လွယ်ကူပြီး စားလို့ကောင်းတယ် .. တွက်ချေလည်းကိုက်ပါတယ် ..
ဝက်သားလုံးကြော်ကို ကလေး လူကြီး အားလုံး ကြိုက်ကြတယ် … ကလေးတွေထမင်းဗူးထဲထည့်ပေးရတာလဲ အဆင်ပြေတယ် ..
လုပ်ရိုးလုပ်စဉ် နည်းဟောင်းတွေကို ငြီးငွေ့သွားလို့ အစမ်းထွင်ကြည့်လိုက်တာ အဆင်ပြေတယ် ..
ချက်တုန်းက ပို့စ်တင်ဖို့ မရည်ရွယ်ခဲ့မိလို့ အဆင့်ဆင့်ဓါတ်ပုံ မရိုက်မိလိုက်ဘူး .. နောက်တစ်ခေါက်ကြော်မှ တင်မယ်စိတ်ကူးပေမယ့် လွယ်လွန်းလို့ အဆင့်ဆင့်ပုံတွေ မလိုလောက်တာမို့လို့ ရှိတဲ့ပုံနဲ့ပဲ ညွှန်းလိုက်ပြီနော် …

ပါဝင်သောပစ္စည်းများ
ဝက်သားကြိတ်ပြီးသား (စီးတီးမတ်မှ) ၁၅၀၀ ကျပ်ဖိုး (အလေးချိန်မမှတ်မိတော့လို့ပါ)
ငုံဥ …………. ၁၅ လုံး
ဝက်သားထဲထည့်နယ်ဖို့အတွက် … ဆား၊ သကြား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကော်မှုန့်၊ တရုတ်မဆလာ (သို့မဟုတ်) ငရုတ်ကောင်းမှုန့်
ကြက်ဥ …. တစ်လုံး
ပေါင်မုန့်ခြောက်မှုန့် (အပေါ်ယံအပွဖြစ်လိုလျှင် သုံးနိုင်သည်)

ပြုလုပ်ပုံအဆင့်ဆင့်

ငုံးဥများကို အရင်ပြုတ်ပြီး အခွံခွာထားပါမယ်။ ကြိတ်ပြီးသားဝက်သားထဲကို ဆား၊ သကြား၊ ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူနဲ့ဂျင်းအနဲငယ်၊ ကော်မှုန့် စတီးဇွန်း ၂ ဇွန်းနဲ့ အနံ့အတွက် ကြိုက်နှစ်သက်ရာ တရုတ်မဆလာမှုန့် သို့မဟုတ် ငရုတ်ကောင်းမှုန့် ထည့်ပါမယ်။ ခေါက်ထားသောကြက်ဥတစ်လုံးမှ တစ်ဝက်ခန့်ထည့်ပြီး အားလုံး သမအောင်ရောနယ်ပါမယ်။ ၁၅ မိနစ်လောက် နှပ်ထားပြီးနောက် ၀က်သားလုံး လုံးပြီး ကြော်ပါမယ်။ ငုံးဥပြုတ်ကို ဂျုံမှုန့်နဲ့ ခပ်ပါးပါးကပ်လိုက်ပြီးမှ ၀က်သားလုံးနဲ့ အပေါ်က လုံးအောင် ကပ်ပါမယ်။ ပြီးရင် ကြက်ဥခေါက်ထားတဲ့အရည်ထဲ ခဏနှစ်လိုက်ပြီး ပေါင်မုန့်ခြောက်မှုန့်ကပ်ပြီး ဆီပူအိုးထဲထည့်ကြော်ပါတယ်။ ဆီကို ၀က်သားလုံးမြုပ်အောင်ထည့်လျှင် ပိုအဆင်ပြေပါတယ်။ နီညိုရောင်ဖြစ်လာလျှင် ဆယ်ပြီး ပန်းကန်ထဲ ထည့်လို့ရပါပြီ။
တွဲဖက်စားဖို့ အချဉ်အတွက် နှစ်သက်ရာ ပြုလုပ်စားနိုင်ပါတယ်။ ကျွန်မကတော့ အိမ်မှာလုပ်နေကျဖြစ်တဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထောင်းထားတဲ့ထဲကို သံပုရာသီးညှစ်ထည့်ပြီး ဆား သကြားအနဲငယ်ထည့်ထားတဲ့အချဉ်နဲ့ တွဲဖက်စားလေ့ရှိပါတယ်။

ငုံးဥအစာသွတ်ဝက်သားလုံးကြော်

ငုံးဥအစာသွတ်ဝက်သားလုံးကြော်

အလုံးကြီးကြီးဖြစ်သွားတော့ အမြင်လှတယ် .. တွက်ချေကိုက်တယ် .. အရသာလဲကောင်းပါတယ် ..
ဝက်သားမစားရင် ကြက်သား၊ အမဲသား၊ ဆိတ်သား နှစ်သက်ရာနဲ့ ကြော်ကြည့်လို့ရပါတယ် ..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....