အလင်း ခြုံတဲ့ သတင်း Zone သို့တည်းမဟုတ်…

အောင်ဇေမီဒီယာကနေ အခုအပတ်တင်ပြပေးသွားမယ့် သတင်းတွေကတော့ …

 

  •  မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ လမ်းလွဲနေပြီး လမ်းမှန်ပေါ် ပြန်ရောက်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးက ပြောဆိုလိုက်တဲ့သတင်း…
  •  မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လုပ်အားခ ဈေးအသက်သာဆုံးနိုင်ငံ ဖြစ်နေတဲ့သတင်းကြေညာချက်
  • မြန်မာနိုင်ငံအတွင်းက အုပ်ချုပ်သူတွေအနေနဲ့ ဥပဒေပိုင်းဆိုင်ရာမှာ အလျှော့အတင်းလုပ်ကြတာတွေကို ပြုပြင်ဖို့အရေး တိုက်တွန်းချက်များ..
  • US ၊ မေရီလန်းပြည်နယ်၊ ဆီးလ်ဗားစပရင်းမှာ ရှိတဲ့ မြန်မာ/ချင်းတိုင်းရင်းသားတွေ ဝယ်ယူလိုက်တဲ့ ဘုရားကျောင်းကြီးရဲ့ သတင်း နဲ့…
  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမယ့် အစီအစဉ်များ…
  • သတင်းမီဒီယာအခန်းကဏ္ဍအရေး ကာကွယ်ရေးဝန်ကြီးဌာနကို ဝေဖန်ပြောဆိုလိုက်တဲ့ PEN Myanmar အဖွဲ့ရဲ့ ပြောဆိုမှုများ..
  • ကိုးကန့်ဒေသ ပဋိပက္ခတွေ ပိုပြီးကြီးမားလာတဲ့ အရေးနဲ့ ပတ်သက်ပြီး US အစိုးရရဲ့ ပြောဆိုမှုများ…
  • ကိုးကန့်တပ်ဖွဲ့ဘက်ကနေ တရုတ်ကြေးစား စစ်သားများ ပါဝင်တိုက်ခိုက်နေကြောင်း မြန်မာ အစိုးရ စစ်တပ်ဘက်က စွပ်စွဲပြောဆိုမှုများနဲ့ လောက်ကိုင်ဒေသ စစ်ရေးအခြေအနေများ…
  • US အပါအဝင် အနောက်တိုင်းနိုင်ငံတွေရဲ့ Shopping နေရာတွေကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်ထားတဲ့ IS တွေရဲ့ Video ဖိုင်နဲ့ ၊ US ဆိုင်ရာ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်များ…
  • ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းထဲ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးလိုက်တဲ့သတင်း…
  • ဆန္ဒပြအလုပ်သမားတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခဆိုင်ရာ သတင်းများ..
  • မိုးကုတ်မြို့လယ်ခေါင်မှာ ကျောက်မျက်ဈေး ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့အတွက် ကျောက်မျက်လုပ်ငန်းရှင်များအသင်းနဲ့ မြို့ခံတွေက ဆန္ဒပြကန့်ကွက်ကြတဲ့သတင်း၊
  • NLD ပါတီအဖွဲ့ချုပ် ရုံးသစ် အဆောက်အဦး ဆောက်လုပ်တဲ့ ပန္နက်တင် အခမ်းအနားဆိုင်ရာ သတင်း၊
  • မြန်မာနိုင်ငံရဲ့ အခြေခံ စာသင်ကျောင်းတွေမှာ စားသုံးရန်မသင့်တဲ့ ပြည်တွင်းထုတ် မုန့် ၁၂ မျိုးကို ရောင်းချနေတယ်ဆိုတဲ့ သတင်း
  • Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပို့ချနေတဲ့ အစီအစဉ်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ရတဲ့သတင်း
  • မြန်မာနိုင်ငံရဲ့ စာတိုက်လုပ်ငန်းအခြေအနေ နှစ်ဆလောက် ကျဆင်းသွားတဲ့သတင်း၊
  • အတွင်းဝန်များရုံးအတွင်း သမိုင်းဝင်ပါလီမန် အဆောက်အအုံကို အများပြည်သူများ လေ့လာခွင့်ရနိုင်တဲ့ နေရာတစ်ခုအဖြစ် စီစဉ်ဆောင်ရွက်တော့မယ်ဆိုတဲ့ သတင်းနဲ့…
  • မြန်မာနိုင်ငံတွင်းမှာ မြန်မာအမျိုးသမီးများ ပွဲတော်ကျင်းပမယ့် သတင်းအပါအဝင်…
  • US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာသတင်းများနဲ့ အခြား သိမှတ်ဖွယ်ရာ ထူးခြားသတင်းတွေကို စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဖေဖော်ဝါရီ ၂၆ ။
မြန်မာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် အမျိုးသမီးပွဲတော်ကို မတ် ၂ ရက်ကနေ ၈ ရက် အထိ ရန်ကုန်မှာ ကျင်းပမယ်လို့ သိရပါတယ်။

အမျိုးသမီးပွဲတော်ကို ရန်ကုန်မြို့ရှိ နေရာအနှံ့မှာ ကျင်းပမှာဖြစ်ပြီး အနုပညာပြပွဲများ ၊ ဂီတနဲ့ ရုပ်ရှင်ပွဲတော်များနဲ့ အလုပ်ရုံဆွေးနွေးပွဲများလည်း ပါဝင်မှာ ဖြစ်ကြောင်း ရန်ကုန်အမျိုးသမီးပွဲတော် ကျင်းပရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။
မြန်မာပြည်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပြီး ယနေ့ လူနေမှုဘ၀ပေါ်မှာရှိတဲ့ အမျိုးသမီးအနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ခံစားချက်အမြင်တွေ မျှဝေပေးဖို့လည်း ရည်ရွယ်ကြောင်း သိရပါတယ်။

အမျိုးသမီးပွဲတော်ဆိုတာကို မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်ကျင်းပတာ ဖြစ်ပြီး မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ မှာတော့ ပြည်လမ်းက French Institute မှာ ပိတ်ပွဲ ကျင်းပဖို့ အစီအစဉ်ရှိကြောင်း သတင်းရရှိပါတယ်။

