==============================

အောက်ပါ စာများသည် ဘော်ဘော်တစ်ယောက်ဆီမှ မသိမသာ မ,လာသည့် စာများသာ ဖြစ်လေအိ။

==============================

ကျုပ်ကလေ သူနဲ့ ပတ်သက်လာရင် သိပ်ကို သဝန်တိုတတ်တဲ့လူ ခင်ဗျ။
ဒီအကြောင်းတွေ သူ့ကို ပြောလိုက်ရင်လည်း အရမ်းသဝန်တိုတတ်တာပဲ ဆိုပြီး ကျုပ်ကို မချစ်မှာ ကြောက်လို့မို့ မပြောခဲ့ပါဘူး။
သူနဲ့ ပတ်သက်လာတဲ့ ပုရိသမှန်သမျှကို ကျုပ်လေ အမြဲတစေဆိုသလို စိတ်ထဲက မျက်ထောင့်နီကြီးတွေနဲ့ ကြည့်ကြည့်နေတတ်တာပေါ့ဗျာ။
တစ်ခါတစ်ခါများ ဒီလိုသဝန်တိုတတ်တဲ့ စိတ်တွေကနေ ကျန်တဲ့ အတွေးတွေပါ ဝင်လာပြီး သူသာ အခြားတစ်ယောက်နဲ့ ချစ်သွားရင် ဆိုပြီးတော့ တွေးရင်းတွေးရင်းနဲ့ ယောက်ကျားကြီးတန်မဲ့ မျက်ရည်တွေတောင် ကျနေတတ်သေးတယ်။
ဒါပေမယ့် … အခုတော့ ဒီစိတ်တွေကို အတတ်နိုင်ဆုံး လျော့ပါးအောင် ကြိုးစားနေပါပြီ။
ဟုတ်တယ်လေ …။ အလကားနေရင် လိုက်သဝန်တိုနေရင် သူ့ကို ယုံကြည်မှု မဲ့နေသလိုပဲ ဖြစ်တော့မှာပေါ့။ ကျုပ် သူ့ကို ယုံတယ်။

ကျုပ်လေ သူ့ကို ဟောဒီရင်ထဲမှာ ဖြစ်နေသမျှ အကုန်လုံး ပြောပစ်လိုက်ချင်ပါတယ်ဗျာ။
ဒီလို ပြောဖို့အတွက်လည်း မှန်ထဲကြည့်ပြီး လေ့ကျင့်ခဲ့တာပဲ။
ဒါပေမယ့် … တကယ့်တကယ် လက်တွေ့လည်း ကျရော ပြောမယ့်စကားက ထွက်ကို မလာတော့ဘူး။
ဒီအကြောင်းကို သူငယ်ချင်းတစ်ယောက်ဆီမှာ ဖွင့်ဟတော့ သူက အကြံပေးတယ်။
“အရမ်းကြီး ထိန်းချုပ်မထားနဲ့၊ ပေါ့ပေါ့ပါးပါး ငါနဲ့ မင်းနဲ့ စကားပြောသလိုပဲပြော”  တဲ့။
ဟုတ်သားဗျ။ ကျုပ်က သူနဲ့တွေ့ရင် သူမကြိုက်တဲ့ စကားတွေ ပြောမိမှာစိုးလို့မို့ စကားကို ထိန်းချုပ်ပြီး မရဲတရဲနဲ့ပဲ ပြောတတ်တာ။
ပေါ့ပေါ့ပါးပါး ပြောတာဆိုလို့ တစ်ခါလားပဲ ရှိခဲ့တယ်။

သူ့ရဲ့ ရီသံလေးတွေ၊ ရွှင်ပြနေတဲ့ အသံလေးတွေ ကြားရတဲ့အခါမျိုးမှာ ကျုပ်ဖြင့် သိပ်ကို ပျော်မိတာပဲ ခင်ဗျ။
ဒီလို အခါမျိုးဆို လူက သူ့ရီသံဓါတ်တွေ ကူးစက်ပြီး ခပ်ပြုံးပြုံး မျက်နှာပေးနဲ့ လွှတ်ကို ပျော်နေတော့တာပဲ။
သူ့ရဲ့ မရွှင်ပြတဲ့ အသံတွေ၊ ခပ်စိမ်းစိမ်း စကားတွေကို ကြားရတဲ့ အခါမျိုးမှာတော့ ရင်ထဲမှာ နင့်ခနဲပဲ။
ဘာလုပ်လုပ် စိတ်ကို မပါတော့ဘူး။ လူကလည်း ခပ်မှိုင်မှိုင်နဲ့ ဖြစ်သွားတတ်တယ်။

သူ့မျက်နှာလေးကို ငေးခွင့်ရတဲ့ အခိုက်အတန့်မှာ ရင်ထဲမှာ ဘာနဲ့မှမတူတဲ့ တသိမ့်သိမ့် ကြည်နူးမှုတွေ ဖြစ်နေတတ်တယ်။
ဒီလို အခါမျိုးမှာ တစ်ခါတစ်ခါ စိတ်မြန်လက်မြန် လုပ်တတ်တဲ့ ကျုပ်အကျင့်ကို အတော်ကြီးကို ထိန်းချုပ်ထားရတတ်ပါသေးတယ်။
ဒါကြောင့် … သူ့မျက်နှာလေးကို အမြဲတစေ ငေးပြီး ကြည့်မနေရဲပါဘူး။
အကယ်၍များ သူ့ကို နမ်းမိသွားရင် သူက ကျုပ်ကို ပြန်မချစ်တော့ဘဲ မုန်းသွားမှာလည်း စိုးတယ်။

ကျုပ်ရဲ့ ရင်ထဲ၊ အတွေးထဲမှာ သူတစ်ယောက်ပဲ လွှမ်းမိုးထားတယ်။
တွေးလိုက်တဲ့ အတွေးတိုင်းဟာ သူ့ အကြောင်းတွေကပဲ များနေတတ်ပါတယ်။
နာရီကို ကြည့်လို့ ဒီအချိန်မှာ သူ ဘာလုပ်နေမယ်။ ဒီအချိန်မှာတော့ဖြင့် သူ ဘယ်မှာ ရှိနေမလဲ ဆိုတဲ့ အတွေးတွေနဲ့ နေ့စဉ်ဘဝဟာ သူ့ရဲ့ ပုံရိပ်များကပဲ လွှမ်းမိုးလို့ နေနေတတ်ပါတယ်။

သူနဲ့ ပတ်သက်ပြီး ကျုပ်မှာ ဖြစ်ဖြစ်နေတတ်တဲ့ ပြဿနာ တစ်ခုကလည်း ရှိနေတယ်။
သူ့ဘေးကနေ ထွက်ခွာလာရတိုင်း တစ်ခုခုဟာ လူကို မအီမသာ ဖြစ်ဖြစ်နေစေတတ်တယ်။
ပြောရရင် လူက ဂေါက်သလိုလို ကြောင်သလိုလိုနဲ့ ဘာတွေ လျောက်လုပ်မိမှန်း မသိဘူး ဖြစ်သွားတတ်တယ်။
ခေါင်းကုတ်ပြီး စဉ်းစားလည်း အဖြေက ထွက်မလာဘူး။
ဒါပေမယ့် … ကျုပ် ဦးလေးရဲ့ ဆုံးမမှုကြောင့် အခုအချိန်ကစပြီး မဂေါက်အောင် နေတော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။

သူက ကျုပ်ကို ကြိုးစားစေချင်တယ်။
ဒါကြောင့်မို့လည်း အရင်လို ခပ်ပေါ့ပေါ့ မနေတော့ဘဲနဲ့ ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်မှာ အဆင့်တစ်ခု တက်နိုင်အောင် လေ့လာနေတယ်။
ရည်မှန်းရာ ရောက်တဲ့အခါ ရှေ့ဆက်မယ့် အနာဂါတ်ရဲ့ ပန်းခင်းများကိုလည်း လှမ်းမျှော်တွေးရင်းနဲ့ ပျော်ရွှင်နေတတ်ပြန်သေးတယ်။

ဒါတွေဒါတွေ အားလုံးဟာ သူမကို ချစ်မိတဲ့ အချစ်တွေဆီကနေ ပေါက်ဖွားလာခဲ့တဲ့ (တစ်စွန်းတစ်စ) ဖြစ်တည်များပါပဲ။

==============================

ကူးပြီးနှစ် – ၂၀၁၃၊ ဇူလိုင်လ၊ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၂း၃၀)

==============================

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။