သူကြီးက ကျမတို့ ရွာသူားတွေကို မြှောက်မြှောက်ပေးနေတယ်။

Citizen Journalist CJ တွေတဲ့။

ကိုယ့်ကိုကိုယ်လည်း စိတ်ကြီးဝင် စီဂျေကြီးထင်မိ၊

တစ်ခုခု မျက်စိထဲ အမြင်မတော်၊အကြားမတော်ရင်လည်း မှတ်တမ်းတင်ချင် ရွာထဲကတစ်ဆင့် ပြည်သူကို တိုင်တည်ချင်မိ၊

တစ်ခုခု သဘောကျ နှစ်ခြိုက်မိရင်လည်း (အစားကောင်းစားရရင် ချစ်သူတွေကို သတိရဆိုသလို) ရွာသူားတွေက တစ်ဆင့် ပြည်သူကို ပြောပြချင်မိ၊

အဲသလို သတင်းသမားလုပ်ချင်မိတော့ သတင်းသမားရဲ့ ကျင့်ဝတ်လေးတွေတော့ နည်းနည်းပါးပါး တီးကြည့်ခေါက်ကြည့်လေ့လာကြည့်မိပါတယ်။

အနီးစပ်ဆုံးက ရွာထဲက ဆရာထက်ဝေးရဲ့ မျက်နှာစာအုပ်ပေါ်က စတေးတပ်စ်တွေပါပဲ။

အဲဒီထဲကြိုက်မိတာလေးတွေ တို့ထားတဲ့ထဲမှာ

သတင်းသမား သည် ကြားရတိုင်း သတင်း မဟုတ်၊ ဘယ်မှာပင်ကြားရစေ မှန်၊မမှန် ဆင်ခြင်စဉ်းစား အတည်ပြုတတ်ရန် အရေးကြီးဆုံး ပင်ဖြစ်သည်။သတင်းကြောင့် တိုးတက်မူများ ဖြစ်နိုင်သလို သတင်းကြောင့် ပင် ဆုံးရှုံး နှစ်နာမူများ လည်း ဖြစ်နိုင်ပါသည်။သတင်းတွင် အရေးကြီးဆုံး ပေါ်လွင် ထင်ရှား သိသာနိုင်သည့်အရာမှာ ဓါတ်ပုံ ဖြစ်ပါသည်။

 

 

သတင်းသမားသည် ကိုယ်နှင့်မတူ ကိုယ့်ရန်သူဟူသော အစွန်းရောက်သည့်နိမ့်ပါးသည့်စိတ် မထားရပေ။သတင်းသမားသည် စိတ်ဖြူရမည်။ တည်ငြိမ်ရမည် သတိရှိရှိနေရမည်

ဟုဆိုချင်ပါသည်။မိမိရေးသားဖေါ်ပြချက်သည် အများအတွက် အကျိုးရှိပြီး တရားမျှတမူ ၊သာတူညီမျှ ရှိမူ၊စိတ်နှလုံးကောင်းမူဖြင့်သာ သတင်းများရေးသားရမည်။

 

 

စာနယ်ဇင်းများသည် တမင်ကြံရွယ်တွက်ဆလျှက် ဘာသာရေး၊ လူမျိုးရေး မုန်းတီးမူများကို လှုံဆော်ခြင်းမပြုရ ၊ ဇာတိကိုသော်လည်းကောင်း ၊ကိုးကွယ်ရာ ဘာသာကိုလည်းကောင်း ၊လူမျိုးကိုသော်လည်းကောင်း အကြောင်းပြု၍ မတရားဝေဖန်ရေးသားခြင်းမပြုရ ” ဟူ၍စာနယ်ဇင်း ကျင့်ဝတ်ရှိသည်။

 

အဲသလိုလေးတွေ ဖတ်မိမှတ်မိပါတယ်။

သတင်းဓာတ်ပုံဆိုရာမှာလည်း သိသလောက်တော့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်စေမယ့် သတင်းမျိုးမှာ မျက်နှာကို အမည်းလိုင်းလေးဖုံးပြီး အုပ်ပေးထားရပါတယ်။

တရားခံဖြစ်နေရင်တောင်မှ မျက်နှာဖုံးပေးထားရပါတယ်။

တရားရုံးက မစီရင်မချင်း သူ့ကို တရားခံ အစစ်လို့ သတ်မှတ်လို့မရပါဘူး။

မလိုအပ်ရင် နာမည်၊အဖေနာမည်တွေကို ကွက်လပ်ချန်ပြီး ဖော်ပြပေးရပါတယ်။

အထူးသဖြင့် မုဒိန်းမှုဖြစ်ရင် ခံရသူမိန်းကလေးဟာ လူနစ်နာရတဲ့အပြင်

နာမည်ပါ လူသိရှင်ကြားအဖြစ်မခံထိုက်တဲ့အတွက် မိန်းကလေးနာမည်၊အဖေနာမည်ကို လုံးဝ ထုတ်ဖော်မပြောသင့်ပါဘူး၊

ဓာတ်ပုံဆိုတာဝေးရောပေါ့။

အခုတလော ကပြီးသား ပြဇာတ်တစ်ပုဒ် ပြန်ကပြနေသလို ဖြစ်နေတဲ့ ဒုတိယမ္ပိ ရခိုင်အရေးမှာ

ကျမတို့ နေ့စဉ်ကြည့်နေရတဲ့ သတင်းမီဒီယာ က

မုဒိန်းကျင့်ခံရတဲ့ မိန်းကလေးအမည်၊အဘအမည်၊နေရပ်လိပ်စာ နဲ့ တကွ

မိန်းကလေးရဲ့ ရှေ့ကနေ ရိုက်ထားတဲ့ မျက်နှာအပြည့် ဒူးလောက်ထိပုံပါတင်ထားတာတွေ့ရတော့

ဒီသတင်းမှန်ကြောင်း ဒီလောက်တောင် မိန်းကလေးရဲ့ အရှက်ကို ခွဲပြီး သက်သေပြနေဖို့ လိုအပ်ရဲ့လားလို့ တွေးမိပါတယ်။

ဒီလိုဖြစ်သင့်ပါသလား။

ကိုယ့်နှစ်မသားချင်းများသာဆိုရင် ဒီလိုပဲ သတင်းမှန်ပါဆိုပြီး တင်ပေးမှာလား။

သတင်းရဲ့ source က Arakan Events လို့ တပ်ထားပါတယ်။

ရခိုင်အမျိုးသမီးလေးကို ထပ်ပြီးတော့ နှစ်လိုက်တဲ့ ရခိုင်မီဒီယာ ဖြစ်နေပြီလားလို့လည်း စဉ်းစားမိပါတယ်။

သတင်းဆို ဦးရင် ထူးရင်ပြီးရော ဘာကျင့်ဝတ်မှ လိုက်နာစရာမလိုတဲ့ ခေတ်များရောက်နေတယ်ဆိုရင်တော့

ကျမလည်း စီဂျေ မဖြစ်ချင်တော့ပါဘူး။

မိန်းမသားဘဝ စာနာမှုမရှိတဲ့ ဒီလို ခေတ်မှာ နေရမှာလည်း ကြောက်မိပါတယ်။

 

 

 

About padonmar

has written 227 post in this Website..

THAKHIN CJ #12112010 (5/2/16)