တမြန်နေ့က  သားကိုထိန်းမနိုင်တာနဲ့  ထိန်းလို့ရလိုရငြား  ရွှေဘုန်းမြင့်ဘုရားကို ခေါ်သွားခဲ့ပါတယ်။ ဘုရားရင်ပြင်ပေါ်မှာ ကလေးတစ်ဦးကို မိဘတွေက ဘယ်ညာတွဲပြီး လမ်းလျှောက်သင်ပေးနေကြတယ်။ ကလေးက ပိန်လှီပြီး လမ်းလျှောက်ဖို့နေနေသာသာ မတ်တတ်တောင်မရပ်နိုင်သေး။ ကျမသား နင်းကန်ပြေးနေရာကနေ သူတို့နားရောက်သွားတော့  ကလေးမိဘတွေနဲ့ ကျမ  စကားစမြည်ပြောရာကနေ စကားဝိုင်းလေး စည်ခဲ့တယ်။ သူတို့သားလေးက ၁ နှစ်နဲ့ ၃လ၊ ကျမသားက ၁ နှစ်နဲ့ ၂လ။ သန်စွမ်းဖွံ့ဖြိုးမှုခြင်းက ခေါက်ချိုးလောက်ကွာတယ်။ ကျမက နို့ဘူးတိုက်မွေးခဲ့ကြောင်းပြောပြဖြစ်တော့  ဟိုဘက်က အမေလုပ်တဲ့သူ အံ့သြသွားတယ်။ သူတို့သားလေးက ဘာရောဂါမှ မရှိဘဲ  သန်သန်စွမ်းစွမ်း မရှိလှဘူး။ အရယ်အပြုံး တွေနဲ့ အလုပ်များနေသင့်ပြီဖြစ်တဲ့ မျက်နှာလေးက တွေတွေလေး။ မိဘတွေကိုကြည့်တော့ ရွှေတွဲလွဲ ငွေတွဲလွဲ နဲ့  မရှိမရှားထဲက။  သားလေးကို မချိ  ပြုံး ပြုံးပြီး ကြည့်နေကြရှာတယ်။ မိခင်နို့တိုက်ကျွေးထားတဲ့ သူတို့ကလေးက  နို့ဘူးတိုက်မွေးတဲ့ ကျမကလေးလောက် မသန်စွမ်းတာ သူတို့အတွက်လည်း အသစ်အဆန်းဖြစ်နေရပြီ။
…..
  ပညာပေးဟာကွက်
နယ်မြို့က ပြည်သူ့ဆေးရုံကြီးမှာ ကျမ မီးဖွားတုန်းက သားဖွားဆောင်ထဲ ဆရာဝန်ကြီး ရောင်းလှည့်ပြီဆိုရင် ခုတင်ဘေးက ဗီရိုပုလေးပေါ်မှာ ဘယ်သူမှ နို့မှုန့်ဘူး တင်မထားရဲဘူး။ နို့မှုန့်ဘူးတွေ့သွားရင်  ဆရာ၊ ဆရာမတွေ ဆူကြပူကြတာမို့  မမြင်အောင်ဝှက်ထားကြတာပါ။ တကယ်က နို့မှုန့်ဘူးလည်း ဒီအချိန်မှာ မလိုအပ်ပါဘူး။ အကြောင်းက  မိခင်အများစုဟာ မီးဖွားပြီးပြီးချင်းမှာ နို့ချက်ချင်းမထွက်တတ်ကြသလို မွေးကင်းစ ကလေးကိုလည်း မိခင်နဲ့အတူ ပေးမနေပါဘူး။  ကလေးဆောင်မှာ ထားပြီး  နို့မှုန့်ဖျော်ထားတဲ့ နို့ရည်ကိုပဲ သူနာပြုတွေက ဇွန်းကလေးနဲ့ တိုက်ပေးကြတာပါ။ သုံးလေးရက်နေမှ  မိခင်နို့ကောင်းကောင်းထွက်ပြီဆိုမှ  ကလေးအပ်ကြပါတယ်။
……
-ဆေးရုံကြီးမှာ  မိခင်နို့တိုက်ပုံကို ရုပ်ပုံတွေနဲ့တကွ အသေအချာ ပညာပေးထားတယ်။ ကလေးပါးစပ်ထဲကို နို့သီးခေါင်း  အပြည့်အ၀၀င်အောင်၊  နို့လိုက်အောင် နို့ညှစ်ပုံ လက်အနေအထား၊  ကလေးအသက်အရွယ်အလိုက် စားသောက်ရမယ့် ဖြည့်စွက်အစားအစာတွေရယ်၊ မိခင် အစားမရှောင်ဖို့ရယ်၊  ပြီးတော့  ဆေးရုံမှာ လိုက်နာရမယ့်  အရေးကြီးဆုံး  စည်းကမ်းချက်အနေနဲ့   နို့မှုန့် ကုမ္ပဏီမှ ပေးသော  ချို လိမ်၊ အရုပ် စသည့်လက်ဆောင်များ လက်မခံရ  ဆိုတဲ့ စည်းကမ်းချက်ရယ်၊  မိခင်နို့သည်သာ အကောင်းဆုံး  ဆိုတဲ့ ဆောင်ပုဒ်ရယ်၊  စတာတွေကို  ပညာပေးရေးကပ်ထားကြပါတယ်။ မိခင်တွေကိုလည်း သူနာပြုဆရာမတွေက အမြဲ တတွတ်တွတ်ပြောဆိုပြီး အသိပညာပေးကြပါတယ်။
…….
-ကျမသား ၆လရွယ်မှာ ပါးစပ်ထဲတွေ့ကရာ ကောက်ထည့်လို့ ၀မ်းပျက်ပြီး ဆေးရုံကြီးကို ကျမ နောက်တစ်ခေါက် ရောက်ရပြန်တယ်။ ဒီတစ်ခါမှာတော့ သားဖွားဆောင်မဟုတ်၊  ကလေးဖျားနာဆောင်။ ပညာပေးဟာကွက် အကြီးကြီးကို ကျမ အဲဒီမှာ စတွေ့ခဲ့တာပါ။ ပိန်ညှောင်နေတဲ့ ကလေးအများစု  ဘာတွေစားသောက်နေကြရတယ်လို့ ထင်ပါသလဲ။ မိခင် အများစုက နို့ကောင်းကောင်းမထွက်ဘူး။ အဲဒီတော့ မိခင်နို့ မထွက်ရင် ကလေးကို ဘာကျွေးရမလဲဆိုတာ သူတို့  အသိပညာပေးထားခြင်း မခံခဲ့ရဘူး။ မိခင်နို့မထွက်တဲ့ ကျမကိုယ်တိုင်လည်း သားကိုနို့တိုက်ရေးအတွက် စမ်းတ၀ါးဝါး လုပ်ခဲ့ရတာ။
…….
ပထမအကောင်းဆုံး ဆိုတဲ့ မိခင်နို့ကို မရရင် ဒုတိယအကောင်းဆုံးက ဘာလဲ ဆိုတာကို ဆေးရုံက ပညာမပေးခဲ့ဘူး။ plan  B ကို လုံးဝမသင်ကြားပေးခဲ့ဘူး။ ပထမအကောင်းဆုံးကို လုံလောက်စွာမရရင် ဒုတိယအကောင်းဆုံးကို ရွေးချယ်ရမယ်ဆိုတဲ့အသိ  မိခင်တွေမှာ မရှိသလောက်ပါပဲ။ ဒါကြောင့်  ၄လသား ကလေးကို pep နို့မှုန့်ဖျော်တိုက်လိုတိုက်၊ ၉ လသားကလေးကို ခနောဆန်ပြုတ်တိုက်လိုတိုက်၊ မဟုတ်တာတွေ မျိုး စုံကို ကြုံ ခဲ့ရတယ်။ ဆရာဝန်တွေကတော့ ဒါတွေကို မသိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့ရောက်လာတဲ့အချိန်မှာ နို့မှုန့်တွေ၊ နို့ဘူးတွေ၊ တခြား မဟုတ်မဟပ်လို့ ထင်ရနိုင်တဲ့ ပစ္စည်းတွေကို မိခင်တွေက ခုတင်ဘေးက ဗီရိုပုလေးထဲ သိမ်းတန်သိမ်း၊ ခုတင်အောက် ဆွဲခြင်းထဲ ထည့်တန်ထည့်နဲ့  ဆရာဝန်တွေ မမြင်စေရအောင် လက်စလက်နဖျောက်ထားလိုက်ကြလို့ပါ။
……
-ဆေးရုံပေါ်မှာ ကျမသားကို Dumex နို့မှုန့်ဖျော်တိုက်တယ်။ ဘေးခုတင်က မိခင်တစ်ဦးက – ဟာ အစ်မ  နို့မှုန့်က မကောင်းဘူး၊ မတိုက်ရဘူး၊ ထမင်းရည်ကျဲကျဲ ဖျော်တိုက်ရတယ်လို့ ပြောတယ်။ ဒုတိယအကောင်းဆုံးကို သူမသိတာ မဆန်းဘူး။ ဒီကနေ့အထိ လက်လှမ်းမီသမျှ သားသည်မအေတွေကို ကလေးကို ဘာကျွေးသလဲ၊ နို့မ၀ရင် ဘာတိုက်သလဲ မေးကြည့်ရင်  ဒုတိယအကောင်းဆုံးဟာ ကလေးနို့မှုန့်ဖြစ်ကြောင်း သိတဲ့လူ  ရှိတော့ရှိပေမယ့် အားကောင်းခိုင်မာတဲ့ အသိ မဟုတ်ဘူး။
