“ဒီရင်ခွင်လေးမှာ ခိုလှုံဘူးသူတိုင်း ဒီနေရာလေးရောက်ခဲ့ရင် ဘယ်လိုခံစားရမယ်ဆိုတာကို ”
“ဒီရင်ခွင်လေးမှာ ခိုလှုံဘူးသူတိုင်း ဒီနေရာလေးရောက်ခဲ့ရင် ဘယ်လိုခံစားရမယ်ဆိုတာကို ”
မန်းလေးတက္ကသိုလ်ဘက်ထဲမှာ ငုဝါပင်ရှိမလားလို့ အလုပ်အားတဲ့တစ်ရက်မှာသွားရှာလို်က်ပါတယ်။
ဝင်ဝင်ချင်း အရင် ရုက္ခဗေဒ ဌာန နားမှာ တစ်ပင်တွေ့လိုက်ပါတယ်။
အဲဒါနဲ့ သံဇကာနဲ့ပိတ်ထားတဲ့အထဲကို ခပ်တည်တည်နဲ့ဝင်သွားလိုက်တော့ အဲဒီနားမှာခုံတွေနဲ့
ထိုင်နေသူတွေက ဘယ်လဲလို့မေးပါတယ်။
ဓါတ်ပုံခဏရိုက်မယ်လို့ပြောရင်း ဆက်ဝင်သွားလိုက်ပါတယ်။
အထဲရောက်တော့စိတ်ပြောင်းသွားပါတယ်။
မိန်းအဆောက်အဦးကြီးကိုလဲမြင်မိရော ကျောင်းအတူတက်ခဲ့တဲ့ရက်များက သူငယ်ချင်းတွေကို
သတိရမိပါတယ်။
မိန်းလှေခါးထစ်များမှာထိုင်။
လာသမျှကောင်မလေးတွေကို မထိတထိစ။
အချင်းချင်းလဲတစ်ယောက်နဲ့တစ်ယောက်စ။
လှတယ်ဆိုရင်ငေးကြည့်၊
သူငယ်ချင်းများနဲ့ပေါက်ကတွေပြောပြိီးရီကြ။
ညနေခင်းများမှာ မတောက်တစ်ခေါက် ဂစ်တာတီးတာကို အားလုံးက ကီးကြောင်တွေနဲ့
ဝိုင်းဆိုကြ။
အဲဒီတုံးက မန်းလေးတက္ကသိုလ်မြေမှာဘိုထီး သီချင်းများ ခေတ်စားခဲ့။
ညညဆိုရင် ရွှေမန်း သစ္စာအနားမှာ သွားလို့ အခမဲ့ဖျော်ဖြေရေးတွေလုပ်ကြ။
မမေ့နိုင်စရာရက်များပါဘဲ.။
မိန်းရှေ့ကနေထွက်လာပြီး တမာလမ်းလေးအတိုင်း အရှေ့ဘက်ကိုထွက်လာခဲ့။
ရွှေမန်းဆောင်အရှေ့အဖြတ် နောက်ဆုံးနှစ်အရောက် ဒီအဆောင်အနောက်ဘက်ဒေါင့်မှာ
ဖွင့်ထားတဲ့ကင်းတင်းမှာထိုင်ပြီးမုန့်အတူစားခဲ့ကြတာကို ဖျပ်ကနဲ့သတိရမိ။
ရွှေမန်းဆောင်အရှေ့ဘက်မှာရှိတဲ့ တင်းနစ်စ်ကွင်းကိုမြင်တော့ အရင်က ဒီကွင်းမှာ
အမြဲကစားလေ့ရှိတဲ့သူငယ်ချင်းလေးကိုအမှတ်ရ။
အခုတော့ ဒီတင်းနစ်ကွင်းလေးက ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ဖုံးလွှမ်းပျက်စီးနေတာကိုမြင်ရ။
ရွှေမန်းဆောင်အရှေ့ဘက်ကလမ်းလေးအတိုင်းလာရင်း ဘတ်စကက်ဘောကွင်းနားအရောက်
တိုင်းနဲ့ပြည်နယ်လက်ရွေးစဉ်တွေတောင်ထွက်အောင်စွမ်းဆောင်ခဲ့တဲ့ ကွင်းကြီးက အခုတော့
အထီးကျန်တစ်ကိုယ်ရေ။
သူ့ရှေ့နားက တမာပင်တန်းကိုမြင်တော့ အပြန်အလှန်စွပ်စွဲချက်တွေနဲ့လမ်းခွဲစကားဆိုနေကြတဲ့
ချစ်သူနှစ်ဦးရဲ့ ဇာတ်သိမ်းခန်းမှာ တမာပင်ရိပ်အောက်မှာ စိတ်မသက်မသာနဲ့ နားထောင်ရင်း
ရပ်စောင့်ခဲ့ရတာကိုသတိရ။
အခုတော့ တစ်ယောက်က အပျိုကြီးဆရာမကြီးဖြစ်လို့ နောက်တစ်ယောက်ကတော့ဘယ်ဆီနေမှန်းမသိ။
ရတနာပုံအဆောင်နားအရောက်သူ့မြောက်ဘက်မှာတော့ အရင်က ကင်းတင်းလေးတစ်ခုရှိခဲ့။
အဲဒီအထဲကမှ ကျနော်တို့အဖွဲ့ထိုင်နေကျ ဒေါ်သန်းအကြော်ဆိုင်ကိုသတိရမိ။
အနေတော်လောက်ကြော်ထားတဲ့ဘူးသီးကြော် မန်းကျည်းအချဉ်ရည ်ကောင်းကောင်း
ကောက်ညှင်းပေါင် းပူနွေးနွေး ခြံထွက်နွားနို့စစ်စစ် ခပ်ပျစ်ပျစ်ကို ပြန်လည်တမ်းတ။
အခုတော့ဒီနေရာလေးမှာ အဆောက်အဦးတွေနဲ့ဖြစ်။
ဒေါ်သန်းလဲဘယ်ဆီကိုရောက်တယ်မသိနိ်င်တော့။
သစ္စာဆောင်ရှေ့ရောက်တော့ ကျောင်းသားဘဝက စာမေးပွဲဖြေရ စာသင်ခဲ့ရတဲ့ ကပ်တဲတွေကို သတိရမိ။
အရင်က ဘာသာပေါင်းစုံက တက္ကသိုလ် ကျောင်းသူကျောင်းသားများနဲ့စည်ကားခဲ့တဲ့ စာသင်ခန်းများက အုတ်တို်က်အဖြစ်ပြောင်းသွားပေမယ့် အသုံးပြုခြင်းမရှိတာကို တွေ့ရ။
အရင်က ဥဒဟို ဝင်ထွက်သွားလာခဲ့တဲ့ အင်းဝအဆောင်များ ဦးရာဇတ်စာကြည့်တိုက် အပန်းဖြေရိပ်သာ
ရူပဗေဒ လက်တွေ့ခန်း သချင်္ာစာသင်ခန်း မိန်းအပေါ်ထပ်မှ ဓါတုဗေဒခန်းမ အားလုံးအမှတ်ရစရာ။
အင်မတန်မာနကြီးသောအလှမယ်ကို ခပ်နောက်နောက်ကောင်လေးတစ်ယောက်က
အင်းဝနဲ့ ဦးရာဇတ်ခန်းမကြားကလမ်းကလေးဘေးမှာပေါက်နေတဲ့ အပင်က ပန်းကိုခူးပြီး
လိုက်ပေးလို့ ပြဿနာတက်ခဲ့တာကို ပြန်အမှတ်ရမိ။
အခုတော့ ဒါတွေကလွမ်းစရာတွေဖြစ်။
အပျော်တွေကို ဖြစ်တည်စေခဲ့သော စာသင်ခန်းမရဲ့ ကော်ရစ်ဒါများ၊
အထက်တန်းကျောင်းသားဘဝမှ တက္ကသိုလ်အကူး လွယ်အိတ်လွယ်စရာမလို
ပုံနှိပ်စာအုပ်ဆောင်စရာမလို ရှေ့က ဆရာသင်ပေးတာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့မှတ်ရတဲ့
အနေအထားက ဘဝင်ခပ်ပါးပါးလေးမြင့်စရာ။
ဆရာတွေသင်ကြားပေးတဲ့ ဗဟုသုတအကြောင်းတွေ တိုးတိုးတိတ်တိတ်မထိတထိနဲ့
အငုံ့စိတ်ကိုနုးိဆွပေးခဲ့သော စာသင်ခန်းမများ။
အခုတော့ ဝင်ခွင့်မရှိ။
သံတိုင်များနဲ့ ပိတ်နှောင်ထား၊
မြန်မာ့ ပြည် သမိုင်းမှာ ဂန္ထဝင်အမွေအနှစ် ဖြစ်တဲ့ မန်းလေးတက္ကသိုလ်မြေရဲ့
လွန်လေပြီးသောကာလများက လွမ်းဆွတ်စရာ။
စာသင်ခန်းမများ ပိတ်။
ကျောင်းကြီးကတိတ်ဆိတ်။
ပညာသင်ခွင့်တွေပိတ်၊
စိတ်တံခါးများပိတ်။
အနုပညာခန်းမက သံစဉ်များပျောက်ဆုံး။
ယဉ်ကျေးမူ့တွေဆိတ်သုဉ်း။
စာကြည့်တို်က်ထဲကစာအုပ်များ ဖုံတက်။
အတွေးအခေါ်များလဲ မိူတက်။
တိတ်ဆိတ်သည်ထက်တိတ်ဆိတ်၊
ခန့်ညားထည်ဝါသော တက္ကသိုလ်ရဲ့ အနှစ်သာရများပျောက်ချင်းမလှပျောက်ဆုံးခဲ့။
ဟိုအရင်ကာလများမှာ နယ်ပေါင်းစုံဒေသပေါင်းစုံက လာရောက်ပညာသင်ကြားကြတော့
ကျောင်းတော်ကြီးကစည်ကား။
အဲဒီမှာမတူညီတဲ့အရပ်ကလာသူအချင်းချင်းမိတ်ဆွေဖြစ်။
ကျောင်းပိတ်ရင် သူ့အိမ်ကိုယ့်အိမ် သူ့ဒေသ ကိုယ့်ဒေသ အပြန်အလှန်အလည်
လိုက်သွားကြတော့ ဒေသန္တရ ဗဟုသုတတွေရခဲ့ကြ။
ချစ်ကြည်ရင်းနှီးမူ့တွေရခဲ့ကြ။
မြန်မာပြည်တနံတလျား မန်းလေးတက္ကသိုလ်ရင်ခွင်ခိုလှုံဘူးသူတွေ ခရီးဆန့်ကြတော့
နယ်စည်းမခြား ချစ်ကြည်ရေးတွေရခဲ့ကြ။
အခုတော့ ကိုယ့်မွေးရပ်မြေမှာ ကို်ယ်ကျောင်းတက်ကြရတော့ အဝေးကမိတ်ဆွေဆိုတာ
မရှိတော့။
သံယောဇဉ်ဆိုတာ မရှိတော့ ချစ်ကြည်ရင်းနှီးမူ့တွေကပျောက်ဆုံး။
အထက်မြန်မာပြည်ဆိုတော့ ရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်း ချင်းပြည်နယ် ကချင်ပြည်နယ်
မြေလတ်သားမိတ်ဆွေတွေ အများကြီးရှိခဲ့။
အချို့လဲအခုချိန်မှာဝေးကွာ။
အချို့လဲ အခုချိန်ထိ အဆက်အသွယ်မပြတ်။
လွမ်းစရာ။
မိန်းတောင်ဘက်လှေခါးထစ်များမှာစင်ထိုးလို့ နှစ်စဉ်ကျင်းပမြဲ ဂီတပဒေသာကပွဲကိုသတိရခဲ့။
ဒီနေရာလေးက ဘဲ “မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူး”ဆိုတဲ့ သီချင်းလေးပျံ့လွင့်ခဲ့
“ဂစ်တာခေါက်ပြီး သီချင်းဆိုတော့ အာခေါင်ခြောက်ပြီး ကွဲအက်နေ”လို့ ဆိုတဲ့
နွေနံနက်ခင်း သီချင်းကို နားဆင်ဘို့
ညသန်းခေါင်ယံအထိရပ်စောင့်ခဲ့ရတာတွေကအိပ်မက်ပမာ။
တက္ကသိုလ်ညခင်းများမှ မြန်မာပြည်အနှံ့အပြား ကျော်ကြားလာမယ့် ဂီတသမား အသစ်များပေါ်ထွက်ခဲ့။
နံရံကပ်စာစောင်များမှတစ်ဆင့် လူငယ်စာရေးဆရာများပေါ်ထွက်ခဲ့။
ဒါတွေကတော့ အခုချိန်ပြောရင်ယုံတမ်းစကားလိုလို။
ကိုယ်ထင်ရာစိုင်းလို့ရခဲ့တဲပ ဦးအုန်းမဲလက်ဖက်ရည်ဆိုင် လေးလဲပျောက်ဆုံး။
ဒီလိုနဲ့ဘဲသတိရခြင်းများစွာနဲ့ ပြန်ခဲ့ရပါတယ်၊။
ဒီရင်ခွင်လေးမှာ ခိုလှုံဘူးသူတိုင်း ဒီနေရာလေးရောက်ခဲ့ရင်
ဘယ်လိုခံစားရမယ်ဆိုတာကို တော့ အသိချင်သားဗျာ။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။
20-4-2013
19 comments
KZ
April 22, 2013 at 10:04 am
အားနေလို့ ဝင်ပွါးလိုက်ဦးမယ်။
အမှန်ဆို မိန်းထဲကို ရောက်စရာ အကြောင်းမရှိဘူးဗျ။
ပထမနှစ်က သင်္ချာဆရာမ က မိန်းထဲက သင်္ချာဌာနက။
ကျောင်းမှာလည်း အတန်းမတက်၊ တခြားကျုရှင်ယူတဲ့အထဲလည်း မပါတဲ့ ကျနော့ကို ဇွတ်ခေါ်ပြီး စာသင်တာနဲ့။
သူ့အဆောင်မှာ စာသွားသင်ရတာ။
အဲ့တော့ ဘာဖြစ်တုန်း။ စာရတာ မရတာထက် မိန်းထဲမှာ ဘယ် အစားအသောက်ကောင်းတုန်းသိပြီး မိန်း အတွင်း/အပြင် က
လက်ဖက်ရည်ဆိုင်၊ အကင်ဆိုင်၊ မြန်မာ ထမင်းဆိုင်၊ ပုံစား ဆိုင်၊ မုန့်ဆိုင်၊ အသုပ်ဆိုင် မထိုင်ဘူးတဲ့ ဆိုင် မရှိအောင်ကို ကိုယ်တွေ တစ်ဖွဲ့လုံး မိန်းထဲ သောင်းကျန်းဖူးသေးပါ့။
:harr:
လွမ်းတယ်ဗျာ။ ဓာတ်ပုံတွေ ကြည့်ပြီး။
ကိုပေါက်(မန္တလေး)
April 23, 2013 at 12:39 pm
အင်း ကေဇက် ကတော့ ကွင်းစ ကွင်းပိတ်နောက်မှာ (အစားအစာ)လို့ထည့်ရတော့မယ်နော်။
ဗုံ ဗုံ
April 22, 2013 at 12:22 pm
ဖေပေါက်တို့ ခေတ်တုန်းက တော်တော်ယဉ်ကျေးကြတာဘဲနော် ဓာတ်ပုံထဲမှာ ဖေပေါက်လည်းပါဘူး မိန်းထဲကတော့ ခဏခဏ ဖြတ်သွားမိတယ် ဝင်လိုက်ရင် အေးစိမ့်နေလို့ (တစ်ယောက်တည်းပါ)
ကိုပေါက်(မန္တလေး)
April 23, 2013 at 12:44 pm
ကြည့်နေသော်လည်း မမြင်လိုက်ပါလား မိဗုံရေ
Mr. MarGa
April 22, 2013 at 1:22 pm
အဆက်အစပ် မရှိဘူး
ဒါကြောင့် အငှားခံစားချက်နဲ့ လွမ်းတယ်
တကယ်လဲ အဲဒီဘက်ကို ရောက်ရင် လွမ်းမိတယ်
အရာရာဟာ တိတ်ဆိတ်ငြိမ်သက်နေတတ်လို့
တစ်ချိန်က မန်းရဲ့ ဂုဏ်ကို ဆောင်ခဲ့တဲ့ နေရာဟာ အခုတော့ ငြိမ်သက်နေတယ်လေ။
အဲဒါနဲ့အတူတူ
သုံးဆယ့်ငါးလမ်းက ဒေသကောလိပ်ကိုလဲ အငှားခံစားချက်နဲ့ လွမ်းမယ်ဗျာ………..
ဘာဖစ်လဲ……………………………
လူကလေး
April 22, 2013 at 2:27 pm
မန်းလေး တက္ကသိုလ်ဖြစ်ဖြစ် ရန်ကုန်တက္ကသိုလ် ဖြစ်ဖြစ် အရင် ခေတ်အခါတုန်းက တက္ကသိုလ်ကျောင်းသားဘဝ မျိုးနဲ့ ရောက်ဖူးချင်စမ်းပါဘိ .. ပေါက်ပေါက်ရေ..
ဟော.. ဟိုးအပေါ်က ဓာတ်ပုံထဲကလူတွေလို တက္ကသိုလ်ခေတ် အခါကောင်းကိုဖြင့် ငါတို့ မကြုံလိုက်လေပါလား..
ရဲစည်
April 22, 2013 at 4:21 pm
တက္ကသိုလ်ဆိုတာ မတက်လိုက်ရတဲ့ အရာမို့ ( အမှန်ပြောတာ ) အငှားခံစားချက်နဲ့သာ လွမ်းသွားပါကြောင်း ….
အခုနေ သူများနိူင်ငံတွေလို အသက်ကြီးမှ တက်ခွင့်ရရင် တက်ချင်သေးသပ … 🙁
အရီးခင်လတ်
April 22, 2013 at 4:33 pm
အဲဒီနေရာ လှလှလေးကို ကိုလဲ မသိ။
ဒါ့ပုံထဲက ကိုကို မမ တွေကိုလဲ မသိ။
ကပေါက်ကြီး အဲဒီပုံမှာ တကယ်ဘဲ မပါတာလား။ 😉
ကိုပေါက်(မန္တလေး)
April 23, 2013 at 12:49 pm
သိတော့သိတယ် ဒါပေမယ့် မသိဘူးဆိုတာလိုပါဘဲ ။
ကိုလတ်ရေ…………………..
ရွာသားကြီးနှစ်ယောက်ဒီအထဲမှာပါတယ်။
ကျားသုံးယောက် တစ်ယောက်ကတော့ သွားနှင့်ပြီ။
မိန်းခလေးလေးယောက် အနားမှာတစ်ယောက်ရှိတယ်။
သုံးယောက်ကတော့ ကိုင်ဇာသီချင်းထဲကအတိုင်းဘဲ
“မမြင်ရတာ အတော်တောင်ကြာပြီနော်………………..”
Foreign Resident
April 22, 2013 at 6:40 pm
မန္တလေး တက္ကသိုလ်က ၊
လမ်း နှင့် သစ်ပင်လေးတွေကလည်း လှသားပဲ ။
လွမ်းစရာလေးတွေပေါ့ဗျာ ။
ကိုပေါက်(မန္တလေး)
April 23, 2013 at 12:55 pm
ကိုဖောရေ
ရန်ကုန်တက္ကသို်လ်အခင်းအကျင်း က ခန့်ခန့်ထည်ထည် အိန္ဒြေကြီးကြီး နဲ့ လှပ။
မန်းလေးတက္ကသိုလ်ကတော့ ရိုးရိုးရှင်းရှင်း အေးဆေးငြိမ်သက်ခြင်းနဲ့လှပ။
တကယ်လဲလွမ်းစရာကောင်းပါတယ်။
ခင်ခ
April 23, 2013 at 2:03 pm
ကိုပေါက်ရေ ကျွန်တော်က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ရပြီး
မန်း တက္ကသိုလ်မှာ နေခဲ့ရသူပေါ့ဗျာ။
မန်း တက္ကသိုလ်ထဲနေခဲ့စဉ်က ညနေဆို လမ်းလျှောက်ရတာ အေးအေးဆေးဆေးနဲ့ ကောင်းတယ်ဗျ။
ပြီးတော့ ကျောင်းပေါက်ဝက ယူနီစန်လဘက်ရည်ဆိုင် ထိုင်ကာ ဟိုငေးဒီငေးပေါ့လေ။
ကိုပေါက်(မန္တလေး)
April 24, 2013 at 6:44 pm
ကိုခရေ
ကျနော်တိုကျောင်းသားဘဝက ကိုခပြောတဲ့ယူနီစန်ရှေ့မှာမြောင်းကူးတံတားလေးရှိတယ်.။
အဲဒီမှာက သံတန်းလေးတွေစိုက်ထားတယ်လေ။
ညနေဆိုရင် ထိုင်ပြီးဖြတ်သွားဖြစ်လာကြည့်ကြတာ စာကလေးတွေ တုတ်တံနဲ့သီထားတဲ့အတိုင်းဘဲ။
အမှတ်ရစရလေးတွေပေါ့နော်။
uncle gyi
April 23, 2013 at 11:37 pm
ကိုပေါက်ကအသစ်နဲ့အဟောင်းရောကျိုထားတာကိုး
အဲဒီခေတ်ကကာလာပေါ်နေပြီဖြစ်ပေမဲ့ဈေးကအလွန်ကြီးတာကိုး
ဒါကြောင့်ကျောင်းသားသူအများစုကဖြူမဲပုံနဲ့ပဲကိုယ်ရောက်တဲ့နေရာကို
မှတ်တမ်းတင်ကြတာများတာကလား
အခုခေတ်ကိုရီးယားယဉ်ကျေးမှုဝတ်စားပုံနဲ့တော့တခြားစီပဲနော်
ကျုပ်တို့ကမေရှင်တို့ခေတ်ကပုံတွေကိုကြည့်ရသလို
အခုခေတ်ကလေးတွေကမြင်ကြမယ်ထင်ပါရဲ့
ကိုပေါက်(မန္တလေး)
April 24, 2013 at 1:14 pm
အသစ်နဲ့အဟောင်းရောတာကတော့ ရှေးခေတ်ဟောင်းအောက်မေ့ဘွယ်ပေါ့ဗျ
မောင် ပေ
April 24, 2013 at 7:31 pm
ကျုပ်တို ့အဘိုးတွေ လက်ထက်လောက်က မှတ်တယ်
ကိုပေါက်(မန္တလေး)
April 24, 2013 at 10:57 pm
အဲလောက်မဝေးပါကွဲ့
အဖေတု့ိခေတ်လောက်က လောက်တော့ထားပါ။
uncle gyi
April 24, 2013 at 11:04 pm
ကိုပေါက်အမေးကို
မချိုရဲ့
သူငယ်ချင်းမောင်ဘဦး
ကံကော်တောမျိုးအောင်ရဲ့အလိုက်သင့်မောင်ဘဦး
နားထောင်ပြီးခံစားလိုက်တာ
သိချင်ကိုယ်တိုင်ခံစားကြည့်ပေတော့ဗျို့
ကိုပေါက်(မန္တလေး)
April 24, 2013 at 11:18 pm
အင်း ညရောက်မှ သီချင်းလေးပြန်နားထောင်ဦးမယ်ဗျာ