“ခေါက်ဆွဲအစုံသုတ် ချဉ်ချဉ်ငံငံစပ်စပ်´´

 

အင်တာနေရှင်နယ်ဘာသာသင် ကျောင်းတစ်ခုရဲ့ မုန့်ဈေးတန်း(ကန်တင်း)မှာရှိတဲ့ ရေခဲမုန့်၊ အအေးရောင်းတဲ့ ဆိုင်တစ်မှာဖြစ်ပါတယ်။ ကျောင်းသားလေးများ ညနေကျောင်းဆင်းချိန်မှာ အိမ်မပြန်မှီ ဖယ်ရီကားမထွက်မှီ မုန့်လာဝယ်စားကြတဲ့အခါ

ကျောင်းသား – “အန်တီ သားကို စတော်ဘယ်ရီ ရေခဲမုန့်တစ်ခုပေးပါ´´

ဈေးသည် – “အေးရမယ်သား´´

ကျောင်းသား – “အန်တီ ရေခဲမုန့်အလုံးကို ဝေဖာ ကတော့ပေါ်မှာ အန်ကိုက်လေးဖြစ်အောင် သေချာ တင်ပေးပါနော်´´

ဈေးသည် – “အေးပါသားရယ် သေချာကွက်တိ တင်ပေးလိုက်မယ်´´

ကျောင်းသားလေးရေခဲမုန့်ဖိုးလှမ်းယူပြီး မုန့်လှမ်းပေးရင်း ဈေးသည်ကြီးရဲ့အတွေးမှာ

“ဂျပန်လူမျိုးလို့ မပြောရဘူး တိကျသေချာ စနစ်ရှိတာ ကြိုက်လိုက်တာ ဒါကြောင့်လည်း ဂျပန်နိုင်ငံထုတ် ပစ္စည်းတွေက သူနေရာနဲ့သူ အံဝင်ဂွင်ကျထွင်ကျတာနေမှာ´´

 

နောက်တစ်ယောက်လာဝယ်တော့

ကျောင်းသား – “အန်တီ သားကိုချောကလက် ရေခဲမုန့်တစ်ခုပေးပါ´´

ဈေးသည် – “အေးရမယ်သား´´

ကျောင်းသား – “အန်တီ ရေခဲမုန့်ကို အဲဒီဝေဖာထဲ ၀င်နိုင်သလောက်ဖိထဲ့ပေးနော်´´

ဈေးသည် – “အဲလိုကျဘယ်လှတော့မလဲ ဝေဖာကန်တော့လေးပေါ်မှာ အလုံးလေးတင်ထားမှ လှမှာပေါ့´´

ကျောင်းသား – “ဟာ အန်တီကလည်း ဘာသိလို့လဲ အပြင်မှာဆိုတော့ စားရင်းနဲ့ပျော်ကျပြီး အောက်ကို တစ်ချို့အစက်တွေကျလာတော့ နှမျောစရာပေါ့´´

ဈေးသည် – “ဟုတ်ပါပြီ သားလိုချင်သလို အန်တီထဲ့ပေးလိုက်မယ်နော်´´

ကျောင်းသားလေးရေခဲမုန့်ဖိုးလှမ်းယူပြီး မုန့်လှမ်းပေးရင်း ဈေးသည်ကြီးရဲ့အတွေးမှာ

“ဒါကြောင့်လည်းရှေးလူကြီးတွေက ကုလားလိုစုလို့ဆိုခဲ့တာဖြစ်မယ် အောက်ကိုပျော်ကျပြီးမစားရမှာ နှမျောနေတာလေ´´

 

နောက်တစ်ယောက်လာဝယ်တော့

ကျောင်းသား – “အန်တီ သားကိုနို့ရေခဲမုန့်တစ်ခုပေးပါ´´

ဈေးသည် – “အေးကွယ်ရပါမယ့်´´

ကျောင်းသား – “အန်တီက ရေခဲမုန့်တစ်ခုဝယ်ရင် ဝေဖာမုန့်တစ်ခု အပိုလက်ဆောင်ဘာလို့မပေးတာလဲဟင်၊ သားက ဟိုရှေ့ဆိုင်က၀ယ်စားနေကျ အခုသူ့ဆိုင်ကကုန်သွားပြီးပိတ်သွားလို့ အန်တီဆိုင်ကလာဝယ်စားတာ´´

ဈေးသည် – “သားစားကြည့်ပါအုံး အန်တီဆိုင်က ရေခဲမုန့်အရသာက အခြားဆိုင်ကရေခဲမုန့်အရသာနဲ့ မတူ ပါဘူး၊ အန်တီက သူ့ထဲမှာထဲ့ရမယ့်အမျိုးအစားတွေကို မခိုဘဲအကောင်းဆုံးလုပ်ထားတာပါ´´

ကျောင်းသား – “အန်တီကလည်း မုန့်လုပ်တဲ့ထဲ ထဲ့ရမယ့်အမျိုးအစားရဲ့ ကွာလတီလေးကို ဟိုနည်းဒီနည်းလျော့ လိုက် အဲလိုလျော့လို့ပိုထွက်လာတဲ့အရင်းထဲက တ၀က်ကို လက်ဆောင်ပိုမိုရှင်းဆိုပြီးတွဲပေးလိုက် ခုန ဝေဖာ တစ်ခု ပိုပေးသလိုပေါ့ ဈေးသက်သာအပိုလည်းရတော့ အဲဒါဆို အန်တီဆိုင်လည်းဟိုဆိုင်လို အစောကြီးရောင်း ကောင်းပြီးကုန်မှာပေါ့´´

ဈေးသည် – “ဟုတ်ပ့ါသားရယ် အန်တီပြန်တွက်ကြည့်ပါ့မယ်´´

ကျောင်းသားလေးရေခဲမုန့်ဖိုးလှမ်းယူပြီး မုန့်လှမ်းပေးရင်း ဈေးသည်ကြီးရဲ့အတွေးမှာ

သြော် တရုတ်ကလေးလို့မပြောရဘူး ဒီအရွယ်လေးနဲ့စီးပွားရေးဈေးကွက်မြင်တတ်ပါပေ့၊ ဘာတဲ့ကွာလတီ လေးလျော့ ဈေးလျော့ကာအပိုလည်းပေးဆိုဘဲ ဒါကြောင့်လဲ တရုတ်ပစ္စည်းတွေ ဈေးကလည်းပေါ ဈေးကွက်ထဲ များများရောက် ထိုးဖောက်နိုင်တာကိုး။

 

နောက်တစ်ယောက်လာဝယ်တော့

ကျောင်းသား – “ အန်တီ ရေခဲမုန့်က ဘာတွေရှိတာလဲ´´

ဈေးသည် – “စတော်ဘယ်ရီ ချောကလက် နို့ သုံးမျိုးရှိတယ် သားက ဘာစားမလဲ´´

ကျောင်းသား – “သားကို အဲဒီ သုံးမျိုးစလုံးထဲ့ပြီး ရေခဲမုန့်တစ်ခု ပေးလို့ရမလား အန်တီ´´

ဈေးသည် – “ရတော့ရပါတယ် ဒါပေမယ့် သုံးမျိုးလုံးရောလိုက်တော့ တစ်ခုစီရဲ့အရသာ ဘယ်ရှိတော့မလဲ´´

ကျောင်းသား – “ရတယ်အန်တီ သူငယ်ချင်းတွေနဲ့တွေ့ရင် ငါက စတော်ဘယ်ရီ ချောကလက် နို့ သုံးမျိုးလုံး စားခဲ့တာလို့ ကြွားရရင်ပြီးရောဗျာ´´

ဈေးသည် – “ဟုတ်ပါပြီ သားစိတ်တိုင်းကျ ရောင်စုံရေခဲမုန့်ပေါ့ ဟုတ်ဘူးလား´´

ကျောင်းသားလေးရေခဲမုန့်ဖိုးလှမ်းယူပြီး မုန့်လှမ်းပေးရင်း ဈေးသည်ကြီးရဲ့အတွေးမှာ

“အင်း မြန်မာကလေးများ အရသာရှိတာမရှိတာအသာထား ကြွားရပြီးရော အစုံတန်အောင်လိုချင်တတ် ပါလားနော်´´

“အဲဒါမြန်မာကွ´´ လို့ကြွေးကြော်လိုက်ရမလိုပါဘဲ အခုလတ်တလော ပြင်ပအခြေအနေကိုလည်း ခင်ခ လေ့လာမိ သလောက် တစ်ချိန်တည်းမှာဘဲ ဒီမိုကရေစီကလည်းလိုချင်သေး ကုလားကိုလည်းမောင်းထုတ် ချင်နေသေး တရုတ်တွေလုပ်တဲ့စီမံကိန်းတွေလည်းရပ်လိုက်ချင်သေး ဘာသာသာသနာအကြောင်းပြုဥပဒေ လုပ်ကာ သာသနာကလည်းပြုချင်သေး စစ်အစိုးရအနွယ်သမ္မတနေရာမှာလည်း လူလဲလိုက်ချင်သေး တကယ့် ကိုဘဲ ဘာဘဲဖြစ်ဖြစ်ငါတို့တွေ တစ်ပြိုင်နက်ထဲဖြစ်ချင်တာတွေ စုကာတောင်းဆိုမယ်ဟ ဆိုသလိုပါဘဲ ခုန ရေခဲမုန့်ဈေးရောင်းတာလေးကြည့်ပြီးစဉ်စားနေတုန်း ဘေးစားပွဲကိုရောက်လာတဲ့ မြန်မာကလေးတစ်သိုက် မှာလိုက်သံက “အန်တီကြီး သမီးတို့ကို ခေါက်ဆွဲအစုံသုတ် လေးပွဲ ချဉ်ချဉ်ငံငံစပ်စပ်နော် ´´ တဲ့။

သြော် ဟုတ်ပေသားဘဲ မြန်မာတွေက ခေါက်ဆွဲအစုံသုတ် ချဉ်ချဉ်ငံငံစပ်စပ် ကို စားတတ်ကြတာကိုး။

 

 

ဖတ်ရှု့သူများကျေးဇူးပါဗျ။

ခင်ခ။

(ကိုယ့်အတွေးနဲ့ကိုယ် ရေးပုံက……)

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..