သဂျီးနဲ့ တကွ အွန်လိုင်းက စာဖတ်သူများ ၊ ရွာသူ ရွာသားများ အားလုံးပဲ မင်္ဂလာပါနော် ။

မနေ့က တနင်္ဂနွေနေ့လည်းဖြစ် ၊ ရုံးပိတ်ရက် ၊ ကျောင်းပိတ်ရက်လည်း ဖြစ်တာကြောင့် ၊ အိမ်မှာနေရင်း အနားယူဖြစ်ခဲ့ကြပါသလား ဒါမှ မဟုတ် မိသားစုနဲ့ပဲ ဟိုဟိုဒီဒီ သွားရင်း ပျော်စရာအချိန်လေးတွေ ဖန်တီးဖြစ်ခဲ့ကြပါလား ။ ကျွန်မကတော့ ရွာထဲက ရေးဖော်ရေးဖက် ၊ ပြောင်ဖော်ပြောင်ဖက်များဖြစ်တဲ့ ဆူး ၊ အမတ်မင်း ၊ ရွှေတိုက်စိုး ၊ AKKO၊ ရွှေအိ ၊ နွယ်ပင် ၊ သန္တာ၊ရွှေတိုက်အုပ်တို ့နဲ့ အတူ သန့်ရှင်း သပ်ရပ်တဲ့ အပြင်ဆင်နဲ့ အရသာရှိတဲ့ အစားစာတွေကို မြည်းစမ်းကြည့်ရင်း စူပါဆန်းဒေးရဲ့ အရသာကို ထွေရာလေးပါးပြောဆို စနောက်လို့ စိတ်လက်ပေါ့ပါးစွာနဲ့ ကုန်ဆုံးစေခဲ့ပါတယ် ။

အစားကောင်းစားရလျှင် မိတ်ဆွေကောင်းတွေကို သတိရတတ်တယ်ဆိုတဲ့ စကားအတိုင်းပါပဲ သန့်ရှင်း လတ်ဆတ်တဲ့ အစားသောက်တွေကို တစ်နေရာထဲမှာ ဈေးနှုန်းမျှတသင့်တင်စွာနဲ့ စားသောက်နိုင်တဲ့ ဆိုင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ အချက်ချာကျတဲ့ နေရာမှာလည်း တည်ရှိနေတာကြောင့် သွားလာရလည်း အဆင်ပြေတဲ့ နေရာမျိုးလေးပါပဲ ။

ဆိုင်နာမည်ကတော့ “ Marrybrown Myanmar” ပါတဲ့ရှင် ။ နိုင်ငံပေါင်း ၁၆နိုင်ငံမှာ Marrybrown ဆိုင်ခွဲတွေအများကြီး ဖွင့်ထားခဲ့ပြီး ၊ မြန်မာနိုင်ငံမှာတော့ ပထမဆုံး ဖွင့်လှစ်ခြင်းပါ ။  Burger & Snack ဆိုင်အမျိုးစားပေမယ့် တခြားရွေးချယ်စရာ အစားစာ အတော်များတဲ့ menuတွေ လည်းရှိပြီး ၊ soft drink တွေ ၊ coffeeအမျိုးမျိုး ၊ ice-cream တွေအပြင် ၊ မလေးရှားနိုင်ငံက အရသာ နဲ့ တထပ်တည်းအရသာတူတဲ့ marrybrown ကြက်ကြော်ကိုလည်း အလွှာတန်းစားမျိုးစုံ လက်လှမ်းမှီလောက်တဲ့ မျှတတဲ့ဈေးနှုန်းမျိုးနဲ့ ရောင်းချပေးနေပါတယ် ။ ဆိုင်လိပ်စာကတော့ အမှတ်(၂၂၀) ရွှေဂုံတိုင်လမ်း ၊ ဗဟန်းပါ ။ (တော်ဝင်နှင်းဆီနဲ ့မျက်စောင်းထိုးနားလောက်မှာပါ)

အစားသောက်ပိုင်းနဲ့ ပတ်သတ်လို ့လတ်ဆတ်တဲ့ စားသောက်ကုန်တွေကို အသုံးပြုထားပြီး ဆီကိုလည်း ကျန်းမာရေးနဲ့ ညီညွှတ်အောင် cholesterol free သုံးပေးထားပါတယ်တဲ့ ။ အလကားနေရင်း ဝိတ်တက်နေလို့ ဆီကြော်စာတွေ စားချင်ပါလျှက် ရှောင်နေရသူတွေအတွက်တော့ ရွေးချယ်စရာနေရာတစ်ခုပေါ့ ။ ကျွမ်းကျင်တဲ့ စားဖိုမှတွေကလည်း မိနစ်အနည်းငယ်အတွင်း မြန်ဆန်ပြီး အရသာရှိတဲ့အစားစာတွေ ပြင်ဆင်နိုင်တာကြောင့် ၊ ကျွန်မလို မှာပြီးချက်ချင်းစားချင်တဲ့ ၊ စိတ်မရှည်တဲ့ လူမျိုးတွေအတွက်တော့ ၊ စိတ်ကျေနပ်မှု ပေးနိုင်တဲ့နေရာမျိုးပေါ့ ။ :mrgreen: ပန်းကန်၊ခွက်ယောက် အသုံးပြုပေးထားမှု အပိုင်းမှာလည်း သေသေသပ်သပ်နဲ့ သန့်ရှင်းမှု ရှိတာကိုတွေ့ရပါတယ် ။

ဒီဆိုင်ရဲ ့ ထူးခြားမှု နောက်တစ်ခုကတော့ ဆားဗစ်ပေးတဲ့ အပိုင်းပါ ။ စားစရာမှာတဲ့ အခါမှာပဲဖြစ်ဖြစ် ၊ တခြားဝန်ဆောင်မှု အပိုင်းမှာပဲ ဖြစ်ဖြစ် လိုအပ်တာရှိလျှင် တခြားဆိုင်တွေမှာလို ပြင်ပက ၊ဘေးက အသံထက်ဖုံးအောင်အော်ပြောရတာမျိုး  ၊ အသံမြင့်ပြောရတာမျိုး ၊နှစ်ခါထပ်ပြီး ပြောရတာမျိုး မရှိတာကြောင့် …. စကားကို တစ်ခါထက် နှစ်ခါ ပြန်မပြောချင်တဲ့ ဂွတီးဂွကျ ကျွန်မအတွက်တော့ဆက်ဆံရ အဆင်ပြေတဲ့ဆိုင်မျိုးပါပဲ ။ ဒါတင်ပဲလားဆိုတော့ … မဟုတ်သေးဘူးပဲ ။ ဆိုင်တစ်ချို့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝန်ထမ်းရဲ့ စိတ်အခြေနေအရ ၊ ဆားဗစ်ပေးတဲ့ ပန်းကန်ခွက်ယောက်ကိုင်တွယ်မှုကြောင့် စိတ်အနှောက်ယှက်ဖြစ်ခဲ့ရတာမျိုး မရှိခဲ့ဘူး ။ ဆိုင်ကဝန်ထမ်းတွေကို လျင်ပါးစွာ လေ့ကျင့်ပေးထားပုံရပါတယ် ။ ပန်းကန်တွေ လာချတာရော ၊ ပြန်သိမ်းတာပါ ညှင်သာလွန်းတာကြောင့် စိတ်အနှောက်ယှက်မဖြစ်ခဲ့ပါဘူး ။ ဒီလိုပါပဲ တချို့သော ဆိုင်တွေမှာ စားသုံးသူအချင်းချင်း စကားပြောနေတုန်း ပြောလက်စ စကားမရပ်သေးဘူး ၊ ဆိုင်ဝန်ထမ်းက ကြားဖြတ်စကားပြောတာမျိုး ဆိုင်ဝန်ဆောင်မှု အပိုင်းနဲ့ ပတ်သတ်ပြီး အင်ကွာရီ လုပ်တာမျိုးမရှိပဲ … မေးချင်တာရှိလျှင်တောင် စားသုံးသူတွေ စကားရပ်တဲ့အထိ စောင့်ပြီးမေးတဲ့ အလေ့ကျင့်မျိုးကလည်း ၊ တခြားနိုင်ငံတွေက Marrybrown ဆိုင်တွေတော့မသိဘူး ၊ ဒီနိုင်ငံမှာတော့ အတော့်ကို အလိုက်သိတဲ့ ယဉ်ကျေးတဲ့ အလေ့ကျင့် အပြုမူလို့ ပြောလို့ ရပါတယ် ။ ဆိုင်ဝန်ထမ်း အများကြီးရှိပြီး သူ့အပိုင်းနဲ့သူ ခွဲတာဝန်ယူထားတာကြောင့် တခြားဆိုင်တွေကလို လူများပြီး ပွဲမစည်တဲ့ အနေထားမျိုးမဟုတ်တာကလည်း ၊ သဘောကျစရာအချက်တစ်ခုပါပဲ ။

ဆိုင်ရဲ့ ပြင်ဆင် ဖွဲ့စည်းပုံအရ အဖြူရောင်ကို အဓိက သုံးထားသလို ၊ သဘာဝ အလင်းရောင်ကျရောက်မှုကို အခြေခံထားကာ ဘေးပတ်ပတ်လည်မှာ မှန်ချပ်တွေနဲ့ ကာရံထားတာကြောင့် တစုံတစ်ယောက်နဲ့များ ချိန်းထားမိလို့ မျှော်တော်ယောင်ဖြစ်နေတဲ့ အချိန် ၊ မျောက်မီးခဲ ခုထိုင်မိသလို ၊ ရုပ်ပျက်ဆင်းပျက် ခေါင်း360ဒီဂရီ လှည့်ပတ်ရှာနေစရာမလိုပဲ  ၊ ထင်ထင်းရှားရှားတွေ့နိုင်တဲ့ အနေထားမျိုးပါပဲ ။ :oops:အသုံးပြုထားတဲ့ စားပွဲနဲ့ ထိုင်ခုံတွေကအစ မနိမ့် မမြင့်လွန်းပဲ သက်တောင့်သက်သာဖြစ်အောင် စီစဉ်ပေးထားပါတယ် ။ အချို့သောဆိုင်တွေမှာ နေရာကျယ်လျှင်ပြီးရောဆိုတာမျိုး ခုံတွေထည့်သုံးထားပြီး ၊ ထိုင်နေရင်း 30 ဒီဂရီလောက်စော င်းတာနဲ့ မှောက်လဲနိုင်တဲ့ ခုံမျိုး ဒီဆိုင်မှာ မသုံးထားတာကြောင့်လည်း ၊ အရမ်းအဆော့သန်တဲ့ ကလေးတွေအတွက်ရော ၊သူ့မိဘတွေအတွက်ပါ စိတ်ဖြောင့်ဖြောင့် စားသောက်နိုင်တဲ့ နေရာတစ်ခုပေါ့ ။ :lol: ပြောင်းလဲ လာတဲ့ခေတ်စနစ်ကြောင့် အစားသောက်ရောင်းတဲ့ ဆိုင်တချို့မှာ အစားစာ ၊ ဝန်ဆောင်မှု ၊ ဈေးနှုန်းအပြင် ၊ decoration အပိုင်းကိုပါ ဦးစားပေးလာတာကိုလည်း တွေ့ရပါတယ် ။ တချို့ဆိုင်တွေမှာ ထိုင်ခုံအစား မိသားစုလိုက် စီးဖို့ ဒန်းလေးတွေ ထားပေးတတ်တယ် … ။ ကလေးပေါက်စနတွေအတွက်တင်မဟုတ်ပဲ ၊ ဆယ်ကျော်သက်ကလေးတွေကနေ ၊ မကြီးမငယ်အရွယ်ကြီးတွေအထိ ဒန်းပေါ်ထိုင်လို့ ရတဲ့ စားပွဲမျိုးကို လုယှက်နေရာ ဦးတာတွေ မြင်ခဲ့ဖူးပါတယ် ။:wink: ဒီဆိုင်မှာကတော့ ၊ ဆိုင်ရဲ့ ဘယ်ဘက် တခြမ်းလုံးက ဒန်းတွေနဲ့ စားပွဲတွေချည်း တန်းစီ ချပေးထားတာကြောင့် နေရာဦးစရာမလိုပဲ အဲ့လိုနေရာမျိုးထိုင်လိုက အေးအေးဆေးဆေး သွားထိုင်စားနိုင်ပါတယ် ။   :lol: ကော်ဖီတခွက်တည်းသောက်ပြီး တနေ့လုံး ဝိုင်ဖိုင်ထိုင်သုံးချင်တဲ့ ချစ်တီးလူစားတွေအတွက်လည်း တွက်ခြေကိုက်တဲ့ နေရာမျိုးပါပဲ … ။ :mrgreen:

