ်။ ဒါကို သေချာ ထည့်မှလည်း ကိုယ့်ကို ပြန်ပြီးဆက်သွယ်နိုင်မှာမို့ ဖြစ်ပါတယ်။

၁၆။ ဓာတ်ပုံ – အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ CV တစ်ခုမှာ အရေးကြီးတာ တစ်ခုကလည်း ဓာတ်ပုံပါပဲ။ အရင် နှစ်က ရိုက်ထားတဲ့ ပုံလေးက လှလို့ ဒါလေးပဲ ထည့်လိုက်မယ် ဆိုတာမျိုးမလုပ်ရပါဘူး။ ၃ လအတောအတွင်းဆိုရင် သုံးလို့အဆင်ပြေပါနိုင်ပါတယ်။ အကောင်းဆုံး ကတော့ တစ်ပတ်အတွင်းပါပဲ။ အချို့ ဆို နက်ဖန်လျှောက်ဖို့အတွက် ဒီနေ့ ဓာတ်ပုံပြေးရိုက်တာမျိုးလုပ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။

အထက်ပါ ဖော်ပြပါ အချက်များက အကြမ်းဖျင်းပါပဲ။ တကယ် CV ဖြည့်တော့မယ်ဆိုရင် မပါမဖြစ်ပါရမယ့် ဟာမို့ ဖြစ်ပါတယ်။ ပြီးတော့ CV ကို အင်္ဂလိပ်လို ရေးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီတော့ CV ရေးတော့မယ် ဆိုတော့ ကိုယ်က မသိရင် လေ့လာတာက အကောင်းဆုံးပါပဲ။ အင်္ဂလိပ်စာ အသုံးအနှုန်းတွေ ပြန်လေ့လာဖို့ ဖြစ်ပါတယ်။
Google Search မှာ Standard CV Form Download လို့ စာရိုက်ပြီး ကိုယ်စိတ်ကြိုက် တွေ့ရာ ရှာဖွေနိုင်ပါတယ်။ အဲ့ထဲမှာမှ ကိုယ့်နဲ့အသင့်တော်ဆုံးလို့ ထင်တဲ့ဟာကို ရွေးပြီး download ဆွဲလို့ ရေးသားဖြည့်ဆွက် နိုင်ပါတယ်။ အများကြီးလည်း မလိုအပ်ပါဘူး။

Simple CV လို့ရိုက်ရှာပြီးလည်း ဖြည့်နိုင်ပါတယ်။ သို့တည်းမဟုတ် ကိုယ်က Excel တတ်ထားတယ် ဆိုရင် Excel ဖိုင်တစ်ခုဖွင့်လို့ ကိုယ့် ဆီဗီ ကိုယ်အဆင်ပြေသလို ဖြည့်ဆွက်တာလည်း အကောင်းဆုံးပါပဲ။
Excel မဟုတ်ပဲ Office Word မှာလည်း ဇယားကွက်ချလို့ လုပ်လို့လည်းရပါတယ်။
ဒီမှာ အများကြီးခေါင်းစားစရာမလိုပါဘူး။ ကုမ္မဏီတော်တော်များများက ကိုယ်ပိုင် CV Format ရှိပါတယ်။ ကိုယ်တင်လိုက်ပြီး နောက်တစ် ခေါက် ကတော့ ထည့်ဖြည့်ရအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်တင်လိုက်မယ့် ရှေ့ ပြေးဆီဗီက အထက်ပါ ပြထားတဲ့ အချက်လေးတွေနဲ့ ဆိုရင်တောင် လုံလောက်ပါတယ်။

ကိုယ့်ကို Recommend ဘယ်သူပေးတာ လည်းဆိုတာ ကိုလည်း လိုအပ်မယ်ထင်ရင် ထည့်ရေးနိုင်ပါတယ်။ Signature (လက်မှတ်)ကိုလည်း CV အပိတ်မှာထိုးနိုင်ပါတယ်။ ဒီတော့ အများကြီး အတွေးရှုပ်နေစရာ မလိုပါဘူး။
အထက်ပါ အရေးကြီး အချက်အလက်ပါတဲ့ ဖောင်ကို အရှင်းလင်းဆုံး ပြုလုပ် သို့မဟုတ် download ဆွဲပြီး လုပ်မယ်။ အင်္ဂလိပ်စာမှန်မှန်နဲ့ သေချာဖြည့်ဆွက် မယ်ဆိုရင် လုံလောက်ပါပြီ။ ဒါဆိုရင် သင့်လျော်ပါပြီ။

ရိုးရိုးနဲ့ ရှင်းရှင်းပြောရရင် လုပ်ငန်းရှင်တွေ CV တစ်ခုကို ကြည့်မယ်ဆိုရင် အဓိကထားမှာက ပညာအရည်အချင်း၊ အသက်၊ အရင်လုပ်ခဲ့တဲ့ ကုမ္မဏီ၊ မျှော်မှန်းလစာ တို့လောက်ပါပဲ။ သို့ပေမယ့် ပြည့်ပြည့်စုံစုံရေးပို့ရမှာကတော့ ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။ ဒီလောက်ဆို ကိုယ်နိုင်အဆင်ပြေမယ့် အလုပ်လျှောက်လွှာရေးနိုင်ပြီလို့ မျှော်လင့်ပါတယ်။

Credit: Myawady News’s

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကဲ။
ဒီလောက်ဆို အင်တာဗျူးသွားမယ်ဆိုရင် သိရမဲ့ ပြင်ဆင်ရမဲ့ အကြောင်းတွေ စုံပြီထင်ပါရဲ့။
ကံကောင်းကြပါစေ။

:hee:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120