ကျမ စမ်းချောင်းမှ အဆောင်တခုမှာနေတုန်းက အခန်းဖော်တယောက်နဲ့ ကြုံခဲ့ဖူးတယ် ….
သူမကတော့ အသားဖြူဖြူလေးနဲ့မို့ ချစ်စရာကောင်းနေပါတယ်…
တနေကုန် ဘယ်မှ မသွားပဲ ကျမ ကုတင်ဘေးက စားပွဲခုံပေါ်တင်ထားတဲ့ စာအုပ်တွေကိုသာ ယူယူဖတ်တတ်ပါတယ် …
ကျမတို့ အဆောင်က ည 8နာရီဆိုရင် ပိတ်တယ်ဆိုပေမဲ့ …တခါတလေ ည 8နာရီအထိပြန်မရောက်ပါဘူး …
အမြဲအေးအေးဆေးဆေးနေတတ်ပြီး အဆောင်လစာကို ပုံမှန်နောက်မကျတမ်းပေးတတ်တာကြောင့်
အဆောင်မှူးက အထူးတလည် လာရောက်စစ်ဆေးတာမရှိပါဘူး ….
သူကလည်းလည်တယ် ..
လစာပေးရမဲ့ ရက်မျိုးဆို သူဘယ်တုန်းကမှ အပြင်မထွက်ပဲ
ကျမစာအုပ်တွေက်ုသာ သဲကြီးမဲကြီးဖတ်နေတတ်တယ် …
စကားတလုံးမှမပြော….
ကျမကလည်း ဒီဇိုင်းအလုပ် လုပ်နေရင်း အထက်တန်းကျောင်းသူ သုံးလေးယောက်ကို စာပြနေတော့
အလုပ်ချိန် 10နာရီမှ ဆိုပေမဲ့ မနက်ပိုင်း 6နာရီလောက်ကတည်းက ထသွားနေရတာမို့
သူဘယ်အချိန်သွားလဲ ဘာလုပ်လဲဆိုတာ တခါမှမမေးမိသလို
သူ့နာမည်ကိုတောင် ကျမ မသိရတဲ့ ဘ၀ပါ ….

အတန်းပညာ ဘယ်လောက်ရှိပြီလဲ … ဘယ်ကလဲ … ဆိုတာ သိချင်ပေမဲ့ မေးဖို့ ပါးစပ်က မရဲမ၀ံ့
စစလာချင်းကတည်းက သူကကြိုရောက်နေသူဖြစ်ပြီး
ကျမကတော့ နေစရာ အခက်အခဲ တခုကြောင့် ထိုအဆောင်ကိုပြောင်းရတယ်ဆိုပေမဲ့
နေချင်လို့တော့မဟုတ် ….
ရောက်လာတော့လည်း အခန်းဖော်က ဖော်ဖော်ရွှေရွှေမရှိတော့ နေရာတာပင် စိတ်မပါ
ညအိပ်စရာနေရာ တခုအဖြစ် သတ်မှတ်ထားသောကြောင့်သာ ထိုနေရာမှာ နေရာခြင်းဖြစ်တာကြောင့် သူဘာတွေလုပ်လုပ် ကျမ စိတ်မ၀င်စားပါ …
ခွင့်ပြုချက်တောင် မတောင်းဘဲ ကျမစာအုပ်တွေကို ယူယူဖတ်နေတာတော့ သဘောမကျပေမဲ့
ပညာဒါနလို့သာသတ်မှတ်ထားလိုက်တယ်….
တနေ့ ကျမ အလုပ်လုပ်နေသော အလုပ်ကို အပျော်အပါး အမြဲလိုက်စားတဲ့ ကာစတမ်မာ တယောက် ရောက်လာခဲ့တယ်…
ဒီဇိုင်းတခု အပ်ဖို့လာရင်း ဆရာနဲ့ စကားပြောဖို့ လက်ဘက်ရည်ဆိုင်သွားကြတယ်
သူထသွားတော့ သူ့ဆီမှာ ကပ်တလောက် လိုစာအုပ်မျိုးလေး ကျန်ခဲ့တယ်
သူပြန်လာယူမယ်ထင်တာ က တကြောင်း … ကိုယ့်ရှေ့မှာမပြောချင်လို့ လက်ဘက်ရည်ဆိုင် သွားတာကို အလိုက်ကန်းဆိုးမသိ လိုက်ပေးရင် မဖြစ်တာကတကြောင်းကြောင့် ထိုကပ်တလောက်ကို ဒီအတိုင်းလေး ထားဖြစ်ခဲ့တယ်
တအောင့်နေတော့ ဆရာပြန်လာပြီး ကပ်တလောက်ကို ယုကြည့်ပြီးပြောပြတယ်
ကြိုက်ရာရွေးပါတဲ့
အစတော့ ဘာမှန်းမသိဘူး
ကောင်မလေးပုံတွေ အများကြီး
လှလှပပ ၀တ်စားပြီး အလှ ဓါတ်ပုံတွေ တချို့ကလဲ ပေါ်လို့
တချို့ကလည်း ယဉ်ယဉ်ကလေး ….
အတူတူအလုပ်လုပ်တဲ့ ကောင်လေးက အဲဒါ အဟွာတွေလေ တဲ့
ကျမ မျက်လုံးပြူးသွားတယ်
အဲ ကပ်တလောက်မှာ ကျမ အခန်းဖော်ကြီးပါနေလို့ …..
မျက်လုံးပြူးတာထက် စိတ်မကောင်းတာပါ …
မှတ်မိနေတာက အမြဲကျမရှေ့က တန်းမှာ ချိတ်ထားတဲ့ အင်္ကျနဲ့ …. သူတပ်နေကျ ရင်ထိုးကလေး
အဲရင်ထိုးကို ကျမ မမေ့
ကျမ 8တန်းမှာ ဂုဏ်ထူးပါလို့ အနော့် ပေါ့ပေါ့ လက်ဆောင်ပေးတဲ့ ရင်ထိုးနဲ့ တပုံစံထည်း
10တန်းနှစ် အဆောင်ကနေ ခရီးထွက်ကြရင်း
ပုဂံကနေအပြန် လမ်းမှာ ကျကျန်ခဲ့တာ
အခုထိအမှတ်ရနေဆဲ ….
ဟုတ်ချင်မှလည်း ဟုတ်မှာပါလေလို့ ဆုတောင်းရင်း.. အဲကိစ္စကိုမေ့ထားလိုက်တယ် …

တနေ့မှာတော့ ကျမ ရုံးကနေအပြန် ကလေးတွေ စာမေးပွဲပြီးလို့ စာသင်စရာမရှိတော့ကြောင့်
အဆောင်ကို စောစောရောက်ခဲ့တယ် …
အဆောင်ရောက်တော့ သူမက အဆောက်အောက်က ပလပ်ဖောင်းပေါ်မှာ ဘာစောင့်နေလဲ မသိ …
ညနေစာ ကျမအောက်ဆင်းစားတော့ သူမက မသွားသေး ….
ကျမသူငယ်ချင်းရောက်လာတော့ သူမနဲ့ ဆုံတယ် ……
ကျမ က နင်နဲ့ သိလားမေးတော့ …. ကျမသူငယ်ချင်းက စပ်ဖြီးဖြီး ….
ကျမ မနေနိုင်ဘူး…. ထမင်းဆိုင်ရောက်တော့ … ကျမပ အဲကောင်မလေးက ငါ့ကုတင်နဘေးက အဆောင်ဖော်လေ ပြောတော့
ကျမသူငယ်ချင်းက ဘာလို့ အဲအဆောင်မှာ နေရတာလဲ ဆိုတဲ့အကြောင်းနဲ့
အဲကောင်မလေးက ထိုလုပ်ငန်းကို လုပ်နေတယ်ဆိုတဲ့အကြောင်းပြောပြတယ် …
အမှန်တကယ်ကတော့ ကျမအဆောင်က 85လွာကနေ 8လွာအထိရှိပြီး
7လွာ 8လွာက သူတွေကတော့ အဲအလုပ်လုပ်စားနေတာဆိုတာ ကျမသိပြီးသားပါ …
ကျမနေတဲ့ အလွာမှာ သူတယောက်ပဲရှိမယ်လို့ ကျမထင်တယ်
ကျန်တာတော့ကျမ မသိပေမဲ့
လောလောဆယ် ကိုယ်တွေ့ မြင်နေတာ သူတယောက်ထဲလေ…
ဒါလည်း သူ့ဘ၀နဲ့ သူမလို့နေမှာပါ …

တနေ့ ကျမ ဘေးအခန်းက ကျမကျောင်းက စီနီယာအမ တယောက်ပြောင်းလာပါတယ်
သူက ကိုယ်နဲ့ ရင်းနှီးနေတဲ့အတွက် ကျမ ဘာတွေတတ်လဲဆိုတာ သူမသိပြီးသား ….
ကျမ ကျောင်းကတည်းက ဆံပင်တွေ အမျိုးမျိုး ကျစ်တတ်တာကို သူမသိတယ် ..
ဒါ့ကြောင့် တနေ့သော ရုံးပိတ်ရက်မှာ သူမ အပြင်သွားဖို့ ဆံပင်ကျစ်ခိုင်းရင်း တဆောင်လုံးကပါ ၀ိုင်းကျစ်ခိုင်းကြပါတော့တယ် …

တဆောင်လူံးမှာ ကျမ အခန်းဖော်လည်း အပါအ၀င်ပေါ့
အဲနေ့မှာပဲ သူနဲ့ ကျမ ပထမဆုံး စကားစပြောဖြစ်ခဲ့တယ် …

ဆံပင်လေးတွေက ဆံလုံးသေးပြီး ချောချောမွေ့မွေ့ရှိမှန်းကို ကျမလက်ရဲ့အထိအတွေ့ သိနေရတယ် …
ဆံပင်ကျစ်ရင်း ကျမ အကြောင်းကို သူမ မေးတော့ ကျမ ဘာဖြေရမယ်မသိ။
“ဘာအလုပ်လုပ်တာလဲဟင် မနက်ဆို အစောကြီးထထသွားတယ်နော် ….” ဒီလိုကောင်မလေးကို ကျမ ဘ၀အမှန်ကို ပြောဖို့သင့်သလား …. ပြီးမှ ကျမ အားနာသွားတယ် …. မဟုတ်ဘူးလို့ စိတ်က မှတ်ယူလို့မရ …
“ကျမလား … ကျမ ကျောင်းတတ်နေတာပါ ” ကျမလိမ်ပြီးဖြေမိလိုက်တယ် … သူမ ထပ်မမေးတော့ … တခန်းလုံး အသံဆိတ်သွားသည် …
သူမဟာ ကမ်စတန်မာ ကို လိုက်လျောညီထွေပေါင်းတတ်သလို အလိုက်သိသော ကောင်မလေးဖြစ်နိုင်ပါတယ် ..

မင်းကော် …. လို့ မေးလိုက်ချင်သော်လည်း မမေးဖြစ်ခဲ့ ….

ဆံပင်ကျစ်ပေးတာကို ခံရင်း သူမ ကျမ ကြားရုံသာ သီချင်းကို ခပ်တိုးတိုးလေး ညည်းနေတယ် ….
သီချင်း ညည်းနေရင်း ချစ်သူမရှိဘူးလား …. တဲ့။
ရှိပါတယ် …. လို့ ကျမပြန်ဖြေလိုက်မိတယ် ။

မင်းမှာကောလို့ မေးတော့ သူမကတော့ ရှိခဲ့ပါတယ်တဲ့။ သူမမှာလည်း ချစ်သူရှိခဲ့တယ်ပေါ့ ။
ရှိခဲ့တယ်ဆိုတော့ ခုပြတ်သွားပြီပေါ့ ဘာလို့ ပြတ်သွားတာလဲလို့ မေးချင်ပေမဲ့ သူ့မျက်နှာမှာ ဒေါသကိုမြင်တော့ သူမထပ်မမေးဖြစ်တော့ဘူး ….

ကျမစာအုပ်တွေ ယူယူဖတ်နေလို့ ဘာစာအုပ်တွေ ယူဖတ်ဖြစ်လဲမေးတော့…..Minna no Nihongo ဂျပန်စာအုပ်တချို့နဲ့
chicken soup for the soul အပိုင်းတွေ … ကျမ မင်းလူကြိုက်တော့ မင်းလူထွက်သမျှ ၀ယ်တတ် ပေမဲ့ သူက မင်းလူ စာအုပ်မကြိုက်လို့
မဖတ်ဘူးတဲ့ ခင်ခင်ထူး ကိုတော့ သူ့ရွာအကြောင်းတော်တော်များများပါလို့ ဖတ်တယ်ပြောတော့ …
မင်းဘယ်နှစ်တန်းရောက်ပြီလဲ မေးမိလိုက်တယ် …. သူမက နောက်ဆုံးနှစ်ရောက်ပြီတဲ့။
အိုးဟိုး … အဲဒီလိုကောင်မလေးက တက္ကသိုလ်ကို နောက်ဆုံးနှစ်ထိရောက်နေပါလား။

ဒီနှစ်က ပိုက်ဆံမရှိလို့ မတက်ဖြစ်တော့ဘူးပြောရင်း သူ့အကြောင်းကို အေးအေးဆေးအေးပင် ပြောပြနေတော့တယ် …
” အဖေဆုံးပြီးကတည်းက အမေကို ရွာမှာထားခဲ့ပြီး … ပညာရေးအရ ရန်ကုန်ကို လာခဲ့မိတဲ့အကြောင်း …
အစကတော့ အဒေါ်တယောက်နဲ့နေကြောင်း …
အရင်တုန်းက မြို့ထဲက စတိုးဆိုင်မှာ လုပ်တာပဲ။ လခက သုံး လေးသောင်းလောက်ပဲရကြောင်း
အဒေါ်အိမ်မှာ နေတာဆိုတော့ အလကားနေရင်မကောင်းတာကြောင့် လခထဲက ပေးရကြောင်း ….
တနေကုန် မတ်တပ်ရပ်ပြီး လုပ်တာတောင် တလုံးနေမှ လေးသောင်းရသာရကြောင်း ….
ပိတ်ရက်ကမရှိ ပျက်ရင်လည်း ဖြတ်တာကြောင့် … အဲအလုပ်မှာ စိတ်မပါတော့ကြောင်း..
အလုပ်မှ သန့်ရှင်းရေး အဒေါ်ကြီးတယောက်က အလုပ်တခု ရှာပေးကြောင်း …
အဲ..အလုပ်မှာ သက်သာကြောင်း ..
အချိန်ပိုင်းလေးသာ လုပ်ရသောကြောင့် အချိန်ပိုများ ထွက်လာတာကြောင့် အပြင်သင်တန်းများတတ်လာနိုင်ကြောင်း…
အပိုအလျံလေးရတော့ ရွာကိုလည်း ပြန်ထည့်ပေးနိုင်ကြောင်း …..
နောက်ပိုင်း အဒေါ်က တခြားမြို့ပြောင်းသွားတာကြောင့် ဒီအဆောင်မှာ လာနေဖြစ်ကြောင်း ပြောပြနေတော့တယ် …

အဲ့ဒါနဲ့ ခုလုပ်နေတဲ့ အလုပ်လုပ်လုပ်ဖြစ်တာပဲလားလို့ ကျမ ခနဲ့ သံနဲ့ မေးမိပြီးမှ အားနာသွားမိတယ် ….
အဒေါ်က မရိပ်မိဘူးလား”လို့ မေးမိတော့
ညီမဒီအလုပ်လုပ်နေမှန်း အဒေါ်သိပါတယ်….. တဲ့။
ကျမ ဆံပင်ကိုင်ထားသော လက်တောင် သတိမထားမိအောင် ကျမဘာကိုတွေးနေလဲ ကိုယ်ပြန်စဉ်းစားမိတာ ခန ခန။

ခုအလုပ်ကတစ်လကို နှစ်သိန်းလောက်ရတယ်။အ၀တ်အစားဖိုးပြန်နှုတ်ရင် တစ်သိန်းကျော်လောက်တော့ ကျန်မှာပေါ့။ အင်း .. သုံးလလောက်လုပ်ပြီးရင် အလုပ်ထွက်တော့မယ် …. သူမအပြောကို ကျမ မကြားတကြား … ထွက်ကော ထွက်ဖြစ်မှာလား …. သူပြောတဲ့ 3လ မြန်မြန်ရောက်ပါစေပဲ ဆုတောင်းနေမိတယ် …အင်း .. ဒီအလုပ်ကထွက်ပြီး ဘာဆက်လုပ်မှာလဲလို့ ကျမမေးတော့ သူမက ကျောင်းပြန်တက်မှာပေါ့တဲ့။
ကျောင်းပြီးတော့ကော….. ကျောင်းဆရာမ အတတ်သင်ထပ်တက်မယ်တဲ့….
ဒါက တက္ကသိုလ်ဝင်တန်းဖြေတဲ့ အမှတ်နဲ့ ခေါ်တာမဟုတ်လားလို့ ကျမမေးတော့ သူမက မဟုတ်ဘူး။ ဘွဲ့ရတွေလည်း တက်လို့ရတဲ့ဟာ ရှိတယ်လို့ဖြေတယ်…တတ်တတ်ကြွကြွ ဖြေနေပုံက တကယ်လုပ်တော့မဲ့အတိုင်း
ပြီးတော့ သူမ ခပ်တွေတွေဖြစ်သွားပြန်တော့ ကျမ စိတ်မကောင်းဖြစ်သွားတယ် ….

ကျမကတော့ ကျောင်းပြီးရင် ဘာလုပ်ရမှန်းကို မသိဘူးဟု ပြောမိတော့ လူဆိုတာ ရည်မှန်းချက်ရှိရတယ် တဲ့။
မှန်တယ် … ကျမမှာ ရည်မှန်းချက် ပျောက်နေတယ် …
သူများအတွက်ကိုသာ ကျမ ၀င်စဉ်းစားနေပြီး
ကျမအတွက်ကျတော့ကော
ကျမသာ သူမနေရာမှာဆိုရင်ကော ဒီလိုလုပ်ဖြစ်မှာလား ….

တခါတခါ သုံးစရာမရှိတော့တဲ့ ကျမ ပိုက်ဆံအိပ်က ကျမ အဆောင်ရှေ့မှာတောင်းစားနေတဲ့ သူတောင်းစားခွက်လောက်တောင် တန်ဖိုးမရှိ
သို့သော်လည်း… ကျမ တခါမှ အဲလို လုပ်စားမယ်လို့မတွေးမိ
စိတ်လည်းမကူး.. ကျမ အဆင်မပြေလည်း ပြေအောင်နေသလို
သူမကိုလည်း ကြိုးစားပြီးနေစေချင်ခဲ့တာအမှန် …

ဟိုတလောက ကျမ အမျိုးသားနဲ့ ကျမ ရန်ကင်းစင်တာသွားတော့
ရန်ကင်းစင်တာနားမှာ ကျောင်းစိမ်း/ဖြူနဲ့ သူမကို ထပ်တွေ့တယ်
ရန်ကင်းက ဆရာဖြစ်သင်တန်းကျောင်းမှာ သူတတ်နေတာ နောက်2လဆို ပိုစတင်ကျပြီတဲ့

သူမကတော့ သူမဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ဖြစ်အောင်လုပ်သွားပေမဲ့
ကျမမှာတော့
ဖြစ်ချင်တဲ့ Programmer လား … developer လား … designer လားမသိဘဲ ….
ဖြစ်ရာဘ၀မှာ ပျော်အောင်နေ နေနေရဲ့ ….
ကျမ သူမထက် ကံကောင်းနေပေမဲ့
ရည်မှန်းချက်ပန်းတိုင်မှာတော့ သူမကို မမှီနိုင်ပါ …..

တွေ့လိုက်တဲ့ ခဏတာမှာ ကျမကို ကျမ ရှက်မိတာတော့အမှန်ပင် ….

သူ့အတွက်ဆုတောင်းပေးတဲ့ 3လကို ကျမ လိုချင်လိုက်တာ….

နွေးသီး
8-7-2013
မအားမလပ်ကြားမှ ခိုးကြောင်ခိုးဝှက်ရေးရချိန် …..

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer