၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ညီလာခံအစည်းအဝေးကြီးမှ လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြု၍ ကြေညာရာတွင် ထိုနေ့ကိုပင် “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့”အဖြစ်သတ်မှတ်ထားခဲ့သည်။
အဆိုပါကြေညာစာတမ်း၏ အပိုဒ်တိုင်းအလုံးတိုင်း လူသားတို့အတွက်အဓိပ္ပါယ်ကြွယ်ဝမှုတို့နှင့်ပြည့်စုံလျှက်ရှိနေပါသဖြင့်ပဋိပက္ခတို့နှင့်ထုံမွန်းသော တိုင်းပြည်ဒေသမြို့ရွာအသိုင်းအ၀ိုင်းအဖွဲ့အစည်းအိမ်ထောင်စုမှသည် လူတဦးချင်းစီအထိကြေငြာစာတမ်းကို တိတိကျကျနားလည်လက်ခံ လိုက်နာသင့်သည်။
အသိအမှတ်ပြုလက်ခံလိုက်နာခြင်းအားဖြင့် လူသား၏လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ်ကိုချပြီးဖြစ်သဖြင့် မိမိကိုယ်နှိုက်နှင့်ပါတ်ဝန်းကျင်အတွက် “ဗြဟ္မစိုရ်” တရားလေးပါးနှင့်ပြည့်စုံသောလောကသည် အလိုအလျှောက်ပေါ်ထွန်းလာမည်ဟုအာမခံလိုပါသည်။

တိုင်းပြည်ရင့်လျှက် နေရခက်သည့်မြန်မာပြည်

“တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ…ဒို့ပြည်…ဒို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်…ဒို့ ပြည်၊ဒို့မြေ…ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ…ထိန်းသိမ်းစို့လေ…”
မြန်မာနိုင်ငံတော်သီချင်း၏ပထမခြေဆင်းပိုဒ်တွင် အထက်ပါအတိုင်းဆိုထားသီကုန်းထားခဲ့သော်လည်း လွတ်လပ်ရေးရပြီးသည်နှင့်မြန်မာတို့သည် စကားအလုံးတိုင်းကိုဖေါက်ဖျက်ရင်းကျူးလွန်ကြလေသည်ကိုတွေ့ရသည်။ “တရားမျှတခြင်းလွတ်လပ်ခြင်း ခွင့်တူခြင်း၊ညီမျှခြင်း ၀ါဒဖြူစင်ခြင်း”တို့ကင်းခဲ့သည်။
ထိုနှင့်ပြည်တွင်းစစ်တို့ဖြင့် “တိုင်းပြည်ကနုနုမုန်တိုင်းကထန်ထန်”ဖြစ်လာရသည်။
နှစ်၆၀ကျော်ပေါက်ခဲ့ပြီး တိုင်းပြည်သက်တမ်းရင့်လာချိန်တွင်လည်း “နာဂစ်”ကဲ့သို့မဟာမုန်တိုင်းကြီးနှင့်တွဲလျှက် ပြည်သူားတို့ဘ၀ကို ချေမှောက်မည့်”၂၀၀၈အခြေခံဥပဒေ”ကိုအတင်းအဓမ္မပြဌာန်းခံရယူလိုက်ကြရပေရာ တိုင်းပြည်ရင့်စတွင့် ၂ပြန်ထန်သောမုန်တိုင်းဒဏ်ခံရခြင်းပါတည်း။
တိုင်းပြည်နုရာမှရင့်လာစတွင် အာဏာရှင်၊စစ်အာဏာရှင်တို့နှင့်တိုးသဖြင့် မြန်မာအမျိုးကောင်းသားတို့ မြန်မာ့သမိုင်းတွင်သည် ပြည်ပြေးထွက် “မဟာမြန်မာရွေ့ပြောင်းမှု “ကြီးကိုပြုခဲ့ကြရသည်။

၁၉၈၈-၂၀၀၈ဆယ်စုနှစ် ၂ခုမျှအတွင်း သန်းပေါင်းများစွာသော မြန်မာတို့ ပြည်ပနိုင်ငံများသို့ပြောင်းရွေ့ခိုလှုံအခြေချခဲ့ကြရပေသည်။ အဆိုပါမြန်မာတို့ပြည်တော်ပြန်ဝင်စေရေးအတွက်လည်းကောင်း၊ တိုင်းပြည်တိုးတက်အောင် အရင်းအနှီးမြုတ်နှံမှု၊နည်းပညာအရင်းအရင်အမြစ်များ စီးဆင်းဝင်သွားစေရေးအတွက်လည်းကောင်း ၂၀၀၈နာဂစ်အခြေခံဥပဒေနှင့် နိုင်ငံသားပြုခြင်းဥပဒေတို့က ကြီးစွာသောအဟန့်အတားဖြစ်၍နေပါလေသည်။ တိုင်းပြည်ငြိမ်မှ အမိရင်ငွေ့လှုံကြပါလိမ့်မည်။

နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံခြားသားနှင့်သူ၏အလွဲများ

မြန်မာပြည်သည် ယခုလောလောဆယ်တွင် လူဦးရေသန်း ၁၂၀၀ကျော်ရှိသော အိန္ဒိယ၊ လူဦးရေ သန်း၁၅၀ကျော်ရှိသော ဘင်္ဂလားဒေ့ခ်ျ၊ လူဦးရေသန်း ၁၃၀၀ကျော်သော စိနပြည်၊ လူဦးရေ၆၅သန်းကျော်သောထိုင်းတို့ကြားတွင်ရှိသည်။ ဧရိယာအကျယ်အ၀န်း ၂သိန်း၆သောင်းကျော်တွင် လူသန်း၆၀ကျော်မျှသာရှိပေရာ ကမ္ဘာကုလသမဂ္ဂစာရင်းအရ လူသိပ်သည်းဆတွင် အိမ်နီးချင်းနိုင်ငံတို့နှင့်ယှဉ်လျှင် လွန်စွာနည်းလျှက် ကမ္ဘာ့အဆင့် ၁၂၃တွင်သာရှိပါသည်။ ထိုထိုမြေတွင် အလုပ်သမား၊လူတော်ကောင်းသားများစွာ  ဘ၀တသက်တာအခြေချနေထိုင်နိုင်ရန်နေရာပေးနိုင်ပါသည်။
အမေရိကား၊ဥရောပယူနီယံကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများအပါအ၀င် အာစီယံအိမ်နီးချင်း ထိုင်း၊စင်္ကာပူ၊မလေးရှားတို့ပင် သာမန်ထက်တော်သူတတ်သူ၊ငွေရှင်ကြေးရှင်များကို အထူးဗီဇာပေး၍ အမြဲတမ်းနေထိုင်ခွင့်၊ ထိုမှသည် နိုင်ငံသားဖြစ်မှုလမ်းကြောင်းပေါ်အတင်းဆွဲတင်/ဆွဲသွင်းနေကြချိန်တွင် မြန်မာတို့၏ နိုင်ငံသားပြုမှုဥပဒေတို့သည် လူတော်ကောင်းကန်ထုတ် လူလည်ခေါ်ယူဥပဒေတို့ဖြစ်သည်ဟု စွတ်စွဲရမည်ဖြစ်နေလေသည်။

