” ကျေးဇူးပါ ဂဇက်ကြီးရေ “

 

ပြီးခဲ့တဲ့ရုံးပိတ်ရက် တနင်္ဂနွေနေ့က အပျော်တန်းဓာတ်ပုံရိုက်ဝါသနာထုံသူ သူငယ်ချင်းတစ်ယောက် ရန်ကုန် ကနေ မန်းလာလည်မယ်ဆိုသောကြောင့် မနက်အဝေးပြေးဂိတ်မှာ သွားကြိုခဲ့ရတယ်လေ။

သူငယ်ချင်းနှစ်ယောက် လူချင်းမတွေ့ဖြစ်တာ ဆယ်စုနှစ်လောက်ဆိုတော့ သူစီးလာတဲ့အဝေးပြေးကားပေါ် ကနေဆင်းလာလို့ သူငယ်ချင်းနှစ်ယောက်စုံလိုက်တာနဲ့ ပြောစရာစကားတွေ တစ်ပုံတပင်စကားတွေ ထွက်လာ လိုက်ပြီး မနက်စာကို မန်းမြို့တော်ပေါက်စီဆိုင်မှာ ၀င်စားရင်းရှေ့ဟောင်းနှောင်းဖြစ်ပြောကြကာ အခုလာတာ ဘာကိစ္စလဲ ဘယ်သွားလည်ချင်တာလဲဆိုတော့ စစ်ကိုင်း၊ မင်းကွန်းနဲ့ ဦးပိန်ဘက်ကိုမို့ သိလိုက်ပါပြီ ကင်မရာ တကားကားနဲ့ ထင်ရာရိုက်တော့မယ်ပေါ့လေ။

ဒါနဲ့ဘဲ မန်းရောက်ရင်တော့ ဘုရားကြီးအရင်ဦးတိုက်လိုက်ကွာဆိုပြီး ဘုရားကြီးလိုက်ပို့ အဲဒီကအထွက် စစ်ကိုင်းဘက်ခြေဦးလှည့်ကြပြီး စစ်ကိုင်းတောင်ရိုးက ဆွမ်းဦးပုံညရှင်စေတီကို တက်လှမ်းကာရောက်ခဲ့ ကြတယ်ပေါ့။ ဆွမ်းဦးပုံညရှင်ဘုရားကို သူငယ်ချင်းနှစ်ယောက် ဆွမ်းတော်ကပ် ဘုရားဝတ်ပြုပြီး သူက အနီး အနား အလှတရားရှုခင်းတွေကို သူကင်မရာကြီးထုတ်ပြီး ထိုင်ကာတစ်မျိုး ထလျှက်တစ်သွယ် ဓာတ်ပုံ ရိုက်နေ လို့ သူ့စောင့်ရင်း ဘုရားရင်ပြင်ကိုတစ်ပတ်ပတ်လိုက်အုံးမယ်ဆိုပြီး လမ်းလေးလျှောက်လာလိုက်တာ ရင်ပြင် တော်ရဲ့ အနောက်တောင်အရပ်က ပန်းချီကားတွေရောင်းတဲ့ဆိုင်မှာ ရှုခင်းပန်းချီတစ်ခုကို ရေးဆွဲနေတာ တွေ့ သမို့ မလှမ်းမကမ်းကနေ ခင်ခ ရပ်ကြည့်နေမိလိုက်တယ်။

တော်တော်လေးကြာသွားတော့ ထိုပန်းချီဆရာ သူဆွဲတဲ့ပန်းချီကားတစ်ချပ်ပြီးသွားပြီမို့ သူ့လက်ရာကို ဟိုဘက် ဒီဘက်စောင်းလိုက် အတည့်ထားလိုက်ကြည့်ပြီးသကာလှ ပန်းချီနောက်ခံကဒ်ထူဘောင်ပြားပေါ်မှာ ခုနရေးဆွဲ ခဲ့တဲ့ပန်းချီကားကို သေချာကျနစွာနေရာချကပ်လိုက်ပြီး ပန်းချီကားတွေပြသတဲ့ စင်လေးရဲ့တစ်နေရာမှာ တင် လိုက်ပြီး သူ့ပန်းချီကားကို ခပ်လှမ်းလှမ်းကနေ ပြန်လာကြည့်တော့ ခင်ခ နားရောက်လာခဲ့တယ်လေ ဒါနဲ့ဘဲ

“ဗျို့ ပန်းချီဆရာနောင်ကြီးလက်ရာက ဓာတ်ပုံအတိုင်းဘဲဗျာကောင်းလိုက်တာ အခုနောင်ကြီးဆွဲတဲ့ ပန်းချီ ကားက အော်ဒါပြုထားတာလား အသေအချာ အနီးအဝေးကြည့် ကဒ်ထူဘောင်နဲ့ကပ်ဆိုတော့”

“အခုဆွဲလိုက်တဲ့ ပန်းချီကားလား အော်ဒါမှာထားတာမရှိသေးပါဘူးဗျာ”

“ဟင် ဒါဆို ပန်းချီဆေးဖိုးလည်း အကုန်ခံ ဘောင်ကဒ်ထုဖိုးလည်းစိုက်ထားနဲ့ ဖြစ်မနေဘူးလားဗျ”

“အဲလိုတွက်ရင်တော့ ဟုတ်တာပေါ့ဗျာ ဒါပေမယ့် ဒီလိုရှိတယ်ဗျ ကျွန်တော်က ပန်းချီအနုပညာကို ၀ါသနာထုံတဲ့ သူဆိုတော့ စိတ်ထဲခံစားမှုဖြစ်လာပြီး ပန်းချီဆွဲချင်တဲ့စိတ်ဖြစ်လာရင် အခုလိုဘဲပန်းချီကားတွေကို ဆွဲချနေ မိတာဘဲ အဲလိုပန်းချီဆွဲနေတဲ့အချိန်ကာလအတွင်းမှာ ကျွန်တော်စိတ်က အဲဒီရေးဆွဲတဲ့ပန်းချီကားပေါ်မှာဘဲ နစ်ဝင်နေပြီး ဆွဲပြီးသွားတဲ့အခါမှာလည်း ကိုယ့်အတွေး ကိုယ့်လက်နဲ့ကိုယ်တိုင်ဆွဲခဲ့တဲ့ပန်းချီမို့ ကိုယ်တန်းဖိုး ထားမိတဲ့ ပန်းချီကားပေါ်မှာမြတ်နိုးမိတဲ့စိတ်ကြောင့် ကိုယ့်ရေးဆွဲတဲ့ပန်းချီကားကို ကိုယ်တိုင်မှ တန်ဖိုးမထား တတ်ဘူး ပြန်မခံစားတတ်ဘူး ဆိုရင် ကိုယ်မဟုတ်တဲ့အခြားသူက တန်ဖိုးထားတတ်ဖို့ ခံစားတတ်ဖို့ဆိုတာ ပိုဝေးသွားမှာပေါ့ဗျာ ပန်းချီကားတစ်ချပ်တစ်ပုံဖြစ်ဖို့က အချိန်တွေ အတွေးတွေ ခံစားချက်တွေ ပေးခဲ့ရတာလေ အဲဒါကြောင့် ကိုယ်ရေးဆွဲတဲ့ပန်းချီကားတိုင်းကို ကိုယ်တန်ဖိုးထားကာ အခုလိုသေချာသပ်ယပ်လေးလုပ်ထား လိုက်တော့ ကိုယ့်ပန်းချီအနုပညာကို ကြည့်ပြီးပိတိဖြစ်သလို အခုလိုလာကြည့်တဲ့ နောင်ကြီးတို့လည်း သပ်သပ် ယပ်ယပ်လေးကြည့်ခွင့်ရလို့ ပန်းချီတွေအပေါ် အေးစေခံစားလို့ရတာပေါ့ဗျာ အဲဒီလိုခံစားရင်းက သဘောကျ မိသွားကြတော့လည်း ကိုယ့်ပန်းချီကားလေး ရောင်းရတာပေါ့လေ၊ ပြီးတော့ ကိုယ့်ပန်းချီအနုပညာကို ၀ါသနာ ပါလို့ ကိုယ့်ခံစားချက်ကိုပုံဖော်တာမို့ ကိုယ့်ရေးဆွဲတဲ့ပန်းချီကားကို ခံစားမှုတိုက်ဆိုင်တဲ့သူက အဲဒီပန်းချီကို ၀ယ်ချင်ဝယ်မယ်ပေါ့ဗျာ မ၀ယ်ဘဲကြည့်ရုံဘဲကြည့်သူလည်းရှိချင်ရှိမှာပေါ့ဗျာ တစ်ယောက်မှအဲဒီပန်းချီကားကို ကြည်သူမရှိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ ဒါပေမယ့် ကိုယ့်ပန်းချီအနုပညာကို ဆွဲခွင့် ပြခွင့် ရနေတာကိုဘဲ ကျေနပ်နေမိပါတယ်လေ”

“နောင်ကြီးပြောတဲ့ စကားတွေထဲမှာ ကျုပ်အတွက်တော့ အနှစ်သာရလေးတွေရခဲ့လို့ ကျေးဇူးပါဗျာ၊ ရှေ့ခရီးလေးဆက်ရအုံးမှာမို့ ခုနနောင်ကြီးဆွဲတဲ့ပန်းချီကား ဘယ်လောက်လဲဗျ ရန်ကုန်ကသူငယ်ချင်းကို အမှတ်တရလက်ဆောင်အဖြစ်ပေးချင်လို့”

ဆိုပြီး သူ့ထံမှ အဲဒီပန်းချီကားလေးဝယ်ကာ သူငယ်ချင်းကိုပေးရင်း ခရီးဆက်ဖို့အတွက် ဆွမ်းဦးပုံညရှင် စေတီကနေ ခရီးဆက်လို့ တောင်အောက်ကိုဆင်းရင် ပန်းချီဆရာ ပြောတဲ့ထဲက ကိုယ်တိုင်မှ တန်ဖိုး မထားတတ်ဘူး ပြန်မခံစားတတ်ဘူး ဆိုရင် ကိုယ်မဟုတ်တဲ့ အခြားသူက တန်ဖိုးထားတတ်ဖို့ ခံစား တတ်ဖို့ဆိုတာ ပိုဝေးသွားမှာပေါ့ဗျာ ဆိုတဲ့စကားရပ်ကလေးကို အထပ်ထပ်ကြား နေမိသလိုပါဘဲလေ။

ကျွန်တော်တို့တွေလည်း ကိုယ်ရေးသီတဲ့ စာပေကို ကိုယ်တိုင်တန်းဖိုးထားတတ်ဖို့လိုတာပေါ့ဗျာ အဲဒီလို ကိုယ်တိုင်တန်ဖိုးထားတတ်ဖို့အတွက်လည်း တန်ဖိုးရှိတဲ့ အကျိုးဖြစ်မဲ့ စာပေလေးတွေ အသိတရားရစေမဲ့ စာပေလေးတွေကို ရေးဖြစ်ကြမယ်ဆိုရင် အဲဒီစာပေတွေကို ကိုယ်တိုင်လည်းတန်ဖိုးထားသလို စာဖတ်သူ ပရိတ်သပ်ကြီးလည်း တန်ဖိုးထားတတ်ကြမှာပေါ့လေ။

ပြီးတော့သူပြောခဲ့သလို ကိုယ့်ပန်းချီအနုပညာကို ၀ါသနာပါလို့ ကိုယ့်ခံစားချက်ကိုပုံဖော်တာမို့ ကိုယ့်ရေးဆွဲတဲ့ ပန်းချီကားကို ခံစားမှုတိုက်ဆိုင်တဲ့သူက အဲဒီပန်းချီကို ၀ယ်ချင်ဝယ်မယ်ပေါ့ဗျာ မ၀ယ်ဘဲကြည့်ရုံဘဲကြည့်သူ လည်း ရှိချင်ရှိမှာပေါ့ဗျာ တစ်ယောက်မှအဲဒီပန်းချီကားကို ကြည့်သူမရှိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ ဒါပေမယ့် ကိုယ့်ပန်းချီအနုပညာကို ဆွဲခွင့် ပြခွင့် ရနေတာကိုဘဲ ကျေနပ်နေမိပါတယ်လေ ဆိုသလို ခင်ခ ရေးတဲ့စာပေကို ဖတ်တဲ့သူရှိချင်လည်းရှိမယ် မန့်တဲ့သူရှိချင်လည်းရှိမယ် မန့်တဲ့သူတစ်ယောက်မှ မရှိချင်လည်း ဖြစ်ချင်ဖြစ် ပေမယ့် ခင်ခ စာရေးချင်စိတ်ဖြစ်တဲ့အချိန် ဒီဂဇက်ကြီးမှာ ရေးပြခွင့်ရနေတာကိုဘဲ ကျေနပ်နေမိပါတယ်လို့။

” ကျေးဇူးပါ ဂဇက်ကြီးရေ ”

 

 

ခင်ခ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..