ကျွန်မအရင်က toilet တွေအကြောင်း ပို့စ်တပုဒ်ရေးခဲ့ဖူးပါတယ် ။ တော်တော်တော့ကြာခဲ့ပါပြီ အပိုင်းခွဲရေးခဲ့တာ (၁)ပဲ တင်ပြီး (၂) နှင့် (၃)ကို တင်ချင်စိတ်မရှိတာကြောင့် ရေးရုံ ၊ မတင်ဖြစ်ပဲ ဒီတိုင်းထားခဲ့ဖူးပါတယ် ။ ဆိုင်တွေရောက်တိုင်း ၊ မဖြစ်မနေ အဲ့ အထဲရောက်တဲ့အ လေ့ကျင့်ရှိခဲ့တာကြောင့်ပါ ။ အထူးတလည် မှတ်သားလေ့လာတာမျိုးမဟုတ်ပဲ ရောက်သွားရုံနဲ့ မှတ်မိနေတတ်တဲ့ မှတ်ဉာဏ်ကိုက toilet လေ့လာရေးပါရမီပါလာတာမျိုးလို့တောင် နာမည်တပ်ရမလိုပါပဲ ။ ဒီဆိုင်ကိုရောကြ်ပီး ပြန်ခါနီး ထုံးစံအတိုင်း toiletထဲရောက်ခဲ့ပြန်တယ် ။ အတွင်းပိုင်းမှာ ladies & Gents  ခွဲထားပေးပြီး ၊ ဒီထဲမှာလည်း အဖြူရောင်ကို ခြေခံထားသုံးလို့လို့ ဆိုင်နဲ့ ကပ်လျှက်တွဲနေပေမယ့် ၊ အနံ ့သက်ရော ကြမ်းပြင်သန့်ရှင်းမှု အပိုင်းကိုပါ ဂရုစိုက်ပြီး သန့်ရှင်းထားတာမျိုးတွေ့ရပါတယ်  …. ။ သုံးပေးထားတဲ့ ဆပ်ပြာအဆီကပဲ ၊ အနံ ့ပြင်းပြင်း ၊ ရေအဆပေါင်းများစွာ ရောထားတဲ့ တချို့သော ဆိုင်တွေလို ပြီးစလွယ် ပေါပေါလောလောအမျိုးစားမဟုတ်တာကလည်း ၊ စားသုံးသူတွေအပေါ် စေတနာထားခြင်းမျိုးလို့မြင်ပါပဲ ။ဒီလို ဝန်ဆောင်မှု ကောင်းကောင်းနဲ့ ဆားဗစ်ပေးနေတဲ့ ဆိုင်မျိုးမို့ ….တခြားဆိုင်တွေနဲ့ ဈေးနှုန်းကွာခြားချက်များရှိမလား ၊ ဈေးများကြီးမလားလို့ တွေးနေကြသူတွေလည်း ရှိကောင်းရှိပါလိမ့်မယ် … ။ ပြောမယုံ ၊ ကြုံဖူးမှ သိဆိုသလိုပဲ … အပြင်ဆင် ဝန်ဆောင်မှုအားကောင်းပေမယ့် …ဈေးနှုန်းအားဖြင့်တော့ တကယ့်ကို သင့်တင့်မျှတတဲ့ ဈေးနှုန်းမျိုးပါပဲ ။ မိသားစုနဲ ့ပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်း ၊ မိတ်ဆွေ အပေါင်းသင်းတွေနဲ့  ဖြစ်ဖြစ် စကားလက်ဆုံကျလို့ကောင်းတဲ့ နေရာလေးဖြစ်တာကြောင့်ရော ၊ အစားသောက် ၊ ဝန်ဆောင်မှု ၊ သန့် ရှင်းမှု အပိုင်းမှာ ကျေနပ်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်တာကြောင့်ပါ …… ကျွန်မကတော့ နောက်ထပ်သွားဖြစ်ပါဦးမယ် ။

ကျွန်မ အရင်က ၊ အစားသောက်ပိုင်း ဆားဗစ်ပိုင်းမှာ ပြသနာ ရှိခဲ့တဲ့ ဆိုင် တချို့နဲ့ လူသုံးကုန် ဘရန်း တချို့အကြောင်း ကိုယ်တွေ့ အဖြစ်ပျက်တခုအဖြစ် ကိုယ်ပိုင်ယူဆချက်အတိုင်း အားမနာတမ်း ချရေးခဲ့ဖူးပါတယ် ။ထောက်ပြ ဝေဖန်တာတွေ ရှိခဲ့ဖူးသလို အခုလို လူအများတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှုမျိုး ပေးနိုင်တဲ့ ဆိုင်မျိုးကိုလည်း ကြော်ငြာပေးချင်စိတ်ဖြစ်မိတာကြောင့် ဒီပို့စ်ကို ရေးပါတယ် …. အခုလို မိုးရာသီမှာ ဝမ်းရောဂါဖြစ်ပွားမှုနှုံးပိုများတတ်တာကြောင့် သန့်ရှင်းတဲ့ အစားသောက်စနစ်မျိုး ရွေးချယ်စားသောက်ပြီး မိမိကျန်းမာရေးစောင့်ရှောက်မှုကို ကိုယ်တိုင် အလေးထားချင်သူများအတွက်ရော ၊ သင့်တင့်မျှတတဲ့ ဈေးနှုန်နှင့် သန့်ရှင်းလတ်ဆတ်တဲ့အစားသောက်တွေကိုမှ ရွေးချယ်စားချင်ပါတယ်ဆိုသူများအတွက် ကိုယ်တိုင်သွားပြီး စိတ်ကျေနပ်မှုရဖို့ ….ရွှေဂုံတိုင်က Marrybrown Myanmar ဆိုင်အကြောင်း သတင်းပေးလို့ သံချောင်းခေါက်ပေးလိုက်ပါတယ်နော် …… ။

 

marrybrown6

 

marrybrown7

 

marrybrown8

 

marrybrown9

marrybrown1

 

marrybrown2

marrybrown4

 

marrybrown10

 

။ ဆိုင်လိပ်စာကတော့ အမှတ်(၂၂၀) ရွှေဂုံတိုင်လမ်း ၊ ဗဟန်းပါ ။

။ ဆိုင်လိပ်စာကတော့ အမှတ်(၂၂၀) ရွှေဂုံတိုင်လမ်း ၊ ဗဟန်းပါ ။

 

 

 

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!