ရပ်ကွက်ထဲမှာ ယမကာဆိုင်လေးတစ်ခု ရှိပါတယ် ၊

အဲဒီမှာ သူငယ်ချင်းတွေ ညနေ ညနေဆို ဆုံဖြစ်ကြတယ်ပေါ့ ၊

နေ့စဉ်ရယ်လို့တော့ အားလုံးဆုံတာ မဟုတ်ပေမယ့် အဲဒီဝိုင်းမှာ လူ မပြတ်ပါဘူး ၊

မနေ့က လာတဲ့သူက ဒီနေ့ မလာ ၊ မနေ့က မလာတဲ့သူက ဒီနေ့လာ စသဖြင့်ပါ ၊

ဒီဝိုင်းမှာ ကုမ္ပဏီ မန်နေဂျာ ပါတယ် ၊   ကုမ္ပဏီ ဝန်ထမ်း ပါတယ် ၊ ကုမ္ပဏီ ကားဒရိုင်ဘာ ပါတယ် ၊

ကားပွဲစားပါတယ် ၊ တက္ကစီမောင်းသူ ပါတယ် ၊ ပြန်မတက်နိုင်သေးတဲ့ သင်္ဘောသား ပါတယ် ၊

ကုန်စုံဆိုင် ပိုင်ရှင်ပါတယ် ၊ ဘွဲ့လက်မှတ်တစ်ခု ဆာတီဖကိတ်အထပ်လိုက်နဲ့ အလုပ်လိုက်လျှောက်နေဆဲလည်း ပါတယ် ၊

အဲဒီနေရာဟာ ပျော်စရာဝိုင်းလေးပါ ၊ ဘာကြောင့်လဲ ?

လူပေါင်းစုံဆီက ယနေ့အတွေ့အကြုံဆိုတာတွေဟာ ရယ်မောစရာ ဒေါသဖြစ်စရာတွေပါသလို မသိရသေးတဲ့ ဗဟုသုတတွေကိုလည်း ပေးစွမ်းလို့ပါပဲ ၊

ဘီကျွဲ လို့ ခေါ်တဲ့ ( ဘီအီးကို ကျွဲရိုင်းနဲ့ စပ်ထားတာပါ ) ယမကာကို ကိုယ့်လစ်မစ်နဲ့ကိုယ် သောက်ရင်း ပြောဆိုရယ်မောနေရတာ ပျော်စရာပါ ၊

အရက်ဆိုတာ မကောင်းဘူးလို့ ဆိုကြပါတယ် ၊ ဒါပေမယ့် အရက်က သစ္စာရှိပါတယ် ၊ တစ်ပိုင်းသောက်ရင် တစ်ပိုင်းဘိုးမူးမယ် ၊

တစ်လုံးသောက်ရင် တစ်လုံးနဲ့တန်အောင် မူးပါလိမ့်မယ် ၊ သောက်ကောင်းကောင်းနဲ့ မနိုင်ရင်ကာ သောက်ပြီး ဖြစ်ချင်တာ ဖြစ်တာ အရက်ကြောင့် မဟုတ်ပါ ၊

ကိုယ့်စိတ် ကိုယ်မနိုင်တဲ့ ကိုယ်ကိုတိုင်ရဲ့ အပြစ်ပါ ၊

တချို့က အရက်သောက်နေသူတွေကို နှာခေါင်းရှုံ့ ချင်ကြပြီး ရပ်ကွက်ဓမ္မာရုံမှာ ဟန်ပါပါထိုင်နေသူတွေကိုတော့ သူတော်ကောင်းတွေလို့ ဆိုကြပါသေးတယ် ၊

ဓမ္မာရုံမှာ ထိုင်နေတာနဲ့ပဲ လေးစားရမယ်ဆိုတာမျိုးကိုတော့ လက်မခံပါဘူး ၊ အကျိုးလိုလို့ ညောင်ရေလောင်းနေတဲ့သူတွေက ဒီခေတ်မှာ ခပ်များများလေ ၊

ထားပါတော့ ၊ စကားတောင် ဘယ်ရောက်ကုန်ပြီမသိ ၊

ပြောရင်း ဆိုရင်း ရုံးဆင်းချိန်တောင် ရောက်ပြီပဲ ၊

လှည်းတန်းဈေး ဝင်ပြီးသကာလ မရောက်တာကြာပြီဖြစ်တဲ့ ဆုံရပ်ကို ခဏဝင်ခိုဦးမှပါ ၊

 

Photo1324

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..