ဘိုဘိုလန်းစင်နဲ့ တွေ့ဆုံခြင်း- ညိုခက်ကျော်။
Los Angeles မြို့ကို ၂၀၁၄ ဧပြီလဆန်းမှာ ခဏလာတဲ့ အင်္ဂလန်မှာနေထိုင်သူ ဆရာဝန်၊ စာရေးဆရာ၊ သမိုင်းပါရဂူဘွဲ့ကြိုကျောင်းသား၊ ဘိုဘိုလန်းစင်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ဘိုဘိုလန်းစင်ဟာ လူထုဦးလှ၊ ဒေါ်အမာတို့ရဲ့ မြေး၊ လူထုမျိုးဆက်သစ်ဖြစ်ပြီး BBC သတင်းထောက်လည်းဖြစ်ပါတယ်။
၁။ ဒီတခေါက် US ကိုလာဖြစ်တာက။
Open Society က Supplementary grant program ကျောင်းသားတွေ Scholarships ပေးတဲ့ နှစ်ပတ်လည် Conference မျိုးပေါ့။ New York မှာ ဧပြီ၃၊ ၄ မှာ လုပ်တဲ့အတွက် OSI ရဲ့ Scholarships ကျောင်းသားအနေနဲ့လာတက်တာ။
၂။ လန်ဒန်ကိုဘယ်တုန်းကရောက်လဲ။ ခုတက်နေတဲ့ကျောင်းက။
SOAS (School of Oriental and African Study, University of London) မှာ သမိုင်းပါရဂူဘွဲ့တက်နေတယ်။ BBC ရဲ့ အချိန်ပိုင်းသတင်းသမားပါ။ မန္တလေးဆေးကျောင်းက ဆရာဝန်ဘွဲ့ရတာကတော့ ၂၀၀၆ကပေါ့။ လန်ဒန်ကို ၂၀၀ရကရောက်ပါတယ်။
၃။ လူထုသတင်းစာ၊ လူထုဦးလှ+ဒေါ်အမာ နဲ့ပတ်သက်ပြီး အမှတ်တရတခုခုပြောပြပါဦး။
ဒီနေ့က အဘွားဆုံးတာ ၆နှစ်ပြည့်ဗျာ။ (US မှာ ဧပြိီရရက်။ ၂၀၁၄။) တောင်လေးလုံးမှာ မနေ့ကဆွမ်းကျွေးတယ်လေ။ Online မှာ ပုံတွေတက်နေတယ်။ ကျနော်ကတခါပြောဘူးတယ်။ အဘွားလို့။ အဘွားလိုအရွယ်တွေဆိုရင် တခြားနိုင်ငံမှာ သမ္မတတွေဘာတွေဖြစ်မှာလို့။ သူကပြန်ပြောတယ်။ ” ဘာလဲ။ မင်းက သမ္မတမြေးဖြစ်ချင်လို့လား” တဲ့။ အဲဒါလေးပြန်သတိရတယ်။ ခုချိန်မှာ သမ္မတတွေသိပ်ခေတ်စားနေလို့။ (ရီလျက်။) အဘိုးကတော့ ကျနော်၂နှစ်မှာ ဆုံးတော့ သိပ်မမှီလိုက်ဘူးပြောရမယ်။
၄။ မြန်မာ့သမိုင်းမှာ လူထုသတင်းစာနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်မိလဲ။ ခုနေခါ သတင်းစာလုပ်နေသူတွေကိုရော ဘာပြောချင်လဲ။
ခုချိန်မြန်မာပြည်မှာ သတင်းစာတွေပြန်ထုတ်နေကြတဲ့အချိန်လေ။ တော်တော်များများက ရပ်တည်ဖို့လည်း တော်တော်ခက်ကြတယ်။ လည်ပတ်ဖို့ လူအင်အားရော၊ ငွေအင်အားရော မလုံလောက်တာတွေအများကြီးရှိတယ်။ ဦးလေးက လူထုသတင်းစာစိန်ရတုတုန်းကပြောတယ်။” သတင်းစာတစောင်ဖြစ်ဖို့ စက္ကူနဲ့ လွတ်လပ်ခွင့်ကလိုတယ်” ဆိုတာလေ။ မြန်မာပြည်က အစိုးရကစက္ကူကလည်း ထောက်ပံ့မပေး။လွတ်လပ်ခွင့်ကလည်း သိတဲ့အတိုင်းပဲ။ အကုန်လုံးက ဥပဒေပေါ်ကြိုးတန်းလျှောက်နေရတဲ့ဟာမျိုးဖြစ်နေတော့။ လူထုသတင်းစာက သူ့ခေတ်နဲ့သူ့အခါကလည်း သိပ်ပြီး လွတ်လပ်တယ်ဆိုတာမျိုးမဟုတ်ပါဘူး။ ခုခေတ်ထက်တော့ နည်းနည်းပိုဆိုးမယ်ထင်တယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ခေတ်မှာ ဖြတ်သန်းခဲ့ရတာဆိုတော့။ လူထုတိုက်ကို မိုင်းခွဲခံရတာမျိုးထိဖြစ်ခဲ့တယ်လေ။ ဒါပေမယ့် သူက နောက်ဆုံးပိတ်အကုန်လုံးသေခါမှသေရော သမိုင်းမှာတခုခုတော့ ကျန်ခဲ့အောင်၊ ပြောစရာဖြစ်အောင် မှန်တယ်ထင်တဲ့ဘက်ကရေးမယ်ဆိုတဲ့ သတ္တိနဲ့တော့ရပ်သွားတယ်လို့ ကျနော်ထင်တယ်ဗျ။ သတင်းစာရပ်တည်ဖို့တခု၊ ဒါမှမဟုတ် ကိုယ့်ရဲ့ကျော်ကြားမှုနဲ့တခြားအခွင့်အာဏာ အတွက် မယိုင်လဲဘဲနဲ့သူတို့ယုံကြည်တဲ့ဘက်ကနေ ရပ်တည်ခဲ့တယ်။ မှန်တာ၊ မှားတာကတော့ ကြည့်တဲ့သူတွေက ဆုံးဖြတ်လိမ့်မယ်။
အဲလိုရပ်တည်နိုင်အောင် ကြိုးစားသွားခဲ့တာတော့ သဘောကျတယ်ပေါ့ဗျာ။ နောက်လူတွေကြိုက်မကြိုက်တော့ မသိဘူး။ မီဒီယာလုပ်လုပ်ဘာလုပ်လုပ် ကိုယ့်လုပ်ရပ်က နောက်လူတွေဘယ်လိုအကဲဖြတ်မလဲဆိုတာ အဓိကကြည့်တာပေါ့နော်။ နောက်လူတွေပြန်ကြည့်ရင် ကိုယ့်လုပ်ရပ်ကို လူကြားထဲမှာ ပြရဲရဲ့လား ဆိုတာလေးတခုပေါ့။ လူထုကတော့ သူ့လုပ်ရပ်သူ ရဲရဲရင့်ရင့်သတ္တိရှိရှိရပ်တည်နိုင်ခဲ့တယ်လေ။ အဲလိုလုပ်ရဲတဲ့ တခြားသတင်းစာတွေလည်း ရှိတယ်လေ။ ခုနေခါမှာလည်း အဲလိုသတင်းစာတွေ ထွက်ပေါ်လာစေချင်ပါတယ်။
၅။ သတင်းသမားတယောက်အတွက် ဘာအရေးကြီးဆုံးလို့ ခံယူသလဲ။
ပညာအရည်အချင်းရှိချင်ရှိမယ်။ ပိုက်ဆံရှိချင်ရှိမယ်။ အခွင့်အာဏာရှိချင်ရှိမယ်။ အဓိကကတော့ မှန်တယ်ထင်တဲ့ဘက်ကရပ်ဖို့နဲ့ နောက်တခုက Underdog ပေါ့လေ။ မျက်နှာမရတဲ့သူ၊ နေရာမရတဲ့သူတွေ minority တွေအတွက်ရပ်ဖို့က အရေးကြီးတယ်။ အဲဒီလိုမျိုးဘက်ကနေ ရပ်နိုင်တဲ့သတင်းသမားတွေပေါ်ဖို့ အရေးကြီးတာပေါ့။ ဒါပါပဲ။
၆။ မီဒီယာက ဘက်လိုက်ဖို့လိုလား။
ဘက်လိုက်တယ်ဆိုတာက ပြောလို့မရဘူးလေ။ လူဆိုတာ အကုန်လုံးက “ဘက်” ဆိုတာက ရှိမှာချည်းပဲ။ မသိမသာနဲ့သိသိသာသာပဲရှိမယ်လေ။ ဒါပေမယ့် သူ့ရဲ့ Professional Ethics ကိုတတ်နိုင်သမျှစောင့်ဖို့တော့ လိုတယ်။ ဘယ်ဘက်ကလိုက်လိုက် ကိုယ့်ရဲ့တင်ပြပုံ၊ သုံးသပ်ပုံက ကိုယ့်ကိုထောက်ခံတဲ့သူရော၊ မထောက်ခံတဲ့သူရော စိတ်ထဲမှာ သမာသမတ်ရှိတယ်။ လက်ခံနိုင်စရာရှိတယ်ဆိုရင်တော့ဘက်လိုက်တယ်။ မလိုက်ဘူးဆိုတာထက် မီဒီယာရဲ့စံတခုရှိတယ်လို့ပြောလို့ရတာပေါ့။ ဒီလိုရေးတာက ကိုယ်နဲ့အမြင်မတူပေမယ့် လက် ခံစဉ်းစားလို့ရနိုင်တယ်ဆိုတဲ့အနေအထားမျိုးကို ရအောင်ရေးနိုင်ရင်တော့ မဆိုးဘူး။ မဟုတ်ရင်တော့ Campaign လို၊ ကြော်ငြာရေးသလိုဖြစ်ကုန်မှာပေါ့။
၇။ မြန်မာ့သမိုင်းကိုဖော်ပြကြတဲ့အထဲမှာ မရေမရာဖြစ်နေတာမျိုး။ အမှားကို အမှန်ရေးထားတာမျိုး။ အမှန်ကို မဖော်ထုတ်တာ၊ အမှားလို့ရေးတာမျိုးတွေရှိရင် သမိုင်းပညာရှင်တယောက်အနေနဲ့ သုံးသပ်ပြပါဦး။
အမှား။ အမှန်ကတော့ ပြောဖို့ခက်ပါတယ်။ အချက်အလက်အရ မှားတယ်။ မှန်တယ်ဆိုတာတော့ ပြောလို့ရမယ်။ အချက်အလက်ကတော့လိုက်နိုင်ရင်လိုက်နိုင်သလောက်၊ စုံရင်စုံသလောက် ခန့်မှန်းပြီးပြောရတာပေါ့နော်။ ဥပမာ- ဗမာပြည်လွတ်လပ်ရေးယူတာစောတယ်လို့ပြောတဲ့သူလည်း ရှိတယ်လေ။ တိုင်းပြည်အခြေအနေကောင်းမှယူဖို့ကောင်းတယ် အဲဒါမျိုးပေါ့နော်။ အမှားအမှန်ဆိုတာကတော့ ငြင်းခုန်မှုပဲလေ။ တကယ့်အမှားအမှန်ကတော့ အချက်အလက်ပေါ့။ နိုင်ငံခြားမှာကတော့ ခိုင်ခိုင်လုံလုံ facts က ပေါတယ်။ ဗမာပြည်မှာကကျ အဲလိုစနစ်တကျမရှိဘူး။ အမှားကို အမှန်ထင်နေတာ ပြောရရင် Census လိုဟာမျိုးတောင် တိတိကျကျမရှိဘူုး။ Census မှာ လူမျိုး၁၃၅မျိုးဆိုတာ အမှန်က လူမျိုးမဟုတ်ဘူး။ Dialect စကားပေါ့။ နောက်ဒေသအလိုက်အုပ်စုတွေပေါ့။ ဥပမာ- လူမျိုးဗမာထဲမှာ ဘိတ်တို့၊ ထားဝယ်တို့ ပါတယ်လေ။ တလောကဖတ်ရတယ်။
ဘိတ်မှာ မြိတ်သားဆိုတာရှိပါတယ်ပေါ့ ရေးထားတယ်။ နောက်တခါ နေရာပေါ်မူတည်ပြီး ချောင်းသားတို့။ တောင်ပေါ်သားတို့ ခေါ်တာတွေရှိတယ်လေ။ လူမျိုးဆိုတာ Identity ကလည်း၊ ခံယူချက်ကလည်း ခေတ်အလိုက် ပြောင်းနေတာ။ အရင်တုန်းကတော့ ဗမာတို့၊ မွန်တို့ဆို ရှင်းတယ်လေ။ ဆင်းသက်လာထဲက တိကျတဲ့လူမျိုးအကြီးတွေရှိပြီးသားဆိုတော့။ တချို့တွေကျ ယဉ်ကျေးမှုအရလည်း နောက်ကျတယ်။ ပျံနှံ့နေတာလည်းကွဲတယ်ဆိုတော့ စုစည်းမှုကလည်း သိပ်မရှိဘူး။ နောက်ပိုင်းအင်္ဂလိပ်ဝင်လာတော့ ယဉ်ကျေးမှုရှိလာပြီး လူမျိုး Identity ကပေါ်လာတယ်။
ဥပမာ- ချင်းဆို ချင်းလို့ခေါ်ရမလား။ ဇိုလို့ခေါ်ရမလား။ မီဇိုလို့ခေါ်ရမလား။ သူတို့အချင်းချင်းမှာကိုအဲလိုကွဲနေတယ်။ အဓိကကတော့ လူမျိုးခံယူချက်ပေါ်ပေါက်လာတဲ့အပေါ် ရှေ့ကျတာနောက်ကျတာပေါ်မူတည်ပြီးကွဲတယ်။ သန်းခေါင်စာရင်းစစ်တမ်းမှာ အဲဒီ့၁၃၅မျိုးဆိုတာ လူမျိူုးလား။ Dialect လား နားမလည်လို့ ခုလိုလူမျိုး၁၃၅မျိုးဆိုပြီးဖြစ်နေတာ။ အမှန်တော့ လူမျိုးဘယ်နှစ်မျိုးဆိုတာကို ဒေသအလိုက်နေထိုင်သူတွေက သူတို့ဟာသူတို့သတ်မှတ်ရမှာလေ။ သမိုင်းမှာ မှန်ပြီးတော့ မှားတယ်ထင်နေတာကိုပြောရရင် တချို့ကိစ္စတွေကျ ရှင်းလို့မရတဲ့ဟာတွေလည်းရှိချင်ရင်ရှိမှာပါပဲ။ ဒေါက်တာသန်းထွန်းတို့လည်း ရေးပါတယ်။ မြန်မာပြည်မှာက လူတွေကတောက်လျှောက်ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံလို့ထင်နေကြတယ်။ တကယ်စရောက်တာက ဘယ်ဟာကအရင်လွှမ်းမိုးတယ်ဆိုုတာက ပြောရခက်တယ်လေ။ အနော်ရထာလက်ထက်မှာဆို အရည်းကြီးတွေကို နှိမ်နှင်းတယ်။ ပိဋကတ်၃ပုံသယ်တယ်ဆိုတာဟာလည်း နာမည်ခံပဲနေမှာပါ။ ဖြစ်ခဲ့ရင်တောင် မြန်မာရဲ့နယ်နိမိတ်ကိုချဲ့တာပါပဲ။ မွန်ကိုသိမ်းသွင်းတာပဲလေ။ မြန်မာတွေလက်ခံထားကြတဲ့ ထေရဝါဒသာသနာဆိုတာ ဘယ်ခေတ်က မြန်မာပြည်ကို လာအမြစ်တွယ်တယ်ဆိုတာပြောဖို့ခက်တယ်။ ဘာလို့ဆိုတော့ ပုဂံခေတ်အနော်ရထာနောက်ပိုင်းမှာ သီဟိုဠ်က ဂိုဏ်းတွေကြီးစိုးလာပြီး မူလရှိတဲ့ မဟာယနဆန်တဲ့ ၊ ဝိနည်းသိပ်မစောင့် စည်းတဲ့ဂိုဏ်းတွေကို ဩဇာလွှမ်းပြီး ပိုစည်းကမ်းကျပ်တဲ့ဂိုဏ်းတွေဖြစ်လာတယ်။ နောက်ပိုင်းမှာ ပုဂံပျက်သွားတော့ မဟာကဿဖဂိုဏ်းလို အရည်းကြီး ပုံစံဂိုဏ်းတွေ ဘုန်းကြီးတွေအရက်သောက်တယ်၊ လယ်ထွန်တယ်။ မဟာယနပုံစံတွေက ပြန်ခေါင်းထောင်လာတာပဲလေ။ ဟံသာဝတီရှင်စောပု၊ သမ္မဦးဓမ္မစေတီမင်းလက်ထက်တွေမှာ သူတို့သီဟိုဠ်ကနေ ပြန်ပြီးသန့်တာ။ အဲလို Cycle တွေက အမြဲပြန်ဖြစ်နေတာ။ နောက်ပြီး ဘိုးတော်ဘုရားမင်းလက်ထက်မှာ သိပ်ဝိနည်းမစောင့်တဲ့ဂိုဏ်းတွေ ပြန်ပေါ်တယ်။ ဘုရင်တွေက ဒါတွေအားပေးတာက သူတို့ရဲ့ Religious သာသနာကိုစောင့်ရှောက်တယ်ဆိုတဲ့ ပါဝါကိုလိုချင်တာပါတယ်။ လူတွေစိတ်ထဲမှာလည်း သူတို့ဟာသာသနာကို မြှင့်တင်နေတယ်ဆိုပြီး သူတို့ရဲ့အာဏာကို စောင့်ရှောက်စေတယ်။ လက်ရှိအစိုးရတွေဆိုလည်း သာသနာစောင့်ရှောက်တယ်တို့၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့တိုနဲ့ သာသနာကိုထိန်းချုပ်လိုက်တဲ့အတွက် ဘုန်းကြီးတွေကို ထိန်းချုပ်ရတာ ပိုလွယ်သွားမယ်။ လူတွေစိတ်ထဲသူတို့ကိုပိုကြည်ညိုလေးစားမယ်။ ဒါတွေအကုန်လုံးက ဆက်စပ်နေတယ်ပေါ့။ မြန်မာပြည်မှာ ထေရဝါဒ လို့လက်ခံထားတဲ့ဟာက ဘယ်တုန်းကမူကိုယူမှာလဲဆိုတာက တော်တော်စဉ်းစားလို့ခက်တယ်။ အနော်ရထာလက်ထက်က သီဟိုဠ်ကရောက်လာတဲ့ မူလား၊ ရှင်စောပုနောက်ပိုင်းကရောက်လာတဲ့မူလား၊ ဘိုးတော်ဘုရားလက်ထက်ကမူလား ၊ မင်းတုန်းမင်းလက်ထက်ကထားခဲ့တဲ့မူလား၊ ဦးနုလက်ထက်မှာလက်ခံတဲ့မူလား၊ ဦးနေဝင်းလက်ထက်မူလားဆိုတာ ပြောရခက်တယ်။ ကိုယ့်လက်ထက်မှာ ကိုယ်အဆင်ပြေတဲ့ဆရာတော်နဲ့ Key ကိုက်တဲ့ Version တွေချည်းပဲလေ။ ငါနဲ့မတူငါ့ရန်သူဆိုတာ ဘာသာရေးမှာအဓိကဖြစ်ရပ်ပဲ။
၈။ မြန်မာနဲ့ ဗမာ အသုံးအနှုံးကွဲပြားပုံရော။
မြန်မာနဲ့ဗမာက အတူတူပါပဲ။ ရေးတာကွဲတာပါပဲ။ စာထဲမှာ မြန်မာလို့သုံးတာလေ။ ဗမာ ဆိုတာက အရပ်ထဲမှာခေါ်တာလိုမျိုး သုံးတာလေ။ အင်္ဂလိပ်ဝင်လာတဲ့အခါကျ သူတို့ကလမ်းပေါ်မှာပြောတဲ့လူတွေစကားသံကိုယူပြီး Burman, Burmese အဲဒီလိုခေါ်တာ။ မြန်မာလို့ အင်္ဂလိပ်တွေဟိုးရှေးထဲက ရေးတာတွေရှိတယ်။ စာလုံးပေါင်းကတော့ ကွဲကြတယ်။ သုံးတာနဲလို့။ အမှန်ကအတူတူပါပဲ။ “တို့ဗမာ” က ဘာလို့ ဗမာလုပ်သလဲဆိုတော့ Ethnic Notion လို့ခေါ်မှာပေါ့။ ၁၉၃ဝလောက်က သူတို့ကဘာကိုအားကျသလဲဆိုတော့ ဂျာမဏီတို့၊ အီတလီ တို့မှာ နယ်တွေအကုန်စုပြီး နိုင်ငံတွေခေါ်တာ အားကျတယ်ထင်ပါတယ်။တို့ဗမာအစည်းအရုံးခေါင်းဆောင်တွေက အဲဒီ့ခေတ်က ဂျာမန်အတွေးအခေါ်ပညာရှင်တွေကို နစ်ရှေးတို့ဘာတို့ကို အားကျကြတယ်ထင်ပါတယ်။ သူတို့စိတ်ထဲမှာ လူမျိုးကြီးဖြစ်အောင်လုပ်မယ်ဆိုတာရှိပုံရတယ်လေ။ အဲဒီ့မှာ ရှိသမျှတိုင်းရင်းသားတွေအကုန်လုံးကို ပေါင်းပြီးတော့ အကုန်လုံးနဲ့ဆိုင်တဲ့နာမည်ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့” ဗမာ” ဆိုပြီး ရှေ့တန်းတင်လိုက်တယ်။ ၁၉၂ဝလောက်ထိ စာတမ်းတွေဘာတွေမှာ၊ အစည်းအဝေးတွေမှာ မွန်-မြန်မာအမျိုးသားလို့ရေးတယ်လေ။ ရခိုင်တောင် သူတို့သီးသန့်ကောက်တာမဟုတ်ဘူုး။ မြန်မာထဲမှာ ထည့်ထားတာ။ မြန်မာထက်ပိုပြီးအားပြင်းအောင်။ မြန်မာက အားလုံး ထက်သာတယ်ဆိုတာမျိုးဖြစ်အောင် ဗမာလို့လုပ်လိုက်တာ။ အမှန်က မဟုတ်ပါဘူး။ တို့ဗမာအစည်းအရုံး ပျက်တဲ့လောက်ထိမှာ ရပ်သွားတာလေ။ ရှမ်းတွေဘာတွေတောင် သိပ်မသိဘူး။ တချို့ ၁၉၅ဝ လောက်ထိ တာချီလိတ်တို့၊ ဘာတို့ဘက်တွေမှာ လွတ်လပ်ရေးရတာ မသိတဲ့သူတွေရှိတယ်။
၉။ ကျနော်နဲ့ ကျွန်တော်ကျတော့ရော။
ဒါကတော့ လက်ဝဲလွှမ်းမိုးမှုပေါ့။ ဗန်းမော်တင်အောင်တို့ရေးတယ်လေ။ ” ကျွန်တော် ” မလုပ်ချင်လို့ပေါ့။
၁၀။ မြန်မာပြည်မှာ ရှေးဟောင်းအဆောက်အဦတွေပြင်တဲ့ကိစ္စပေါ့လေ။ အမြင်တွေကွဲပြားတာလဲရှိကြတော့ ဘိုဘိုလန်းစင်ရဲ့ သမိုင်းပညာရှင်တယောက် အမြင်ကို သိချင်ပါတယ်။
အရင်အစိုးရလက်ထက်ဘယ်လိုပြင်သွားတယ်ဆိုတာပေါ် မူတည်တာပေါ့လေ။ နဂိုက အုတ်ပုံလောက်ရှိတဲ့ဘုရားကို ဘုရားလက်သစ်ကြီးဖြစ်အောင် ဆောက်ပစ်တာမျိုးကျ မသိဘူးလေ။ နိုင်ငံတကာစံနှုံးတွေအရကတော့ တဦးတယောက်ရဲ့စံနှုံးနဲ့တိုင်းလို့ မဖြစ်နိုင်ဘူးလေ။ နိုင်ငံတကာလက်ခံမှု က တဦးချင်းလက်ခံမှုနဲ့မတူနိုင်ပါဘူး။ ပြင်လိုက်တဲ့အတွက် နိုင်ငံတကာလက်ခံမှုက လျှော့သွားနိုင်တယ်။ ကျနော်ကိုယ်တိုင်လည်း အန်ကောဝတ်ကိုရောက်တော့ တကယ့်အထင်ကရနေရာတွေမှာ နတ်ဘီလုူးရုပ်ကြီးတွေဆို ဖျက်ဆီးတာခံရဖန်များတော့ ခါးပိုင်းလောက်ကနေကျန်တာကို ခေါင်းတွေဘာတွေဖြည့်ဆောက်ထားတယ်။ သူ့နိုင်ငံနဲ့သူ့စံတော့ရှိပါတယ်။ ဒါပေမယ့် ခေါင်းပိုင်းလေးပြတ်နေမှ စိတ်ထဲကနေခေါင်းပိုင်းလေးဖြည့်ကြည့်လို့ရတဲ့ခံစားချက်က ပျက်သွားပြီးတော့ ပလာစတာရုပ်အသစ်ကြီးရောက်လာတယ်လို့ စိတ်ထဲမှာထင်မိတယ်ပေါ့လေ။ Rome မှာက Dynamic ဖြစ်နေတယ်ဆိုတာက ခေတ်အဆက်ဆက် တခေတ်နဲ့တခေတ်မတူတာတွေက ထပ်ထပ်ပြီး ပေါ်နေတာ။ ကျနော်ရောက်ဖူးတယ်လေ။ ခေတ်တခုနဲ့တခုမတူတာတွေပေါင်းပြီးလှနေတာပေါ့။ ပုဂံကကျတော့ Dynamic ဖြစ်ဖို့ဆိုတာက အရင်ပုံစံဟောင်းကို ပြန်တုပြီး အဲလောက်လဲမကောင်းတဲ့နောက်ထပ်အသစ် ရွှေတော့ရွှေ၊ ဒစ်စကိုရွှေပေါ့။ နဂိုပုံစံကိုပြန်တုထားတာ။ တကယ်ပုံစံအစစ်လည်းမဟုတ်ဘူး။ ပျင်းစရာကောင်းပြီး Dynamic လည်းမဖြစ်ဘဲ အီနေတာပေါ့နော်။
နောက်ပြန်လှည့်သလိုပေါ့။ ဥပမာ- ပုဂံဘုရားဟောင်းတွေကို ငုံငုံပြီး ပြန်ဆောက်တယ်ဆိုလည်း မူလလက်ရာမြင်နိုင်အောင် ဖန်နဲ့ငုံပြီး ဆောက်တာမျိုး ဆိုရင်တော့ တမျိုးပေါ့။ လက်ခံနိုင်စရာပေါ့။ ကွန်ကရစ်လို၊ သံလိုမျိုးနဲ့ သိပ္ပံအဆောက်အဦတွေလိုမျိုးပုံစံငုံရင်လည်းငုံပေါ့။ ဒါပေမယ့် Landscape ကြီးကတော့ ပျက်မှာပဲ။ ပုဂံမှာ မျှော်စင်ကြီးဆောက်လိုက်တဲ့အတွက် ပုဂံမှာမြင်ရတဲ့ Landscape က လုံးဝပြောင်းသွားတယ်လေ။ ဗိသုကာရယ်၊ Art History လည်းရှိတယ်။ စာသမားဘက်ကမြင်တာလည်းရှိမယ်။ Philosophy ဘက်ကအမြင်လည်းရှိမယ်။
မြို့တွေရဲ့ဝိဉာဉ်လည်းရှိတာပေါ့ ။ ကျနော်တို့ မန္တလေးသားတွေကလည်း ကျုံးကို ပြန်ပြင်တာ ဆည်နဲ့တူသွားတယ်လို့ ပြောကြတယ်လေ။ အဲဒါကို ကျုံးက ပိုခိုင်၊ ပိုသန့်သွားတယ်လို့ မြင်တဲ့သူတွေလည်း ရှိမှာပေါ့။ သူ့စံနဲ့ သူ။ သူ့ Value နဲ့သူပေါ့။
၁၀။ သတင်းဘက်ပိုင်းလုပ်ဖြစ်တာက။
သမိုင်းနဲ့ သတင်းနဲ့က ဆက်စပ်နေတယ်။ သတင်းစာများက သမိုင်းကိုပြောနေတယ်။ လက်ရှိခေတ်ဖြစ်နေတာတွေကို သိနိုင်။ မှတ်တမ်းတင်နိုင်တယ်လေ။ နိုင်ငံရေးကတော့ စိတ်ဝင်စားတယ်။ နိုင်ငံရေးကအမြဲပြောင်းနေတဲ့ခေတ်။ နိုင်ငံရေးကိုယ်တိုင်ဝင်လုပ်ဖို့တော့ သတ္တိမရှိပါဘူး။နိုင်ငံရေးသမားတွေလွတ်လာကာစက လူတွေတော်တော်များများက နိုင်ငံရေးသမားတွေဘာလုပ်နေတယ် စိတ်ဝင်စားကြတော့ ဦးကိုကိုကြီးလက်ရှိ ဘာတွေလုပ်နေတယ်မေးခိုင်းတော့ ငွေဆောင်ဘက်မှာ အုန်းခြံတွေအသိမ်းခံရတာကို သူတို့ကိုလာတိုင်တယ်တဲ့။ အဲ့ဒီ့သတင်းလိုက်ပါလားတဲ့။
ဒီသတင်းတွေက Celebrity သတင်းတွေလဲမဟုတ်တော့ လုူသိပ်စိတ်မဝင်စားကြဘူးလေ။ မကြာခင်မှာ မုံရွာလက်ပတောင်းကိစ္စဖြစ်တာပဲ။အစောဆုံးသိတဲ့ထဲမှာ ကျနော်တို့လဲပါတယ်။ မုံရွာဒေသခံတွေလုပ်တဲ့ ဝက်ဘ်ဆိုက်လေးတွေကနေစသိတာလေ။ သတင်းအစအနဘယ်ကလိုက်ရမယ်မသိတဲ့အခြေအနေကနေ လက်ပတောင်းက ကမ္ဘာသိတဲ့ထိဖြစ်သွားတယ်။ သတင်းဆိုတာ ကြီးသည်ငယ်သည်မရှိဘူးလေ။ အချိန်မရွေးTop ရောက်သွားနိုင်တာဘဲ။ အင်မတန်လူစိတ်ဝင်စားခံရတဲ့သူတွေဟာလည်း တချိန်မှာရိုးအီသွားတာမျိုး ဖြစ်သွားနိုင်တာဘဲ။ သတင်းမှာလည်း နိုင်ငံရေးလောကလို သင်္ခါရဆိုတာရှိတယ်။ သတင်းတွေဟာ ကြည့်ရင်းကြည့်ရင်းနဲ့ သမိုင်းအတွက် ဖြစ်သွားတယ်။
၁၁။ ဘယ်သူတွေကိုအားကျလဲ။ မြန်မာပြည်မှာ ဘယ်လိုသမိုင်းစာအုပ်တွေလိုသလဲ။
အောက်ခြေကလူတွေအတွက်ရေးတဲ့သမိုင်းလိုဟာမျိုးကတော့ မြန်မာပြည်မှာနောက်ပိုင်း နောက်ကျတာပေါ့လေ။ အဲလိုမျိုးက ကိုယ့်အဖိုးကိုယ်အားကျတာပေါ့။ ပြောလို့တော့သိပ်မကောင်းဘူးဗျ။ (ရီလျက်။) သူတို့စတယ်ပြောလို့ရတယ်။ သူတို့ကလက်ဝဲအမြင်လဲရှိတယ်။ ” ထောင်နဲ့လူသား ” တို့၊ ” ကျနော်ဆားချက်သမား ” တို့။ အင်္ဂလန်မှာ ” The Making of English Working Class ” ဆိုတဲ့စာအုပ်ရှိတယ်။ အင်္ဂလိပ်အလုပ်သမားလူတန်းစားတွေအကြောင်းရေးထားတာ။
ကိုသန့်မြင့်ဦးရေးတဲ့ ” The Making of Modern Burma ” က အဲ့ဒီ့ပုံစံမျိုးလိုက်သွားတာ။မြန်မာပြည်မှာ ဘယ်လိုသမိုင်းစာအုပ်မျိုးလိုသလဲဆို Culture History, Social History နာမည်တော်တော်များများရှိပါတယ်။ လိုတာကမြန်မာလူမျိုး၊ မြန်မာနိုင်ငံဆိုတဲ့ အဲဒါမျိုးတွေအမျိုးသားရေးစိတ်တွေပေါ်လာတာကို မြန်မာတွေရဲ့ရှုဒေါင့်ကမဟုတ်ဘဲနဲ့ ဒီမှာရှိတဲ့လူမျိုးစု တွေအားလုံးရဲ့အမြင်ကနေပြီးတော့ စုံစုံလင်လင်နဲ့သုံးသပ်နိုင်တဲ့သမိုင်းမျိုးကလိုတယ်။ တော်တော်များများက မြန်မာမြင်တဲ့အမြင်၊ တိုင်းရင်းသားဘက်ကမြင်တဲ့အမြင်၊ နိုင်ငံခြားသားဘက်ကမြင်တဲ့အမြင် အဲလိုမျိုးတွေများတယ်လေ။ အကုန်လုံးဘက်ကကြည့်ရင် လက်ခံနိုင်တဲ့ National History လိုဟာမျိုးက မရှိသေးဘူး။ အဲလိုမရှိတဲ့အတွက် National Consensus ခေါ်တဲ့နိုင်ငံနဲ့ဆိုင်တဲ့အမျိုးသားရေးစိတ်လည်း မရှိဘဲ ဇာတ်လမ်းတွေရှုပ်နေတယ်။
နိုင်ငံခြားသားနဲ့ တိုင်းရင်းသားနဲ့လဲ ခွဲတယ်။ မြန်မာနဲ့ လူနဲစုနဲ့လဲ ခွဲတယ်။ လူမျိုးစုချင်းလဲ ခွဲတယ်။ မြန်မာမြန်မာချင်းမှာလဲ ဆင်းရဲတဲ့သူနဲ့ ချမ်းသာတဲ့သူနဲ့ခွဲတယ်။ အဲဒါတွေနဲ့ဇာတ်လမ်းကမပြီးတော့ဘူး။
မှတ်ချက်။ ။ ( 2014, May, Myanmar Gazette ) တွင် ပုံနှိပ်ဖော်ပြခဲ့သည်။
21 comments
Mr. MarGa
June 13, 2014 at 9:47 am
ဆရာဝန်၊ စာရေးဆရာ၊ သမိုင်းပါရဂူဘွဲ့ကြိုကျောင်းသား၊ BBC သတင်းထောက်
တော်ပါပေ့ ဗျာ
လူထုမျိုးဆက်မို့ စိတ်ဝင်စားပါသဗျ။
အဲ.. မမှတ်မိတာက သူ ဘယ်သူ့သားလဲ ဆိုတာဗျ :mrgreenn:
ဆရာညီပုလေးရဲ့ မျိုးဆက်လား လို့
black chaw
June 13, 2014 at 10:05 am
ဘိုဘိုလန်းစင်ဟာ လူထုဦးလှ၊ ဒေါ်အမာတို့ရဲ့ မြေး၊ လူထုမျိုးဆက်သစ်ဖြစ်ပြီး BBC သတင်းထောက်လည်းဖြစ်ပါတယ်။
အပေါ်မှာ တစ်ခါတည်း ပြောထားတယ်လေ သကြားရယ်…။
Mr. MarGa
June 13, 2014 at 10:26 am
ဟီဟိ…
ဒီလူကြီး မျက်စိလည်သွားပြီ
Wow
June 13, 2014 at 11:15 am
ဘက်လိုက်တယ်ဆိုတာက ပြောလို့မရဘူးလေ။ လူဆိုတာ အကုန်လုံးက “ဘက်” ဆိုတာက ရှိမှာချည်းပဲ။ မသိမသာနဲ့သိသိသာသာပဲရှိမယ်လေ။ ဒါပေမယ့် သူ့ရဲ့ Professional Ethics ကိုတတ်နိုင်သမျှစောင့်ဖို့တော့ လိုတယ်။
အာ့တော့ ကြိုက်သွားဘီ… ဘက်လိုက်မယ် …
ကေဇီ
June 13, 2014 at 11:47 am
တော်ပါတယ်။
သူက။
ကျန်တာတော့ မပြောချင်။
:hint:
kyeemite
June 13, 2014 at 11:51 am
သူများသားသမီးတွေများ တော်ကြပါပေရဲ့…အော် လူထုမျိုးဆက်ပေကိုး
ဦးကျောက်ခဲ
June 13, 2014 at 12:09 pm
အဟိ… မန်းသား သဂျားက ဘယ်သူ့သားလည်း ပြန်မေးနေရသေးတယ်…
ဆရာညီပုလေးရဲ့တူ ဒေါက်တာသန်းရင်မာ ရဲ့ သားပါခီည…
အဟိ… အဟိ မြို့မေတ္တာခံယူတဲ့ သားပေမို့… မိဇာဂျီးလိုပဲ ကျန်တာတော့ မပြောချင်…
သူနဲ့တွဲပြီး စလုံးက ဒေါက်ဖိနပ် မေတ္တာတုံး ဘလော်ဂါမလေးကိုလည်း သတိရပါတယ်…
😀
Mr. MarGa
June 13, 2014 at 12:46 pm
ဦးလေးရေ တကယ်ဗျ။ ကျနော် ဆရာညီပုလေးရဲ့သမီးပဲသိတာရယ် (ရွှေပြည်စိုး ထင်ပ လွဲရင်ခွင့်လွှတ် 😛 )
နာမည်ကတော့ လူထုဒေါ်အမာရဲ့စာတချို့ထဲ တွေ့လို့ ကြားဖူးပါတယ်။
မြို့မေတ္တာ ခံယူတယ်ဆိုလို့ ပြေးကြည့်တာ စာတွေဖတ်မရလို့ ပြန်ထွက်ခဲ့တယ် 😀
ROssI
June 13, 2014 at 12:40 pm
ခုချိန်မှာတော့ ဘိုဘိုလန်းစင် ထက်
ဒို့သမ္မတလောင်း သံချောင်း ကပဲ ပိုဟော့ပါတယ်ကွယ်….
ရဲရဲသောက် ရဲရဲမှောက် ကြပါဇို့….
pooch
June 13, 2014 at 1:27 pm
ဖြစ်နိုင်တယ် ဆရာညီပုလေးသား
အကုန်လုံးဘက်ကကြည့်ရင် လက်ခံနိုင်တဲ့ National History , National Consensus အမျိုးသားရေးစိတ်ရနိုင်တဲ့သမိုင်းမျိုး တခါလောက်တော့ ထွက်လာနို်င် ရေးလာနိုင်စေချင်တယ်။
ဘယ်သူမှမရေးရင်သူကိုယ်တိုင်ရေးကြည့်ပေါ့ နိုင်သလောက် တယောက်ထဲမနိုင်ရင် အပို်င်းခွဲခေတ်ခွဲရေးပလိုက် ဟိုးအရင် သန်းခေါင်ယံလွတ်လပ်ရေး ( Freedom at Midnight )ကို Larry Collins နဲ့ Dominique Lapierre တို့ပေါင်းရေးသလိုမျိုး ။
အခုခေတ်က ဘယ်လောက်ထိခွဲသလဲဆို လွှတ်တော်ထဲကိုပဲ ကြည့်လိုက် တကယ်ဆို အားလုံးတပြေးညီ ဝတ်ခိုင်းလိုက်ရင် ပြီးနေတာကို ဆိုင်ရာဝတ်စုံတွေကို လျှောက်ဝတ်ခိုင်းတော့ တူရာတွေစုပြီး အားလုံးက ကိုယ့်အုပ်စုနဲ့ ကိုယ်နေပြီး မရင်းနှီးတော့ဘူး။ သွားချင် ပြောချင်ရင်တောင် ဝတ်ထားတဲ့ ဝတ်စုံ တပ်ထားတဲ့ တံဆိပ်တွေက ခံနေရော။ အုတ်ရောရော ကျောက်ရောရော အကုန်တပြေးညီဖြစ်သွားမှ ဘယ်သူဘယ်ဝါရယ် မရှိတော့ပဲ ကိုယ့်လူသူ့လူရယ်လည်း မရှိ ပြောဖြစ်ဆိုဖြစ်သွားမှာ။ သူများလွှတ်တော်တွေ ကြည့်ပါလား ။ ဒီက လွှတ်တော်ပဲတမူထူးပြီး ဒီလို ဝတ်ကြတာ။
ခွဲခြားထားပုံများ
Crystalline
June 13, 2014 at 1:28 pm
တခါမှမကြားဖူးပေမယ့် အင်တာဗျူးက စိတ်ဝင်စားစရာကောင်းလို့ သေချာဖတ်သွားတယ်.. ညီပုလေးဆိုရင်တော့ အဆိုတော်ညီပုလေးပဲသိတယ်.. အရမ်းလည်းခိုက်တယ်.. အခုတော့ ဘယ်တွေရောက်နေပြီးလဲမသိ…
pooch
June 13, 2014 at 1:30 pm
အော် ဒေါက်တာ သန်းရင်မာသားလား ဦးကျောက်ကွန်းမန့် မတက်ခင် ရေးလိုက်တာ ခုမှမြင်ရတယ်
ဆော်ရီး
ကိုပေါက်(မန္တလေး)
June 13, 2014 at 4:13 pm
မောင်ငြိမးချမ်း(ခ) ဘိုညို (ခ) ညီပုလေး ………………………………….
ကတော့ စိန်း လန်း ငြိမ်း ချမ်း နေ တုန်း
အဖိုးအဖွား သား သမီး မြေး ထိ
တမျိုးလုံး တော် တယ် ဆို တာ ရှား တယ်
kai
June 13, 2014 at 4:56 pm
အတွေးအခေါ်မှားရင်.. သံသရာအဆက်ဆက်.. ဘဝမှောက်တာပဲ..။
အတွေးအခေါ်တို့၏ အမြုတေထိပ်ခေါင်သည် ဘာသာရေး..။
စနစ်ကြောင့်မဟုတ်..။ စနစ်ကြောင့်မဟုတ်..။
သခင်မျိုးဟေ့.. ဒို့ဘားမင်န်း
alinsett (gazette)
June 13, 2014 at 5:52 pm
အမေးအဖြေတွေကို
ဗမာလို စာနဲ့ ဖတ်ရတော့
ကျနော့်အတွက် တော်တော်အဆင်ပြေတယ်
black chaw
June 13, 2014 at 7:57 pm
သူကြီးက ဆွ နေပြန်ပါပြီ…။
Ma Ma
June 13, 2014 at 7:58 pm
ထူးထူးခြားခြား နာမည်ကို စိတ်ဝင်စားတယ်။
လူထုမျိုးဆက်မို့ အဓိပ္ပါယ်မဲ့ မဟုတ်လောက်ဘူးလို့လည်း ထင်မိတယ်။
ကိုယ်တိုင်သာဆို နာမည်ကိစ္စ အရင်ဗျူ းဖြစ်မယ်ထင်တယ်။ 😀
အင်တာဗျူ းကို ဖတ်ကြည့်ပြီး လူတော်ဆိုတာတော့ ခန့်မှန်းမိတယ်။
နောက် ကွန်မန့်တွေ ဖတ်ကြည့်တော့…… 🙄
kai
June 14, 2014 at 1:19 pm
ဘိုဘိုလန်းစင်က… မြန်မာအတွေးအခေါ်သမားတွေထဲ.. တော်တော်စွမ်းတဲ့အတွေးအခေါ်သမားလို့.. ယူဆမိတာပဲ..။
ဖေါက်ထွက်တဲ့ အတွေးရှိတယ်လို့လည်းထင်မိတယ်..။
မြို့မေတ္တာတော့.. တော်တော်ခံယူရတယ်လို့.. သူ့စာတွေကနေသိရတာပဲ..
ဝင့်ပြုံးမြင့်
June 15, 2014 at 12:38 am
ဗျ ူ းတဲ့သူကလည်း တော်တာပါပဲ။
ဦးကြောင်ကြီး
June 15, 2014 at 12:10 pm
ဘိုဘိုလန်းစင် ဘလော့ဂ်က စာတွေဖတ်ရထဲက ဒင်းခေသူမဟုတ်ဆိုတာ သိဒယ်။ ဘိုဘိုကျော်ငြိမ်းနဲ့ နာမည်ခြင်းဆင်တော့ သူနဲ့ပတ်သက်ရာ ပတ်သက်ကြောင်းထင်နေဒါ…။
မှတ်ချက်။ ဓကောင့်ရုပ် ကြည့်ဒါ တော်တော်ရင့်တယ်.. အနော့်ထက် အသက်၂ဝလောက်ကြီးမည်။
အရီးခင်
June 22, 2014 at 3:16 pm
အဲ့ ဘိုဘိုလန်းစင် ဆိုတဲ့ နာမည်က မြန်မာ့ဆိုရှယ်လစ် “လမ်းစဉ်” ပါတီ ကို ယူပြီး မှည့်ထားတာ ထင်သတဲ့ လို့ ပြောသူ ရှိနေတယ်။
ဟုတ်လားဟင်။ :-))))))))