အသျှင်

ဤသစ်သီးကိုယူပါ

၎င်း သစ်သီး၏အဟာရသည်

အသျှင်၏ လက်ယာဖက်၌တည်ပါစေသတည်း။

 

 

အသျှင်

ဤရေချမ်းကို သုံးသပ်ပါ

အေးမြခြင်းသည် နှလုံးသား၌တည်ပါစေသတည်း ။

 

အသျှင်

အသစ်တဖန်မွေးဖွားခြင်းကိုဖန်ဆင်းပါ

ဘဝသစ်၏ဝိညဉ်သည်

ကျွန်တော်မျိုးမ၏ ဘဝင်၌ တည်ပါစေသတည်း ။

 

အသျှင်

နေမင်း၏ရဲဝံ့မှုကိုရယူပါ

လရောင်ရဲ့ ညှို့ငင်အားကိုတွန်းလှန်ပါ

ကျွန်တော်မျိုးမ၏ မျက်ဝန်းအစုံတွင်

နေ နှင့် လတို့ တည်ပါစေသတည်း ။

 

အသျှင်

တောင်တန်းများ၏ကြံ့ခိုင်မှုကိုရယူပါ

ပင်လယ်၏မာယာသည်

အသျှင်၏ လက်ဝဲဖက်၌တည်ပါစေ

ကျွန်တော်မျိုးမ၏ စိတ်နှလုံးအား

အသျှင်၏လက်ဝဲဖက်လက်နှင့် ချီးမြှောက်ပါစေသတည်း။

 

အသျှင်

ဤမည်သော ပန်းတို့၏ရနံ့ကိုသိမ်းယူပါ

အေးမြသောလေညှင်း၌ပျော်ဝင်ပါစေ

ပူသောမီးလျှံတို့သည်

အသျှင့်ဖဝါးအောက်၌ ငြိမ်းပါစေ

ကျွန်တော်မျိုးမအား

အသျှင့် ယာဖက်လက်မှဓားတစ်လက်ပေးပါ

ဝှေ့ယမ်းလိုက်သောဓားတွင် ပန်းနံ့သင်း၍

ပူပြင်းခြောက်သွေ့ပါစေသတည်း။

 

အသျှင်

ကျွန်တော်မျိုးမ၏အမည်ကို

သမုဒ္ဒရာ၌ကမည်းတင်ပါ

မြစ်တို့၏စီးဆင်းမှုအား ပိုင်ဆိုင်ခွင့်ပေးပါ

ကန္တာရသည် ကျွန်တော်မျိုးမ၏

အထီးကျန်ခြင်း၌တည်ပါစေသတည်း ။

 

အသျှင်

ကြေကွဲခြင်းအား ကျွန်တော်မျိုးမ၏

ယာ ဖက်ဖဝါး၌လည်းကောင်း

နာကျည်းမုန်းတီးမှုအား

ဝဲ ဖက် ဖဝါး၌လည်းကောင်း

ရန်ငြိုးမီးလျှံကို ဦးခေါင်းထက်၌လည်းကောင်း

ရက်စက်ခြင်းခွန်အားကို

ကျွန်တော်မျိုးမ၏ ယာ ဖက်လက်၌လည်းကောင်း

သက်ညှာခြင်းကင်းသော လက်တုန့်ပြန်မှုကို

ကျွန်တော်မျိုးမ၏ ဝဲဖက် လက်၌လည်းကောင်း

ထာဝရ …

ထာဝရ

ပေးသနားပါ အသျှင် ။

 

 

မီမီ

 

အသျှင် ဆိုတာ ဘာသာအသီးသီးမှ ဘုရားတွေနတ်တွေကို

ပြောတာမဟုတ်ရပါရှင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About မီ မီ

မီ မီ has written 11 post in this Website..