-`ဆရာမရေ၊ဒီဂျာနယ်ထဲကြည့်စမ်းပါအုံး၊ကျူးကျော်တဲတွေကို လူအင်အားသုံးဖျက်တယ်တဲ့။ကျူးကျော်တဲ့လူကလည်း ကျူးကျော်တယ်။ဖျက်တဲ့လူကလည်းဖျက်တယ်။ မဟာပထ၀ီမြေကြီး ကိုယ်ပိုင်တယ်လို့ ပြောရင် မြေကရယ်မယ်ဆိုတာ မကြားဖူးကြဘူးလားမသိ၊´

-`ဟုတ်ပါ့နော်၊ကျမတို့ငယ်ငယ်က ပွဲကြည့်ကြရင် လူ၎ယောက် စုစုလေးထိုင်ရတဲ့ ဖျာကို ဘေးဖျာကလူ မတိုးအောင် အသေအလဲကာကြ၊တိုးတဲ့လူကလည်း မသိမသာ ပေါင်ကားပြီးတိုး ဆိုတာတွေ သတိရမိသေးတော့၊ပွဲပြီးတော့လည်း ဘယ်သူနဲ့မှ မဆိုင်တော့ဘူး။
အဲဒါပြောတာပေါ့၊ဝေဘူဆရာတော်ကြီးအကြောင်းမှာ ထင်တယ် ဆရာတော်ကြီးကို လာဖူးတဲ့သူက တပည့်တော် နယ်ပိုင်ကြီးပါဘုရား ဆိုတော့ အင်း၊တကာကြီးတို့များ တော်ပါပေ့၊ဘုန်းကြီးတို့ကတော့ ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်သေးပါဘူး လို့ မိန့်တာလေးသတိရမိပါရဲ့၊ကဲ စကားလည်းကောင်းတယ်။ကားတွေပိတ်နေပြီ၊၄နာရီလည်းထိုးတော့မယ်။ခုကတည်းက တိုးထွက်ထားမှ အိမ်ကိုမမှောင်ခင်ပြန်ရောက်မယ်။သွားပြီနော်´

ပြောပြောဆိုဆိုနဲ့ ကားပိစိလေးကို တန်းစီတိုးနေတဲ့ ကားတန်းကြားထဲ တိုးဝင်ရင်း ဆိုင်ကထွက်ခဲ့ပါတယ်။ဆိုင်ကနေ ပေ၃၀၀ လောက်ပဲဝေးမယ့် ကံ့ကော်လမ်းမကြီးထိပ်ကို ရောက်ဖို့ တရွေ့ရွေ့နဲ့ ၁၅မိနစ်လောက် မောင်းယူရပါတယ်။လမ်းထိပ်ရောက်ခါနီးကျတော့ ဘယ်ဖက်ချိုးမယ့် ကုန်ကားကြီးရဲ့ဘေးမှာရပ် ညာဖက်ချိုးမယ့် ကုန်ကားကြီးနောက်က ကပ်ပြီး လမ်းမပေါ်တက်ခွင့်ရဖို့ စောင့်နေရပါတယ်။လမ်းမကြီးပေါ်က ကားတွေကလည်း မပြတ်တန်းသွားနေပါတယ်။၅မိနစ်လောက်နေတော့ ကိုယ့်ကားပိစိလေးရဲ့ညာဖက် ခါးလယ်လောက် ပွဲရုံတခုရဲ့ ရှေ့မြေကွက်လပ်မှာ တောင်းအေ့စ်ပစ်ကပ်တစီး လာကပ်ရပ်လိုက်တာ သတိထားမိလိုက်ပါတယ်။
လမ်းမကြီးပေါ်က ကားတချက်အပြတ်မှာ ကိုယ့်ရှေ့က ညာဖက်ချိုးမယ့်ကားကြီး ရွေ့သွားပါပြီ။
ကိုယ်ပါ တပါတည်းတိုးထွက်ဖို့ Neutral မှာထားထားတဲ့ ဂီယာကို ပြန်အရွှေ့မှာ တီကနဲ ကားဟွန်းတီးသံနဲ့အတူ ကိုယ့်ညာဖက်က တောင်းအေ့စ်က မရှိမဲ့ရှိမဲ့လမ်းကျန်ကနေ အတင်းကိုယ့်ရှေ့ကျော်မောင်းတက်လိုက်ပါတယ်။ရွေ့တော့မယ့်ကားကို ကမန်းကတန်း ဘရိတ်ပြန်အုပ်ရင်း ဒေါသနဲ့ လှည့်ကြည့်လိုက်မိတယ်။ ကိုယ်သာ လက်သွက်ခြေသွက်ဆိုရင် ဒီနေရာမှာ ငြိပြီးပြီ။ငါ့နောက်မှလည်းရောက်သေးတယ်။ငါ့နေရာကိုလည်း ဟွန်းတီးပြီးလုယူသွားသေးတယ်လို့ စိတ်ထဲ တနုံ့နုံ့။အဲဒီတုံးမှာပဲ မနက်က ကြိုက်လွန်းလို့ Share လိုက်မိတဲ့ ကိုကျော်သူ(wka) ရဲ့ ဓာတ်ပုံထဲက ပလပ်စတစ်အမှိုက်ပုံပေါ်မှာ ကိုယ့်ကိုယ်ကိုယ် မြင်လိုက်မိပါတော့တယ်။
အော်..အပြောလွယ်၊Share ဖို့လွယ် သလောက် အကျင့်ခက်ပါကလား………

Ko Kyaw Thu's dog

padonmar

About padonmar

has written 227 post in this Website..

THAKHIN CJ #12112010 (5/2/16)

   Send article as PDF