……
-ကျမ သား ၀မ်းမရပ်လို့ ကျမ ရန်ကုန်ကိုပြေးခဲ့ရတယ်။ သမားတော်ဆေးခန်းက ဆရာဝန်ကြီးဒေါက်တာစော က Dumex Gold ကိုတိုက်ခိုင်းတာနဲ့ အဲဒီ နို့မှုန့် နှစ်ဘူးအကုန်မှာ သားလည်း အကောင်းပကတိ ဖြစ်ခဲ့တယ်။ ကျမ နို့မှုန့်ကြော်ငြာဝင်နေခြင်း မဟုတ်ပါ။ သားဖွားဆောင်မှာတုန်းက မိခင်နို့ တိုက်ကျွေးရေးကို အပြင်းအထန်လုပ်ခဲ့ကြတော့  နို့မှုန့်ဟာ သုံးကောင်းစရာ မဟုတ်ဘူးဆိုတဲ့ အနေအထားကိုရောက်ခဲ့တယ်။ နို့မှုန့်သုံးတာကပဲ အပြစ်ရှိသလိုဖြစ်ခဲ့တယ်။
………
-လက်တွေ့မှာ မိခင်အတော်များများ နို့သိပ်မလိုက်ဘူး။ ကလေး ၃လကျော်ပြီဆိုရင် ကလေးရဲ့တောင်းဆိုမှုက မြင့်လာပြီ။ အမေက နို့ကောင်းကောင်းမထွက်တော့ရင် ကလေးက နို့မ၀ဘဲ နို့စို့ရတာ အာညောင်းပြီး နို့သီးခေါင်း ပါးစပ်တပ်လျက်သား အိပ်ပျော်သွားကြတယ်။ နို့ဘူးဖျော်တိုက်တော့လည်း အလွယ်ကြိုက်ပြီး မိခင်နို့ကောင်းကောင်း မစို့တော့မှာ စိုးရတယ်။ တချို့မိခင်တွေအနေနဲ့ မိခင်နို့ရော နို့ဘူးရော နှစ်မျိုးလုံး တိုက်နိုင်အောင် ကျင့်ပြီး နို့လုံးဝနီးပါး မထွက်တော့တဲ့ မိခင်တွေကိုတော့ နို့ဘူးတိုက်ဖို့ ပညာပေးသင့်ပါတယ်။ ခုတော့ ထမင်းရည်တို့၊ နို့ဆီကို ဖျော်ထားတာတို့၊ pep နို့မှုန့်တို့နဲ့ စခန်းသွားနေကြတယ်။ နို့မှုန့်တိုက်မယ်ဆိုရင်လည်း ဘယ်နို့မှုန့်ဟာ စိတ်ချရတယ်၊ ကောင်းတယ်ဆိုတာ မသိကြဘူး။ ကျမလည်း Dumex တိုက်နေရင်း နယူးဇီလန်က နို့ထွက်ပစ္စည်း ပြဿ     နာပေါ်တာနဲ့တိုးတော့ Mylac အပါအ၀င် တခြားကောင်းနိုးရာရာတံဆိပ်တွေ ၀ယ်သုံးရတယ်။ Dumex  က  batch no. မတူကြောင်း ဖြေရှင်းချက်ထုတ်ပေမယ့် ကျမတို့အဖို့မှာ သံသယ၀င်ခဲ့ရပြီ။ ဘယ်ဆေးရုံကမှ စိတ်ချရတဲ့ နို့မှုန့်အမျိုးအစားကို တရားဝင်ကြေငြာမပေးဘူး။
……..
ဟိုခေတ်ကဆိုရင် ရေပေါ်ဆီမမတွေ ရင်သားအလှပျက်မှာစိုးတာရယ်၊ အပျင်းဦးစီးတာရယ်ကြောင့် ကလေးကို နို့ဘူးတိုက်ကြကြောင်း သိခဲ့ရတယ်။ အခုခေတ်မှာတော့ ဒီအတွေးမျိုး မရှိကြတော့ပါဘူး။ ကလေးမအေတွေ အားလုံးနီးပါးဟာ နို့မှုန့်ဈေးကြီးလို့ မိခင်နို့ကိုပဲ တိုက်ချင်ကြတာပါ။ ဒီလိုအနေအထားမှာ ဆေးရုံကနေ  နို့မှုန့်ဟာ မသုံးကောင်းလောက်တဲ့ အနေအထားရောက်အောင် မိခင်နို့ တိုက်ကျွေးရေးကို အပြင်းအထန် ပညာပေးကြတော့ နို့မှုန့်ဘိုးအတွက် ငွေကုန်ကြေးကျ မခံဖို့ တွန်းအားပေး လိုက်သလိုဖြစ်သွားတယ်။ နို့မှုန့် ကုမ္ပဏီတွေရယ်၊ ကလေးသုံးပစ္စည်း ရောင်းတဲ့ကုမ္ပဏီတွေ (ဥပမာ my baby diapers) က  ကလေး ၃နှစ်သားအထိ တောင်းဆိုမှုအပေါ်မူတည်ပြီး နို့ဘူးတိုက်သင့်ပါသည် လို့ ပညာပေးလက်ကမ်းစာစောင်လေးတွေ ထုတ်ကြပေမယ့် ဆေးရုံကနေ တရားဝင်ပြောကြားခြင်းကို ဘယ်လိုမှ မမီနိုင်ပါဘူး။
………
အစားရှောင်ခြင်း
-ပြီးတော့တခါ မြန်မာအယူအဆက မီးနေသည်တွေ အစားရှောင်ရတယ်။ ရှောင်ရတဲ့ အစားအစာတွေ များလွန်းတော့ နောက်ဆုံး ငခြောက်ဖုတ်ဆီဆမ်းနဲ့ ဟင်းခါးပဲ  စားစရာကျန်တော့တယ်။ ဆေးရုံမှာကတော့ မိခင်တွေ အာဟာရပြည့်ဝမှ နို့ထွက်ကောင်းပြီး ကလေးအာဟာရပြည့်မယ်ဆိုတဲ့ သီဝရီအရ မိခင်တွေ အစားလုံးဝ မရှောင်ဖို့ ပညာပေးတယ်။ ဒီနေရာမှာ စဉ်းစားသင့်တာက  မိခင်အစားမရှောင်ရဆိုတာ နိုင်ငံတကာ သုတေသနရဲ့ ရလဒ်။ နိုင်ငံတကာ သုတေသနဆိုတော့ မှားပါတယ်လို့ ငြင်းလို့မရ။ သို့သော်  မြန်မာလူမျိုးတွေရဲ့  အစားအသောက်ကတော့ တခြားနိုင်ငံသားတွေနဲ့ ကွဲလွဲမှုရှိနိုင်ပါတယ်။ လက်တွေ့မှာ  မြန်မာဟင်းတွေက ငရုတ်သီးစိမ်းတို့ ခရမ်းချဉ်သီးတို့ပါတာများလေတော့  ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီးစားပြီး ကလေးကို နို့တိုက်ကြည့်၊ အဲဒီကလေး တစ်ညလုံး လေထိုးပြီး အော်တော့တာပဲ။ ဟိုဘက်ဒီဘက် အစွန်းသိပ်မရောက်ဘဲ ပြည်တွင်းမှာ  လက်တွေ့ကျကျ သုတေသနပြု ထားပြီးသားကိုပဲ မြန်မာပြည်သီးသန့်ပညာပေးအဖြစ် သုံးစေချင်ပါတယ်။ အစားရှောင်ရေး မရှောင်ရေးဟာ ခုချိန်ထိ မိခင်တွေကြားထဲမှာ လိပ်ခဲတည်းလည်း ဖြစ်နေရတုန်းကိစ္စပါ။ ရှောင်ရမယ့် အစားအစာအတိအကျကို ဆေးရုံကထုတ်ပြန်ပေးနိုင်ရင်  (ဥပမာ  ဒညင်းသီး၊ ကုလားအော်သီး၊ ကျွဲရိုင်းအချို ရည် စသည်ဖြင့်) ရပ်ကွက်ထဲက အခမဲ့ကျူ ရှင်ဆရာမတွေ စောဒက မတက်နိုင်တော့ပါ။ မဟုတ်ရင် အတွေ့အကြုံ မရှိသေးတဲ့ မိခင်ဟာ ဟိုလူ့စကားဟုတ်နိုး  ဒီလူ့စကား ဟုတ်နိုးနဲ့  ဒုက္ခများနိုင်ပါတယ်။
……..
   – ဖြည့်စွက်စာ
-ဆေးရုံနဲု့ ဆေးပေးခန်းတွေမှာ ရေးကပ်ထားတဲ့ ဖြည့်စွက်စာပညာပေးမှာ ဆန်ထဲကို ပဲနည်းနည်းထည့်၊ ပဲဆီနည်းနည်းထည့်ပြီး နူးအောင်ကျို ထားတာကို ကနဦးဖြည့်စွက်စာအဖြစ် ဖော်ပြထားတယ်။ နောက်တော့မှ အသားနဲ့ အသီးအရွက် ကြိတ်ချေထားတာကို ကျွေးရပါမယ်။ လက်တွေ့မှာ အဲဒါမျိုး ကျွေးတဲ့ မိခင် ဘယ်နှဦးရှိနိုင်မလဲ။ ကုလားပဲလို ပဲ ကို ညကတည်းက ရေစိမ်ထားတယ်ပဲထားဦး၊ အဲဒီ အစာ နူးသွားအောင် မီးသွေး ၅၀သား  လောက် သုံးရမယ်။ ပြီးတော့ ပဲဆီအစစ် ရှာရခက်တယ်။
….
-ဖြည့်စွက်စာ လက်တွေ့ကျင့်သုံးနေတဲ့ပုံစံက ထမင်းကို ပိတ်စိမ်းပါးနဲ့တိုက်ချ ၊ အဲဒါကို ပြန်ကျို ပြီး ကျွေးကြတယ်။ ဒါကို ကြာကြာသိပ်မလုပ်နိုင်ဘူး။ ဒီတော့ များသောအားဖြင့် ထမင်းကို ၀ါးကျွေးကြပါတယ်။ ထမင်းဝါးကျွေးတဲ့ကိစ္စကို ပေါ့သေးသေး မမှတ်စေလိုပါ။ ကျမသမီးကိုမွေးတုန်းက အမျိုးသားဘက်က ဆွေတွေမျိုးတွေ တအုံတမကြီးက တူမလေးကိုချစ်လှချည်ရဲ့ဆိုပြီး လက်ပေါ်က မချသလို ကလေးနည်းနည်းကြီးတော့ ၀ါးကျွေးကြပါတယ်။ အဲဒီထဲမှာ ဘွဲ့ရပညာတတ်တွေ ပါပါတယ်။ အားလုံးနဲ့ကျမ၊ တစ်ရွာနဲ့တစ်ယောက် အတိုက်အခံဖြစ်ခဲ့ကြရတဲ့ လူသိရှင်ကြားဇာတ်လမ်းပါ။
…..
ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ကလေးကိုဝါးမကျွေးသင့်ကြောင်း ကလေးပညာပေးစာအုပ်တွေထဲမှာပါပေမယ့် ဒီကိစ္စကို ဆေးရုံကြီးမှာ ဘာမှ အသိပေးမထားဘူး။ မိခင်နို့သည်သာ အကောင်းဆုံး ဆိုတဲ့ ဆောင်ပုဒ်လို  မည်သည့်အရွယ်ကလေးကိုမှ ၀ါးမကျွေးရ  ဆိုတဲ့ ပြတ်သားတိကျတဲ့ ဆောင်ပုဒ် ဆေးရုံကြီးမှာမရှိတာ ပညာပေးဟာကွက်တစ်ခု ဖြစ်ပါတယ်။ ကျမ မှန်းတာ မမှားဘူးဆိုရင် မြန်မာပြည်မှာ ကလေး၁၀ဦးမှာ ၅ ဦးလောက်က ၀ါးကျွေးတာခံနေရနိုင်တယ်။ ကျမရဲ့ အိမ်နီးချင်းတွေအားလုံး (အားလုံးမှအားလုံး) ကလေးကို ၀ါးကျွေးတယ်။ သူတို့က သွားတိုက်ထားပြီးပြီလို့ ဆင်ခြေပေးတယ်။ ဒီလိုကျွေးမှ ကလေးက ကိုယ်ခံအားပိုကောင်းတယ်လို့ ဆိုကြတယ်။ တကယ်က ကလေးတွေ အပျော့စား ၀မ်းလျှောနေကြတယ်။
ဒီတော့ ဖြည့်စွက်စာ မှာလည်း plan B ရှိသင့်ပါတယ်။ အကြာကြီးချက်မကျွေးနိုင်တဲ့အတွက် ၀ါးကျွေးမလား၊  အာဟာရမှုန့် သုံးသင့်သလား၊ သုံးသင့်တယ်ဆိုရင် ဘယ်တံဆိပ်က စိတ်ချရသလဲဆိုတာ ကျမတို့လိုပြည်သူတွေကြားထဲ ရောက်သွားအောင် ပညာပေးသင့်ပါတယ်။
….
-သေးခံ (diapers) သုံးစွဲရေး နဲ့ မိခင်နို့
မိခင်တွေကို  အချိန်တော်တော်ကြာကြာ နို့ထွက်ကောင်းနေစေချင်ရင် ကလေးသေးခံ သုံးကြဖို့ တိုက်တိုက်တွန်းတွန်းနဲ့ ပညာပေးစေလိုပါတယ်။ မြန်မာပြည်ဟာ များသောအားဖြင့် ရာသီဥတု ပူတဲ့အတွက် ကြောင့်ရော၊ တစ်ခါသုံး သေးခံတွေ ဈေးမသေးတဲ့အတွက်ကြောင့်ရော  မြန်မာမိခင်တွေ ကလေးသေးခံသုံးလေ့မရှိဘဲ အပင်ပန်းခံ အနှီးလျှော်ကြပါတယ်။ ဆေးရုံမှာ ပညာပေးထားပုံကတော့  မိခင်ရဲ့ နို့ထွက်အားဟာ မိခင်နဲ့မဆိုင်ဘဲ  ကလေးရဲ့ နို့စုပ်ယူနိုင်စွမ်းနဲ့သာဆိုင်ကြောင်း၊ ကလေးအာခေါင်ထဲထိ နို့သီးခေါင်းဝင်ပြီး နည်းမှန်စွာနို့စို့မှ ကလေးက နို့စို့လေ၊ မိခင်က နို့လိုက်လေ ဖြစ်မယ့်အကြောင်း သင်ကြားပေးခဲ့ပါတယ်။ ဒီအချက်ဟာ ပထမလအနည်းငယ်မှာတော့ မှန်နိုင်ပါတယ်။ နောက်ပိုင်းမှာကတော့  မိခင်တွေ နို့သိပ်မထွက်ခြင်းရဲ့ လက်သည်တရားခံဟာ  ပင်ပန်းခြင်းသာလျှင်ဖြစ်ပါတယ်။ မီးဖွားပြီး ၃-၄လနေရင်  ၀ိုင်းဝန်းကူတဲ့ ဆွေမျိုးညာတကာတွေလည်း ပြန်ကြပြီ။ လောကဓမ္မတာအရ တစ်ယောက်ကိုတစ်ယောက် ကြာရှည်ကူညီနိုင်စွမ်းမရှိတော့  ကလေးတစ်ခါမွေးရင် အပင်ပန်းဆုံးက မိခင်ကိုယ်တိုင်ပါပဲ။ နေ့ဘက် မသက်သာရင် ညဘက်ကောင်းကောင်းအိပ်နိုင်မှ  မိခင်ထူထူထောင်ထောင်ဖြစ်မယ်။ ဒါကြောင့် ညဘက် ကလေးသေးစိုပြီး ခဏခဏထမလဲရအောင် (ဒါတောင်  ကလေး ၁နှစ်သားအထိ  ညဘက်နို့ထတိုက်ရတဲ့အကြိမ်ပေါင်း ၄ -၅ ကြိမ်လောက်ရှိတယ်။ )  ကလေးသေးခံကို ညပိုင်းသုံးပေးကြဖို့ မိခင်တွေကို ဆေးရုံမှ ပညာပေးစေချင်ပါတယ်။ မိခင်ဟာ တန်သင့်သလောက် အိပ်ရေးဝမှ နို့ထွက်ကောင်းမှာပါ။
….

    အမေ့ကိုသာ နို့ပိန်တွယ် တွယ်တဲ့ သားလူကလေးရယ်
အရပ်ထဲ ခြေစကြာဖြန့်မယ်ဆိုရင် ကလေးတွဲလောင်းမိခင်တွေကို တွေ့ရမှ သေချာသလောက်ဖြစ်ပါတယ်။ ကြံကြီးစည်ရာတွေးတယ်လို့ပဲဆိုဆို မြန်မာအမျိုးသမီးအများစုရဲ့ နို့အုံအရွယ်အစားဟာ ကလေးတစ်ဦးလိုအပ်ချက် ပြည့်မီအောင် ဖြည့်စွမ်းပေးနိုင်ပါ့မလားလို့ တွေးမိတယ်။ မီးဖွားပြီးကာစနဲ့ ကလေး ၆ လသားလောက်အထိကတော့ မိခင်တချို့ နို့ရည်တွေ ညှစ်ထုတ်ပစ်ရတဲ့အထိ နို့ထွက်အားကောင်းကြတယ်။ သို့သော် ကလေးနို့စို့အားကောင်းတဲ့ ၁ နှစ်သားလောက်ဆိုရင် မိခင်တွေရဲ့ သက်ဝင်ရွှေအိုးနှစ်လုံးလည်း အကြောင်းအမျိုး မျိုးနဲ့  ပြားချပ်ချပ်ဖြစ်ကုန်ကြပြီ။ ကလေးကို ၄ လသားအထိ မိခင်နို့ တစ်မျိုးတည်းတိုက်ကျွေးဖို့ ဆေးရုံက ပညာပေးခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကလေးအာဟာရအတွက် မလောက်ငတဲ့ မိခင်နို့ရယ်  ဖြည့်စွက်စာရယ် – ဒီနှစ်မျိုး နဲ့ပြီးမပြီး ကျမတို့ တိတိကျကျ မသိဘူး။ ကျမ အထင်မှာ ဖြည့်စွက်စာကိုလည်းကျွေး၊ မလုံလောက်တော့တဲ့ မိခင်နို့နေရာမှာ နို့ဘူးလည်း တိုက်စေချင်ပါတယ်။ ကျမသားနဲ့သမီး နှစ်ဦးစလုံး Dumex တန်ခိုးနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံး ဖွံ့ဖြိုးကျန်းမာတာ ကိုယ်တွေ့ဖြစ်လို့ ဒီအကြံဥာဏ်ကို ပေးချင်တာပါ။ ကျမတို့အနေနဲ့  ပထမအကောင်းဆုံးကို လုံလုံလောက်လောက်မရရင် ဒုတိယအကောင်းဆုံးကို လက်လွှတ်မခံသင့်ပါ။ စတေးရတာက ကလေးရဲ့ အနာဂတ် ဆိုတာကို မမေ့စေချင်ပါ။
….
-မြန်မာပြည်မှာ  အသက်ငါးနှစ်အောက် ကလေး သုံးဦးလျှင်တစ်ဦးနှုန်း အာဟာရမပြည့်ဝတဲ့အကြောင်း ဂျာနယ်ထဲမှာ ဖတ်လိုက်ရပါတယ်။ ဒီကိန်းဂဏန်း သိပ်မသေးဘူး။ တစ်ပြည်လုံးအတိုင်းအတာဆိုရင် ကလေးပေါင်း သန်းချီ နိုင်တယ်။ ကလေး၂သန်းခွဲ အရပ်အမောင်း လူစဉ်မမီနိုင်တော့ပါဆိုတဲ့ သတင်းကိုလည်း ဖတ်လိုက်ရတော့  ဒီပမာဏနဲ့ နောင်အနာဂတ်ကို ဘယ်လိုများ ဆက်ပြီး မောင်းနှင်ကြမလဲတွေးမိရင်း ရင်မောရပါတော့တယ်။  အာဟာရမပြည့်ဝမှု ပြဿ      နာကို တိုင်းပြည်ဆင်းရဲမွဲတေမှုအပေါ်မှာချည်း အပြစ်ပုံမချဘဲ မိခင်တွေကို ကလေးအာဟာရနဲ့ပတ်သက်ပြီး plan B ကို အတိအလင်းပညာပေးစေချင်ပါတယ်။
…..
”ကလေးက ပိန်တယ်၊ လတ်တလော အာဟာရလဲ ချို့တဲ့မယ် ဆိုရင် သူ့ရဲ့ သေနှုန်းက သာမာန် ကလေးထက် ကိုးဆ ပိုမြင့်မယ်။ မြန်မာမှာ တစ်နှစ်ကို ပျှမ်းမျှ ကလေး ကိုးသိန်းလောက်ေ မွးနေတယ်။ အသက် သုံးနှစ် မတိုင်မီ ကလေးသုံး သောင်း ခုနစ်ထောင် လောက်ကို သေသွားတယ်။ တစ်ကယ်လို့ အာ ဟာရ မြှင့်တင်တဲ့ နေရာမှာ ၉၉ ရာ ခိုင်နှုန်း လွှမ်းခြုံမှု ရရင် တစ်နှစ်တစ် နှစ်မှာ ကလေး တစ်သောင်း လောက်ကို ကောင်းကောင်း ကယ်နိုင်မယ်”  လို့ ယူနီဆက်ဖ် မြန်မာမှ အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန်က သတိပေးပြော ကြားထားပါတယ်။

-နို့မှုန့်ကုမ္ပဏီကြီးများကဏ္ဍ
-နို့မှုန့်ဘူးနဲ့ ကလေးသုံးပစ္စည်းတွေဝယ်ရင် အပိုလက်ဆောင်အနေနဲ့ ပိုက်ဆံအိတ်၊ ကျောပိုးအိတ်၊ ပန်းကန်လုံး စတာတွေရပါတယ်။ ဆေးရုံကစည်းကမ်းချက်မှာ နို့မှုန့်ကုမ္ပဏီများမှပေးသော မည်သည့် လက်ဆောင်ပစ္စည်းကိုမှ လက်မခံရလို့ ဆိုထားပါတယ်။ နို့မှုန့်ကုမ္ပဏီကြီးတွေအနေနဲ့  ဆေးရုံရဲ့ ကလေးဖျားနာဆောင်ကို သွားလေ့လာမယ်ဆိုရင် နို့မှုန့်လိုအပ်ချက် ဘယ်လောက်ကြီးသလဲဆိုတာ  ရင်နာစရာကောင်းလောက်အောင်  မျက်မြင်ဒိဌ တွေ့ရမှာဖြစ်ပါတယ်။ ပြည်သူ့ဆေးရုံတွေကို နို့မှုန့် ကြော်ငြာသဘောဆန်တဲ့ လက်ဆောင်ပစ္စည်းတွေအစား စေတနာမှန်တဲ့  နို့မှုန့်ကိုသာလျှင် ပံ့ပိုးပေးကမ်းသင့်တယ်လို့ အားကိုးတကြီး ဆိုပါရစေ။
….
စိတ်ဆင်းရဲမှုအတုအယောင်
-်သောင်းကျန်းလွန်းတဲ့ ကျမသားကြောင့် ကျမမှာ ပင်ပန်းတဲ့အကြောင်း၊ စိတ်ညစ်လှပြီဖြစ်ကြောင်း တနေ့တနေ့ လာသမျှဧည့်သည်တိုင်းကို ကျမ ညည်းပြနေမိတယ်။ တကယ်တော့ ဒါဟာ စိတ်ဆင်းရဲမှု အတုအယောင်သာလျှင်ဖြစ်တယ်။ တကယ့်စိတ်ဆင်းရဲမှု အစစ်အမှန်က ဘယ်တော့လာမလဲဆိုရင် ကလေးငြိမ်သွားပြီဆိုမှ။ ကလေးငြိမ်သွားပြီဆိုမှ ဘာနဲ့မှ မတူတဲ့ ပကတိစိတ်ဆင်းရဲမှုကို မိဘတွေ ရင်ဆိုင်ရတော့မယ်။ ရွှေဘုန်းမြင့်ဘုရားမှာ တွေ့ခဲ့တဲ့ ကလေးမိဘတွေမျက်နှာပေါ်က မချိပြုံး က ဒီအကြောင်း ရေးဖြစ်အောင် ကျမကို တွန်းအားပေးခဲ့တာပါ။ သားသားမီးမီးတွေ အားလုံး ကိုယ့်မိဘကိုယ် စိတ်ဆင်းရဲမှုအတုအယောင်တွေ အများကြီးပေးနိုင်စေဖို့  တစ်ယောက်တစ်လက် အသိပညာဖလှယ်ပြီး ပညာပေးဟာကွက်ကို ဖြည့်တင်းပေးနိုင်အောင် ကူညီညာဝိုင်းကြပါစို့။  ။

ဆက်စပ်ပြီးဖတ်သင့်စရာများ
http://www.m-mediagroup.com/news/1544
http://www.taipei.gov.tw/ct.asp?xItem=31651506&ctNode=55448&mp=102169
http://www.goldmyanmar.com
http://www.thithtoolwin.info/2013/08/blog-post_5160.html

 

About ၀င့်ပြုံးမြင့်

wintpyone myint has written 59 post in this Website..

IN LOVE I TRUST.