မြန်မာ့မြေတည်နေရာပထ၀ီဒေသသည် နှစ်သန်းချီအတွင်းပုံပြောင်းနေသည်မဟုတ်ရကား လူသားမျိုးနွယ်တို့အပြန်အလှန်ကူးလူးဆက်ဆံမှုတို့မှ အရကောက်လျှင် မြန်မာမူလမျိုးနွယ်ဟူသည် အိန္ဒိယနှင့်စိနဖက်မှလူသားမျိုးနွယ်တို့သွေးနှောပေါင်းခြင်းမှ ဖြစ်လာသည်ဟုသာဆိုရပေမည်။ ဤကမ္ဘာမြေတွင် လူသားမှန်သမျှ ကပြားဖြစ်ကြကာ သွေးရောနှောပေါင်းစပ်ထားခြင်းသာရှိသည်ဟု ၁၉၅၁ခုနှစ်  UNESCO မှစာတမ်းပြုစု ကြေငြာခဲ့ဖူးသည်။ လူမျိုးစစ်စစ်၊သွေးစစ်စစ်ဟူသည်ကားမရှိ။ ဟစ်တလာသည်ပင် ဂျူးသွေးမျိုးနွယ်ရောနေပါသည်။
မြန်မာ့ယဉ်ကျေးမှုဓလေ့ရိုးရာအ၀တ်အစားကြည့်လျှင်လည်း အိန္ဒိယဖက်မှပုဆိုးနှင့်စိနပြည်ဖက်မှတိုက်ပုံဖြစ်ရကား အလွယ်ခံစားသိနိုင်ပါသည်။
သို့သော်ငြား…
မြန်မာ့မြေတွင်အဘိုးလည်းမွေး၊ အဖလည်းမွေး၊မိမိလည်းမွေးဖွားကြကာ တမြေထဲနေ၊တရေထဲသောက်ကြီးပြင်းကြသူမြန်မာတို့ကို ခေါင်းစဉ်စုံတတ်ကာ ခွဲခြားနှိမ်ချမှုတို့ရှိလွန်း၊များလွန်းလှသည်ကို  ပြောလိုဖွင့်ပြလိုသည်။ တိုင်းရင်းသား/နိုင်ငံသားကိုပင် ခေါင်းစဉ်အဆင့်အမျိုးမျိုးခွဲကာ ကဒ်ပြားရောင်စုံထုတ်ပေးလျှက်  နိုင်ငံသား၊ပြုနိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံခြားသားစသဖြင့်ခွဲခြားအမည်ပေး အခွင့်အရေးခွာခြင်းများရှိပေရာ အဆိုပါ မြန်မာနိုင်ငံ၏တည်ဆဲ လူဝင်မှု ကြီးကြပ်ရေးဥပဒေနှင့် ၁၉၈၂နိုင်ငံသားပြုမှုဥပဒေတို့အရ  မြန်မာပြည်တွင်မွေးမိလျှက်မှ နိုင်ငံခြားသားအမည်တပ်ခံရ၍ မည်သည့်နိုင်ငံသို့ သွားခြားမိနေသည်မသိ မိခင်နိုင်ငံပျောက်လျှက် တက္ကသိုလ်များတွင် ပညာသင်ကြားခွင့်များဆုံးရှုံးရသည်ကိုလည်း မြင်ကြားသိနေခဲ့ကြရသည်။ One FRC ခေါင်းစဉ်တပ်လျှက် ကျောင်းတက်ရင်းတန်းလန်းမှကျောင်းထုတ်ခံရသူများလည်း မြင်ခဲ့ဖူးပါသည်။

လူမျိုး၊အသားအရောင်၊မူရင်းနိုင်ငံသား၊လိင်၊အသက်၊ မသန်စွမ်းမှု၊ နိုင်ငံရေးယုံကြည်မှု

ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ် ၁၃၅ပါးရှိ၍ တနိုင်ငံတည်းနေကာ အမျိုး၊သွေး၊ကိုးကွယ်ရာ၊အသားအရောင်၊ အတွေးအခေါ်မတူခြင်းတို့ ကမ္ဘာ့အများဆုံးစာရင်းမျှပေါက်နေလောက်သည့်အထဲတွင် ခွဲခြားနှိမ်ချမှုပြုခြင်းသာမက လက်လွန်ခြေပါ သတ်ဖြတ်ကျူးလွန် အဓိကရုန်းပြုမှုဖြစ်မှုတို့တွင်လည်း ကမ္ဘာတန်းထိပ်တွင်ရှိနေလောက်ပါသည်။
စာသမိုင်းမှတ်တမ်းကျန်ချန်ရစ်သည် ပုဂံခေတ်မှရာဇ၀င်ကြည့်လျှင် ပျူ၊မွန်၊ကသည်း၊ရှမ်း၊ရခိုင်၊တရုတ်၊မွန်ဂို၊ကုလား၊တာတာ၊ယိုးဒယားတို့နှင့်စစ်ခင်းသည်တို့သာထပ်နေသည့်အထဲ  နန်းတွင်းအမျိုးရင်းအချင်းချင်း လယ်မျိုတုတ်နှင့်ရိုက်သတ်ပြီး အာဏာသိမ်းအာဏာလုသည့် သီပေါဘုရင်ဆက်နှင့် ဗိုလ်ချုပ်အောင်ဆန်းမှဗိုလ်ချုပ်မှုးကြီးစောမောင်အထိ သွေးတို့လွှမ်းသည့် ခွဲခြားနှိမ်ချ နှိပ်ကွပ်လုပ်ကြံမှုတို့သာထပ်နေသည်ကိုသတိထားမိနိုင်သည်။
ပုဂံခေတ်ပထမမြန်မာနိုင်ငံတည်စတွင် ပဋိကတ်သုံးပုံပင့်ခြင်းမှဖြစ်သော မွန်-ဗမာစစ်သည် ဘာသာရေးမှလာသည်။
အသားမဲအသားဖြူ ကပ္ပလီအဖြစ်တို့ဖြင့်စကားလုပ်အနိုင်ယူ နေ့စဉ်ပုံမှန်အသုံးစကားပြုမှုများသည် အသားအရောင်ခွဲခြားမှုတို့ဖြစ်သည်။
နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုမှုခံရသူ၊ အဆိုပါသူတို့နှင့်လက်ထပ်ထားသူ သူမတူသည့် နိုင်ငံသားဇတ်ခွဲမှုများသည် လူမျိုးခွဲခြားမှု့တို့ကိုပြသည်။
မိန်းမမ၀င်ရ၊မတက်ရ၊အခြောက်၊ဂျီပုန်း၊အခေါ်တို့သည် လိင်ခွဲခြားမှုကိုပြသည်။
အဘိုးကြီးပါ၊ ကလေးလိုနေပါ၊ မောင်၊ကို၊ဦး၊မ၊ဒေါ် သတ်မှတ်ပြောဆိုဆက်ဆံမှုများသည် အသက်အပိုင်းအခြားနှင့် ခွဲခြားမှုပြုလိုခြင်းကိုပြသည်။
မသန်စွမ်းသူများအပေါ် အခေါ်အဝေါ်များ၊ သူတို့အတွက်သင့်လျှော်အောင် ပြုပြင်ပြင်ဆင်ထားခြင်းမရှိသော ကား၊ရထား၊ထိုင်ခုံ၊လမ်းသွားစနစ်များသည် မသန်စွမ်းသူများအပေါ်ဖိနှိပ်နှိမ်ချလိုမှုကိုညွှန်းသည်။
နိုင်ငံရေးအယူအဆအတွေးအခေါ်မတူသူများကိုဖမ်းဆီးထောင်ချနှိပ်စက်ခြင်းသည် လွတ်လပ်စွာတွေးခေါ်ပြောဆိုစည်းရုံးခွင့်ပိတ်ပင်တားဆီးထားမှုကိုပြသည်။
ဗုဒ္ဓဘာသာဝင်ချင်းတူလျှက်မှ ဂိုဏ်းကွဲ မဟာယာန၏ကျောင်းကန်ဘုရားဆောက်ခွင့်မပေးခြင်း အယူဝါဒစာအုပ်များအား အဓမ္မအမည်တပ်ပိတ်ပင်ခြင်း၊ သာသာရေးယုံကြည်ချက်မတူသူများကို ထောင်ချခြင်း တားဆီးပိတ်ဆို့ခြင်းလူအုပ်စုနှင့်အနိုင်ကျင့်ဖိအားပေးခြင်းများသည် ဘာသာရေးတန်းတူမှုမပေးနိုင်သည်ကိုထင်ဟတ်စေသည်။

လူ့အခွင့်အရေး ကြေညာစာတမ်းပါအပိုဒ်တိုင်းကို သိသာစွာပင်ချိုးဖေါက်ရင်း ရိုးသွားသောအရာ ရိုးရာဖြစ်မှန်မသိဖြစ်နေကြပေရာ အဆိုပါလူတန်းစာ၊မျိုးဆက်တို့ဖြင့် ဆက်လက်သွားလျှင်ကား ခေတ်ဟောင်းညစ်သို့ နောက်ပြန်ရောက်မည်မှာ သေချာနေသလိုရှိတော့သည်။

