ကိုယ်တွေ့ ပဋ္ဌာန်းတရား အကျိုး

zaylayJuly 27, 20101min780

ကိုယ်တွေ့ ပဋ္ဌာန်းတရား အကျိုး
သဒ္ဓါတရားဆိုသည့် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ယုံကြည်မှုနှင့် ကံ ကံ၏အကျိုးတရားများကို ယုံကြည်မှုရှိရမည်ဟူသော ဆုံးမစကားများကို ကျွန်မ၏ အဖေနှင့်အမေသည် ကျွန်မ ငယ်ရွယ်စဉ်ကတည်းက အမြဲပြောပြလေ့ရှိပါသည်။

ထိုစကားသည် ကျွန်မ၏ ရင်ထဲတွင် အမြဲကိန်းအောင်နေသည်။ တခါတရံ ကောင်းသောကံတွေ ဘယ်လောက်ပင်ရှိပါစေ၊ ဉာဏ်နှင့်ဝီရိယ မရှိလျှင်ကံကောင်းမှ ကံဆိုးသို့ ပြောင်းလဲသွားတတ်ပါသည်။
တခါတရံ ဉာဏ်နှင့် ဝီရိယ မည်မျှပင်ရှိစေကာမူ အတိတ်က ပြုလုပ်ခဲ့သော အကုသိုလ်ကံတခုက ဝင်ရောက်နှောင့်ယှက်လျှင်လည်း ဆိုးသောကံများနှင့် ကြုံတွေ့ရတတ်ပါသည်။ ဆိုးသောကံနှင့် ကြုံလျှင်လည်း တွန်းလှန်ခံနိုင်စွမ်း ရှိရန်၊ ကောင်းသောကံနှင့် ကြုံလျှင်လည်း မယိမ်းမယိုင် မတုန်မလှုပ် ခံနိုင်စွမ်းရှိရန် ကုသိုလ်အာစိဏ္ဏကံ တခုပြုလုပ်ရန် လိုအပ်ပေသည်။

ကျွန်မကို သိတတ်စအရွယ်မှစပြီး ကျွန်မ မိဘများက ပဋ္ဌာန်း ၂၄-ပစ္စည်းကို သင်ပေးခဲ့ပါသည်။ ထိုအချိန်က မိဘများသင်ပေး၍သာ ရွတ်ခဲ့သည်။ အကျိုးတရားများကို သိပ်ပြီး နားမလည်ခဲ့ပါ။ တနေ့တွင် ကျွန်မတို့ မိသားစုထံသို့ ကျွန်မတို့ အတိတ်ကပြုလုပ်ခဲ့သော အကုသိုလ်ကံတခုက မဖိတ်ခေါ်ဘဲ ရောက်လာပါသည်။ ထိုအကုသိုလ်ကံကြောင့် မိသားစုအခြေအနေ၊ စီးပွားရေးအခြေအနေ ပြောင်းလဲကာ စီးပွားပျက်ခဲ့ရပါသည်။ ထိုအချိန်မှာ ကျွန်မ၏အသက် ၁၅-နှစ်ရှိပါသည်။ ငယ်ရွယ်သူဖြစ်သည့်အလျောက် ကျွန်မ များစွာ စိတ်ညစ်ခဲ့ရပါသည်။

စိတ်ညစ်လျှင် ကျွန်မ၏အကျင့်အတိုင်း စာအုပ်များကို ရှာဖွေဖတ်ပါသည်။ ဤတွင် စာအပ်တအုပ်ထဲမှ အဒေါ်ကြီးတယောက် အကြောင်း ဖတ်လိုက်ရသည်။ ထိုအဒေါ်ကြီးသည် စကားပြောနေသောအချိန်၊ အိပ်ပျော်နေသောအချိန်၊ ထမင်း၊ မုန့် စသည့် အစားအသောက်များ စားသုံးသောအချိန်မှတပါး ကျန်သောအချိန်များတွင် ပဋ္ဌာန်း ၂၄-ပစ္စည်းကို အမြဲရွတ်ဖတ်ပူဇော်သည်။ ဤသို့ပြုစဉ် တနေ့တွင် ဘုရားဝတ်ပြုပြီး ပဋ္ဌာန်းရွတ်နေခိုက် ဘုရားစင်၏ အမိုးပေါ်မှ သာဓု-သုံးကြိမ်ဒေါ်သံ ကြားလိုက်ရသည်ဟု ဖတ်လိုက်ရပါသည်။

ကျွန်မလည်း ပဋ္ဌာန်း ၂၄-ပစ္စည်းကို အလွတ်ကျက်မှတ်ထားပြီးဖြစ်ရာ စိတ်ညစ်စရာတွေ တွေးနေမည့်အစား အဒေါ်ကြီးလိုပင် ရွတ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ထိုသို့ ဆုံးဖြတ်ချက်ချပြီးသည့်နေ့ကစပြီး လိုအပ်သည့် စကားပြောချိန်မှလွဲ၍ အခြားစကားများကို လျှော့ပြောကာ ပဋ္ဌာန်း ၂၄-ပစ္စည်းကို အချိန်ပြည့် ရွတ်ဖတ်ပါတော့သည်။ ကျွန်မ၏ မွေးနေ့ရောက်တိုင်းလည်း အဓိဋ္ဌာန်ဖြင့် သက်သတ်လွတ်စားပါသည်။

အိမ်၏စီးပွားရေးဖြစ်သော အိမ်ဆိုင်လေးတွင် ဈေးရောင်း၊ ဈေးဝယ်လုပ်ရင်း ပဋ္ဌာန်းကိုလည်း ရွတ်ပါသည်။ ထိုကောင်းမှုကုသိုလ်များဖြင့် ထုံမွှမ်းလာသောအခါ စိတ်ညစ်စရာတို့မှာ အနည်းငယ် အေးချမ်းလာခဲ့သည်။
ကျွန်မတို့ရွာသည် သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုကြသော ရဟန်းသံဃာများအား ဆွမ်းကြီး လောင်းလှူ့ပွဲကို နှစ်စဉ် စည်ကားစွာ ကျင်းပသည်။ ရွာရှိ လူငယ်လူရွယ်များကလည်း ထိုနေ့တွင် အလှပဆုံး ဝတ်စားဆင်ယင်၍ ဆွမ်းကြီးလောင်းလှူကြသည်။

ထိုအခါ ကျွန်မ၏စိတ်ထဲတွင် ငါ အဝတ်အစားတွေ ဝယ်ဝတ်မည့်အစား ရှိတာလေးနဲ့ပဲ လှအောင်ဝတ်မယ်။ သံဃာတော်များအတွက် အကောင်းဆုံး လှူဖွယ်များဝယ်၍ လောင်းလှူမယ်-ဟူသော လှူချင်သည့်စိတ်တွေသာ များလာခဲ့သည်။
ဤသို့ ဖြစ်ပေါ်ရာမှ မိုးဦးကျကာလ မိုးစက်ကလေးများ တဖွဲဖွဲကျနေသောအချိန်တွင် အိမ်ရှေ့ခန်း ဈေးဆိုင်ကလေးထဲ၌ ထိုင်နေစဉ် ကျွန်မ၏မျက်လုံးထဲတွင် ဖျတ်ခနဲ အလင်းရောင်တခု ကျရောက်လာသည်။ အိမ်ရှေ့သို့ ကြည့်လိုက်သောအခါ အရောင်ခုနစ်မျိုးနှင့် သက်တန့်ကြီးတခုကို ကျွန်မ ထင်ရှားစွာ တွေ့လိုက်ရ သည်။ မီးဖိုထဲတွင် ထမင်းဟင်းချက်နေသော ကျွန်မ၏အမေအား လှမ်းပြောလိုက်သောအခါ ကျွန်မအမေလည်း မီးဖိုထဲမှ ထွက်လာပြီးကြည့်သည်။ ထိုစဉ်မှာပင် သက်တန့်ကြီးသည် တဖြည်းဖြည်း ကောင်းကင်သို့ တက်သွား လေသည်။

ကျွန်မလည်း ဝမ်းသာပီတိ ဖြစ်သွားသည်။ အတိတ်နိမိတ်ဟု ယူဆကာ ပဋ္ဌာန်းရွတ်ခြင်းနှင့် အခြားကုသိုလ် ကောင်းမှုများကို ပို၍ ပြုလုပ်လာပါသည်။
ထိုသို့ဖြစ်ပြီး နောက်တလခန့်ကြာသောအခါ မန္တလေးတွင် ရောက်နေသော ကျွန်မ၏ အဖေသည် အောင်ဘာလေထီကြီးမှ ၅-သိန်းဆုပေါက်၍ ပြန်ရောက်လာပါသည်။ ပဋ္ဌာန်း၏တန်ခိုး၊ ကုသိုလ်ကောင်းမှု၏ အကျိုးကြောင့် ကျွန်မတို့မိသားစုမှာ ကိုယ်ရောစိတ်ပါ ချမ်းသာရသည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။

ကျွန်မသည် ပဋ္ဌာန်းကိုရွတ်သည်မှာ စိတ်ညစ်မှုမှ လွတ်ကင်း၍ တည်ငြိမ်အေးချမ်းအောင်ဟု ရည်ရွယ်ချက် နှင့်သာ ရွတ်ခဲ့ပါသည်။ သို့သော်လည်း စိတ်တွင်မက ငွေရေးကြေးရေးပါ ပြေလည်၍ ကိုယ်ရောစိတ်ပါ ချမ်းသာစွာ နေရပါသည်။ ပဋ္ဌာန်းတရားတော်သာမကဘဲ ဘုရားရှင်၏ တရားတော်များထဲမှ မိမိရရှိထားသော တရားတော်တခုခုကို အမြဲရွတ်ဖတ်ပူဇော်နေပါက ကောင်းသောကံတရားများနှင့် ကြုံတွေ့ရမည်ဖြစ်ပါသည