12.6.2014 ဒီနေ့ မနက် ၇နာရီမှာ သည်းသည်းမဲမဲရွာတဲ့ မိုးကြောင့် ရန်ကုန်မြို့နေရာတော်တော်များများ ရေကြီးသွားပါတယ်။
အခါတိုင်းကတော့ ဒီရေတက်တာနဲ့လည်း ရောနေပြီး ဒီရေခံနေတာကြောင့် မိုးရေတွေ မဆင်းနိုင်တာကလည်း အကြောင်းတခုဖြစ်နေပါတယ်။

ဒီကနေ့ကတော့ ဒီရေကြောင့် မဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီရေတက်ရင် မြုပ်နေကျ လမ်းမတော်၊လသာမြို့နယ်တ၀ိုက်က ကမ်းနားလမ်းမှာ လုံးဝရေမတက်လို့ပါပဲ။

ဒါဆိုရင်တော့ အဖြေက ရေမြောင်းတွေပဲပေါ့။

ရန်ကုန်တမြို့လုံး တာမွေ၊ကမာရွတ်၊စမ်းချောင်းဗဟိုလမ်းတလျှောက်၊ပြည်လမ်းတံတားဖြူ အင်းယားကန်ရှေ့၊လှိုင်သာယာ တွေရေမြုပ်ကြတာ FB ကနေတဆင့်လည်းသိရ၊ကိုယ်လည်းဖြတ်ရင်းကြုံရတာလည်းရှိပါတယ်။ကြားမိသလောက် ဆိုးဆိုးဝါးဝါးကတော့ သမိုင်းလမ်းဆုံပါပဲ။

အင်းစိန်လမ်းကနေ သမိုင်းလမ်းဆုံဖြတ်မရတဲ့ ကားတွေဟာ မင်းဓမ္မလမ်းကနေ ဖြတ်နေကြရတော့ ကားပင်လယ်ကြီးဖြစ်လို့။

(အဲဒီကနေ အေဒီလမ်းဒေါင့်မှာတောင် တကိုယ်တော် ဆန္ဒပြသွားတာ ဓာတ်ပုံတွေ မြင်လိုက်ရတယ်)

ရေ၀င်တဲ့ ကားတွေလည်း ထိုးရပ်ကုန်ရော။

ကိုယ်မရောက်မိတဲ့ နေရာတွေအကြောင်းမသိပေမယ့် ကိုယ်ရောက်နိုင်တဲ့နေရာထဲက ဥပမာတင်ပြီး ပြုပြင်စရာတွေ ဆွေးနွေးချင်ပါတယ်။

ဒီတခါ သမိုင်းလမ်းဆုံ ရေကြီးတာ အရင်ထက်ဆိုးပါတယ်။

မိုးဦးမကျခင်က စည်ပင်က Backhoe အသေးလေးနဲ့ ကျိုက်ဝိုင်းဘုရားလမ်း နဲ့ အပြိုင် မရမ်းချောင်းကို တူးတာ တွေ့လိုက်မိပါတယ်။

ဒါပေမယ့် မကြာခင် မိုးဦးကျစ မိုးနည်းနည်းရွာတာတောင် ရေလျှံတာတွေ့ရတော့ သဘောလောက် အလုပ်ပြသွားတာပဲလို့ သဘောပေါက်လိုက်မိတယ်။

အခုလို မိုးရေချိန်လည်းများ၊ဒီရေလည်း မတက်ရော စည်ပင်ရဲ့ အဖြစ်လုပ်ပြသွားတာ ဘွားဘွားကြီးပေါ်သွားပါတယ်။

ဒီ မရမ်းချောင်းကရေဟာ သမိုင်းလမ်းဆုံ နဲ့ ပါရမီလမ်း ကြားကနေစီးပြီး ဘုရင့်နောင် လမ်းမကြီးကိုဖြတ်တဲ့ ပိတောက်ချောင်းကနေတဆင့် ရန်ကုန်မြစ်ထဲ စီးဝင်ပါတယ်။

-ကန်ထရိုက်တိုက်တွေ ဆောက်ကြတဲ့အခါ ရေမြောင်းတွေကို ပေမီစံမီ အနက်အကျယ်မတူးတော့ပဲ လျှော့ကြတာတွေ ကြောင့်လည်း ရေမြောင်းပိတ်ကြရတယ်။

(တချို့များ ရေမြောင်းဧရိယာထဲ ခိုးပြီး အိမ်တိုင်ချ၊အပင်စိုက်၊တဖြည်းဖြည်းနယ်ချဲ့ယူတာရှိသေးတယ်။

-လူတွေ စည်းကမ်းမရှိ အမှိုက်ကို မြောင်းထဲချကြတာကြောင့်လည်း မြောင်းပိတ်ရတယ်။

-ရေဆိုးထွက်ရာ ကွင်းတွေကို ဖို့ပြီး ရောင်းစားတာတွေကြောင့်လည်း ရေမြောင်းပိတ်ရတယ်။

-သဘာဝအရ ရေမြောင်းထဲ အနည်ကျပြီး တဖြည်းဖြည်း ကောလာ တိမ်လာတာကြောင့်လည်း ရေမြောင်းပိတ်ရတယ်။

ဒီလိုပဲ

စည်ပင်က အမှိုက်ချတဲ့ ပြည်သူကို လက်ညှိုးထိုး၊

ပြည်သူက မြောင်းမရှင်းတဲ့ စည်ပင်ကို လက်ညှိုးထိုးနေကြရင်

လက်ညှိုးပဒေသာ ကဇာတ်ကရမလိုသာရှိပါတော့တယ်။

ရေကြီးရင် ခဏ FB ပေါ်ဓာတ်ပုံတွေတင်ကြ၊အော်ကြ၊စိတ်ညစ်ကြ၊

(တချို့များ ရေကြီးရင် ဘောကွင်းတွေနဲ့ လှေလုပ်စီးပြီး ပျော်နေကြသေးတယ်။ဒီနေ့တောင် ကျိုက်ဝိုင်းဘုရားလမ်းပေါ်မှာ လမ်းလယ်ခေါင် နိုင်လွန် ဇကာတွေ ၀ါးဇကာတွေသုံးပြီး ရေစီးနဲ့ မျောလာတဲ့ ငါးတွေဖမ်းပြီး ပျော်နေကြတာ တွေ့သေးတယ်။) တကယ်တော့ ဒီရေတွေဟာ အိမ်သာတွေကို ဖြတ်ပြီး စီးလာတာ။

(မြောက်ဥက္ကလာ၊လှိုင်သာယာတို့မှာ ၀မ်းရောဂါ ဖြစ်နေတယ်လို့ သတင်းရထားတော့ ရောဂါ ပြန့်ပွားနှုန်းတော့ အမြန်ယာဉ်စီးတော့မှာပဲ လို့ တွေးမိသေး။)

နောက်နေ့ ရေကျသွားတော့ ဒို့သာကီဝင်လူမျိုးတွေ မေ့သွားကြပြန်ရော။

နောက်နှစ် မိုးတွင်းရောက်ရင် ဒီဒုက္ခကို ပြန်ရင်ဆိုင်ကြရပြန်ပါတယ်။

အဲဒီတော့

ပျက်တဲ့ အတိုင်းနေကြရင် အမြဲ ပျက်၊

ပျက်သထက်ပျက်လာဖို့ပဲရှိပါတယ်။

ရောက်ရာနေရာကနေ သူ့ကြောင့် ငါ့ကြောင့် လက်ညှိုးမထိုးပဲ ပြုပြင်ကြရအောင်။

-ပြည်သူတွေဖက်က ရေမြောင်းတွေထဲ အမှိုက်ချတာ ရပ်တန်းက ရပ်ပေးကြပါ။

အချင်းချင်းလည်း လက်တို့ပြီး အမှိုက် မပစ်ဖို့ သတိပေးကြပါ။

-စည်ပင်ဖက်က ရေမြောင်းတွေကို ပြင်ပေးကြပါ။

လမ်းအကောင်းကြီးတွေပေါ်တောင် မလိုအပ်ပဲ ကွန်ကရစ်လမ်းထပ်ခင်းနေသေးတာပဲ၊

ကွန်ကရစ်ရေမြောင်းတွေလည်း လုပ်ပေးနိုင်ရမှာပေါ့။

(စက်မှုဇုံလို စီးပွားရေးရပ်ကွက်တွေမှာတော့ လုပ်ငန်းရှင်တွေက ထိုက်သင့်သလို ပူးပေါင်းရမှာပါ။ကိုယ့်ပစ္စည်းတွေ ရေထိ ဆုံးရှုံးတာ၊ရေကြီးတိုင်းရွှေ့ရပြောင်းရလို့ မလိုအပ်ပဲ အလုပ်သမားခတွေ ကုန်တာထက်စာရင် ရေမြောင်းပြင်တာကို ၀ိုင်းဝန်းကူညီဦးစားပေးလုပ်သင့်ပါတယ်။ ရေမြောင်းရှင်းဖို့ လုပ်အားပေးဖို့လိုရင်လည်း ပြည်သူတွေက ဒါ စည်ပင်အလုပ်လို့ မတွက်ကပ်ပဲ ကိုယ်နိုင်သလောက် စိတ်ပါလက်ပါကူညီပေးကြဖို့ လိုပါတယ်)

စည်ပင်က ပြင်ရာမှာ လုပ်တယ်ဆိုရုံ အဖြစ်မလုပ်ပါစေနဲ့။

အနီးဆုံး စင်္ကာပူ မှာ ရေမြောင်းစနစ်ကောင်းတယ်လို့ ကြားမိတဲ့ အတွက် စင်္ကာပူက ချစ်မိတ်ဆွေလေးတွေဆီ တောင်းလိုက်တော့ သူတို့ဆီက ရေမြောင်းပုံတွေရလာပါတယ်။

ခိုင်ဇာပို့တဲ့ ရေမြောင်းအကျယ်

ခိုင်ဇာပို့တဲ့ ရေမြောင်းအကျယ်

ရွှေကြည်ပို့တဲ့ ရေမြောင်းအကျဉ်း

ရွှေကြည်ပို့တဲ့ ရေမြောင်းအကျဉ်း

အင်ဂျင်နီယာမခိုင်ဇာပို့တဲ့ ရေမြောင်းဖြတ်ပိုင်းပုံ

အင်ဂျင်နီယာမခိုင်ဇာပို့တဲ့ ရေမြောင်းဖြတ်ပိုင်းပုံ


သူတို့ရေမြောင်းပုံတွေကို လေ့လာကြည့်တော့

(၁) ရေမြောင်း ဧရိယာ ကျယ်ကျယ်ရနိုင်တဲ့ နေရာမှာ ကျယ်ကျယ် လုပ်ပါတယ်။

ရေမြောင်း ဧရိယာ ကျဉ်းတဲ့နေရာတွေမှာ နက်နက် တူးထားပါတယ်။

(၂) ရေမြောင်းဘောင်တွေဟာ အမှိုက်မတင်နိုင်အောင် အလျှော(Slope)လုပ်ပေးထားပါတယ်။

လူလည်း လျှောက်လို့မရပါဘူး။

(၃) ရေမြောင်းရဲ့ အလယ်မှာ မူလ မြောင်းထက် ပိုပြီး နက်တဲ့ မြောင်းအသေးလေး တခု ထပ်ပြီး လုပ်ထားပါတယ်။

ရေနည်းချိန်မှာ ရေနဲ့ အနည်တွေ အလွယ်တကူ စီးသွားနိုင်ဖို့လို့ နားလည်ထားပါတယ်။

(၄) ရေမြောင်းတလျှောက် လူတွေ အလွယ်တကူ အမှိုက်မပစ်အောင် ခြံစည်းရိုးကာထားတယ်။

(၅)ရေမြောင်းတွေဟာ ရေထွက်ပေါက်ဖက်ကို နက်သထက်နက်သွားရမယ်။ကျယ်သထက်ကျယ်သွားရပါမယ်။

(၆)မိုးရေချိန်ဘယ်လောက်ထိများနိုင်တယ်ဆိုတာ လေ့လာပြီး လုံလောက်တဲ့ ရေမြောင်းအနက်၊အကျယ်တည်ဆောက်ထားရပါမယ်။

ရေမြောင်းတွေ ပြင်ရာမှာ

နတ်ကွန်းရှိတဲ့ ညောင်ပင်တွေတွေ့ရင်လည်း တူးထုတ်ရပါမယ်။

တပ်မြေ၊နိုငံပိုင်မြေ၊အစိုးရပိုင်မြေ၊အစိုးရစက်ရုံမြေကစလို့ ရေစီးရေလာကောင်းဖို့ ပိတ်ဆို့နေတယ်ဆိုရင် ရဲရဲတင်းတင်း ဖေါက်ထုတ်ပေးဖို့လိုပါတယ်။

ဘုန်းကြီးကျောင်းမြေ၊ကိုယ်ပိုင်ဈေးဆိုင်၊ကိုယ်ပိုင်အိမ် တစွန်းတစ ပိတ်ဆို့နေရင်လည်း အများကောင်းဖို့အတွက် အနစ်နာခံပေးဖို့လိုပါတယ်။တအိမ်လုံး၊တကျောင်းလုံးရွှေ့ရတာမှမဟုတ်တာ။

(အင်းယားမြိုင်လမ်းနဲ့ အင်းယားလမ်းကြားဇေယျသိဒ္ဓိစာသင်တိုက်နားမှာ အရင်က လမ်းမပေါက်ခဲ့ပါဘူး။အခုဆို အဲဒီနားက မြေအနည်းငယ်ကို ပိုင်ရှင်ကလှူသလား၊အနီးအနားက၀ိုင်းဝယ်ပေးလိုက်ကြသလားတော့ မသိ၊လမ်းဖြစ်သွားပြီး အလွယ်တကူသွားနိုင်တာ သတိထားမိလိုက်ပါတယ်။အဲဒီနေရာရဲ့ မြေဈေးဆို ခေါင်ခိုက်နေတာပါ၊ဒီလို အများသွားဖို့ လမ်းဖြစ်သွားတာ တကယ့်ကို အကျိုးများပါတယ်)

ပြည်သူတွေဖက်က စည်းကမ်းရှိရှိ အမှိုက်မချသလို စည်ပင်က ရေမြောင်းတွေ ပြုပြင်ပေးဖို့ ပြည်သူတွေက တွန်းအားပေးဖို့ လိုပါတယ်။

ဒီတွန်းအားက ဒို့အရေးအော်စရာမလိုသလို တကိုယ်တော် ဆန္ဒပြဖို့လည်း မလိုပါဘူး။

ရန်ကုန်နေပြည်သူတွေ ညီညွတ်ဖို့ပဲလိုပါတယ်။

အကောင်းဆုံးကတော့

ကိုယ့်အိမ်ရှေ့တိုင်းမှာ
– ပြည်သူ့တာဝန်= အမှိုက်မချဖို့ ၊

-စည်ပင်တာဝန်= ရေမြောင်းပြင်ပေးဖို့၊

အချိန်မှန် အမှိုက်သိမ်းပေးဖို့ ဆိုပြီး စာတန်းချိတ်ကြရအောင်။

ခိုင်ဇာနဲ့ မယ်တိုးပို့တဲ့ စင်္ကာပူ ရေမြောင်းပုံတွေ ကြည့်ရင်း ဒါမျိုးမြင်ဖူးပါတယ်လို့ စဉ်းစားလိုက်တော့ ….

စမ်းချောင်း မင်းလမ်းဘေးက ရေမြောင်းကြီးကို သတိရလိုက်တယ်။

အဲသလိုပဲ ဆယ်ပေလောက်အကျယ်မှာ အနက်ကြီး၊ဘေးကလည်း slope နဲ့၊အောက်ခြေထိတော့ မမြင်ဖူးတော့ ဘယ်လို လုပ်ထားတယ်မသိဘူး။

နောက်ပြီး ကန်တော်ကလေး မြန်မာ့ဂုဏ်ရည်လမ်းကရေမြောင်းကြီး၊

ကျုံးကြီးလမ်းလို့ နာမည်တွင်ရလောက်တဲ့ သရက်တောကျောင်းတိုက်နားက ရေမြောင်းကြီး၊

စင်္ကာပူက အားကျခဲ့ရတဲ့ မြို့တော်ရန်ကုန်မှာ အဲဒါတွေ ရှိခဲ့ဖူးပါတယ်။

အခုတော့ သူတို့တွေ ရှိနေသေးပေမယ့် သူတို့ထဲရောက်အောင် စီး ၀င်မယ့် လမ်းကြောင်းတွေ ပိတ်တော့ သူတို့ မတိုင်ခင် ခရီးမှာပဲ ရေတွေ လျှံကုန်လို့ သူတို့လည်း အရာမရောက်ဖြစ်ခဲ့ရပါပြီ။

ကဲဘာပဲဖြစ်ခဲ့ဖြစ်ခဲ့

ပျက်တာကို ပြင်ချင်စိတ်ရှိဖို့က ပဓာနပါပဲ၊

ပျက်အစဉ် ပြင်ခဏ(ပြင်လို့ရလည်းခဏလို့ စာရေးဆရာမ မစန္ဒာက သရော်ခဲ့ဖူးတယ်)

ပျက်အစဉ် ပြင်လျှင်ရ လို့ စကားပုံ ပြောင်းကြရအောင်။

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)