ထိုအဖြစ်ကို အမေရိကားရောက်မြန်မာတို့လွယ်စွာခံစားကြည့်နိုင်သိနိုင်ပါသည်။ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၄)ကိုရင်းစားလျှက် အမေရိကပြည်ထောင်စုတွင်  နိုင်ငံရေးခိုလှုံခွင့်ရကြသူများ၊ Refugree ပြောင်းခိုသူဘ၀ဖြစ်ကြသူများသည် ပို၍နားလည်သိလွယ်ခံစားနိုင်မည်ဟုဆိုချင်သည်။

တိုင်းပြည်နုနုတွင် ပြည်တွင်းစစ်တို့ထပ်ခဲ့သည်။ တိုင်းရင်းသားတို့ကြားညပ်ခဲ့သည်။
တိုင်းပြည်ရင့်ရင့်တွင်လည်း လူမျိုးရေး၊ဘာသာရေးမီးတို့ လောင်ဆဲကျွမ်းဆဲတောက်ဆဲပင်၊

လူလူချင်းခွဲခြားနှိမ့်ချမှုတိုက်ဖျက်ရေးဥပဒေ

မြန်မာပြည်၏လက်ရှိတည်ရာနယ်နမိတ်တွင်မွေးဖွားသူတိုင်း မြန်မာဖြစ်သင့်ပါပြီ၊ ချွင်းချက်မရှိမြန်မာနိုင်ငံသားဖြစ်သင့်သည့်အပြင် အခြားမြေခြားရေဝေးတွင်မွေးသူများကိုလည်း ထိုက်သင့်သော နိုင်ငံသားဖြစ်မှုလမ်းကြောင်းပေါ်တက်လာအောင် လုပ်သင့်လှပြီ။
မြန်မာ့မြေတွင် လုပ်သားကောင်းများစွာလိုပါသည်။ လိုလာလိမ့်မည်။ တိုင်းပြည်ကောင်းတခုတည်ဆောက်ရာတွင် လူသားသာလျှင်လိုသည်။ မိခင်ကောင်းများလိုသည်။ ထို့အပြင်  မိမိ၏ငွေကြေးကိုရင်းနှီးမြုတ်နှံကာတိုင်းပြည်ကိုဆွဲတင်ပေးမည့် လူမျိုးတရာ့တပါးတို့လည်းလိုပါသည်။ ထိုလူတို့အား အမိမြန်မာ့မြေတွင်အခြေချရပ်တည်သွားနိုင်အောင်ဆွဲဆောင်ရမည့်တာဝန်မှာ ရွေးချယ်ခံမြန်မာ့ဥပဒေပြုသူအမတ်များတွင်ရှိသည်။
ထိုထိုလူတို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်အောင် အသိသညာမြှင့်တင်ပေးရမည်တာဝန်မှာ “သိသောသူ”တိုင်းတွင်ရှိသည်။ မိမိပုဂ္ဂလိကအခွင့်အရေးနှင့် မိမိပြည်နယ်ဒေသအခွင့်တို့ကို ဥပဒေဖြင့်တိတိကျကျအကာအကွယ်ပေးရမည့် ခေတ်အချိန်ရောက်အောင်လုပ်ကြရမည့်တာဝန်မှာ မြန်မာဇာတိနွယ်တိုင်းတွင်ရှိသည်။ ထိုသို့ပြုကြပါမှ မြန်မာတို့တွင် လူသားတန်ဖိုးရှိပေလိမ့်မည်။

ခွဲမှုကွဲမှု ခွဲခြားမှု အင်အားသာသူအနိုင်ယူမှု အနိုင်ကျင့်မှုတို့ကို ဆိုင်ရာပိုင်ရာတို့က ဥပဒေပြုတားသင့် ထိုဥပဒေဖြစ်အရေးယူသင့်သောအချိန်ရောက်ပါပြီ၊ လူ့အခွင့်အရေး ကြေညာစာတမ်းကို ဖေါက်ဖျက်လွန်ကျူးမှုတိုင်းကို ဥပဒေနှင့်အရေးယူပေးရန်လိုအပ်နေပါပြီ။
ဤဥပဒေတို့ကို “လူလူချင်းခွဲခြားနှိမ့်ချမှုတိုက်ဖျက်ရေးဥပဒေ”ဟုခေါ်စေလိုသည်။

kai

About kai

Kai has written 922 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.