နေရာများ-သော်ဇင်(လွိုင်ကော်)

နေရာပေါင်းများစွာ ထိုင်ခဲ့ဖူးပါသည်။ နေရာပေါင်းများစွာလည်း ရွှေ့ခဲ့ဖူးပါသည်။ တစ်ခါတစ်ရံ ထိုနေရာများကိုလည်း တမ်းတမ်းတတ လွမ်းဆွတ်ခဲ့ဖူးပါသည်။ ထိုကဲ့သို့ လွမ်းဆွတ်သတိရမိလေတိုင်း ထိုင်ခဲ့ဖူးသော နေရာလေးများ၏ အငွေ့အသက်သည် ချက်ချင်း ပြန်လည် အသက်ဝင်လာသည်ဟု ထင်မှတ်မှားသည့်အချိန်တွေလည်း ရှိနေပါသည်။ ထိုသည်က အိပ်မက်သာသာ ဖြစ်နေခြင်းကိုမူ ကျွန်တော်မေ့လျော့နေခဲ့မိပါ၏။

*****

အရှေ့သို့ခြေတစ်လှမ်းချင်းဆီလှမ်းပြီးတိုင်း အနောက်သို့လှည့်ကြည့်မိတတ်သည့်အကျင့်သည် ငယ်ငယ်ကတည်းက ကျွန်တော့်ထံတွင် အကျင့်ပါခဲ့ဟန်တူပါသည်။ ငယ်ရွယ်စဉ် မူလတန်းကျောင်းသားဘ၀မှစ၍ အထက်တန်းအောင် တက္ကသိုလ်တက်သည်အထိ ရှေ့ဆုံးတန်းစာသင်ခုံတွင်ထိုင်ပြီး နောက်သို့လှည့်ကြည့်ရြုခင်းကိုလည်း ကျွန်တော် ၀ါသနာထုံခဲ့၏။ အရှေ့တန်းမှ မြင်ရသော နောက်တန်းထိုင် ကျောင်းနေဖက်သူငယ်ချင်းများ၏ မျက်နာအားလုံးကို မြင်ရခြင်းကြောင့်လော၊ သို့မဟုတ်၊ ကျွန်တော်ကိုယ်တိုင် ရှေ့ဆုံးတန်းတွင် ထိုင်ရခြင်းကို ဂုဏ်ယူမိ၍လော ဟူသည်ကို မသိခဲ့ပေ။ ထိုစဉ်ကတည်းက ရှေ့ဆုံးဟူသော ခုံတစ်လုံး၏ နေရာတွင် ထိုင်ရခြင်းကို ကျေနပ်နေခဲ့ခြင်းသည် ကျွန်တော့်စိတ်တွင် ကိန်းအောင်းလာခဲ့သည်။ ရှေ့ဆုံးထိုင်ခုံကနေ ဖယ်ရှားခံရမည်ကိုလည်း စိုးရိမ်ခဲ့သည်။ ကျွန်တော် အဌမတန်းစာသင်နှစ်တက်ရောက်ခဲ့စဉ်က ဖြစ်ခဲ့ဖူးသည် အဖြစ်အပျက်တစ်ခုကိုလည်း ခုချိန်အမှတ်ရလိုက်မိသည်။ ထိုနှစ်တုန်းက ကျောင်းခန်းထဲတွင် လပတ်စာမေးပွဲတွင် အမှတ်အများဆုံးရသူများကို ပညာအရည်အချင်း အဆင့်များသတ်မှတ်ပေးပြီး အဆင့်(၁)မှစကာ ရှေ့ဆုံးမှနေရာချ ထိုင်ခိုင်းသည့် စနစ်တစ်ခုကို အတန်းပိုင်ဆရာမက ကျင့်သုံးလိုက်သည်။ သည်တွင် ကျွန်တော်သည် အဆင့် ၁၀ ကျော်သွားသဖြင့် ရှေ့ဆုံးတန်းတွင် မထိုင်ရတော့ပဲ ဒုတိယမြောက်အတန်းရှိ စာသင်ခုံတွင် ထိုင်ခဲ့ရသည်။ ထိုတုန်းက နေ့တိုင်း ရှေ့ဆုံးပထမတန်းရှိ ကျွန်တော်ထိုင်ခဲ့သည် နေရာလေးကိုကြည့်ပြီး တိတ်တဆိတ် သိမ်ငယ်နေခဲ့ရသည်။ ကျွန်တော့် နေရာဟု ကျောင်းစစဖွင့်ချင်းကတည်းက ဦးထားခဲ့ပါသောနေရာလေးတွင် အဆင့် (၁)ရသော ကျောင်းသားတစ်ယောက် ၀င်ရောက်ထိုင်နေခြင်းကို မကျေမနပ်နှင့် စိတ်ဆင်းရဲခဲ့ရသည်။

ထိုစဉ်ကတည်း ကျွန်တော် စိတ်ထဲတွင် နောက်နောင် ကျွန်တော်ရရှိသည့် နေရာများကို ကျွန်တော်၏ ညံ့ဖျင်းမှုကြောင့် တစ်ပါးသူအား ဖယ်မပေးစေရဟု သိန္ဒဌာန်ချခဲ့သည်။ သို့နှင့် ကျွန်တော်သည် နေရာပေါင်းမြောက်များစွာကို ကျွန်တော်ကိုယ်တိုင် အပတ်တကုတ်ကြိုးစားရယူကာ ထိုနေရာမှ တစ်ဖ၀ါးမှ မရွှေ့ဘဲ ဒါ ငါ့နေရာဟုသော အစွဲဖြစ် အတ္တတစ်ခုကို ဖက်တွယ်လာခဲ့သည်။ ကျွန်တော် ကျင်လည်ခဲ့ရာ လုပ်ငန်းခွင်များ၊ အပေါင်းအသင်းမိတ်ဆွေကြားထဲတွင် ကျွန်တော်မရှိလျှင်မဖြစ်သည့် အနေအထားများ၊ မိသားစုအတွင်းရှိ ကျွန်တော့်၏ အရေးပါအရာရောက်သော ကဏ္ဍများ စသဖြင့် နေရာများစွာကို တိတ်တိတ်လေးကြိုးစားရယူလျှက် ပီတိဖြစ်နေခဲ့သည်။ ထိုတုန်းက နေရာတစ်ခု၏ တည်မြဲခြင်းသည် ကျွန်တော့်အတွက် ကျေနပ်ရောင့်ရဲနိုင်သည့် စိတ်ခွန်အားကို ပေးစွမ်းနိုင်ခဲ့သည်။

“ကျွန်တော်မရှိလျှင် မဖြစ် “ ဆိုသည့်အစွဲသည် ကျွန်တော့်အတွက် လက်သုံးစကားဖြစ်လာခဲ့ခြင်းသည် ထိုအချိန်တုန်းက အံ့သြဖို့မကောင်းပါချေ။

(၂)

တစ်ဦးတစ်ယောက်တည်းနေထိုင်၍မရသော လောကကြီးအတွင်း လူတစ်ဦးတစ်ယောက်ချင်းဆီ၏ အရည်အချင်း၊ အရည်အသွေးများသည် နေရာ၊ဒေသ၊ နယ်ပယ်အသီးသီးတွင် အရေးပါနေတတ်သည်။ တစ်ယောက်မစွမ်းသာသည့် ကိစ္စများစွာကို လက်ပေါင်းများစွာခြံရံလျှက် ပြီးမြှောက်အောင်စွမ်းဆောင်နိုင်ကြသည်။ ထိုသည်ကို ကျွန်တော့်က မေ့လျော့လျှက် ကျွန်တော်သာလျှင် လုပ်ဆောင်နိုင်သည့်ကိစ္စအ၀၀ကို တစ်ပါးသူလုပ်တတ်လိမ့်မည်ဟု မထင်ခဲ့ချေ။ ပြီးတော့ မယုံကြည်ချေ။ ယုတ်စွအဆုံး ကျွန်တော်လုပ်နေကျအလုပ်တစ်ခုကို တစ်ပါးသူအား မခိုင်းရဲချေ။ ကျွန်တော်ကိုယ်တိုင်လုပ်လိုက်ရမှ ထိုအလုပ်တစ်ခုသည် ပြီးမြှောက်သေသပ်သည်ဟု ထင်သည်။ သို့နှင့် ကျွန်တော်သည် ကျွန်တော်ထိုင်နေသော နေရာအတွက် ကျွန်တော်သာလျှင် အကောင်းဆုံးလုပ်တတ်သူဟု အထင်ရောက်လာသည်။ ကျွန်တော်မှတစ်ပါး အခြားသောသူသည် ကျွန်တော့်နေရာအား အကောင်းဆုံးပြင်ဆင်ပေးနိုင်လိမ့်မည်မဟုတ်ဟူသော အချက်သည် ကျွန်တော့်စိတ်ဝယ် ပိုမိုခိုင်မာလာခဲ့သည်။ သို့နှင့် အလုပ်တစ်ခုပြီးတစ်ခု ပြောင်းရွှေ့ခဲ့ရသည့်အချိန်တိုင်းတွင် ကျွန်တော်မရှိတော့သည်နောက် ကျွန်တော့်နေရာတွင် အစားထိုးဝင်ရောက်ထိုင်လာမည့်သူအတွက် ကျွန်တော် စိုးရိမ်ခဲ့ရသည်။ ငါ့လောက်မှ ကောင်းအောင် လုပ်နိုင်ကြပါမလား ဆိုသည့်စိတ်က ကျွန်တော့်ကို နှိပ်စက်လာသည့်အခါ ကျွန်တော်သည် အရှေ့ကိုသွားနေပါလျှက် ဘာကြောင့် နောက်ပြန်လှည့်ကြည့်နေရသလဲဆိုသည့် မေးခွန်းတွေကို အဖြေထုတ်လာခဲ့ရသည်။

ကျွန်တော်စွမ်းဆောင်ထားခဲ့သော နေရာတစ်ခု၏ အောင်မြင်မှုများ၊ ပန်းတိုင်စိုက်ထူခဲ့မူများကို တစ်ပါးသူက ဆက်လက် ထိန်းသိမ်းပေးနိုင်ပါ့မလားဆိုသည့် စိုးရိမ်စိတ်ကြောင်းလော။ ကျွန်တော်ချန်ရစ်ခဲ့သောနေရာတစ်ခုကို တစ်ပါးသူက အစွန်းအထင်းအညစ်အကြေးများ ပေကျံစေလိမ့်မည်ဟု စိုးရိမ်းမိ၍လော။ ထိုထိုသော မေးခွန်းများ တွေးမိချိန်တွင် ကျွန်တော့်ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းကြည့်ရန်မလိုပဲ ကျွန်တော်သတိမထားမိသော ပြောင်းလဲမှုများ ကျွန်တော့်ဝန်းကျင်တွေ နေ့စဉ်ဖြစ်ပျက်လျှက်ရှိနေသည်။ လူတစ်ယောက်သည် ၄င်းရရှိထားသော နေရာတစ်ခု၏ အောင်မြင်မှုကို မိမိအရည်အချင်းရှိသလောက်၊ မိမိကြိုးစားမှုရှိသလောက်သာ ရယူပိုင်ဆိုင်ခွင့်ရှိနေသည်။ အသက်အရွယ်ကာလအပိုင်းအခြားအလိုက် နယ်ပယ်အသီးသီးတွင် အောင်မြင်မှုသရဖူကို ကြာရှည်စွာ မည်သူမျှ မဆောင်းခဲ့ရချေ။ မိမိထက်တော်သော၊ မိမိထက်အရည်အချင်းရှိသော၊ မိမိထက်ကြိုးစားသော သူများရောက်ရှိလာချိန်တွင် မိမိသည် ထိုနေရာမှ မည်သူမျှမဖယ်ရှားပါပဲ အလိုလို ဖယ်ရှားပေးခဲ့ရသည့် ဥပမာများစွာကိုတွေ့လာရသည်။ ကျွန်တော်က ကျွန်တော်သည်သာ အတော်ဆုံး၊ အတတ်ဆုံး၊ အသိဆုံး ဆိုသည့်စိတ်ဖြင့် ကျန်လူများကို အရည်အချင်းမရှိသူများဟု သတ်မှတ်ကာ ကျွန်တော့်ချန်ခဲ့သည့်နေရာများအတွက် စိုးရိမ်ပူပန်ခဲ့ခြင်းသည် ရှက်ဖွယ်လိလိဖြစ်နေခဲ့သည်။

တစ်ချိန်က ဟစ်တလာသည် လျှမ်းလျှမ်းတောက် သြဇာအာဏာ ကျော်ဇောခဲ့ပါ၏။ တစ်ချိန်က နပိုလီယံသည် ဘုန်းမီးနေလတောက်ခဲ့ဖူးပါ၏။ သို့သော် ၄င်းတို့သည် ၄င်းတို့၏ အောင်မြင်မှုသရဖူများကို ကြာကြာမဆောင်းနိုင်ခဲ့ချေ။ ၄င်းတို့၏ နေရာများကို ကြာကြာ မဦးထားနိုင်ခဲ့ချေ။ ၄င်းတို့၏ ကြီးကျယ်မြင့်မြတ်သော အဆောင်အယောင်များသည် ပကတိရှိခဲ့၊ စံခဲ့ပါသည်ဟုသော သက်သေ အထောက်အထားများအဖြစ် သမိုင်းကိုသာ ကျွန်တော်တို့ လေ့လာနိုင်တော့သည်။ သည်တွင် ဂျူးလူမျိုး ခြောက်သန်းကျော် သတ်ဖြတ်ခဲ့သော ဟစ်တလာ၏ အကြောင်းသည် ကောင်းသော ဂုဏ်လောဟု မည်သူ့ကိုမျှမေးစရာမလိုပါချေ။

ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် ကျွန်တော်သည် ကျွန်တော်ချန်ရစ်ခဲ့သော ၀န်းကျင်နယ်ပယ်တွင် ကောင်းသတင်းတွေချန်ခဲ့ပါ၏လော၊ မကောင်းသတင်းတွေချန်ခဲ့ပါ၏လော ဟု အလန့်တကြားတွေးလိုက်မိသည်။

(၃)

ကျွန်တော်က တစ်ပါးသူအတွက် နေရာတစ်နေရာပိုဦးပေးတတ်လာသည်နောက်ပိုင်း ပိုမိုပူလောင်လာလေ့ရှိသည်။ အများသူငါသွားရောက်နိုင်သော ပျော်ပွဲရွှင်ပွဲများတွင် ကျွန်တော့်အသိမိတ်ဆွေအတွက် နေရာတစ်နေရာ ရလိုမှု၊ ကျွန်တော့်အတွက် နေရာရလိုမှုတွေကို ဦးစားပေးဖြစ်လာခဲ့သည်။ လက်ရှိ ကျွန်တော်ပြောင်းရွှေ့ အလုပ်လုပ်တော့မည် ဆိုလျှင်တောင် ကျွန်တော်မရှိတော့သည့်နောက် လစ်လပ်သွားမည့်အလုပ်နေရာတစ်နေရာအတွက် ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကို ရစေချင်သည့်စိတ်သည် အတ္တကြီးသည်ဟု ဆို၍ပါသည်။ ကျွန်တော့်နီးတူ နေရာရစေလိုသည့် ဆန္ဒတွေကြီးကဲရသဖြင့် စိတ်သည် ပင်ပန်းသည်။ ကျွန်တော်ကြိုးစားရယူဦးထားပေးသည့် နေရာနှင့် အသိမိတ်တွေ၏ အရည်အချင်း သင့်တော်၏ မသင့်တော်၏ ကျွန်တော်မစဉ်းစား။ ကျွန်တော့်သူငယ်ချင်း ၄င်းနေရာကိုရလျှင် ပြီးရောဆိုသည့် စိတ်သည်သာရှိနေသည်။ ထိုကြောင့်လည်း ကျွန်တော် ချန်ခဲ့သည့် နေရာများ အတွက် အလုပ်သွင်းပေးခဲ့ရသော သူငယ်ချင်းများ၏ ညည်းညူသံကို ကျွန်တော်ပြန်ကြားရသည်။

၎င်းတို့မကျွမ်းကျင်သော အလုပ်ဖြစ်နေခြင်း၊ ၄င်းတို့အရည်အချင်းနှင့် မသင့်လျှော်သော နေရာဖြစ်နေခြင်းများကြောင့် ထိုနေရာများတွင် ကျွန်တော့်မိတ်ဆွေများ ကြာကြာမနေနိုင်ချေ။ အကယ်၍ ပေကပ်ပြီး ထိုနေရာတွင် ထိုင်နေပါက ၄င်းတို့မလုပ်နိုင်သော အလုပ်များ၏ ပြဿနာများ ကြီးထွားလာတိုင်း ကျွန်တော် ပေးခဲ့သော နေရာဖြစ်သဖြင့် ကျွန်တော့်အပေါ်တွင်သာ လက်ညှိုးများ ကွယ်ရာတွင် ထိုးနေကြမည်ဖြစ်သည်။

ထို့ကြောင့် ကျွန်တော် ခုနောက်ပိုင်း နေရာတော်တော်များများကို ချန်ရစ်ခဲ့ချိန်များတွင် မည်သူ့ကိုမျှ အစားထိုးခြင်းမပြုချင်တော့။ ထိုနေရာလေးများတွင် သင့်တော်မည့်သူတစ်ဦးဦးကို တစ်ချိန်ချိန်တွင် အစားထိုးနိုင်လိမ့်မည်ဟု ကျွန်တော် ယုံကြည်လာသည်။ အမှန်တကယ် အရည်အချင်းရှိသော သူမှန်ပါလျှင် လစ်လပ်နေရာအတွက် အများ၏ သဘောတူညီချက်ဖြင့် ၀င်ရောက်နိုင်မည်ဟု ယုံကြည်လာသည်။

ကျွန်တော် ချန်ခဲ့သည့်နေရာတွင် မည်သူထိုင်မည်နည်း။ မည်သူရောက်လာမည်နည်း ဆိုခြင်းကို ခုနောက်ပိုင်း စိတ်မ၀င်စားချင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်ထိုင်ခဲ့စဉ်က ထိုနေရာလေး၏ အဆင်ပြေချောမွေ့မှုများကို ကျွန်တော့် ပြောင်းရွေ့ခဲ့ရချိန်တွင် ကျွန်တော်နှင့်အတူ တစ်ပါးတည်း ယူဆောင်လာခဲ့ပြီးနောက် နောက်ထပ်ရောက်ရှိလာသော တစ်စုံတစ်ဦးသည် ၄င်း၏ အရည်အချင်းများဖြင့်သာ ထိုနေရာကိုအလှဆင်နိုင်မည်ဟု ထင်သောကြောင့်ဖြစ်သည်။ ကျွန်တော်မရှိလျှင် မဖြစ်ဟုသော စကားသည် နေရာ တိုင်းနှင့် မသက်ဆိုင်ပေ။

***********

လောက၏ ကြီးကျယ်မြင့်မြတ်သောနေရာများ၊ အရေးကြီးသော နေရာများ၊ ရုပ်ရှင်၊ ဂီတ၊ စာပေရေးရာ နယ်ပယ်များ စသဖြင့်နေရာအသီးသီးတွင် ရှေ့လူထက် နောက်လူက အရည်အချင်းရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ နေတတ် ထိုင်တတ် မည်ဆိုပါလျှင်၊ မိမိတို့ထိုင်ခဲ့ဖူးသော နေရာလေးများကို လက်ဆင့်ကမ်း နေရာပေးနိုင်မည် ဆိုပါလျှင် အသစ်သည် အဟောင်းကိုတော့ မမီဆိုသည့် စကားစုလေး တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည် ထင်မိသေးပါသည်။

 

 

သော်ဇင်(လွိုင်ကော်)

အောက်ပါ Link တွင်လည်း သွားရောက်ဖတ်ရှုနိုင်ပါသည်…..***

 

 

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 191 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား