ကျနော့ မန္တလေး စားညွှန် က ဒီမှာ    http://myanmargazette.net/152798/health-fitness/food-drink
ခုရေးမှာက ပုံစံနောက်တစ်မျိုးနဲ့။
ကျနော်ရေးမှာ ဟုတ်ဘူး။ မောင်လေးတစ်ယောက် သူ့ ဖဘမှာ ရေးထားတာကို ရှယ်မှာပါ။
ကျနော့ မောင်လေး အရင်းနဲ့လည်း သူငယ်ချင်း၊
ပြီးတော့ ကျနော် ၅ တန်းလောက်ကတည်းက ၂ မိသားစု အတော်ခင်ကြတာမို့ ကျနော့ မောင်လေး အရင်းဆိုလည်း မမှားပါဘူး။
စာဖတ်အား သိပ်ကောင်းတာမို့ တွေ့ရင် ရေပက်မဝင်အောင် စကားပြောဖြစ်တဲ့ သူငယ်ချင်းလည်း ဖြစ်သေးရဲ့။ အတွေးက လည်း တူတူပဲ။

ဇရာ အကြောင်းတုန်းကလည်း အတွေးတူလွန်းလို့ ၂ ယောက်လုံး အံ့ဩရတာရယ်။
ခုလည်း ကျနော် ရေးဖူးမှန်းမသိပဲနဲ့ သူ့ သူငယ်ချင်းတွေဖို့ ဆိုပြီး ဆေးရုံ အလုပ် မအားတဲ့ ကြားက ရေးထားတာကို မ လာတာပါ။ ခွင့်တောင်းပြီးပါပြီ။
သူရေးထားတာ ကျနော့ထက် အသေးစိတ်ပြီး ပို နှံ့စပ်လို့ မန်းလေးသွားမဲ့ လူတွေ အတွက် ပို အစဉ်ပြေမလားလို့ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မန္တလေးမြို့ကအစားအသောက်တွေ

နိုင်ငံခြားကိုရောက်နေတဲ့ မန္တလေးက သူငယ်ချင်းတစ်ယောက်က သူပြန်လာရင် သွားစားချင်တာတွေကို ပြောပြရင်းက ရေးမိသွားတဲ့ စာလေးပါ။ ကျနော်လိုနေတာရှိရင်လဲ ဖြည့်ပေးကြပါဦး။

မန္တလေးကို ရန်ကုန်ကသူငယ်ချင်းတွေ ရောက်လာတာနဲ့ အရင်ဆုံးစားချင်တာကတော့ မန္တလေးမုန့်တီ ပါပဲ။ သူတို့အခေါ်တော့ နန်းကြီးသုတ်ပေါ့။ ကျနော်သွားစားနေကျဆိုင်ကတော့ ၄၁လမ်း ၈၃ × ၈၄ ကြားက ဒေါ်သန်းမြ မုန့်တီပါ။ ၂၀၀၀ပြည့်နှစ် မန္တလေးမုန့်တီပြိုင်ပွဲလုပ်တော့ ပထမရခဲ့တဲ့ဆိုင်ပါ။ မုန့်တီနဲ့တွဲစားစရာ ကြက်သွန်ချဉ်၊ ပဲပင်နဲ့ခါကျက်ဥချဉ်၊ မုန့်ကြွပ်ကြော်၊ အကြော်စုံတို့ ချပေးပါတယ်။
မလွန်ထဲက စိုးစိုးမုန့်တီကတော့ ရန်ကုန်ကလူတွေ အစားများပါတယ်။ ပဲမှုန့်များများကြိုက်တတ်တဲ့ မန္တလေးသားအဖို့တော့ အရသာနဲနဲပေါ့ပါတယ်။
မြစ်ငယ်တံတားထိပ်က မငြိမ်းရ်ီမုန့်တီဆိုင်ကအရသာကျတော့ တစ်မျိုးလေးကောင်းပါတယ်။ သူက မုန့်တီထဲထည့်တဲ့ ဘဲဥပြုတ်ကို သူများတွေလို ပြုတ်ပီးထည့်တာမဟုတ်ဘူးဗျ။ ပြုတ်ပီးသားကို ပြန်ကြော်ပီးမှ ထည့်တော့ တစ်မျိုးလေးထူးတာပေါ့။ အရင်ဗိုလ်ချုပ်မှုးကြီးတုံးက မန္တလေးကို လာလည်ရင် မနက်စာအဖြစ် ဒီမုန့်တီကိုစားတတ်တယ်လို့ ကြားဖူးပါတယ်။ ဆီနီ ဆီဝါတွေနဲ့ တောမုန့်တီအရသာမျိုးပါ။
ဆိုင်မှာပြင်တဲ့ မုန့်တီအရသာတွေကို မကြိုက်ဘူး။ အိမ်မှာပြင်စားတဲ့ အရသာမျိုးစားချင်ရင်တော့ ၂၇လမ်း ၆၂ ၆၃ ကြားက မုန့်တီဆိုင်လေးကတော့ အိမ်ပြင်အရသာလေးပါ။ တစ်ပွဲမှ ငါးရာပါပဲ။ ကိုယ့်အိမ်မှာ အမေလုပ်ကျွေးတဲ့ အရသာမျိုးကို ရစေပါတယ်။

မြီးရှည် စားချင်တဲ့သူတွေအတွက် နာမည်ကြီးမြီးရှည်ကတော့ ၁၆လမ်း ၈၂ ၈၃ ကြားမှာရှိတဲ့ အောင်မြင့်လွင်မြီးရှည်ပါ။ မြီးရှည်ကို ၀က်သားနဲ့အပြင် ၀က်မြီး ၀က်အူ ၀က်နှလုံး ၀က်လျှာ စတာတွေနဲ့ပါရနိုင်ပါတယ်။ ၀က်သားကြိုက်သူတွေအတွက် အဲဆိုင်က ၀က်မြီးသုပ်က နာမည်ကြီးပါ။ ဟင်းရည်ကိုလဲ ချဉ်ဆီရိုး နံရိုးတွေနဲ့ ရနိုင်ပါတယ်။ တစ်ခုထူးခြားတာက ဒညင်းသီးပေါ်ချိန်ဆို မြီးရှည်ထဲကို ဒညင်းသီးပါ ထည့်စားနိုင်ပါတယ်။ ဘယ်လိုကြီးလဲလို့တော့ မတွေးလိုက်ပါနဲ့။ တကယ်ကို စားလို့ကောင်းပါတယ်။
ဗထူးကွင်းနားက မြီးရှည်ကတော့ မန္တလေးသားတော်တော်များများစားဖူးမှာပါ။
မနက်ပိုင်းဆိုရင်တော့ ၂၇လမ်း ၇၇ ၇၆ ကြားကဆိုင်လေးကတော့ တော်တော်ကောင်းပါတယ်။
ညပိုင်းမြီးရှည်စားချင်သူတွေကတော့ ၃၂ လမ်း ၈၄ လမ်းဒေါင့်က အောင်သိန်းခေါက်ဆွဲဆိုင်က ကောင်းပါတယ်။ သူက ညနေပိုင်းကျမှ ရတာပါ။ နေ့လည်ဆိုရင်တော့ ဘီလူးမ ညောင်ပင်နားက အိမ်မှာရောင်းပါတယ်။ အဲဆိုင်မှာ မြီးရှည်အပြင် ဆန်ပြားသုပ်၊ မန္တလေးထမင်းပေါင်း၊ ဆီချက်တွေပါ ရနိုင်ပါတယ်။ ထမင်းပေါင်းက တခြားမန္တလေးထမင်းပေါင်းတွေလို ငြုပ်ဆီတွေ ဆီတွေနဲ့နယ်တာမဟုတ်ဘဲ ၀က်စတူးရည်လေးနဲ့ဆိုတော့ အရသာပိုကောင်းပါတယ်။
အဲလိုထမင်းပေါင်းဆိုင် တစ်ဆိုင်က ၈၅ လမ်း ၃၄ ၃၅ ကြားမှာလဲ ရနိုင်ပါတယ်။

ရေခဲမုန့် ကောင်းကောင်းစားချင်ရင်တော့ ၀င်းလိုက်ရုံရှေ့က D&G မှာရပါတယ်။ အဲဆိုင်က ရေခဲမုန့်တွေက နို့နဲ့အသီးအစစ်တွေနဲ့ပဲ လုပ်ထားတာပါ။ စတော်ဘယ်ရီပေါ်ချိန်ဆိုရင်တော့ စတော်ဘယ်သီးအစစ်တွေ ပါတဲ့ ရေခဲမုန့်ကို ကျနော်တခါစားရင် နှစ်ပွဲပဲ။ ကျနော့်အဖွားကတော့ ဒူးရင်းသီးတွေ အဖတ်လိုက်ပါတဲ့ ဒူးရင်းသီးရေခဲမုန့်ကို အရမ်းကြိုက်ပါတယ်။ ငှက်ပျောသီး ထောပတ်သီး ပင်မှည့် စတဲ့ အရသာတွေနဲ့လဲ ရနိုင်ပါတယ်။
စတော်ဘယ်ရီပေါ်ချိန် စတော်ဘယ်ရီဖျော်ရည်ကောင်းကောင်းသောက်ချင်ရင်တော့ ၆၈လမ်း ဘုံကျောင်းနားက Breeze မှာ ကောင်းပါတယ်။ အတွဲတော်တော်များများ ထိုင်တတ်ပါတယ်။ ကောက်ညှင်းပေါင်းနဲ့ အကြော်လဲ ရပါတယ်။ မတ်ပဲကြော်က အကောင်းဆုံးပါ။ ငှက်ပျောသီးအနံ့လေး မွှေးနေတာပဲ။
ရှုပ်ရှက်ခတ်နေတဲ့ လမ်း၈၀ပေါ်က လူတွေကိုငေးရင်းနဲ့ အအေးသောက်ချင်ရင်တော့ ဖာသာလဖုန်းကျောင်းရှေ့က ဖောင်တော်သီက ကောင်းပါတယ်။ အအေးသောက်ရင်နဲ့ ဆန်ပြားချပ်ထဲကို ကြက်သားညှပ်ထားတာကို ခရမ်းချဉ်သီးမြေပဲထောင်း အချဉ်နဲ့ စားနိုင်ပါတယ်။ ဥပုသ်နေ့ဆို Fish Cake ပါရနိုင်ပါတယ်။
၃၄လမ်း ၈၃လမ်းဒေါင့်က အအေးဆိုင်ကလဲ ညပိုင်းထိုင်လို့ အရမ်းကောင်းပါတယ်။ အဲဆိုင်က ရွှေရင်အေးကတော့ အကောင်းဆုံးပါပဲ။
၂၁လမ်း ၈၀ ၈၁ ကြားက ကိုစိုးမိုး အအေးဆိုင်ကလဲ ညပိုင်းဆို လူစည်ပါတယ်။
ထိုင်ဝမ်အအေးမျိုးစုံဆိုရင်တော့ ၇၄လမ်း ၃၅လမ်းဒေါင့်က Easy Way နဲ့ Diamond Plaza ပေါ်က Formosa မှာ စုံစုံလင်လင် ရပါတယ်။ Formosa မှာ နာမည်ကြီးစားစရာ တစ်မျိုးကတော့ Baked Rice ပါ။ ထမင်းကို ချိစ် မရောနိစ် အသာစုံ အသီးရွက်စုံနဲ့ နယ်ပီးတော့ oven ထဲမှာ ဖုတ်ထားတာပါ။ ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိပါတယ်။

ဒိန်ချဉ် နို့အေး စတာတွေ သောက်ချင်ရင်တော့ ညဈေးထဲက ရွှေသတ္တိနို့ပါတီဆိုင်နဲ့ ၈၂ လမ်း ၁၄×၁၅လမ်းကြားက ရွှေအိုးဒိန်ချဉ်ဆိုင်နဲ့ ၃၄လမ်း ၇၃×၇၄ကြားက ရွှေအိုးဒိန်ချဉ်ဆိုင်ပါ။ ဒိန်ချဉ်ကို အသီးမျိုးစုံနဲ့ပါ ရနိုင်ပါတယ်။
အရင်ကတည်းက ဒိန်ချဉ်တစ်မျိုးထဲပဲရောင်းတဲ့ဆိုင်ကတော့ ၈၃လမ်း ၂၂ ၂၃ ကြားပလက်ဖောင်းပေါ်က ဆိုင်ပါ။ နေ့လည်တစ်ချိန်ထဲပဲ ရနိုင်ပါတယ်။
ကူဖီးလ်မလိုင်၊ ဒူးမလိုင် သောက်မယ်ဆိုရင်တော့ ၂၆လမ်း ၈၃ ၈၄ ကြားက အဇစ်ဆိုတဲ့ဆိုင်က နာမည်ကြီးပါတယ်။
ပင်ဖိန်းဆိုတဲ့ တရုတ်ကျောက်ကျောတစ်မျိုးကို သကြားရည်ဆမ်း နှမ်းထောင်းဖြူးပီးသောက်လိုက်ရရင် အခုလို နွေရာသီမှာ ရင်ထဲကို အေးသွားတာပါ။ ၃၃လမ်း ၇၃ ၇၄ ကြားကဆိုင်မှာ ရနိုင်ပါတယ်။ ဆန်ပြားသုပ်လဲ နာမည်ကြီးပါတယ်။ ဆန်ချိုအေးဆိုတဲ့ ဆန်ကို အချဉ်ဖောက်ထားတဲ့ အအေးတမျိုးလဲ ရနိုင်ပါတယ်။
စိန်ပန်းထဲကနေ မြို့ထဲကို လာလာရောင်းတဲ့ မန်ကျည်းဖျော်ရည်သည်ကတော့ စစ်ကိုင်းအိုးတွေမှာ ကက္ကိုလ်ရွက်တွေအုပ် ရေတွေဖျန်းပီးတော့ သဘာဝ အအေးဓါတ်နဲ့မို့လို့ အရသာအရမ်းရှိပါတယ်။
အအီအဆိမ့်ကြိုက်တဲ့သူတွေအဖို့တော့ ၈၃လမ်း ၂၅ ၂၆ ကြား နိုင်လွန်အအေးဆိုင်က နတ်သုဒ္မါကို အရသာတွေ့မှာ အမှန်ပါ။

မန္တလေးအစားအစာတွေဖြစ်တဲ့ ထိုးမုန့် ကောင်းကောင်း စားချင်ရင်တော့ မန္တလေးသားစစ်စစ်တွေက ရွှေနှင်းဆီထိုးမုန့်လို့ပဲ ညွှန်းကြလိမ့်မယ်။ ရေကုန်အောင်ထိုးထားတာမို့ နူးညံ့ပီး လက်နဲ့ဆွဲလိုက်တာနဲ့ ပြတ်ပီးပါလာပါတယ်။ ထိုးမုန့်ကောင်းတွေရဲ့ အင်္ဂါရပ်ပေါ့။ ရှေးကတည်းကနေ အခုချိန်ထိ ပါကင်ဘူးကလဲ မပြောင်းလဲသေးတော့ အမြင်ကတော့ မလှပါဘူး။ စားကြည့်လိုက်ပါ။ ဘယ်ထိုးမုန့်နဲ့မှ အရသာမတူတာ သိပါလိမ့်မယ်။

ပဲလမုန့် အကောင်းဆုံးကတော့ ဝေဝေချိုကပဲအမဲလမုန့်က အကောင်းဆုံးပါ။

ဂျယ်လီပူတင်း ငှက်ပျောပူတင်း အကောင်းဆုံးကတော့ မြင့်မြင့်ခင်ပါ။ အဲဆိုင်က စိန်ဖေကြီးဆိုတဲ့ ကောက်ညှင်းကို အုန်းနို့နဲ့လုပ်ထားတဲ့ မုန့်ကလဲ စားလို့ကောင်းပါတယ်။

ကရေကရာဆိုရင်တော့ ၇၈လမ်းပေါ်က ဒေါ်ညိုမလိုင်ကရေကရာကတော့ အကောင်းဆုံးပါ။ ဆန်မှုန့်ကအစ သန့်ပီးဖွေးနေတာပါ။

 

လက်ဘက် ဆိုရင်တော့ ဗေဒါရွှေကြာကပဲ စားပါတယ်။ အညွန့်နှပ်တို့ ချဉ်စပ်တို့ကတော့ အထူးပြောစရာမလိုတော့ပါဘူး။ ဂျင်းသုပ်ကြိုက်တဲ့သူတွေအတွက်တော့ ဂျပန်ဂျင်းနုသုပ်ကတော့ အကြိုက်တွေ့မှာ အသေအချာပါ။ နောက်ပီးလက်ဘက်ကို စောင်းလျားသီး မရမ်းသီးတို့နဲ့ နှပ်ထားတာလဲ ရနိုင်ပါတယ်။ ကျနော်အကြိုက်ဆုံးကတော့ လက်ဘက်ကို တခြားအချဉ်အစပ် တစ်ခုမှမထည့်ဘဲ မြန်မာကြက်သွန်ဖြူကြော် နှမ်းလှော်တို့နဲ့ နှပ်ထားတဲ့ ရိုးရာနှပ်ပါ။ လက်ဘက်ရဲ့ သဘာဝအရသာစစ်စစ်ကို ခံစားနိုင်ပါတယ်။

 

သဘာဝဇီးယိုဇီးပေါင်း တွေဆိုရင်တော့ မစီမာဇီးပေါင်းပေါ့။ မန္တလေးက ကျောင်းသူကျောင်းသားတွေ အသည်းစွဲ မစီမာက အခုထိ ဇီးပေါင်းရောင်းနေတုံးပါ။ အမှတ်(၈)ကျောင်းရှေ့မှာ အရင်တုံးကအတိုင်းပဲ သတင်းစာစက္ကူနဲ့ ထုပ်လို့ပေါ့။ တစ်ခုတော့ရှိတယ်။ တခြားတာရှည်ခံပစ္စည်းတွေ မသုံးထားတော့ ရက်ကြာကြာတော့ အထားမခံဘူး။

ကြက်ဥခေါက်မုန့် စားချင်ရင်တော့ မစီမာဇီးပေါင်းဆိုင်နားမှာ ရနိုင်သလို ၃၂လမ်း ၇၇ ၇၈ကြားက မင်းသီဟမှာလဲ ရနိုင်ပါတယ်။ မင်းသီဟက ခေါက်မုန့်က ခေတ်မီသွားပီ။ စတော်ဘယ်ရီယို လိမ္မော်ယိုနဲ့အပြင် ချိစ်တို့မရောနိစစ်တို့နဲ့ပါ ရနေပီ။ အဲဆိုင်မှာ နေ့လည်ပိုင်းဆို တောင်ကြီးဟင်းထုပ်၊ အုန်းပေါင်းငှက်ပျောကြော်တွေပါ ရနိုင်ပါတယ်။

နေ့လည်စာကို မြန်မာထမင်း ကောင်းကောင်းစားချင်ရင် မိန်းနားက မြောင်းဘေးက မြမဉ္ဇူပါ။ ဆိုင်ကလေးက စုတ်စုတ်မို့ အထင်မသေးပါနဲ့။ ဈေးနှုန်းရော အရသာပါ လက်ဖျားခါသွားမယ်။ မျှစ်ချဉ်ကိုကျအောင် တည်ထားပီး ဟင်းရွက်စုံနဲ့ ချဉ်ရည်ချက်ထားတာများ တခါစားဖူးတာနဲ့ စွဲသွားမယ်။ အိမ်ကလေးထဲမှာ စားပွဲဝိုင်းလေးနဲ့ စားရတော့ ကျနော်တို့လို ရွာသားတွေအတွက် အိမ်ကိုသတိရစရာပေါ့။ ချက်ပီးသားဟင်းတွေကိုလဲ ဒန်အိုးလေးတွေနဲ့ အစီအရီထည့်ထားတာက ကျေးလက်အိမ်လေးတွေကို သတိရစရာပါ။

နောက်ပီး ၂၇လမ်း ၇၄ ၇၅ကြားက တူးတူးမြန်မာထမင်းဆိုင်က စားလို့ကောင်းပါတယ်။ ဝက်သားနဲ့အမဲသားမရတော့ ကျနော့်အတွက်တော့ နဲနဲရွေးရခက်တယ်။

ဝက်သားကို သရက်သီးခြောက်၊ မရန်းသီးခြောက်၊ သစ်တိုသီးခြောက်၊ ငါးခူငါးပိတို့နဲ့ချက်ထားတဲ့ ဝက်သားဟင်းလေးစားချင်ရင်တော့ ၈၂လမ်း ၃၀ ၃၁ကြားက အေးမေတ္တာထမင်းဆိုင်မှာ ရနိုင်ပါတယ်။

ဆိတ်ရိုးနဲ့ကုလားပဲဟင်းကို စားချင်ရင်တော့ ၇၃လမ်း ၂၇ ၂၈ကြားက ဒေါ်လေးမေ မြန်မာထမင်းဆိုင်ကို ညွှန်းချင်ပါတယ်။

အသားဟင်း၂မျိုး ဟင်းရံ၃မျိုး တခါပြင် ၁၀၀၀ နဲ့စားချင်ရင်တော့ ၃၃ လမ်း ၇၂ ၇၃ ကြားကိုသာ ပြေးလိုက်ပါ။ အဲမှာ တစ်တန်းကြီးပဲ။ ဆိုင်တိုင်းမှာလဲ ကျောင်းသားတွေနဲ့ ပြည့်နေတာ။ အဲထဲမှာမှ ကျနော်အကြိုက်ဆုံးဆိုင်က စိန်ဖူးဝါ။ ရွေးချယ်စရာ ဟင်းသိပ်များများစားစား မရှိပေမယ့် ဟင်းတွေ အကုန်က အရသာကောင်းတဲ့အပြင် အိမ်မှာချက်တဲ့ အရသာနဲ့ တူလို့ပါ။

မိန်းထဲက ပုံစားဆိုင်တွေထဲမှာ ကျနော်အကြိုက်ဆုံးက ဒေါ်ညိုဆိုင်ပါ။ အဲဆိုင်မှာက ထမင်းအပြင် အုန်းနို့တွေပျစ်နှစ်နေတဲ့ ငှက်ပျောပေါင်းနဲ့ သာခွေယိုင်ကလဲ ကျနော့်အကြိုက်တွေထဲက တစ်ခုပါ။

 

ညနေခင်း နေအေးအေးလေးမှာ အီကြာကွေး ကြွပ်ကြွပ်လေးနဲ့ မလိုင်ပျစ်ပျစ်လေး စားချင်ရင်တော့ ရှမ်းညဈေးထဲက အီကြာကွေး ပုတိုလေးတွေက စားလို့အရမ်းကောင်းပါတယ်။ မိန်းထဲက ရွှေရွက်လှမှာလဲ မော်ဒယ်အီကြာကွေးနဲ့မလိုင် ရနိုင်ပါသေးတယ်။ ကျနော့်အမေ တက္ကသိုလ်တက်ကတည်းက ရောင်းနေတဲ့ အီကြာကွေးနဲ့မလိုင်ဆိုင်ကလဲ ၃၅လမ်းကုံးကျော်အောက်မှာ ခုချိန်ထိ ရောင်းနေပါသေးတယ်။

၈၂လမ်း ၃၆လမ်းဒေါင့်က လက်ဘက်ရည်ဆိုင်မှာလဲ မနက်ပိုင်း အီကြာကွေးနဲ့မလိုင် တော်တော်ကောင်းပါတယ်။

 

သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စားချင်ရင်တော့ ခိုင်လီကြက်ချဉ်စပ် ကို သတိရပါတယ်။ ကြက်သားကို မာလာအနှစ်နဲ့ နှပ်ထားပီး စားတော့မယ်ဆိုမှ ကြက်ပြုတ်ရည်ထည့် စားချင်တဲ့ အသီးအရွက်တွေပါ ထည့်ပြုတ်ပီး သူငယ်ချင်းတွေနဲ့ စားကြတာပျော်စရာပါ။

အဲလိုပျော်ပျော်ပါးပါး စားစရာနောက်တစ်ခုကတော့ ၂၈လမ်း ၇၂ ၇၃ ကြားထဲက မိုဂိုဖိုင်း မာလာမွှေးအိုး ဆိုတာပါပဲ။ အသီးအရွက်သားငါးတွေကို မာလာဆီနဲ့နယ်ထားပေးတာပါ။ အစပ်မစားနိုင်ရင်တော့ အစပ်လျှော့ခိုင်းဖို့ မမေ့ပါနဲ့။

၃၅လမ်းပေါ်က ရွှေပင်လယ် မာလာငါးဆိုင် ကလဲ စားလို့ကောင်းပါတယ်။ ငါးကြင်းက လတ်ဆတ်လွန်းတဲ့အတွက် တော်တော်ချိုပါတယ်။ ကျနော်ကတော့ ငါးဆီဖောင်းတွေပါ ထည့်စားတယ်။ အဲဆိုင်က အာလူးချဉ်စပ်၊ ကိုက်လန်ကြော်နဲ့ ကြက်ကြော်တို့ကလဲ နာမည်ကြီးပါတယ်။

ဟော့ပေါ့ ဆိုရင်တော့ ၃၅ လမ်း ၆၁ ၆၂ ကြားက အင်ကြင်းဟော့ပေါ့က ကျနော်အကြိုက်ဆုံးပါပဲ။

အသားတွေ ငါးတွေကို တစ်လွှာချင်းထည့်ထားပီးမှ အရွက်တွေထည့်စားရတဲ့ ဟော့ပေါ့မျိုးစားချင်ရင်တော့ Hot Pot Cultureမှာ ရနိုင်ပါတယ်။ သူက တစ်ရက်တော့ ကြိုတင်အော်ဒါမှာမှ အဆင်ပြေပါတယ်။

 

မနက်စာကို ရှမ်းခေါက်ဆွဲ စားချင်တဲ့သူတွေကတော့ ရွှေမူဆယ်က အမဲလုံး ဝက်သားလုံးခေါက်ဆွဲက ကောင်းပါတယ်။

ခရမ်းချဉ်သီးနှစ်နဲ့ ခေါက်ဆွဲဆိုရင်တော့ ၇၇လမ်း ၃၄ ၃၅ ကြားက ဝေဝေက ကျနော့်အကြိုက်ပါ။

တခါတခါကျရင်လဲ ၆၃လမ်း ၂၇လမ်းဒေါင့်က ဒေါ်အေးပိုခေါက်ဆွဲကို သွားစားဖြစ်ပါတယ်။

လမ်း၈၀ ယူနန်ဘုံကျောင်းမျက်စောင်းထိုးမှာတော့ ဝက်ဦးနှောက်ခေါက်ဆွဲ ရပါတယ်။

တို့ဟူးနွေးကောင်းကတော့ လမ်း၃၁လမ်း ၈၄ ၈၅ကြားက ဒေါ်ကြူးရီဆိုင်မှာ ရနိုင်ပါတယ်။

ပဲရွက်များများနဲ့ ရှမ်းခေါက်ဆွဲသုပ်ကတော့ တမ္ပဝတီရပ်ထဲမှာ ရပါတယ်။ ကျနော်သွားပဲသွားတတ်ပီး နေရာအတိအကျတော့ မပြောတတ်ပါဘူး။ စားဖူးသမျှ ခေါက်ဆွဲထဲမှာတော့ အကြိုက်ဆုံးပါပဲ။

ညပိုင်းရှမ်းခေါက်ဆွဲစားချင်ရင်တော့

သိပ်ပီးအပင်ပန်းခံမနေပါနဲ့။ ရှမ်းညဈေးကိုသာ သွားလိုက်ပါ။

လမ်း၈၀ ပလီနားက မဒီနာ ခေါက်ဆွဲဆိုင်မှာတော့ အမဲလုံးခေါက်ဆွဲသုပ်အပြင် အမဲလုံးကင် အမဲလျှာကင်တွေပါ ရနိုင်ပါတယ်။

ပန်းသေးရှမ်းခေါက်ဆွဲကတော့ ၃၃လမ်း ၇၃ ၇၄ ကြားက ချိုချိုစုမှာ ရပါတယ်။ အဲဆိုင်က ကြက်ရိုးသုပ်ကလဲ နာမည်ကြီးပါ။ ကျနော်ကတော့ အိမ်မှာပဲဝယ်စားတယ်။ ဆိုင်မှာစားရင် အရိုးကိုက်ရတာ အိနြေ္ဒပျက်လို့။

နောက်ပီး ရတနာပုံဈေးနားက ရိုဇီပန်းသေးခေါက်ဆွဲကလဲ နာမည်ကြီးပါ။

မိုးကုတ်မြီးရှည်ဆိုရင်တော့ ၇၇လမ်း ၃၃လမ်းဒေါင့်က ဒေါ်ရှန်က နာမည်ကြီးပါတယ်။

 

မုန့်တီကို ပုံမှန်စားနေကျ ကြက်သား ငဖယ်နဲ့မဟုတ်ဘဲ အမဲအကြော အမဲအရွတ်တို့နဲ့ စားချင်ရင်တော့ ဈေးချိုဘက်ထဲက ဒေါ်တောမုန့်တီက ဆန်းပြားတဲ့အရသာတစ်ခု ရမှာပါ။

 

ဈေးချိုထဲက ထမင်းသုပ် သည်တွေက ဈေးကြီးသလို စားလို့လဲကောင်းပါတယ်။

အဲဒီထမင်းသုပ်လေးစားပီး အေးအေးအောင်ဆိုင်က အုန်းနို့မုန့်လက်ဆောင်းလေး သောက်လိုက်ရင်တော့ ဆွေမျိုးတောင် မေ့သွားမယ်ထင်ပါတယ်။

 

မုန်လာချဉ်သုပ် မှာ နာမည်ကြီးတာကတော့ ဘုရားကြီးလမ်းကြားထဲကပါပဲ။ မုန်လာချဉ်သုပ် တမျိုးထဲ သီးသန့်ရောင်းတဲ့ဆိုင်ပါ။

 

နေ့လည်၃နာရီလောက်ဆိုရင် မင်းကွန်းဘက်ကမ်းကလာတဲ့ ခိုတောင်မုန့်တီသည်တွေ ဈေးချိုတဝိုက်ကို ရောက်လာပါပီ။ မုန့်တီကို ဂေါ်ဖီထုပ်လေး ပါးပါးလှီးပီး သတ်သတ်လွတ်သုတ် ပိတ်စွယ်ဟင်းခါးလေးနဲ့ဆို အရမ်းကောင်းပေါ့ဗျာ။

လမ်းသွားရင်း ကြိတ်မုန့် လို့အော်သံကြားရင် ဝယ်သာစားလိုက်ပါ။ဆန်ကြမ်းကို မုန့်နှစ်အပြားလေးတွေလုပ် ဆီချက် နှမ်းထောင်း မြေပဲထောင်း ကြက်သွန်နီကြော်လေး ဖြူးစားရတာဟာ မန္တလေးမှာပဲ ရနိုင်တာပါ။ အဲဒီအသည်တွေမှာ ကြိတ်မုန့်အပြင် မုန့်ဦးနှောက် ကောက်ညှင်းထုပ် မုန့်ပဲဆုပ် ငှက်ပျောထုပ်တို့ပါ ရနိုင်ပါတယ်။

ကြာဇံဟင်းနဲ့ရှောက်သီးသုပ်ကတော့ ၈၂လမ်းနဲ့ ၃၂လမ်းဒေါင့်က အကောင်းဆုံးပါ။

 

မိုးကုတ်အစားအစာဖြစ်တဲ့ မှိုပေါင်း မုန်ညင်းပေါင်း တွေကတော့ ၆၈လမ်းနဲ့၃၂လမ်းဒေါင့်မှာ ရနိုင်ပါတယ်။ မုန့်လက်ကောက်ကြော်နဲ့ထန်းလျက်ရည်ကလဲ စားလို့ကောင်းပါတယ်။

အဖိုးကြီးကြော်၊ ကြက်ဥမီးကင်၊ ငါးဒုက္ခ၊ ဒွီးဒွီးဖက်ထုပ်ကြော်၊ ငါးထမင်းတို့ကိုစားချင်ရင်တော့ ရေနီမြောင်းဘေးက ဝင်းစံပါယ်မှာ ရနိုင်ပါတယ်။

ညနေခင်းအဆာပြေ ကော်ပြန့်ကြော် ဆိုရင်တော့ ၂၈လမ်းနဲ့၇၄လမ်းဒေါင့်က နေဝန်းနီမှာ စားလို့ကောင်းပါတယ်။ သတ်သတ်လွတ်ကော်ပြန့်အပြင် ငါးကော်ပြန့် ငုံးဥကော်ပြန့် ပြောင်းဖူးကော်ပြန့်နဲ့ အာလူးကော်ပြန့်တွေပါ ရနိုင်ပါတယ်။

ကော်ပြန့်စိမ်း အကောင်းဆုံး တစ်ဆိုင်ထဲကို ရွေးပါဆိုရင် ၆၈လမ်း ၂၇ ၂၈ကြား က ရိုးရာဆိုတဲ့ ဆိုင်လေးက အကောင်းဆုံးပါ။ အဲဆိုင်မှာ ကောက်ပြန့်စိမ်းအပြင် ဆူရှီမျိုးစုံပါ ရနိုင်ပါတယ်။

 

ဝက်သားတုတ်ထိုး ထဲမှာတော့ ကျနော်အထက်တန်းကျောင်းသားဘဝထဲက စားလာတဲ့ ကျောင်းဘေးက မြင့်လွင်တုတ်ထိုးက စားလို့ကောင်းပါတယ်။

နောက်ပီး၆၈လမ်း ၃၂ ၃၃ ကြားထဲက နေလတုတ်ထိုးဆိုင်ကလဲ အခုနောက်ပိုင်း နာမည်ကြီးလာပါတယ်။ ဒီဆိုင်ကတော့ ဟင်းရည်ကို ကြံမဆိုင်ဟင်းရည်ပေးပါတယ်။

မင်္ဂလာဈေးလမ်းကြားက တုတ်ထိုးသည်ကတော့ နှစ်ပေါင်းတော်တော်ကြာပါပီ။ မျက်နှာထားတင်းပီး အပေါက်ဆိုးတာတောင် စားတဲ့သူတွေများပါတယ်။ ဈေးချိုညဈေးတန်းက အန်ကယ်ကြီးတုတ်ထိုးကလဲ နာမည်ကြီးပါတယ်။ ၃၂လမ်းနဲ့၇၄လမ်းဒေါင့်က တုတ်ထိုးသည်ကလဲ ဈေးကြီးသလောက် စားလို့ကောင်းပါတယ်။

 

ညနေခင်းဆို ၃၂လမ်း ၈၂ ၈၃ကြား အမှတ်၂၃ကျောင်းရှေ့က ဖက်ထုပ်ကြော်သည် က စားကောင်းပါတယ်။ ကျနော်ရှစ်တန်းကတည်းက စားလာတာပါ။ အဲဆိုင်မှာ အချဉ်ကို ကြာညို့ထည့်ပေးတဲ့အချဉ်က စားလို့ကောင်းပါတယ်။ လူတိုင်းကို ချမပေးပါဘူး။ ချဉ်စပ်ကို အချိုလုပ်ပေးဆိုမှ ချပေးတာပါ။

ဖက်ထုပ်ပေါင်းဆိုရင်တော့ ၈၆လမ်း ၃၇ ၃၈ကြား မြောင်းဘောင်ပေါ်က ဆိုင်ကိုအကြိုက်ဆုံးပါ။ ညနေပိုင်းမှ ရတတ်ပါတယ်။

ဖက်ထုပ်ပြုတ်နဲ့ ဖက်ထုပ်ချဉ်စပ်သုပ် ဆိုရင် မတင့်က အကောင်းဆုံးပါ။ စားဖို့အတွက်တော့ တမေ့တမော စောင့်ရပါတယ်။ ကြက်ဥကို ငြုပ်သီးခြောက် ဂေါ်ဖီထုပ်တို့ထည့်ပီးကြော်ထားတဲ့ ကြက်ဥအချပ်ကြော်ကလဲ စားလို့ကောင်းပါတယ်။

 

ညပိုင်း ဘီယာလေးနဲ့ အကင် စားချင်ရင်တော့ ကျနော်က ၃၂လမ်း ၆၈ ၆၇ကြားက ရွှေမြို့သစ်ကိုပဲ သွားပါတယ်။ အဲဆိုင်က အကင်သာမက အချဉ်ကပါ စားလို့ကောင်းတာပါ။ ခေါပုတ်အဖြူကင်ကို ဆီတို့ဟူးလေးနဲ့ တို့စားရတာ အရမ်းအရသာရှိပါတယ်။ မာလာဟင်းကလဲ လေးထောင့်လင်ပန်းနဲ့ အပြည့်ကိုမှ ၂၅၀၀ပဲပေးရတော့ တန်တာပေါ့ဗျာ။

ဂဏန်းချဉ်စပ်ချက် ဆိုရင်တော့ လမ်း၃၀ ၆၃ ၆၄ကြားက ရွှေမြို့သစ်က ပိုကောင်းတယ်။ ဂဏန်းကလတ်ဆတ်လွန်းတော့ အသားပြည့်ပီး ချိုတဲ့အပြင် ဟင်းနှစ်ထဲကို ကြက်ဥဖောက်ပီးမွှေထားတော့ ပျစ်ပျစ်နှစ်နှစ်လေးနဲ့ စားလို့ကောင်းတယ်။ အဲဆိုင်ဘေးက စတိုးဆိုင်လေးမှာ ပေါင်မုန့်တစ်ထုပ်ဝယ်ပီး ဟင်းနှစ်နဲ့ တို့စားရတာကို ကျနော်တော်တော်ကြိုက်ပါတယ်။

၆၇လမ်း ၃၀ ၃၁ကြားက နမ့်ခမ်းဆိုတဲ့ဆိုင်မှာတော့ အမဲလုံးဟင်းရည် ကို ဟော့ပေါ့အိုးသေးလေးနဲ့ ရပါတယ်။ အိုးထဲမှာ အမဲရွတ် အမဲကြောလေးတွေပါ ပါတယ်။သခွားသီးသုပ်လေးကလဲ စားလို့ကောင်းပါတယ်။ ချဉ်စော်ခါးသီးကို အချဉ်ဖောက်ထားတဲ့ အရက်လေးနဲ့ဆို လိုက်ပါ့ဗျာ။

 

ဥရောပအစားအစာ ကို ကြိုက်တဲ့ကိုကိုမမတွေအတွက် ၇၆လမ်း ၂၆ ၂၇ကြားက BBB မှာပဲ စားစေချင်ပါတယ်။ မန္တလေးမှာ ပထမဆုံးဖွင့်ခဲ့တဲ့ ဥရောပစားသောက်ဆိုင် ဖြစ်ပါတယ်။

Smoothie မျိုးစုံ Cocktails မျိုးစုံသောက်ချင်ရင်တော့ ၂၇လမ်းနဲ့လမ်း၇၀ ဒေါင့်က Koffee Koner မှာသောက်လို့ကောင်းပါတယ်။ Coffee မျိုးစုံကို အုန်းသီးကွတ်ကီးမွမွလေးနဲ့ သောက်နိုင်ပါသေးတယ်။

ဟေးလားဝါးလားပြောရင်း Tiger Super Cool သောက်မယ်ဆိုရင်တော့ ၇၃လမ်း ၃၂ ၃၃ကြားက J&Jကကောင်းပါတယ်။ အမြည်းကတော့ အမဲဘို့သားကို အမျှင်အမျှင် ကြွပ်ကြွပ်လေးကြော်ခိုင်းလိုက်ပေါ့။

 

နူးညံ့ပီးဆိမ့်နေတဲ့ ကြက်ဥခေါက်ဆွဲကြော် စားချင်ရင် ရှေးကတည်းကနာမည်ကြီးတဲ့ ကိန်ကြည်က အကောင်းဆုံးပါ။ ပင်လယ်စာဆိုတာတွေ ခေတ်မစားခင်ကတည်းက ဂဏာန်းတက်မတို့ ပုစွန်တို့နဲ့ကြော်ပေးတာပါ။ တရုတ်ဟင်းတွေလဲ စားလို့ကောင်းပါတယ်။

လမ်း၈၀နဲ့၁၉လမ်းဒေါင့်က Kos’ Kitchen မှာ ယိုးဒယားထမင်းဟင်းမျိုးစုံ စားလို့ကောင်းပါ၏။

လမ်း၈၀နဲ့၁၆လမ်းထိပ်က ရွှေဘဲကလဲ စားကောင်းတဲ့ဆိုင်ထဲမှာ ပါပါတယ်။ ရွှေဖရုံသီးထဲမှာ အသားစုံထည့်ပီးပေါင်းထားတာကတော့ကျနော့်အကြိုက်ဆုံးပါ။

 

ကန်တော်ကြီးဘက်က စီတန်းနေတဲ့ စားသောက်ဆိုင်တွေကို ရွေးရခက်မနေပါနဲ့။ ဆိုင်တိုင်း စားလို့ကောင်းပါတယ်။

၁၂ပန်းနားက ကြက်သားကို ပျားရည်နဲ့နှပ်ထားပီး ကောက်ရိုးမီးနဲ့ကင်ထားတာရယ် ဝက်သားကိုချိုငံစုံနဲ့နှပ် နေရောင်လေးပြပီး နှမ်းလေးကပ်ကြော်ထားတဲ့ ဝက်သားတနေဝင်ကြော်ရယ် ကြက်အသည်းအမြစ် ချိုစပ်ချက်ရယ်ဆို ခေါင်းမဖော်တမ်း စားနိုင်ပါလိမ့်မယ်။

ကုက္ကိုလ်ကျွန်းမှာတော့ ဆိတ်သားကို နူးအိအောင် ပေါင်းထားတဲ့ ဆိတ်ပေါင်းစပ်က စားလို့ကောင်းပါတယ်။

Smart Garden ကအကောင်းဆုံးကတော့ ကြက်သားကိုစပါးလင် ပင်စိမ်းနဲ့ချက်ပီး အုန်းနို့ပါလေကာလေးထည့်ထားတဲ့ ကြက်ယိုးဒယားချက်ပါ။

အခု ကန်တော်ကြီးမှာ နောက်ဆုံးဖွင့်ထားတဲ့ ဝတီလှိုင်းဆိုတဲ့ ရခိုင်ရိုးရာဆိုင်က တော်တော်စားလို့ကောင်းပါတယ်။

 

အာပူလျှာပူ စားမယ်ဆိုရင်တော့ ၂၄လမ်း ၆၂ ၆၃ကြားမှာ သွားစားပါ။ အဲဆိုင်က အချို့မှုန့်တအားသုံးတော့ အချိုမှုန့်လျှော့ထည့်ခိုင်းဖို့မမေ့ပါနဲ့။

အောင်တော်မူနားက ဆုလာဘ်ကလဲ အာပူလျှာပူ စားလို့ကောင်းပါတယ်။ အစပ်ပြေ ငှက်ပျောသီးကြော်လေးပါရတယ်။

၇၄လမ်း ၃၂လမ်းဒေါင့်က အာပူလျှာပူကောင်းသလို ခေါက်ဆွဲကို သခွားသီးများများ ဂေါ်ဖီထုပ် ပဲပြား မန်ကျည်းရည်တို့နဲ့သုပ်ထားတဲ့ ခေါက်ဆွဲသုပ်ကလဲ စားလို့ကောင်းပါတယ်။

 

ကျနော်လုံးဝမကြိုက်တဲ့ မုန့်ဟင်းခါး မှာ အကောင်းဆုံးကတော့ ရွှေလက်ရာလို့ ကြားဖူးပါတယ်။ ဆရာဂျီးမုန့်ဟင်းခါးကလဲ စားလို့ကောင်းတယ်တဲ့။

အုန်းနို့ခေါက်ဆွဲကတော့ ကန်တော်ကြီးဘက်က ချိုချိုကဖေးမှာ ရပါတယ်။ ညနေပိုင်းသွားစားလို့ကတော့ ပျစ်နှစ်နေပီး စားရင်းနဲ့ကို သွေးတိုးလာမှာ။ ဒေါ်ရှုဘီဆိုင်က အုန်းနို့ကလဲ စားလို့ကောင်းတယ်တဲ့။

ရွှေတောင်ခေါက်ဆွဲ ထဲမှာ အကောင်းဆုံးကတော့ နဝရတ်အိမ်ယာထဲက Morning ဆိုတဲ့ဆိုင်မှာပါ။

 

လက်ဘက်ရည် ကောင်းကောင်းသောက်ချင်ရင်တော့ ၇၃လမ်းပေါ်က 3 Colour ပါ။ ပေါ့ဆိမ့်ကာလာလို့မှာလိုက်။ နာမည်နဲ့လိုက်အောင် သုံးရောင်ထပ်လက်ဘက်ရည် လာချပေးပါလိမ့်မယ်။ မုန့်မျိုးစုံစားချင်ရင်တော့ Top Choice မှာစားပါ။

၂၈လမ်း ၇၂ ၇၁ ကြားက မင်းသီဟဆိုင် တစ်ဆိုင်ထဲမှာ ဘကြီးသိုင်း တစ်ခွက်လို့မှာလိုက်။ ဆိမ့်နေတဲ့ လက်ဖက်ရည်ကို လာချပေးလိမ့်မယ်။ ဘကြီးသိုင်းဆိုတဲ့ ဦးကြီးတစ်ယောက်က သူသောက်ချင်တဲ့ အရသာကိုဖျော်ပြသွားတာလို့ ကြားဖူးတာပဲ။

လက်ဖက်ရည်နဲ့ကော်ဖီ စပ်ဖျော်ထားတဲ့ စင်ကာပူလက်ဘက်ရည်ကတော့ ၂၈လမ်း ၇၄ ၇၅ကြားက မဟာနွယ်မှာ ရနိုင်ပါတယ်။

ပေါက်စီ ကို အပြင်အသားလွှာပါပါးလေးဆယ်ထပ်ပဲ ရှိတဲ့ ဆယ်လွှာပေါက်စီက ၈၁လမ်း ၁၅ ၁၆ ကြားက အကောင်းဆုံးပါ။ ညနေပိုင်းမှ ရနိုင်ပါတယ်။

 

ကုလားစာ ကောင်းကောင်းကတော့ ၈၄လမ်း ၃၅ ၃၆ကြား ပလီအောက်ကဆိုင်ကို အကြိုက်ဆုံးပါ။ ဆိတ်သားကို ဒိန်ချဉ်နဲ့နှပ်ထားတာက ၁၄လမ်း၈၁လမ်းဒေါင့်က လက်ရွေးစင်က အကောင်းဆုံးပါ။

ဒန်ပေါက် ထဲမှာ အကြိုက်ဆုံးကတော့ ၂၆ ၂၇ကြား ၇၇ ၇၆ကြား ပလီဝင်းထဲက ဒေါ်သန်းမူက အကောင်းဆုံးပါ။

 

အသုပ်စုံ ကတော့ လမ်း၈၀ မီနီစတိုးဘေးက ဆိုင်လေးက စားလို့ကောင်းပါတယ်။

နန်းရှေ့က ဗထူးအသုပ်ဆိုင်မှာလဲ အသုပ်စုံရပါတယ်။

လှကလေးစိန်ထိုးမုန့်ဆိုင်ရှေ့က ဆိတ်ဝမ်းတွင်းသားသုပ်ဆိုင်ကလဲ စားလို့တော်တော်ကောင်းပါတယ်။

အော်ကေ့ကြည် ကြော်စားချင်ရင်တော့ ရေကြည်ရပ်ထဲက ဆိုင်လေးမှာရနိုင်ပါတယ်။

ဈေးကြီးသလောက် နုအိပီးဆိမ့်နေတဲ့ ပူတင်း စားချင်ရင်တော့ SP Bakeryမှာ ဝယ်စားပါ။

ပုရစ် ပေါ်ချိန် ဆိုရင်တော့ ဆေးကျောင်းအောင်ဆန်းဆောင်တဝိုက်ကိုသာ သွားလိုက်။ အနံ့တွေနဲ့တင် အီနောက်သွားစေရမယ်။

 

ကျနော်စားဖူးတဲ့ မန္တလေးက အစားအသောက်တွေထဲမှာ မှတ်မိသမျှတော့ ဒီလောက်ပါပဲ။ နောက်ထပ် မှတ်မိတာလေးတွေ စားဖူးတာလေးတွေရှိရင်လဲ ထပ်ပီးရေးပါဦးမယ်။

by: Hein Zaw Nyo

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမှန်ဆို တတိယ ဗားရှင်းတစ်မျိုးတွေ့ထားသေးတယ်။
မေ့လောက်မှ တင်မယ်။

 

:harr:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 352 post in this Website..

CJ # 129120