ပထမည……..

ည နှစ်နှစ်ရီ ထိုးလောက်အချိန်ကြီးပေါ့….. ငိုသံ..တစ်ခုကြားလိုက်ရတယ်.. ကြိတ်ပြီးရှိုက်ငိုနေတဲ့အသံ… ကိုယ်လည်းလန့်သွားတယ်.. လှုပ်လဲမလှုပ်ရဲဘူး.. ငါ အိမ်မက်မက်နေတာလားလို့ ပြန်တွေးတော့ မဟုတ်ဘူး..တစ်ကယ်ကြားရတာ…. အသံက.. .အောက်ထပ်က လာတဲ့အသံ.. အခန်းပြတင်းပေါက်တွေ အကုန်ဖွင့်ထားတာဆိုတော့.. ဘေးက ဗာဒံပင်က လေတိုက်လို့လှုပ်နေတာလည်းမြင်နေရတယ်… ပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်လိုက်ရင်တော့ မြင်ရမှာဘဲလို့ တွေးမိတယ်… ဒါပေမယ့် နေရာကနေ တစ်လက်မတောင် မရွှေ့ရဲဘူး..၀ိဥာဉ်တွေ တစ္တေတွေ ပုံတွေကလည်း ဘယ်ကဘယ်လို မျက်လုံးထဲ ပေါ်လာတယ်မသိဘူး.. လူကအလိုလိုနေရင်း ချွေးတွေပျံပြီးမောလာတယ်… ဘေးက အပျိုကြီးကိုနှိုးမှဘဲ ဆိုပြီး လက်နဲ့ လှမ်းဆိတ်လိုက်တော့ သူက နိုးလာပြီး..

“ ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ”

“ ငိုသံလေ ကြားရလား ”

”ဘယ်မှာလဲ” ဆိုပြီး သူကမီးထဖွင့် လိုက်တော့.. အသံက တိတ်သွားတယ်…

အပျိုကြီးက ဟိုဟို ဒီဒီလှည့်ပတ်ကြည့်ပြီးတော့.. “ဘာမှမရှိပါဘူး.. အိမ်မက်မက်တာ နေမှာပါ..အိပ်..အိပ်”ဆိုပြီး သူလည်း ပြန်အိပ်သွားတယ်…

ကိုယ်လည်း ဇဝေဇ၀ါနဲ့ မတင်မကျ ပြန်အိပ်လိုက်ရတယ်….

 

ဒုတိယည……..

ကြားရပြန်ပြီ… အသံက သေချာတယ်. .ကိုယ့်အောက်တည့်တည့်ကဘဲ… ဘုရား..ဘုရား.. ဒီနေ့အပျိုကြီးတွေ ဆေးရုံမှာ နိုက်ဂျုတီကျလို့ အခန်းထဲမှာ ကိုယ်တစ်ယောက်တည်း… အသံက ၀မ်းနည်းပက်လက်ငိုတဲ့ အသံမျိုး…. အောက်ထပ်အခန်းက လူမှရှိတာဘဲ…ငိုတာဘယ်သူလဲ… ငိုသံက ပိုစိပ်လာတယ်.. ထပြီးကြည့်ချင်လိုက်တာ.. . ကြည့်လိုက်လို့ လန့်စရာဆိုရင်လည်း ငါအရင် အသက်ထွက်မှာ..မဖြစ်သေးဘူး ငါဘာလုပ်ရမလဲ… ဘေးနားမှာ ဖုန်းတော့ရှိတယ်.. ဟုတ်ပြီ တစ်ယောက်ယောက်ဆီဖုန်းခေါ်မယ်.. ချက်ချင်းသတိရမိတဲ့ တစ်ယောက်ဆီခေါ်မလို့.. မဖြစ်သေးပါဘူး.. သူကအဝေးကြီးမှာ.. ငါ့အခန်းဘေးက လူကိုခေါ်မယ်..တစ်ယောက်ထဲ အတွေးတွေနဲ့ ချာလည်လိုက်နေပြီး..ဘေးအခန်းက သူငယ်ချင်းဖုန်းကို ခေါ်လိုက်တယ်.. ဖြစ်ချင်တော့.. သူ့ဖုန်းသံက.. ဖြူဖြူကျော်သိန်းရဲ့ ဘယ်သူ ကိုယ့်လောက်ချစ်သလဲ ဆိုတဲ့ သီချင်းသံ…. ညသန်းခေါင်ယံကြီးမှာ ဖြူဖြူကျော်သိန်းရဲ့ ဘယ်သူကိုယ်လောက်ချစ်သလဲ ဆိုတဲ့အသံကြီးက ဟိန်းထွက်လာတော့… သူကလည်း လန့်ဖျန့်ပြီး..ခုတင်ပေါ်ကနေအဆင်း.. ပန်ကာကြိုးခလုတ်တိုက်မိတော့ စားပွဲပေါ်တင်ထားတဲ့ ပန်ကာက “ ၀ုန်း” ခနဲ ပြုတ်ကျ. သန်းခေါင်ယံမှာ ဆူညံပွက်သွားတယ်….. ကိုယ်လည်း အသံတွေကြားတော့ အားရှိပြီး ..ပြတင်းပေါက်ကနေ အောက်ကို မရဲတရဲ ငုံ့ကြည့်လိုက်တယ်… ဘာမှမတွေ့ရဘူး…. အသံလည်းပျောက်သွားတယ်… ဟိုဘက်က မယ်မင်းကြီးမ တစ်စုကိုယ့်ဘက်ရောက်လာကြတယ်…. “နင် ညကြီးသန်းခေါင် ဘာအရူးထတာတုံး..လူကို လန့်ဖျန့်သွားတာဘဲ.. “ ကိုယ်လည်း ဖြစ်စဉ်ကို အတိုချုံးပြောပြလိုက်တယ်.. ပြောလည်းပြီးရော.. အကုန်လုံး ခုတင်ပေါ်စုပြုံတက်ပြီး ဦးအောင်ဇေယျသွေး ပါသူများပီပီ…. နွေခေါင်ခေါင်မှာ စောင်တွေခေါင်းမြီးခြုံပြီး .. တုတ်တုတ်မှ မလှုပ်ကျတော့တာ..မနက်လင်းတဲ့အထိ…….

 

တတိယည….

ညမရောက်ခင် အားလုံးတိုင်ပင်ထားတယ်…. အဲ့ဒီငိုသံကို ကြားဖူးတဲ့သူလည်းရှိတယ်… ဒီနေ့မအိပ်ဘဲ စောင့်ကြည့်မယ်.. မီးအိမ်လေးတွေကိုလည်း အားအပြည့် သွင်းထားတယ်….အပျိုကြီးတွေ အစီအစဉ်နဲ့ ..အားလုံးခြောက်ယောက်… ညနေကတည်းက သွားရမယ့်လမ်းကအုတ်ခဲကျိုးတွေ သစ်သား အတိုအစတွေကိုလည်း ရှင်းထားပြီးသား…. ငိုသံကြားရတဲ့ ညာဘက်ခြမ်းက ဗာဒံပင်တွေရှိတယ်.. သစ်သားပုံတွေ..အုတ်ပုံတွေရှိတယ်… ကိုယ်တွေများ ယောင်လို့တောင် ခြေချဖူးတာမဟုတ်… မြွေကြောက်လို့.. အပေါ်ထပ်ကနေ လှမ်းကြည့်လို့သာ မြင်ရတာ….. ညမှာ အသံကြားခဲ့လို့ရှိရင်… အနောက်ဖက်ကနေ သုံးယောက်ပတ်သွားမယ်… အရှေ့ဘက် ကနေ သုံးယောက်… ငိုတဲ့သူက လူဖြစ်နေရင်တော့ ပြေးပေါက်မရှိ… အဲ.. သရဲဆိုရင်တော့.. မပြောတတ်… အပျိုကြီးတွေက တက်ကြွနေကြတယ်. သူတို့က ဆေးရုံမှာ တွေ့နေမြင်နေကြဆိုတော့..သိပ်လည်းကြောက်တာမဟုတ်…

“ နင်တို့တွေ ဘာဘဲမြင်ရမြင်ရ မအော်ပါဘူးဆိုတဲ့ ကတိငါ့ကိုပေးကြ“

“ ဟင် လန့်ပြီးအော်မိရင် ဘယ့်နှယ်လုပ်မတုန်း”

“ ဟဲ့ တခြားလူတွေပါ နိုးလာရင် အကုန်အိပ်ရေးပျက်ကုန်မယ်… အော်မယ့်သူ နေရစ်ခဲ့”

“ အီ.. အဲ့လိုလည်းမနေရဲဘူး”

“ မိဗုံ နင်က လူကအကောင်သာ ကြီးတာ အဖြစ်က ရှိတာမဟုတ်ဘူး.. နောက်ဆုံးကနေလိုက်ခဲ့“

“ ဟမ်..နောက်ဆုံးကနေ လိုက်ရဲဘူး.. အလယ်ကလိုက်မှာ…. နောက်ကနေ လှမ်းဆွဲလိုက်ရင်…အမလေး.. မတွေးရဲဘူး… ”

ဒီလိုနဲ့ တွန်းထိုးငြင်းခုံရင်း.. ငိုသံကိုစောင့်ရပါတယ်….၁၂ နာရီထိုးပြီ..မငိုသေး… ၁ နာရီလည်း မငိုသေး… သံပုရာသီး ဆားနဲ့တို့စားပြီး အသံမထွက်အောင် ခြောက်ယောက်စုပြီး စောင့်နေရတာ .. ပင်ပန်းလိုက်တာ ပြောမနေနဲ့…. ၃ နာရီထိုးဖို့ ၁၅မိနစ်.. ကြာတော့..သံပုရာသီးလည်း မကယ်နိုင်တော့ အိပ်ငိုက်ပြီ…

“ဟော….“ ကြားရပါပြီ… အသံကြား လိုက်ရတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကုပ်ကပ်ပြီးနားထောင်နေရတယ်.. အပျိုကြီးက ရန်သူ့စခန်း ၀င်စီးတော့မယ့်လေသံနဲ့… နှစ်ဖွဲ့ခွဲ တဲ့…. တစ်ဖွဲ့က အနောက်ဘက်က ..တစ်ဖွဲ့က အရှေ့ဘက်က …. တည်ဆောက်ထားပုံအရ.. အရှေ့ဘက်က အဖွဲ့က သွားလမ်း တိုတဲ့အတွက် အရင်ဆုံးရောက်မယ်… . လူဖြစ်ဖြစ်သရဲဖြစ်ဖြစ် သူတို့နဲ့အရင်တွေ့မှာ…   အဲ့တော့ သူတို့အဖွဲ့နဲ့ ငါမလိုက်ဘူး. .အနောက်ဖက်က အဖွဲ့နဲ့ဘဲလိုက်မှာ…. ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပြီး..မီးအိမ်ကိုယ်စီကိုင်လို့ ချီတက်ကြပါတော့တယ်…. မီးအိမ်တွေကိုတော့ မထွန်းသေးဘူး.. ထိပ်တိုက်တွေ့မှာ ဖွင့်မှာ…. အမှောင်ထဲ သွားရတာ.. အကောင်ကိုက်မှာလည်း ကြောက်ရသေး…. အနားနီးလာလေ ငိုသံကပိုကြားရလေလေ.. ထောင့်ချိုးလေးကို ကွေ့လိုက်တော့ တွေ့ရပါပြီ… ကိုယ်တို့ဘက်ကို ကျောပေးထားတာ.. ဆံပင်မည်းမည်းကြီးကို မြင်နေရတယ်… . ဟိုအဖွဲ့လည်းမရောက်သေး..ကြည့်ရတာ ရှေ့မတိုးရဲတာလားမသိ……ရဲရဲလည်းမကြည့်ရဲ အပျိုကြီးကို ကွယ်ပြီးကြည့်ရတာ…အဲ့အချိန်မှာဘဲ… “ ရွှီး” ဆိုတဲ့အသံကိုကြားလိုက်ရတယ်.. သူ့ဆီက.. ကိုယ်လည်းလန့်သွားတယ်…မြွေလား… အဲ့ဒါနက်တစ်ပြိုင်နက် အပျိုကြီးက မီးအိမ်ကို ဖွင့်လိုက်ပြီး သူ့ဆီ တည့်တည့်လျှောက်သွားတယ်.. ဟိုဘက်ကလည်း ဒီဘက်က မီးဖွင့်လိုက်တော့ လင်းထိန်သွားတယ်.. သူလည်းလန့်သွားပုံပေါ်ပါရဲ့.. ကိုယ်လည်းမျက်နှာမမြင်ရသေး… အပျိုကြီးက နာမည်ခေါ်လိုက်တယ်..“ ဟင် မိုးညှင်း“ မိုးညှင်းတဲ့ …. သူက အရင်မိဗုံတို့နဲ့ ကပ်ရက်အခန်းက… ကိုယ်တွေဆူလို့..စာကျက်လို့မရလို့ဆိုပြီး အနောက်ဘက်အစွန်ဆုံးကို ပြောင်းသွားတဲ့သူ…. ဒင်း.က ဘယ်လိုအောက်ထပ်ရောက်နေပါလိမ့်….. ..

“ မိမိုးညှင်း နင်က ဒါ ဘာဖြစ်တာတုန်း“

“ အီး…. ငါ့ဟာငါ… သွေးစုနာပေါက်လို့… ဘေးကလူတွေ နိုးမှာစိုးလို့.. အောက်ထပ်ဆင်းဆင်းငိုတာ… ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးမငိုရဘူး.. အီး.. ဟီး..ဟီး.. “

“ အမလေး.. ငိုချင်ရင်လည်း နေ့လည် နေ့ခင်း ငိုလေဟယ်.. ဘယ့်နှယ် ညကြီးသန်းခေါင် ထထ ငိုရတာတုန်း“

“ ဟဲ့… အိပ်နေတုန်း.. ဟိုဘက်လှည့်လိုက်တော့.. အနာကို ဖိမိပြီး ပေါက်သွားလို့ ..ငိုတာ..အီး..ဟီး..”

အပျိုကြီးက “ ဘယ်နှလုံးရှိပြီလဲ ပေါက်တာ…. “

“လေးလုံး.. အီး..”

“ အဲ့ဒါဆို သုံးလုံးကျန်သေးတယ်… ခုနှစ်လုံးပြည့်မှ ရပ်တာ…“

“ အီး..ဟီး.. စိတ်ညစ်လှပြီ… “

“မငိုနဲ့ လာခဲ့အနာညှစ်ရအောင်….“

“ အား..မညှစ်ဘူး… အဲ့လိုသိရင်ညှစ်မှာ စိုးလို့…. လူမသိအောင် နေပါတယ်ဆိုမှ.. စပ်စပ်စုစုလုပ်ကြတယ်.. အီး..ဟီး… “

“ မညှစ်လို့မရဘူး… နင်လည်း အိပ်ရေးပျက်တယ်.. ငါတို့လည်း နင့်ထထပြီး ချောင်းရတာ အိပ်ရေးပျက်တယ်.. အဲ့တော့ နောက်သုံးလုံးထပ်မထွက်အောင် တစ်ခါထဲညှစ်ပြီး အပျိုကြီးတွေက ဆေးထည့်ပေးလိုက်မယ်..လာခဲ့“ မိဗုံလည်းကိုယ့်အသားနာတာမဟုတ်လို့ ဘေးကနေ အားပေးအားမြှောက်လုပ်လိုက်တယ်…

အဲ့ဒါနဲ့ သူကို အတင်းဆွဲခေါ်လာပြီး သူနာပြုအပျိုကြီးနှစ်ယောက်ကို မီးအိမ်တွေဖွင့်ပြီး ပြပေးတဲ့သူကပေး မိမိုးညှင်း ကိုချုပ်တဲ့သူကချုပ်လို့ သွေးစုနာ အော်ပရေးရှင်း စလုပ်ကြပါတော့တယ်…… အနာညှစ်နေရင်း ခုနက ကိုယ်ကြားမိတဲ့ ရွှီး ဆိုတဲ့အသံကြီးကို သတိရသွားတယ်….

“မိုးညှင်းခုနတုန်းက ရွှီး ဆိုတဲ့ အသံကြီးကြားလိုက်ရတယ်… နင်ကြားလိုက်လား….“

“ကြားလိုက်ရယုံတင်မကဘူးဟေ့.. အဲ့ဒါ ငါနှပ်ချီးညှစ်တာ…. ရှင်းပြီလား..ရှင်းပြီလား..”

 

ဂလိုနဲ့ဘဲ မိုးညှင်းသရဲဖမ်းပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါတော့တယ်……………..     :mrgreen:

 

 

About ဗုံဗုံ

ဗုံ ဗုံ has written 11 post in this Website..