3

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဖေဖောါဝါရီ ၂၆ ။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ လမ်းလွဲနေပြီး လမ်းမှန်ပေါ် ပြန်ရောက်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein က သတိပေး ပြောကြားလိုက်ပါတယ်။
လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေအပေါ် ကန့်သတ် ချုပ်ခြယ်နေတာတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေခြင်းများ.. တရုတ်-မြန်မာ နယ်စပ်မှာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲများ ဖြစ်နေခြင်းတို့ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးအစီအစဉ်ဟာ လမ်းလွဲတဲ့ဘက်ကို ဦးတည်နေကြောင်း OHCHR – ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောဆိုလိုက်တာပါ။
အဆိုပါ ပြောဆိုချက်တွေကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric ကလည်း ထည့်သွင်း ပြောဆိုသွားပါတယ်။
US နဲ့ ဥရောပ နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ လုပ်လာတဲ့အနေအထားကို တခြားနိုင်ငံတွေက နမူနာ ယူသင့်တယ်ဆိုပြီး တင်စား ပြောဆိုခဲ့ပေမယ့် မကြာခင်မှာပဲ တိုင်းပြည်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကြည့်ရတာဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပြီလို့ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောခဲ့ပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်ရေး ဥပဒေအရ ထုတ်ပေးထားတဲ့ တိုင်းရင်းသား လူနည်းစုတွေ ကိုင်ဆောင်ထားတဲ့ White Card တွေအားလုံး မတ်လကုန်ပိုင်းမှာ သက်တမ်း ကုန်ဆုံးတော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ကြေညာချက် ထုတ်ပြန်လိုက်တဲ့ ကိစ္စဟာလည်း နိုင်ငံအတွင်းက လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာ မူဆလင်တွေကို လူထုဆန္ဒခံယူပွဲနဲ့ အထွေထွေ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်မရအောင် ရည်ရွယ် လုပ်ဆောင်သလို ဖြစ်သွားတယ်လို့လည်း ထည့်သွင်းပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ တဖြည်းဖြည်း ကြီးထွားပျံ့နှံ့လာရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအလားအလာဟာ ၀မ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း ၊ ဒါ့ကြောင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အရပ်သားပြည်သူတွေကို အကာကွယ် ပေးနိုင်အောင် သက်ဆိုင်သူ အားလုံးက ဆွေးနွေးပွဲမှာ ညှိနှိုင်း အဖြေရှာကြဖို့ တိုက်တွန်းကြောင်း ပြောဆိုခဲ့ပါတယ်။

2

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဖေဖော်ဝါရီ ၂၅ ။
ကမ္ဘာပေါ်မှာ လုပ်အားခ ဈေးသက်သာဆုံး ဖြစ်တဲ့နိုင်ငံတွေဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီယားနိုင်ငံတွေ ဖြစ်ကြောင်း သိရပါတယ်။

လုပ်အားခ၊ အလုပ်ခန့်အပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ လုံခြုံရေးဆိုင်ရာ ပံ့ပိုးပေးနိုင်မှုများ၊ ကုမ္ပဏီအတွက် လုပ်အားထုတ်လုပ်မှုများနဲ့ ပတ်သက်ပြီး ဆန်းစစ်လေ့လာနေတဲ့ ဗဲရစ် မယ်ပယ်ခရောခ့် အဖွဲ့အစည်းက နိုင်ငံပေါင်း ၁၇၂ နိုင်ငံကို နှိုင်းယှဉ် လေ့လာပြီး ထုတ်ပြန်လိုက်တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြရေးသားလိုက်တာ ဖြစ်ပါတယ်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီယားနိုင်ငံတို့မှာ ပျမ်းမျှအနေနဲ့ တစ်လစာ လုပ်အားခဟာ ဒေါ်လာ ၁၀၀ အောက် လျော့နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ အလုပ်သမားတွေအတွက် လူမှုရေးနဲ့ လုံခြုံမှုတွေ လုပ်ပေးစရာ မလိုလောက်အောင် ဖြစ်နေတာဟာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေတာတမျိုး ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

ဥရောပတိုင်းပြည်တွေကတော့ လုပ်အားခ အမြင့်ဆုံး ပေးရတဲ့ တိုင်းပြည် ၂၅ ခုထဲမှာ ပါဝင်နေပြီး အလုပ်သမား ငှားရမ်းရာမှာ ဈေးအကြီးဆုံးဖြစ်နေတာကတော့ အီတလီနဲ့ ပြင်သစ်တို့ ဖြစ်ပါတယ်။

၂၂

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၅ ။
မြန်မာနိုင်ငံအတွင်းက အုပ်ချုပ်သူတွေအနေနဲ့ ဥပဒေပိုင်းဆိုင်ရာမှာ အလျှော့အတင်းလုပ်ကြတာတွေ ၊ ဥပဒေကို လိုသလို အသုံးချနေကြတာတွေကို ပြုပြင်သင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က ပြောဆို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ဆိုရင် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားတတ်တဲ့ အလေ့အကျင့် မွေးမြူပေးဖို့ အဓိက လိုအပ်ကြောင်းလည်း ပြောဆိုဝေဖန်ထားပါတယ်။

နိုင်ငံအတွက် အရေးကြီးတဲ့ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာပဲ လူ့အခွင့်အရေး အခြေအနေတွေ နောက်ပြန်ဆွဲနေသလို ဖြစ်နေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International ထံက ကြေညာချက်ထွက်လာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဥပဒေကို လိုရင်လိုသလို သုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး အရေးယူတဲ့လူကို ယူပြီး အရေးမယူတဲ့သူကျတော့ မယူတာမျိုး ၊ ဥပဒေကို အလျှော့အတင်းနဲ့ အသုံးချနေတာမျိုးတွေကိုလည်း ကြားနေရ၊ တွေ့နေရကြောင်း ပြောဆိုလိုက်ပါတယ်။

Amnesty International လူ့အခွင့်အရေးအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ကန့်သတ်တာတွေ၊ ဘာသာရေးဆိုင်ရာ သည်းခံနိုင်စွမ်း လျော့ပါးလာတာတွေနဲ့ ကျင့်ဝတ်နဲ့မညီဘဲ လူထုကို ထိခိုက်အောင်လုပ်ခြင်းတွေကို အရေးမယူဘဲ လျစ်လျူရှုခဲ့တဲ့ ကိစ္စရပ်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ လူ့အခွင့်အရေး ကိုယ်စားလှယ်များနဲ့ သတင်းထောက်များကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးရေးတွေကိုလည်း တိုက်တွန်းထားပါတယ်။

၂၁

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၅ ။
US ၊ မေရီလန်းပြည်နယ်၊ ဆီးလ်ဗားစပရင်းမှာ ရှိတဲ့ ချင်းတိုင်းရင်းသားများ ဖွဲ့စည်းထားတဲ့ ခရစ်ယာန်အဖွဲ့ဟာ မေရီလန်းပြည်နယ်တွင်းက Wesley Memorial Church ဆိုတဲ့ ဘုရားခိုးကျောင်း အဆောက်အအုံကြီးကို US ဒေါ်လာ ၂.၇ သန်းနဲ့ ဝယ်ယူလိုက်ပြီး ယုံကြည်ရာ ဘာသာရေးအစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
စတုရန်းပေ ၃၀, ၀၀၀ ကျယ်ဝန်းတဲ့ Wesley Memorial Church ကျောင်းတော်ကြီးကို ချင်း ဘက်ပ်တစ်စ်မစ်ရှင်အသင်းတော် (Chin Baptist Mission Church) က ဝယ်ယူလိုက်တာဖြစ်ပါတယ်။
အဆိုပါ ဘုရားရှိခိုးကျောင်း အဆောက်အအုံကြီးဟာ မကြာမီကပဲ မွမ်းမံပြင်ဆင်ထားတာဖြစ်ပြီး ဘာသာရေးကိစ္စတွေ ပြုလုပ်ဖို့အတွက် အသင့်အနေအထား ရှိတဲ့အတွက် အရောင်းအဝယ် ဖြစ်ခဲ့တာပါ။
အခုဆိုရင် US တစ်ပြည်လုံးမှာ ချင်းတိုင်းရင်းသားတွေရဲ့ ဘုရားရှိခိုးကျောင်း ၅၇ ခု ရှိပြီဖြစ်ပါတယ်။

၁၉

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၅ ။
လာမယ့် မတ်လ ၁ ရက်နေ့မှာ ပဲခူးတိုင်း၊ ပြည်မြို့အတွင်း ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အခမ်းအနားကို NLD ပါတီ ဥက္ကဌ ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ရာပြည့်ပွဲတွေကို ဒီနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပသွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ ဒီလို ရာပြည့်ပွဲများ ဟောပြောမှုများ ပြုလုပ်နေတာဟာ ဗိုလ်ချုပ်ရဲ့ကောင်းမွန်သော စိတ်ဓါတ်ကို လူငယ်တွေသိရှိပြီး အတုယူနိုင်ဖို့ အတွက် ရည်ရွယ်တာ ဖြစ်ကြောင်း NLD အဖွဲ့က ပြောဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာလည်း ဟင်္သာတမြို့အတွင်း ကျင်းပမယ့် ဗိုလ်ချုပ်ရာပြည့်အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမယ်လို့ သတင်းရရှိပါတယ်။

၁၈

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၄ ။
ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ပန်းရောင်အလုပ်သမားလက်မှတ်ကဒ်ရှိပြီးသား ရွှေ့ပြောင်းအလုပ်သမားတွေဟာ နိုင်ငံကူးလက်မှတ်လုပ်ဖို့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတွေ အဆင်သင့်မဖြစ်သေးလျှင် လောလောဆယ် အထောက်အထားလက်မှတ်အဖြစ် အစိမ်းရောင်စာအုပ်တွေကို မြန်မာသံရုံးကနေ ဘန်ကောက်အပါအဝင် နေရာ ၅ ခုမှာ ထုတ်ပေးမယ်လို့ သိရပါတယ်။
အခု ယာယီသက်သေခံအထောက်အထားအနေနဲ့ ထုတ်ပေးမယ့် Certificate of Identity ဟာ ထိုင်းအစိုးရနဲ့ညှိနှိုင်းပြီး တရားဝင်ထုတ်ပြန်သွားမှာဖြစ်ကြောင်းပြီး မတ်လအတွင်းမှာ စတင်ဖို့စီစဉ်ထားကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက် (၁) နဲ့ ဘန်ကောက် (၂) ၊ မဲဆိုင်၊ မဲဆောက်နဲ့ ရနောင်းတို့မှာ၊ လျှောက်လို့ရမှာ ဖြစ်ပြီး သက်သေအထောက်အထားစာအုပ်အတွက် အချက်အလက်တွေ ဖြည့်စွက်ရာမှာ အချက် ၂၇ ချက် ပါဝင်ပါတယ်။ လျှောက်ထားသူရဲ့ ကိုယ်ရေးအချက်အလက်တွေအပါအဝင် လျှောက်ထားသူရဲ့ မိသားစု၊ ဆွေမျိုးအရင်းအချာတွေရဲ့ အလုပ်အကိုင်၊ နေရပ်လိပ်စာတွေလည်း ဖြည့်စွက်ပေးရမှာဖြစ်ပြီး လျှောက်ထားသူဟာ ပြစ်မှု၊ တရားမမှုအရ အရေးယူခံရမှု ရှိခဲ့ရင်လည်း ဖြည့်စွက်ပေးဖို့ လိုပါတယ်။ အချက် ၂၇ ချက်ကို ဖြည့်စွက်ပြီးမှသာ Certificate of Identity ဆိုတဲ့ သက်သေအထောက်အထားစာအုပ် အစိမ်းရောင်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၂ သန်းကနေ ၃ သန်းလောက် အလုပ်လုပ်နေကြတယ်လို့ နှစ်နိုင်ငံအစိုးရတွေက ခန့်မှန်း ထားကြကြောင်း သိရပါတယ်။

၁၇

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၄ ။
မြန်မာနိုင်ငံတွင်းမှာ ပုံမှန်မဟုတ်တဲ့ စစ်ရေးအခြေအနေတွေ ဖြစ်ပေါ်နေချိန်မှာ အများပြည်သူတွေအနေနဲ့ သတင်းအမှန်တွေသိနိုင်ဖို့ နှစ်ဦးနှစ်ဖက်လုံးကို ဆက်သွယ်နိုင်မယ့် သတင်းမီဒီယာအခန်းကဏ္ဍကို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နားလည်သဘောပေါက်သိရှိဖို့ လိုအပ်ကြောင်း PEN Myanmar အဖွဲ့က ပြောဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်တဲ့ သတင်းသမားတွေကို မတရား သတင်း ဆက်သွယ်မှုပုဒ်မ (၁၇-၁) နဲ့ ငြိစွန်းနိုင်ကြောင်း ပြောကြားလာမှုတွေ ရှိတြ့အတွက် မီဒီယာလွတ်လပ်ခွင့်ရရှိရေး လှုပ်ရှားနေတဲ့ သတင်းသမားတွေက အခုလို တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲများ ဖြစ်ပွားရာဒေသတွေကို သတင်းရယူတင်ပြနေတဲ့သတင်းသမားတွေကို ခြိမ်းခြောက်မှု၊ ဖိနှိပ်ဟန့်တားမှုများ မရှိစေရေးအတွက် သတင်းမီဒီယာ တာဝန်ခံအဖွဲ့အစည်းတွေဟာ အလေးအနက်ထားဆောင်ရွက်ကြဖို့ မြန်မာ့စာပေ စာနယ်ဇင်း လွတ်လပ်စွာ ထုတ်ဖော်၊ ရေးသား၊ ပြောဆိုခွင့်တွေကို အဆက်မပြတ် တောင်းဆိုလှုပ်ရှားနေတဲ့  Pen Myanmar အဖွဲ့က သဘောထားထုတ်ပြန် တောင်းဆိုလိုက်တာပါ။
မြန်မာ့ သတင်းမီဒီယာသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ စုဖွဲ့ထားတ
စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာထားတဲ့ ဒေသမှာ သတင်းသမားတွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကို ဆက်သွယ်မေးမြန်းမှုဟာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ (၁၇-၁) နဲ့ ငြိစွန်းနိုင်တဲ့အနေအထားဖြစ်တဲ့အတွက် ဆက်ဆံသင့်-မဆက်ဆံသင့် သတင်းသမားတွေဘက်က စဉ်းစားဖို့ လိုအပ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သတင်းမီဒီယာသမားတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုတွေ လုပ်ဆောင်လာတဲ့ အခြေအနေလည်း ရှိတာကြောင့် တပ်မတော်နဲ့သတင်းမီဒီယာကြားမှာ သတင်းရရှိတင်ပြမှုတွေ မြန်ဆန်ချောမွေ့နိုင်စေရေး ၊ သတင်းသမားတွေအတွက် အာမခံချက်ရှိတဲ့ သတင်းမူဝါဒ (Code of Conduct) ပေါ်ပေါက်လာရေး ဟာ သတင်းသမားတွေရဲ့တာဝန်ဖြစ်ကြောင်းလည်း PEN Myanmar အဖွဲ့က ဆိုပါတယ်။

၁၆

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၄ ။
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမှာ ပဋိပက္ခတွေ ပိုပြီးကြီးမားလာတဲ့ အရေးနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်မိပါကြောင်း US အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ အခုလို အစိုးရစစ်တပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပဋိပက္ခ ဖြစ်နေတဲ့အခြေအနေကို US အစိုးရအနေနဲ့ အထူးစိုးရိမ်မကင်းဖြစ်မိတဲ့အပြင် ကြက်ခြေနီယာဉ်တန်းတွေတောင် တိုက်ခိုက်ခံနေရတာကိုလည်း စိုးရိမ်မိပါကြောင်း US နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် တကယ်စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ရေးကို မြန်မာအစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်များအကြား စေ့စပ်ဆွေးနွေးစေဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
စစ်ပြေးဒုက္ခသည်များကိုလည်း လူသားချင်းစာနာမှုအကူအညီတွေ အနှောင့်အယှက်ကင်းစွာ ပေးခွင့်ပြုဖို့ US အစိုးရက မြန်မာအစိုးရကို မေတ္တာရပ်ခံလိုက်ပါတယ်။
ကိုးကန့်ဒေသထဲမှာ မြန်မာအစိုးရစစ်တပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်များအပြန်အလှန်ပစ်ခတ်မှုများကြောင့် နယ်စပ်ဒေသပဋိပက္ခနဲ့ နောင် ဖြစ်လာမယ့် အလားအလာတွေကို အထူးစိုးရိမ်မကင်းဖြစ်နေကြောင်း ကုလသမဂ္ဂကလည်း ထုတ်ပြန်ကြေညာထားပါတယ်။

၁၅

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၂၃ ။
US ၊ ကနေဒါနဲ့ ယူကေနိုင်ငံများအတွင်းက Shopping Center ကြီးတွေကို တိုက်ခိုက်ပစ်မယ်လို့ ဆိုမာလီယာနိုင်ငံအခြေစိုက် အစ္စလာမ်စစ်သွေးကြွတွေက ခြိမ်းခြောက်လိုက်ပါတယ်။
တိုက်ခိုက်ခံရနိုင်ချေရှိတဲ့ အာဏာပိုင်တွေအနေနဲ့ အဆိုပါ အခြိမ်းခြောက်မှုကို အလေးအနက်ထားဖို့ US ၊ အမိမြေလုံခြုံရေးဆိုင်ရာဝန်ကြီး Jeh Johnson က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
US အပါအဝင် အနောက်တိုင်းနိုင်ငံတွေရဲ့ Shopping နေရာတွေကို တိုက်ခိုက်ကြဖို့ တိုက်တွန်းထားတဲ့ Video ဖိုင်တခုကို စစ်သွေးကြွတွေက ထုတ်ပြန်ခဲ့တဲ့အတွက် ပြည်သူများအနေနဲ့ နိုးနိုးကြားကြား သွားလာလှုပ်ရှားကြဖို့နဲ့ မသင်္ကာစရာတွေ့တာနဲ့ ချက်ချင်းသတင်းပေးကြဖို့ CNN ရုပ်သံမှာ အမိမြေလုံခြုံရေးဆိုင်ရာ ဝန်ကြီး Jeh Johnson က ပြောဆိုထားပါတယ်။
တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခံထားရတဲ့ Shopping center တွေထဲမှာ US ၊ မြောက်ပိုင်း Minnesota
ပြည်နယ်တွင်းက Mall of America shopping center ကြီလည်း ပါဝင်ကြောင်း သိရပါတယ်။
US ရှိ ရှော့ပင်းမော့လ်တွေအပါအ၀င် အနောက်နိုင်ငံ ရှော့ပင်းမော့လ်တွေကို ဗုံးခြိမ်းခြောက်မှု ရှိနေတာကြောင့် ဈေးဝယ်သူများ သတိထား သွားလာကြရမယ့်အပြင် ၂၀၁၃ ခုနှစ်က ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်ရှိ ဈေးဝယ်ကုန်တိုက်တစ်ခုကို အယ်လ်ရှားဘတ် အကြမ်းဖက်အဖွဲ့ဝင်တွေ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၆၇ ဦး သေဆုံးခဲ့တာကို သင်ခန်းစာ ယူရမှာ ဖြစ်ပါတယ်။
US ရှိ မော့လ် အော့စ် အမေရိက (Mall of America) နဲ့ ၀က်တ် အက်ဒ်မွန်တန် မော့လ်(West Edmonton Mall) ရှော့ပင်းမော့လ်တွေကိုတော့ လုံခြုံရေးတိုးမြှင့်ထားပြီဖြစ်ကြောင်း သိရပါတယ်။
ဆိုမာလီဒေသခံ အများဆုံး နေထိုင်ကြတဲ့ US ၊ မင်နီဆိုးတာပြည်နယ်မှာ ပြီးခဲ့တဲ့ ၁ ပတ်က အိုင်အက်စ်အစွန်းရောက်တွေကို ထောက်ခံအားပေးသူတစ်ဦး ထိန်းသိမ်းခံရကြောင်းလည်း သိရပါတယ်။

၁၄

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၃ ။
မြန်မာနဲ့ ထိုင်း နယ်စပ်ကနေ ဘန်ကောက် ပထုန်ဌာနီခရိုင်ဘက်ကို ဦးတည်သွားနေတဲ့ မြန်မာနိုင်ငံသား ၆၈ ယောက်ကို ချိုင်းနတ်ခရိုင် မနိုလုမ်းမြို့နယ် တေချနန်းကျေးရွာအုပ်စု အာရှလမ်းမကြီးပေါ်ရှိ ကီလိုတိုင်အမှတ် ၁၄၉ မှာ ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးအရေးယူလိုက်ပါတယ်။
ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ချိုင်းနတ်ခရိုင်ထဲကို တရားမ၀င် ၀င်ရောက်လာတဲ့အတွက် မြန်မာနိုင်ငံသားတွေအပါအဝင် ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦးကိုပါ ဖမ်းဆီးလိုက်ကြောင်း ထိုင်းအခြေစိုက် သတင်းတွေမှာ ကြေညာထားပါတယ်။

ဆက်လက်စစ်ဆေးချက်တွေအရ အဆိုပါ မြန်မာနိုင်ငံသားအားလုံးဟာ မဲဆောက်မြို့ကနေ ဘန်ကောက်မြို့အတွင်းပိုင်းဆီကို အလုပ်သွားလုပ်ကြမှာဖြစ်ပြီး မြန်မာနိုင်သားတစ်ယောက်ကို ဘတ် ၁၂၀၀၀ နှုန်းနဲ့ သယ်ဆောင်လာတာဖြစ်ကြောင်း ကားသမားတွေက ထုတ်ထော်ပြောဆိုခဲ့ပါတယ်။
အဆိုပါ တရားမ၀င် ၀င်ရောက်လာသူများနဲ့ ပတ်သက်ပြီး ဝင်ရောက်လာသူမြန်မာတွေကိုရော သယ်ဆောင်လာတဲ့ ထိုင်းလူမျိုး ၂ ယောက်ကိုပါ ထိုင်းနိုင်ငံရဲ့ တရားဥပဒေအရ အရေးယူသွားမှာ ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၁၃

 

 

 

 

 

 

 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၃ ။
ဆန္ဒပြအလုပ်သမားတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခတွေမှာ ဆန္ဒပြအလုပ်သမားတွေဘက်က စတင် အကြမ်းဖက်ခဲ့တာဖြစ်ကြောင်း ရန်ကုန်တိုင်း၊ အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ညက အလုပ်သမားတွေ သပိတ်စခန်းဖွင့်ထားတဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ Elan Myanmar စက်ရုံရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက သပိတ်စခန်းကို ဖယ်ရှားဖို့ကြိုးစားစဉ်မှာပဲ ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး၊ အလုပ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၅ ယောက်ခန့် ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေ ယူမလာဘဲ ဒိုင်းတွေဟာ ယူသွားလာကြောင်း၊ လမ်းလျှောက်ဆန္ဒပြတဲ့သူတွေကသာ စတင် အကြမ်းဖက်တာဖြစ်ကြောင်းနဲ့ ဆန္ဒပြအလုပ်သမားတွေရဲ့ အကြမ်းဖက်မှုကြောင်းသာ တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့ဖက်က ပြောဆိုလိုက်ပါတယ်။
ရွှေပြည်သာစက်မှုဇုန်အတွင်းက Elan Myanmar ၊ Costec နဲ့ Ford Glory စက်ရုံများမှ အလုပ်သမား စုစုပေါင်း ၅ဝဝ ဝန်းကျင်ဟာ လုပ်ခလစာတိုးပေးဖို့အတွက်နဲ့ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ဆန္ဒပြ အလုပ်သမားတွေနဲ့ ညှိနှိုင်းရေးအဖွဲ့တို့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲပေမယ့် အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး သပိတ်ရုတ်သိမ်းပေးဖို့နဲ့ အလုပ်ပြန်ဆင်းဖို့ကိုသာ အာဏာပိုင်တွေက တောင်းဆိုတဲ့အတွက် အလုပ်သမားတွေအတွက် အဖြေတစုံတရာ မရသေးဘူးလို့ သိရပါတယ်။

၁၂

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၂၂ ။
လောက်ကိုင်ဒေသတွင်းရှိ အစိုးရစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ ကိုးကန့် တပ်ဖွဲ့တွေထဲမှာ တရုတ်ကြေးစား စစ်သားများနဲ့ တရုတ် စစ်သားဟောင်းများ ပါဝင်နေကြောင်း မြန်မာ အစိုးရ စစ်တပ်က စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ထောက်ပံ့ကူညီအားပေးဖို့ တရုတ်နိုင်ငံဗဟို အစိုးရက မူဝါဒ ချမှတ် မထားပေမယ့် အောက်ခြေအဆင့်မှာတော့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

ဒီအရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ သံတမန်ရေးအရ ဆက်သွယ် ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

မြန်မာစစ်တပ်အနေနဲ့ လောက်ကိုင် ဒေသမှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့နောက်ပိုင်း နယ်မြေ ရှင်းလင်းရေး စစ်ဆင်မှုတွေအဖြစ် စစ်ဗျူဟာအရ အရေးကြီးတဲ့ တောင်ကုန်းတွေကို သိမ်းယူခြင်းများ ပြုလုပ်နေပါတယ်။
ဆက်လက်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ် ပြန်လာနိုင်တဲ့အထိ နယ်မြေ တည်ငြိမ်အောင် စစ်ဆင်မှုတွေ ဆက်လုပ်သွားမယ်လို့ မြန်မာစစ်တပ်ဘက်က ပြောကြားပါတယ်။

မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစုလို့ အမည်ရတဲ့ MNDAA ကိုးကန့် တပ်ဖွဲ့တွေထဲမှာ တရုတ်ကြေးစား စစ်သားများနဲ့၊ တရုတ် စစ်သားဟောင်းများ ပါနေတယ်ဆိုတဲ့ မြန်မာ စစ်တပ်ရဲ့ စွပ်စွဲ ပြောဆိုမှုကို ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကတော့ ငြင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်အနေနဲ့ အခုလိုစွပ်စွဲမှုတွေ ပြုလုပ်နေတာဟာ လောက်ကိုင်ဒေသ တိုက်ပွဲတွေကို ပြည်ပ တရုတ်လူမျိုးတွေနဲ့ ကိုးကန့်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကျုးကျော်တိုက်ခိုက်တဲ့စစ်ပွဲအဖြစ် အများအထင်မှားအောင် လုပ်တာ ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

၁၁

 

 

 

 

 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၂ ။
မန္တလေးတိုင်း၊ မိုးကုတ်မြို့လယ်ခေါင်မှာရှိတဲ့ မုံကွင်းမှာ ကျောက်မျက်ဈေး ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့အတွက် ကျောက်မျက်လုပ်ငန်းရှင်များအသင်းနဲ့ မြို့ခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မုံကွင်းဟာ အများပိုင်ဖြစ်ပြီး မိုးကုတ်မြို့ရဲ့သင်္ကေတဖြစ်တဲ့အတွက် ကျောက်မျက်ဈေးကို အဲ့ဒီကွင်းမှာ မဆောက်ဖို့ ဆန္ဒပြရတာဖြစ်ပါတယ်။

အဆိုပါနေရာဟာ မိုးကုတ်မြို့ရဲ့ တစ်ခုတည်းသော ပါ့ပလစ်ဧရိယာဖြစ်ပြီး မိုးကုတ်မြို့ရဲ့ အမှတ်သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။ မုံကွင်းကြီး၊ ချမ်းသာကြီးဘုရားနဲ့ မိုးကုတ်မြို့ ဆိုတာဟာ ကမ္ဘာကပါသိတဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက် ပျောက်ကွယ်သွားမှာ စိုးရိမ်ရကြောင်းနဲ့ အဆိုပါကွင်းကြီး ပျောက်ပျက်သွားရင် အစာထိုး မရနိုင်တော့ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

ဆန္ဒပြသူတွေဟာ ကျောက်မျက်ဈေး ဆောက်လုပ်နေခြင်း ရပ်တန့်ပေးဖို့အတွက် သပိတ်စခန်းလည်း ဖွင့်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ကွင်းဟာ ၁၃ ဧက အကျယ်ပြီး ကျောက်မျက်လုပ်ငန်းရှင်များအသင်းအနေနဲ့က ကျောက်မျက်အသင်းရုံး၊ ဟိုတယ်၊ စားသောက်ဆိုင်တန်းများနဲ့ ကျောက်မျက်ဆိုင်ခန်းများ ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

၉

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၂ ။
NLD ပါတီအဖွဲ့ချုပ်ရုံးသစ် အဆောက်အဦး ဆောက်လုပ်ဖို့အတွက် ပန္နက်တင် အခမ်းအနားကို ပါတီဥက္ကဌဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပ်တယ်။

အဆိုပါ ရုံးသစ်ကို ဒီနှစ် ၂ဝ၁၅ မှာ အပြီးသတ် ဆောက်လုပ်သွား မှာဖြစ်ကြောင်း ရုံးသစ်ဆောက်လုပ်ရေးအတွက် ကူညီတဲ့ဆောင်ရွက်နေတဲ့ Myanmar Power Spectrum ကုမ္ပဏီက ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးစိုက်ခဲ့ရာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းမှာ ၆ထပ်ရုံး တည်ဆောက်နေတာ ဖြစ်ပါတယ်။ အဆိုပါ မြေနေရာဟာ ပိုင်ရှင်ဖြစ်သူ ဦးထွန်းကြိုင် မကွယ်လွန်ခင်က NLD ပါတီအဖွဲ့ချုပ်ကို လှူဒါန်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ရုံးချုပ်အဆောက်အဦးသစ်ဆောက်လုပ်တဲ့ ကုန်ကျစရိတ်ကို ပြည်သူလူထုများ လှုဒါန်းထားတဲ့ ငွေတွေနဲ့ တည်ဆောက်မှာ ဖြစ်ပြီး Earth Force Dragon ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်မှာဖြစ်ပါတယ်။

၈

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၁ ။
ကိုးကန့်ဒေသ လောက်ကိုင်မြို့ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် မြန်မာပြည်တွင်းဒေသအသီးသီးနဲ့ တရုတ်နယ်စပ်ဖက်ကို ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေဟာ စုစုပေါင်း ၉သောင်းလောက် ရှိသွားပြီဖြစ်ပါတယ်။
လောက်ကိုင်မြို့မှာဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကြား တိုက်ပွဲတွေကြောင့် လားရှိုး၊ ကွမ်လုံ ၊ ချင်းရွှေဟော် ၊ မန္တလေး စတဲ့ မြန်မာပြည်တွင်း ဒေသတချို့နဲ့ နယ်စပ်တလျှောက် တရုတ်ပြည်ဖက်ခြမ်းအထိ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်းက ယူနန်ပြည်နယ်၊ နမ့်ဆမ်မှာ ဒုက္ခသည်စခန်းတစ်ခု ဖွင့်ထားပေမယ့် လူ ၃၀၀၀ ကျော်လောက်သာ ဆန့်တဲ့အတွက် တခြားဒုက္ခသည်တွေဟာ ကိုယ့်စရိတ်နဲ့ကိုယ် အပြင်မှာ အခန်းငှားနေကြရပြီး အခန်းငှားခတွေလည်း ဈေးတက်ကုန်ကြောင်း သိရပါတယ်။

ဒေသခံတွေ ထွက်ပြေးသွားရတဲ့ လောက်ကိုင်မြို့မှာတော့ လူမရှိတော့တဲ့အိမ်တွေထဲကို မသမာသူတွေက ဖေါက်ထွင်းဝင်ရောက်ပြီး ခိုးဝှက်မှုတွေ ရှိနေပါတယ်။

၇

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၂၁ ။

မြန်မာနိုင်ငံတွင်းက အခြေခံ စာသင်ကျောင်းများရဲ့ မုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့ ပြည်တွင်းထုတ်မုန့် ၁၂ မျိုးကို စားသုံးဖို့ မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်တွင်းထုတ်သရေစာမုန့်များဖြစ်တဲ့ ရောင်စုံတုတ်ထိုးများ၊ ရွှေတံဆိပ်ဆိတ်ပေါင်ခြောက်၊ you အမှတ်တံဆိပ် ရေညှိ၊ F4 တံဆိပ် ရောင်စုံဝေဖာများ၊ အောင် တံဆိပ် ကပ်စေးနှဲ၊ မျိုးမျိုးကျော်တံဆိပ် ဆီးသီးပေါင်း၊ ချစ်ချစ်တံဆိပ် ဝေဖာ၊ pyae wa တံဆိပ် ကပ်စေးနှဲ၊ ပလောင်မောင်နှမတံဆိပ် လက်ဖက် အကြော်စုံ၊ ရွှေစင်တံဆိပ် ပဲလိပ်၊ စိန်တလုံးအမှတ်တံဆိပ် ငါးပိထောင်း၊ အိုကေတံဆိပ် မက်မန်းသီးတွေဟာ ဘေးဥပဒ်ဖြစ်စေနိုင်ပြီး မစားသုံးသင့်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ကြေညာလိုက်တာ ဖြစ်ပါတယ်။
အစားအသောက်နဲ့ ဆေးဝါး ကြီးကြပ်ကွပ်ကဲမှုဦးစီးဌာန (FDA) က ကျောင်းမုန့်ဈေးတန်း၊ အစားအသောက်အန္တရာယ်ကင်းရေးစီမံချက်နဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျောင်းတွေကို လိုက်လံစစ်ဆေးခဲ့ရာမှာ အဆိုပါမုန့်တွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းများ ပါဝင်နေတဲ့အတွက် အန္တရာယ် ဖြစ်စေနိုင်ကြောင်း FDA က ကြေညာလိုက်တာပါ။
မကြာသေးခင်ကလည်း တရုတ်မုန့်တချို့ကိုစားသုံးဖို့ မသင့်ကြောင်း ထုတ်ပြန်ခဲ့ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအသောက်ရောင်းချသူတွေကို ပထမအဆင့်အနေနဲ့ ၀န်ခံလက်မှတ်ရေးထိုးခိုင်းပြီး ထပ်မံကျူးလွန်လျှင် စားသောက်ကုန်ဥပဒေ ပုဒ်မ ၂၈(က)နဲ့ အရေးယူသွားမယ်လို့တော့ ကြေညာထားပါတယ်။

၆

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၂၀ ။
မြန်မာအစိုးရ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးဘက်မှာ လွတ်လွတ်လပ်လပ် စီမံခွင့်မရဘူးလို့ ပြောဆိုမှုတွေ ရှိနေပြီး Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပို့ချနေတဲ့ အစီအစဉ်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။

US ထိပ်တန်းတက္ကသိုလ် Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ် ဧရိယာအတွင်းမှာ ၂၀၁၃ ခုနှစ်ကစပြီး International Center of Excellence (ICOE) သင်တန်းတွေကို စတင်သင်ကြားခဲ့ပြီး လက်ရှိပညာရေးဝန်ကြီးသစ်နဲ့ စေ့စပ်ညှိနှိုင်းရာမှာတော့ မပြေလည်မှုတွေရှိလာတဲ့အတွက် International Center of Excellence အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ရကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီအစီစဉ်တွေဟာ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေဆီက ဆရာဆရာမများ ၊ ဘွဲ့လွန်ကျောင်းသားများကို နိုင်ငံရေး ၊ ပြည်သူ့ရေးရာ၊ စီးပွားရေးမူဝါဒရေးရာများနဲ့ ဥပဒေ၊ နည်းပညာ၊ ဆေးပညာရပ်များကို နိုင်ငံတကာ စံနှုန်းတွေနဲ့ သင်ကြားနေတာဖြစ်ပြီင်္း ပညာရေးဝန်ကြီးအပြောင်းအလဲမှာ ဝန်ကြီးအသစ်က အသိမှတ်မပြုနိုင်တော့တဲ့အတွက် အစီအစဉ်တွေ ရပ်တန့်လိုက်ရတာ လို့ သိရပါတယ်။

၁၀

 

 

 

 

 

 

 

 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၀ ။
TT & Donut ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ထိုင်းသရုပ်ဆောင်မင်းသမီး Chattarika Sittiprom နဲ့ မြန်မာသရုပ်ဆောင်မင်းသား ပြေတီဦးတို့ အဓိက ပါဝင်သရုပ်ဆောင်ပြီး စတင် ရိုက်ကူးနေပါတယ်။

ပြေတီဦးနဲ့ တွဲရိုက်မယ့် ထိုင်းမင်းသမီးဟာ၂၀၁၄ ခုနှစ်ရဲ့ Miss Thailand 2nd runner up လည်းဖြစ်ပြီး ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ ထိုင်းလူမျိုး Adsajun Sattagovit ဖြစ်ပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာပြည်တွင်းက ရွှေမင်းသမီးရုပ်ရှင်/ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပြီး ဒီဇာတ်ကားကို ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံအတွင်း ရိုက်ကူးသွားမှာဖြစ်ပါတယ်။
ဒီဇာတ်ကားကြီး ရိုက်ကူးပြီးစီးသွားတဲ့အခါမှာ.. ထိုင်နိုင်တွင်းမှာရော မြန်မာနိုင်ငံမှာပါ ရုံတင်ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

၂၀

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၂၀ ။
မြန်မာနိုင်ငံရဲ့ စာတိုက်လုပ်ငန်းကို ငါးနှစ်အတွင်း ပြန်လည်သုံးသပ်လိုက်တဲ့အခါ ပြည်တွင်းစာ ပို့လုပ်ငန်းတွေဟာ နှစ်ဆလောက် ကျဆင်းလာပြီး ပြည်သူအများရဲ့ ယုံကြည်မှုများလည်း ကျဆင်းလာတာကို တွေ့ရကြောင်း ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
စာတိုက်လုပ်ငန်းကို လူထုယုံကြည်မှုကျဆင်းလာတာ တွေ့ရတဲ့ အတွက် ယုံကြည်မှုပြန်လည်ရရှိအောင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ စာတိုက်လုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာမှာလည်း နည်းပညာတိုးတက်မှုနဲ့အညီ အီးမေးလ်၊ အင်တာနက်တို့ကို အသုံးပြုသူ များလာတာကြောင့် စာပို့ လုပ်ဆောင်မှုများ လျော့နည်းလျက်ရှိပေမယ့် အပြည်ပြည်ဆိုင်ရာ စာပို့လုပ်ငန်း သမဂ္ဂ (UPU) ရဲ့ ၂၀၁၃ ထုတ်ပြန်ချက်အရ ကမ္ဘာ တစ်ဝန်းမှာ စာတိုက်ပေါင်း ၆၄၀,၀၀၀ ရှိပြီး စာတိုက်ဝန်ထမ်းပေါင်း ၅ ဒသမ ၅ ဘီလီယံရှိကြောင်း ၊ တစ်နှစ်အတွင်း စာစောင်ရေ ပေါင်း ၃၅၀ ဘီလီယံနဲ့ ပါဆယ်ပေါင်း ခြောက် ဘီလီယံအထိ ပေးပို့နေရသေးတဲ့အတွက် စာတိုက်လုပ်ငန်းဟာ အရေးပါဆဲဖြစ်ကြောင်း သိရပါတယ်။

၅

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၀ ။
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ အတွင်းဝန်များရုံးအတွင်း သမိုင်းဝင်ပါလီမန် အဆောက်အအုံကို အများပြည်သူများ လေ့လာခွင့်ရနိုင်တဲ့ နေရာတစ်ခုအဖြစ် စီစဉ်ဆောင်ရွက်တော့မယ်လို့ သိရပါတယ်။
ဝန်ကြီးများရုံး အဆောက်အအုံကို ရှေးမူမပျက်စေဘဲ စနစ်တကျ မွမ်းမံပြင်ဆင်ပြီး ထိန်းသိမ်းမယ့်အပြင် ပြတိုက်အသွင်ဖြစ်အောင် ဆောင်ရွက်နေပါကြောင်း … ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အဆိုပါ အဆောက်အဦးကို နိုင်ငံခြားသားပညာရှင်များ၊ လေ့လာသူများနဲ့ ခရီးသွား ဧည့်သည်များကို ၀င်ကြေးနဲ ဖြစ်စေ ၊ အခမဲ့ ကြည့်ရှုခွင့်နဲ့ ဖြစ်စေ ကျင့်သုံးသွားမယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ သမိုင်းဝင် ၀န်ကြီးများရုံးကို ထိန်းသိမ်းပြုပြင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အနော်မာ အနုပညာအဖွဲ့ ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း ၊ လေ့လာခွင့် ရရှိမယ့် အချိန်ကိုတော့ အသေးစိတ် ထုတ်ပြန် ကြေညာ ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ရက် ၊ အာဇာနည်နေ့တုန်းကတော့ သမိုင်းဝင် ၀န်ကြီးများရုံးအတွင်းကို ပထမဆုံးအကြိမ်အဖြစ် ပြည်သူတချို့ ၀င်ရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။

၃

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၂၀ ။
မြန်မာနိုင်ငံဟာ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်မှာပဲ လူ့အခွင့်အရေး နဲ့ အရေးအခြေအနေတွေ ဆုတ်ယုတ်လာနေတယ်လို့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်နေတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်း Amnesty International က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အထွေထွေရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ လွတ်လပ်စွာရေးသားခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ခံရတာတွေ ရှိလာရုံတဲ့အပြင် နိုင်ငံရေးသမားများ၊ သတင်းထောက်များနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ လယ်သမားများကိုပါ ဖမ်းဆီးနေတာ တွေ့ရကြောင်း ပြောဆိုလိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ဖမ်းဆီးထား သူတွေကို ခြွင်းချက်မရှိ ပြန်လွတ်ပေးဖို့ကိုလည်း A I ကတောင်းဆိုလိုက်တဲ့အပြင် မြန်မာအစိုးရအနေနဲ့ တင်းကြပ်ထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ဆန္ဒ ထုတ်ဖော်ခွင့်၊ ရခိုင်ဒေသ ပဋိပက္ခ၊ ဘာသာရေး အဓိကရုဏ်းများနဲ့၊ ပြစ်ဒဏ်စီရင်မှုများအရေးလည်း ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်များအတွင်းမှာ ကိုးကန့်ဒေသ စစ်ဘေးရှောင်ဒုက္ခသည်တွေကို သွားရောက်ကူညီကြတဲ့ မြန်မာ့ ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရမှုကိုလည်း AI က ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီဖြစ်ရပ်ဟာ စစ်ရာဇ၀တ်မှုမြောက်တဲ့အတွက် အသေးစိတ် စုံစမ်းစစ်ဆေးသင့်ကြောင်း၊ မြန်မာပြည်တွင်းမှာ လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲများအားလုံး ရပ်တန့်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေး စံချိန်စံနှုန်းအတိုင်း လိုက်နာကြစေလိုကြောင်းတွေလည်း မြန်မာအစိုးရကို AI ကတောင်းဆိုခဲ့ပါတယ်။

၂

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၉ ။
ဒီနှစ်အတွင်း ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲများ မကျင်းပခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးဖို့အရေး ပအိုဝ်းအမျိုးသားညီလာခံက တောင်းဆိုလိုက်ကြောင်း သိရပါတယ်။
မွန်ပြည်နယ် သထုံမြို့မှာ ၄ ရက်ကြာကျင်းပတဲ့ ပအိုဝ်းအမျိုးသားညီလာခံမှာ ဒီလိုတောင်းဆိုဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌက ပြောကြားခဲ့ပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ရှိအခြေအနေတွေနဲ့ လိုက်လျေညီထွေစွာ ပြုပြင်ပြီး သင့်လျော်တဲ့အချိန်ကျမှာ လူထုဆန္ဒနဲ့အညီ အသစ်ပြည်လည်ရေးဆွဲဖို့လိုကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အဓိကတောင်းဆိုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် နိုင်ငံရေးအာမခံချက်ရဖို့အတွက်လည်း တောင်းဆိုလိုက်တာဖြစ်ပါတယ်။

၎

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖေဖော်ဝါရီ ၁၉ ။
ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များအသင်း ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်စာလင်းပွဲမှာ ”ကျန်းမာရေးစနစ် ပြန်လည်ကောင်းမွန်ဖို့ ဆယ်စုနှစ်များစွာကြာဦးမည့် မြန်မာပြည်အရှေ့ပိုင်း ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်စောင်ကို ကျန်းမာရေးသတင်းစနစ်အလုပ်အဖွဲ့ HISWG က ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ အစီရင်ခံစာဟာ မြန်မာနိုင်ငံတွင်းမှာ မြန်မာပြည်အရှေ့ပိုင်းဒေသတွင်းရှိ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ပထမဆုံးကောက်ခံခဲ့တဲ့ စစ်တမ်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာပြည် အရှေ့ပိုင်းဒေသတွေဟာ နှစ်ပေါင်းများစွာ စစ်ဖြစ်ခဲ့တဲ့ အချိန်ကစပြီး ပကတိ ကျန်းမာရေး အခြေအနေတွေကို ကောက်ယူစုဆောင်းတာမျိုး မရှိတဲ့အပြင် အဆိုပါ ဒေသမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ကျန်းမာရေး အဆင့်အတန်းတွေ မြင့်မားလာဖို့ ဆိုတာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရပ်တန့်ဖို့လည်း လိုအပ်နေကြောင်း ၊ ကျန်းမာရေးတွေကောင်းမွန်ဖို့ ပိုမိုထိရောက်တဲ့ ကျန်းမာရေးစနစ်နဲ့ ကျန်းမာရေးဆိုင်ရာ မူဝါဒတွေလည်း ရှိနေဖို့ လိုအပ်ကြောင်း မီးမောင်းထိုးပြတဲ့အနေနဲ့ အခုလို အစီရင်ခံစာ ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာကို ထုတ်ပြန်နိုင်ဖို့အတွက် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများနဲ့ လူထုအခြေပြု ကျန်းမာရေး အဖွဲ့အစည်းများကွန်ရက်အနေနဲ့ မွန်ပြည်နယ် ကရင်ပြည်နယ် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသများရှိ မြို့နယ်ပေါင်း ၆၄ မြို့နယ်က လူဦးရေ ၅ သိန်းနီးပါးကို ကွင်းဆင်းသုတေသန ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါ စစ်တမ်းအရ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသမှာ မွေးကင်းစကလေးများနဲ့ ကလေးငယ် သေဆုံးမှုနှုန်းဟာ ပိုမိုမြင့်တက်နေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။

၁

 

 

 

 

 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဒေးလီးစီးတီးမြို့ ၊ Jefferson Union High School, 699 Serramonte Blvd, Daly City, CA 94015 မှာ ဆရာတော်ကြီးမွေးနေ့ပွဲနဲ့ ထမနဲပွဲတော် ပြုလုပ်မှာ ဖြစ်ပါတယ်။
ပွဲတော်ကို မတ်လ(၁)ရက် မနက် (၉)နာရီမှာ စတင် ကျင်းပမှာဖြစ်တဲ့အတွက် ကြွရောက် ကုသိုလ်ယူပြီး စားသောက်ဖွယ်ရာများ သုံးဆောင်နိုင်ပါကြောင်း ဖိတ်ခေါ်ထားပါတယ်။
ပွဲတော်အကြောင်းကို အသေးစိတ်သိရှိလိုသူများအနေနဲ့ ဖုန်း (650) 755-7179 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
US ၊ နော့သ်ကာရိုလိုင်းနားပြည်နယ် ၊ ဓမ္မဗိမာန်ကျောင်းတော်ကြီး တည်ရှိရာနေရာဖြစ်တဲ့ 6612 Brass road, Jamestown, NC 27282 မှာ ဗုဒ္ဓပူဇနိယပွဲတော်နဲ့ ထမနဲပွဲတော်တို့ကို ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။ ပွဲတော်ကျင်းပမယ့်ရက်ကတော့ ဖေဖော်ဝါရီလ ၂၈ ရက် ၊ စနေနေ့ မနက် ၁၁ နာရီမှာ စတင်ကျင်းပမှာဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေအပေါင်း ကြွရောက် ကြည်ညိုပြီး ကုသိုလ်ယူနိုင်ဖို့အတွက် ဖိတ်ခေါ်ထားပါတယ်။
ပွဲတော်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုသူများအနေနဲ့ ဖုန်း (336) 882-5012 (R) 847-4462(M) တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
US ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္ထာမြို့ရှိ ရတနာ့ဗိမာန်ကျောင်းတိုက် တည်ရှိရာ နေရာဖြစ်တဲ့ 4415 Union Church Road, McDonough, GA 30252 မှာ မြန်မာ့ရိုးရာ ထမနဲပွဲတော် ကျင်းပမှာ ဖြစ်ပါတယ် ။
ထမနဲပွဲတော်ကို မတ်လ (၁)ရက်နေ့ မနက် (၁၀) နာရီကနေစပြီး ကျင်းပမှာ ဖြစ်တဲ့အတွက် ဓမ္မမိတ်ဆွေများ ကြွရောက် ချီးမြှင့်နိုင်ပါကြောင်း ဖိတ်ကြားထားပါတယ်။
ပွဲတော်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုသူများအတွက် ဖုန်း 770-676-7169 ကို ဆက်သွယ်နိုင်ပါကြောင်း သိရပါတယ်။

##############################

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com

 

 

မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

azm

 

 

 

 

 

 

 

 

 

 

 

 

 

 

……………………………………………….

 

 

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .