ဒီပို့စ်ကို ရေးချင်ခဲ့တာ ကြာပါပြီ။ ရေးချင်လွန်းလို့လဲ အဲဒီနေရာကို ကိုယ်တိုင်ရောက်အောင် သွားခဲ့လိုက်တယ်။ ဒါပေမယ့် သွားပြီးကထဲက ဘယ်လိုချပြရင် ကောင်းမလဲဆိုတာ မစဉ်းစားတတ်အောင်ဖြစ်သွားခဲ့ပါတယ်။ ကိုပေါက်က အကြံပေးဖူးတယ် … ရွှေလီက မောလိရေတံခွန်နဲ့ မေမြို့ ဓါတ်တော်ချိုင့်ရေတံခွန်ကို နှိုင်းယှဉ်ပြီး ပို့စ်တစ်ခုလောက် ရေးတင်ပါလားတဲ့။ ကျွန်မ အများကြီး စဉ်းစားခဲ့ပါတယ်။ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်လောက်အောင် အခြေအနေ ကွာခြားလွန်းလို့ သီးသန့်စီပဲ ခွဲတင်လိုက်ပါတယ်။ ရွှေလီက မောလိရေတံခွန်ကို ဘယ်လိုသွားခဲ့တယ်ဆိုတာ ဓါတ်ပုံတွေနဲ့ ဖော်ပြခဲ့ပြီးပါပြီ။ ဓါတ်တော်ချိုင့်ကို ဘယ်လိုသွားခဲ့တယ်ဆိုတာကို အခုမှပဲ ဓါတ်ပုံတွေနဲ့ သေချာဖော်ပြပေးပါ့မယ်။
ရွာသူားတွေလဲ ကျွန်မနဲ့အတူ တစ်ခေါက်လောက် သွားလိုက်ကြရအောင် …

ဓါတ်တော်ချိုင့်ရေတံခွန်က အနီးစခန်းမှာ ရှိပါတယ်။ မေမြို့ကနေ မန္တလေးကို ပြန်တဲ့ လမ်းမဘေးမှာရှိတယ်။ ဓါတ်တော်ချိုင့်ရေတံခွန်သို့လို့ ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုကနေ ၀င်သွားလိုက်ရင် ၅ မိနစ်လောက် ကားမောင်းတာနဲ့ ရောက်ပါတယ်။ ကားရပ်နားရတဲ့နေရာက တောင်ထိပ်တစ်ခုပေါ်မှာပါ။ တောင်ကမ်းဘားဘက်ကို တိုးသွားပြီးကြည့်ရင် အောက်ဘက်က တောကြီးနဲ့ ရေစီးသံတွေကြားရပါတယ်။ ဟိုးတစ်ဘက်က တောင်ကို လှမ်းကြည့်လိုက်ရင်တော့ ဟိုတယ်တစ်ခုကို ခပ်ရေးရေး လှမ်းမြင်ရပါတယ်။ တောင်ကမ်းဘားတွေပေါ်မှာ ဘန်ဂလိုလေးတွေဆောက်ထားတဲ့ ဟိုတယ်က ရှုခင်းအရမ်းလှပါတယ်။ အဲဒီဟိုတယ်ကို MRTV4 မှာ တစ်ခါမြင်ဖူးတယ်။ ဟိုတယ်ကနေကြည့်ရင် ရှုခင်းတွေအရမ်းလှပြီး ဓါတ်တော်ချိုင့်ကို သွားတဲ့လမ်းလဲရှိပါတယ်။

တောင်ကြားထဲက ဟိုတယ်

တောင်ကြားထဲက ဟိုတယ်

ပါတ်ဝန်းကျင်ကို ခဏကြည့်ပြီးတော့ ရေတံခွန်ဆီဆင်းဖို့ လမ်းဆီကို ဦးတည်လိုက်ပါတယ်။ အအေးပုံးလေးတွေကို ကျောမှာပိုးထားတဲ့ ကောင်မလေးတွေက အအေးလိုက်ရောင်းရင်း ဂိုက်လုပ်ပေးဖို့ လိုက်လာကြတယ်။ ကျွန်မတို့က တစ်ခေါက်ရောက်ဖူးပြီးသားမို့လို့ သူတို့လိုက်လိုက် မလိုက်လိုက် ပြသနာမရှိပေမယ့် အဖော်ရတာမို့လို့ သူတို့နဲ့ အတူတူပဲ ဆင်းခဲ့ကြတယ်။ ကျွန်မအမေက ဒေါက်ဖိနပ်နဲ့ ကျွန်မကလဲ ဖိနပ်အထူနဲ့မို့ ဖိနပ်လဲစီးပါလားလို့ သူတို့တွေက အကြံပေးကြတယ်။ ဘယ်လိုပဲပြောပြော ကျွန်မတို့ကတော့ ကိုယ်စီးနေကျဖိနပ်နဲ့ပဲ အသားကျတာမို့လို့ ဒီအတိုင်းပဲ ဆင်းခဲ့ကြတယ်။ အဆင်းလမ်းလဲဖြစ်ပြန် မနက်စောစောလဲဖြစ်ပြန်ဆိုတော့ မမောပေမယ့် လမ်းတွေ ဆိုးလွန်းလို့ ခြေချော်ကျရင် ဒုက္ခရောက်မှာမို့လို့ ဒူးဒေါင်းကို သတိကြီးစွာနဲ့ ဘရိတ်အုပ်ရင်း ဆင်းခဲ့ရတယ်။

ဒီလိုပဲ ဆင်းကြရတယ်

ဒီလိုပဲ ဆင်းကြရတယ်

လမ်းကတော့ ခပ်ကြမ်းကြမ်းပဲ

လမ်းကတော့ ခပ်ကြမ်းကြမ်းပဲ

တောင်ကြီးတစ်လုံးကို ပတ်ပြီးဆင်းရတာမို့လို့ အဆင်းလမ်းမှာ အားလုံး အဆင်းချည်းပါပဲ။ ကွေ့လိုက် ဆင်းလိုက်နဲ့ အကွေ့ပေါင်း ၂၀ ကျော်ရင် ရောက်မယ်လို့ ဂိုက်ကောင်မလေးကပြောတယ်။ နားနေဖို့ နေရာတွေကိုတော့ ၆ ကွေ့လောက်မှာတစ်ခါ တဲဆိုင်လေးတွေရှိတယ်။ ၀ါးတွေပေါတာမို့လို့ ၀ါးနဲ့ခင်းထားတဲ့ တန်းလျားတွေမှာ ထိုင်ပြီး နားလို့ရတယ်။

ကစားမလား .. နားမလား ..

ကစားမလား .. နားမလား ..

တောတောင် သဘာဝအလှကို အပြည့်အ၀ ခံစားလို့ရခဲ့တယ်။ ချောက်ကြီးတွေက သိပ်နက်လို့ အရမ်းတော့ ငုံ့မကြည့်ရဲဘူး။ လမ်းခုလတ်ရောက်မှ ဗိုက်နာတာနဲ့ အိမ်သာများရှိမလားမေးကြည့်လိုက်တော့ လုံးဝမရှိပါ။ ရေတံခွန်ရောက်မှ ရှိမယ်တဲ့။ မနေနိုင်ရင်တော့ တောတိုးရပါလိမ့်မယ်တဲ့။

တောတောင် သဘာဝအလှ

တောတောင် သဘာဝအလှ

တောလမ်း

တောလမ်း

တကယ့် သဘာဝစစ်စစ်အရသာ

တကယ့် သဘာဝစစ်စစ်အရသာ

မပြုမပြင်ပေမယ့် လှပါတယ်

မပြုမပြင်ပေမယ့် လှပါတယ်

အဆင်းလမ်းမှာ မမောပန်းပေမယ့် လူကြီးတွေနဲ့ အတူသွားတာမို့လို့ ဖြေးဖြေးချင်းပဲ ဆင်းခဲ့ရတယ်။ ၄၅ မိနစ်လောက်ဆင်းပြီးမှ ရေတံခွန်နားကို ရောက်တယ်။ ရေတံခွန်နားနီးလေ ပိုပြီးသာယာလှလာလေ စိတ်ကလဲ ပိုပြီး တက်ကြွ လန်းဆန်းလာလေပေါ့ ..

ရောက်ခါနီးပြီ

ရောက်ခါနီးပြီ

ရောက်ခါနီးမှာ စေတီလေးတစ်ဆူတွေ့ခဲ့ရတယ်။ မြစိမ်းရှင်စေတီတဲ့။ အနီးနားမှာ ယာယီတဲတစ်လုံးနဲ့ ဘုန်းကြီးအနဲငယ် (ဂိုက်ကောင်မလေးပြောတာတော့ ဒုလ္လဘ၀တ်ပြီး လာနေတာတဲ့)။ ဘုရားလေးကို ပြုပြင်ဖို့ လာနေတယ်လို့ ထင်ပါတယ်။

ယာယီ ဘုန်းကြီးကျောင်း

ယာယီ ဘုန်းကြီးကျောင်း

အမောပြေသွားတဲ့ မြင်ကွင်းတစ်ခု

အမောပြေသွားတဲ့ မြင်ကွင်းတစ်ခု

မနက် ၇ နာရီလောက်ပဲ ရှိသေးလို့ အေးချမ်းတိတ်ဆိတ်နေတယ်။ အေးမြကြည်လင်တဲ့ ရေပြာပြာလေးတွေနားသွားပြီး ရှုထောင့်ပေါင်းစုံကနေ ဓါတ်ပုံရိုက်ခဲ့တယ်။ အကြာကြီးနေချင်ပေမယ့် တခြားသွားစရာနေရာတွေရှိသေးတာမို့လို့ နာရီဝက်လောက်ပဲ ရေတံခွန်နားမှာ နေဖြစ်ခဲ့တယ်။ ဟိုတယ်ရှိတဲ့ တောင်ဘက်ကနေ ဆင်းလို့ရတဲ့ လမ်းတွေကို မြင်နေရတယ်။ ဂိုက်ကောင်မလေးကတော့ အဲဒီဟိုတယ်မှာ တည်းတဲ့သူတွေသာ အဲဒီလမ်းကို သုံးခွင့်ရှိတာလို့ပြောပြပါတယ်။ ရုပ်ရှင်မင်းသား မင်းသမီးတွေ ဆင်းလာတာ မြင်ဖူးတယ်တဲ့။

ဇွန်းနဲနဲခပ်ထားတဲ့ ဟိုးဘက်တောင်ပေါ်က ဟိုတယ်

ဇွန်းနဲနဲခပ်ထားတဲ့ ဟိုးဘက်တောင်ပေါ်က ဟိုတယ်

တောင်ကိုတက်ရတဲ့အခါမှာတော့ မောပါတယ်။ အရမ်းမောလာရင် နားပြီး အမောပြေရင် ဆက်တက်တယ်။ အအေးသည်ကောင်မလေးတွေကို အားပေးချင်တာကြောင့် တစ်ယောက် တစ်ဗူးစီ အအေးဝယ်သောက်လိုက်ကြတယ်။ ကျွဲရိုင်းတစ်ဗူးကို တစ်ထောင်နဲ့ရောင်းတာမို့လို့ အရမ်းကြီးတော့ ဈေးမများပါဘူး။ တောင်တက်လမ်း သုံးပုံ နှစ်ပုံလောက် တက်ပြီးတဲ့နေရာမှာ လှိုင်ဂူတစ်ခုနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပါတယ်။ အဲဒီနေ့ (နှစ်ဆန်းတစ်ရက်)က ဆရာတော်မွေးနေ့မို့လို့ ဧည့်သည်တွေအားလုံးကို ဖိတ်ပြီး စတုဒီသာ ကြာဇံချက်ကျွေးနေတာမို့လို့ ဆရာတော့်ဒါနမြောက်အောင် ၀င်စားပါလို့ ကောင်မလေးတွေက တိုက်တွန်းကြတယ်။ ကျွန်မတို့လဲ အားနာလို့ ၀င်ခဲ့လိုက်ပေမယ့် တကယ့်ကို ၀င်ကြည့်ရကျိုးနပ်လောက်အောင် လှိုင်ဂူလေးက စွဲဆောင်မှုရှိပါတယ်။

လှိုင်ဂူ (၁)

လှိုင်ဂူ (၁)

လှိုင်ဂူ (၂)

လှိုင်ဂူ (၂)

လှိုင်ဂူ (၃)

လှိုင်ဂူ (၃)

လှိုင်ဂူ (၄)

လှိုင်ဂူ (၄)

လှိုင်ဂူ (၅)

လှိုင်ဂူ (၅)

လှိုင်ဂူ (၆)

လှိုင်ဂူ (၆)

တောထဲ တောင်ထဲမှာ သဘာဝလှိုင်ဂူတစ်ခုကို တွေ့လိုက်ရတာ အံ့သြမိပါတယ်။ ကြာဇံချက်နဲ့ လက်ဖက်သုတ် ဧည့်ခံတာကို စားခဲ့ပြီး အပေါ်ကို ပြန်တက်ခဲ့တယ်။ ရေတံခွန်ရောက်ပြီး ပြန်စတက်ကထဲက အထမ်းသမား ၂ ယောက်က ကျွန်မတို့နောက်နားကနေ လိုက်လာပါတယ်။ ကျွန်မ အမေက အသက် ၆၀ ကျော်နဲ့ ခန္ဓာကိုယ်ကလဲ နဲနဲဝတာမို့လို့ ပြန်မတက်နိုင်လောက်ဘူးလို့ ထင်ပုံရပါတယ်။ အောက်ကနေ တောင်ပေါ်အထိ သုံးသောင်းခွဲတဲ့။ သူတို့နဲ့ စိတ်ချလက်ချ အထမ်းစီးပြီး တောင်ပေါ်တက်ဖို့ စည်းရုံးကြတယ်။ ကျွန်မအမေက အထမ်းမစီးရဲဘူး ကိုယ့်ခြေထောက်ကိုယ်ပဲ ယုံတယ်လို့ ပြောပြီး ဖြည်းဖြည်းချင်းပဲ တက်ခဲ့တယ်။ လမ်းတစ်ဝက်ကျော်ရောက်ပြီးတော့မှ အထမ်းသမား ၂ ယောက် လက်လျော့ပြီး ပြန်ဆင်းသွားကြတယ်။

ကျန်းမာရေးသိပ်မကောင်းတဲ့ ကျွန်မအမေလဲ အပေါ်အထိရောက်အောင်တက်ပြီးချိန်မှာ တော်တော်စိတ်ချမ်းသာသွားပါတယ်။ ဒီတောင်ကိုတက်နိုင်ခဲ့ပြီဆိုတော့ ကျန်းမာရေးဒေါင်ဒေါင်မြည်နေတယ်ဆိုတဲ့ သက်သေပဲ မဟုတ်လား …

အပေါ်ပြန်ရောက်ခါနီးပြီ

အပေါ်ပြန်ရောက်ခါနီးပြီ

ပြန်တက်တဲ့လမ်းမှာ နားလိုက်တက်လိုက်နဲ့ တစ်နာရီခွဲ ကြာခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ အောင်မြင်သွားခဲ့ပြီမို့လို့ စိတ်ကျေနပ်သွားတယ်။ ရွှေလီကရေတံခွန်နဲ့ ဓါတ်တော်ချိုင့်ရေတံခွန်ကို နှိုင်းယှဉ်မိပြီး နောက်ဆုံး တညီတညွတ်ထဲ ကောက်ချက်ချမိတာကတော့ သဘာဝကျကျ ကျွန်မတို့ဓါတ်တော်ချိုင့်အလှက ပိုပြီးစွဲဆောင်မှုရှိပါကြောင်းနဲ့ ဘယ်လောက်ပဲ လမ်းခရီးခက်ခဲပါစေ … သွားသင့်သွားထိုက်တဲ့ နေရာတစ်ခုဖြစ်ပါကြောင်း ..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....