အလင်းခြုံတဲ့ သတင်း Zone (သို့မဟုတ်) အောင်ဇေမီဒီယာကနေ

ယခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …

 

 

  • စိုးရိမ်စရာကောင်းလောက်အောင် ရေခန်းခြောက်ခဲ့တဲ့ အင်းလေးကန်ရဲ့ လက်ရှိ အခြေအနေသတင်း ၊
  • ကပ္ပလီပင်လယ်ပြင်အတွင်းမှာ ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည်တွေအရေးအတွက် မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ US နိုင်ငံခြားရေး ဝန်ကြီးရဲ့ သတင်း၊
  • ၂၀၁၅ နှစ်ဆန်းပိုင်းကစပြီး အာဏာပိုင်တွေဘက်က ကန့်သတ် ချုပ်ချယ်မှုများ၊ စောင့်ကြည့် ဖိအားပေးမှုများကို ခံနေရတယ်ဆိုတဲ့ ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ သတင်း ၊
  • တိုင်းပြည် ငြိမ်းချမ်းဖို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ မကြာခဏကျင်းပဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောဆိုလိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုများ၊
  • တရုတ် Bank တစ်ခုကနေ US ဒေါ်လာသန်း ၉၀ ကျော် ချေးယူပြီး နေပြည်တော်မှာ တည်ဆောက်မယ့် စက်ရုံဆိုင်ရာ သတင်း ၊
  • အခုလာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရမယ့် အစိုးရဟာ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ ၊ ဖက်ဒရယ်နိုင်ငံ ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် နိုင်ငံတော် သမ္မတရုံး ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကိုယ်တိုင် ဆန္ဒထွက်ပြမယ်ဆိုတဲ့ သတင်း၊
  • တရုတ်နိုင်ငံထဲကို  မြန်မာဘက်က လက်နက်ကြီး ကျည်များ ကျရောက်နေတာဟာ  မြန်မာအစိုးရ စစ်ကြောင်းတွေရဲ့ ပစ်ခတ်မှု မဟုတ်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြင်းဆိုလိုက်တဲ့သတင်းနဲ့ တရုတ်-မြန်မာ အခြေအနေများ၊
  • တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး ကျင်းပနိုင်ဖို့အရေးနဲ့ သမ္မတဦးသိန်းစိန်ရဲ့ တိုက်တွန်းပြောဆိုချက် သတင်းများ၊
  • US နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အရေးပေါ်အဆင့်အခြေအနေနဲ့ လက်ရှိသမ္မတ ဘရာ့ခ် အိုဘားမားရဲ့ သဘောထားကြေညာချက်သတင်း၊
  • ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကို နောက်ထပ် ရက်ပေါင်း ၉၀ ထပ်တိုးလိုက်တဲ့ သတင်း၊
  • တရုတ်သံရုံးရှေ့မှာ ဆန္ဒပြကြသူတွေကို ထောင်ဒဏ် ၄ နှစ်နဲ့ ၄ လစီ ချမှတ် အပြစ်ပေးလိုက်တဲ့သတင်း၊
  • မြန်မာပြည်ရဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍအတွက် အဓိက အထောက်အပံ့ပေးနေတဲ့ ထောက်ပံ့ငွေ ပမာဏကို သြစတြေးလျအစိုးရက ထက်ဝက်နီးပါးလျှော့ချလိုက်တဲ့သတင်း၊
  • မြန်မာပြည်တွင်းမှာ လတ်တလော ဖြစ်ပွါးနေတဲ့ ဒေါ်လာဈေးတက်နေတဲ့အရေးနဲ့ နောက်ဆက်တွဲ အခြေအနေသတင်း၊
  • ကချင်ပြည်နယ် ၊ ဗန်းမော်မြို့မှာ “အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး” အမျိုးသမီး ၃၀၀ ကျော်လောက် ဆန္ဒ ထုတ်ဖော်မှုဆိုင်ရာ သတင်းများ…
  • US ရှိ မြို့အသီးသီးမှာ ပြုလုပ်မယ့် မြန်မာမိသားစုများရဲ့ ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများ..
  • အခြား သိမှတ်ဖွယ်ရာ ထူးခြား သတင်း အဖြာဖြာကို စုစည်း တင်ပြပေးမှာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဒုက္ခသည် အရေအတွက် လျော့ကျရေး..ထွက်သာပြေး

 

.မေလ ၂၁ ။

ကပ္ပလီပင်လယ်ပြင်အတွင်းမှာ ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည်တွေအရေးအတွက် မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး US လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ မေလ ၂၁ ရက်နေ့က မြန်မာပြည်ကို သွားရောက်ခဲ့ပါတယ်။

အဆိုပါ လှေစီးပြေး ဒုက္ခသည်တွေဟာ ဘာကြောင့် နေရပ်ကနေ ထွက်ခွာသွားနေကြသလဲဆိုတဲ့ အခြေခံ အကြောင်းရင်းကို မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပြီး                         ရန်ကုန်၊ နေပြည်တော်တို့မှာ တွေ့ဆုံဖို့ ရှိကြောင်း သိရပါတယ်။

.မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်က ထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၇,၀၀၀ ကို လက်ခံပေးထားမယ်လို့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က ပြောဆိုထားပေမဲ့ အခုလို လက်ခံထားတာဟာ ယာယီသာ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံစိစစ်ပေးတဲ့ စခန်းတွေ ဖွင့်ဖို့ဆိုတာလည်း ငွေကြေးအရ လိုအပ်ချက်တွေ ရှိနေပြီး လိုအပ်ရင် US အနေနဲ့ အကူအညီပေးဖို့ စဉ်းသွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

ထိုင်းနိုင်ငံမှာ အခုလ ၂၉ ရက်နေ့မှာ ကျင်းပမယ့် ညီလာခံကိုလည်း ဒေသတွင်း နိုင်ငံတွေ အားလုံး တက်ရောက်ကြမယ်လို့ မျှော်လင့်ကြောင်း US အစိုးရပိုင်းက ပြောဆိုလိုက်တဲ့အပြင် ၊ ဒီညီလာခံကို US အစိုးရ – အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်မှာ ဖြစ်ကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မိုးနတ်မင်းကြီး ကယ်တော်မူမှ ဖြစ်တော့မှာ…

 

.မေလ ၂၀ ။

ရာသီဥတု ပူပြင်းမှုကြောင့် စိုးရိမ်စရာကောင်းလောက်အောင် ရေခန်းခြောက်ခဲ့တဲ့ အင်းလေးကန်ဟာ မေလဆန်းပိုင်းက စပြီး မိုးရွာသွန်းခဲ့တဲ့အတွက် ရေမျက်နှာပြင် ပြန်လည်မြင့်တက်လာကြောင်း သိရှိရပါတယ်။

.ပြီးခဲ့တဲ့ ဧပြီလတုန်းက အင်းလေးကန်ဟာ စိုးရိမ်စရာအခြေအနေဖြစ်တဲ့အထိ ရေတွေ ခန်းခြောက်ခဲ့ပြီး နေရာတော်တော်များများမှာ စက်လှေတွေ သွားလို့ မရတော့ဘဲ အခက်အခဲတွေနဲ့ .ကြုံခဲ့ရပါတယ်။

အခု မေလ ပထမပါတ် နောက်ပိုင်းမှာတော့ မိုးရွာသွန်းမှုတွေ ရှိတဲ့အတွက် ရေမျက်နှာပြင် ပြန်လည် မြင့်တက်လာကြောင်း အင်းလေးကန် တာဝန်ရှိသူတွေက ဆိုပါတယ်။

အင်းလေးကန်ကြီးဟာ ၂၀၁၀ ခုနှစ်တုန်းကလည်း စံချိန်တင်ရေခန်းခြောက်မှု ကြုံတွေ့ခဲ့ရပြီး အင်းလေးကန် ထိန်းသိမ်းရေး စီမံချက်အဖြစ် ၂၀၁၀-၁၅ အထိ ငါးနှစ် စီမံကိန်းနဲ့ လုပ်ဆောင်ခဲ့ရတဲ့အပြင် အခုဆိုရင် ၂၀၁၅-၂၀ အထိ ဆက်လက် လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အရပ်ဘက် အဖွဲ့အစည်း – အသက်ထွက်မတတ်ကွဲ့… ညည်း

 

.မေလ ၂၀ ။

.မြန်မာပြည်တွင်းက လူ့အခွင့်အရေး အခြေအနေတွေကို လာရောက်လေ့လာသူ ကုလကိုယ်စားလှယ်များ.. နိုင်ငံတကာအဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့

.ပြည်တွင်းက အရပ်ဘက် အဖွဲ့အစည်းတွေကို ၂၀၁၅ နှစ်ဆန်းပိုင်းကစပြီး အာဏာပိုင်တွေဘက်က ကန့်သတ် ချုပ်ချယ်မှုခြင်း၊ စောင့်ကြည့် ဖိအားပေးခြင်းတွေ ရှိလာနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

.မြန်မာပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊  မျှတတဲ့ တရားရေးစီရင်မှုနဲ့ တရားဥပဒေစိုးမိုးမှု ရရှိစေဖို့ အတွက်  အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဘက်က အားသွန်ခွန်စိုက် လုပ်ဆောင်နေကြချိန်မှာပဲ Civil Society Organizations (CSO) လို့ခေါ်တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဟာ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်ခွင့် မရှိဘဲ အထိန်းအချုပ်၊ အကန့်အသတ်တွေနဲ့ ခြိမ်းခြောက် နှောင့်ယှက်တာတွေနဲ့ ရင်ဆိုင်နေရပြီလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေကို အာဏာပိုင်တွေဘက်က ဖိအားပေးမှုတွေဟာ                               ၂၀၁၅ နှစ်ဆန်းပိုင်းကစပြီး သိသိသာသာ ဖြစ်လာတယ်လို့ ဆိုပါတယ်။

အခုလတ်တလော ကြုံတွေ့နေရတဲ့ သတင်းမီဒီယာသမားများ ၊ ဒေသခံပြည်သူတွေနဲ့ လယ်သမားများ ၊ အလုပ်သမားများ၊ ကျောင်းသားလှုပ်ရှားသူများကို အကြမ်းဖက်နှိမ်နှင်းမှုတွေ ပြင်းထန်တဲ့ ထောင်ဒဏ် ချမှတ် အရေးယူပြီး နှိပ်ကွပ်မှုတွေလုပ်နေတဲ့အပေါ်  နိုင်ငံတကာက သိရှိနိုင်အောင် အရပ်ဘက် အဖွဲ့အစည်းတွေဘက်က ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အချေးအငှား ဝါသနာထူ – အပြေးအလွှား ကပျာကယာယူ

 

.မေလ ၁၉ ။

တရုတ်နိုင်ငံအခြေစိုက် Exam Bank ကနေ US ဒေါ်လာသန်း ၉၀ ကျော် ချေးယူပြီး နေပြည်တော်မြို့မှာ မီးရထားစက်ခေါင်းစက်ရုံ တည်ဆောက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

တစ်နှစ်ကို မြင်းကောင်ရေ၂၀၀၀ အားရှိ မီးရထားစက်ခေါင်း၂၀ လောက် ထုတ်လုပ်နိုင်မယ့် အဆိုပါ စက်ရုံကို ၂၀၁၅-၁၆ ခုနှစ်အတွင်းမှာ တည်ဆောက်သွားဖို့ စီစဉ်နေကြောင်း မီးရထားပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။

မီးရထားစက်ခေါင်းစက်ရုံ တည်ဆောက်ရေးအပြင် တစ်နှစ်ကို လူစီးတွဲသစ် ၁၂၀ တွဲလောက် ထုတ်လုပ်နိုင်မယ့် တွဲသစ် တည်ဆောက်ရေးစက်ရုံကိုလည်း မြစ်ငယ်မြို့မှာ တည်ဆောက်ဖို့အတွက် တရုတ်နိုင်ငံ Exam Bank ထံကပဲ ငွေချေးထားကြောင်း သိရပါတယ်။

အဆိုပါ စက်ရုံကြီးများ တည်ဆောက်ပြီးစီးတဲ့အခါ စက်ခေါင်းတည်ဆောက်ရေးလုပ်ငန်း မစတင်မီ တရုတ်နိုင်ငံကနေ ပို့ပေးမယ့် နမူနာ စက်ခေါင်းများအတိုင်း တည်ဆောက်မှာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျား(ကြား)လား… ယုန်(ယုံ)လား

 

.မေလ ၁၉ ။

 

အခုလာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရမယ့် အစိုးရဟာ ဒီမိုကရေစီနိုင်ငံ ၊ ဖက်ဒရယ် နိုင်ငံကို တည်ဆောက်ရမယ့် တာဝန်ရှိတဲ့အတွက် ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် ကိုယ်တိုင်ကိုယ်ကျ ဆန္ဒထွက်ပြမှာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောဆိုလိုက်ပါတယ်။

အခုလာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဘယ်သူပဲ နိုင်နိုင် Whoever Win ဒီမိုကရေစီနိုင်ငံတော်ဖြစ်အောင် တည်ဆောက်ရေး၊ ဖက် ဒရယ်နိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ရေးဟာ အဓိက တာဝန်ဖြစ်ကြောင်း၊ အဲဒီလိုမှ ဖြစ်မလာရင် နောက်အစိုးရကို ဆန္ဒထွက်ပြမယ်လို့ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မေလ ၁၈ ရက်က ရန်ကုန်တိုင်း ၊ အစိုးရအဖွဲ့ရုံးမှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအတွင်း ဝန်ကြီးဦးစိုးသိန်းက အခုလို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ် နိုင်ငံကို တည်ဆောက်ချင်တယ် ဆိုရင် တပ်မတော်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း၊

ဒါ့အပြင် နောက်တက်လာမယ့် အစိုးရ လုပ်ဆောင်နိုင်ရန်အတွက် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ပေးရန် အစိုးရအနေနဲ့ ပြုလုပ်ပေးသင့်ကြောင်း ဝန်ကြီးဦးစိုးသိန်းက ပြောကြားခဲ့ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.ငြိမ်းချမ်းရေးပန်းကလေးနဲ့ ပေါက်တာပါဆိုမှ..… ဘယ်နှဲ့လုပ် ကျည်တွေကျ…

 

.မေလ ၁၉ ။

 

တရုတ်နိုင်ငံထဲကို  မြန်မာဘက်က လက်နက်ကြီး ကျည်များ ကျရောက်နေတာဟာ       . မြန်မာအစိုးရ စစ်ကြောင်းတွေရဲ့ ပစ်ခတ်မှု မဖြစ်နိုင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ငြင်းဆိုလိုက်ပါတယ်။

မေလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ  တရုတ်နိုင်ငံဘက်ခြမ်း နမ်စန်မြို့အတွင်း                           အမြောက်ကျည်ဆန်များ ကျရောက်ကာ ပေါက်ကွဲခဲ့တဲ့အရေးကို ဆွေးနွေးပြောဆိုဖို့အတွက်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ  တရုတ်နိုင်ငံ သံအမတ်ကြီးနဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ်မှာ ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

ရန်သူ့တောင်ကုန်းရဲ့ အနေအထားများ ၊ မြန်မာစစ်တပ်တွေရဲ့ တိုက်ခိုက်မှု အရပ်မျက်နှာအနေအထားများနဲ့ လက်နက်ကြီး ပစ်ခတ်မှုလမ်းကြောင်း အခြေအနေ… အကွာအဝေးများအရ တရုတ်ပြည်အတွင်းကို ကျရောက်လာတဲ့ ကျည်ဆံတွေဟာ မြန်မာအစိုးရရဲ့ စစ်ကြောင်းများမှ ပစ်ခတ်မှု မဖြစ်နိုင်ကြောင်း ငြင်းဆိုလိုက်တာပါ။

ဒါဟာ MNDAA သောင်းကျန်းသူများက နှစ်နိုင်ငံနဲ့ တပ်မတော်နှစ်ရပ်ကြားက ဆက်ဆံရေးကို ထိခိုက်စေဖို့ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်နိုင်တယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

ဒါ့အပြင် ကျည်ကျော်ကျရောက်မှုများ ထပ်မံ မဖြစ်ပွါးအောင် ဆောင်ရွက်ပေးပါ့မယ်လို့ ပြောဆိုလိုက်ပြီး ဆုတ်ခွာသွားတဲ့ ကိုးကန့်တပ်တွေ တရုတ်နိုင်ငံတွင်းကို ဖြတ်သန်းသွားလာမှု မရှိစေရေးလည်း ကြပ်မတ်ပေးဖို့ မြန်မာကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ကတော့ တရုတ်ဘက်ကို မြန်မာဘက်က အမြောက်ဆံတွေ အကြိမ်ကြိမ် ကျရောက်ခဲ့တာကြောင့် တရုတ်လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ပြင်းထန်စွာ ထိခိုက်ကြောင်း ပြန်လည် ပြောဆိုတဲ့အပြင်  တရုတ်နိုင်ငံ အနေနဲ့ ဒီကိစ္စကို အထူးပင် မကျေနပ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် ထိရောက်တဲ့  ဆောက်ရွက်မှုတွေ လုပ်ပေးဖို့အတွက် မြန်မာနိုင်ငံဘက်ကို ပြင်းပြင်းထန်ထန် သတိပေးပြောကြားခဲ့ကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အဆင်သင့် ဖြစ်နေပြီဆိုပေမဲ့ … အဆင်မသင့်နိုင်သေး…

 

.မေလ ၁၈ – ၁၉ ။

.မြန်မာပြည်မှာ မကြာမှီ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲ မတိုင်မီမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး ကျင်းပနိုင်ဖို့အရေး နိုင်ငံရေး ပါတီများက ဝိုင်းဝန်းအားပေးကူညီကြဖို့ သမ္မတဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံရေးပါတီကခေါင်းဆောင်တွေဟာ မေလ ၁၈ ရက် ညနေ ၄ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံပွဲတစ်ရပ်ကျင်းပခဲ့ပြီး                            . ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲလွန်ကာလအတွင်း တိုင်းပြည်တည်ငြိမ်မှုရစေရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်စေရေး ကိစ္စတွေကို ပံ့ပိုးကူညီကြဖို့အတွက် နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်ပေါင်း တရာကျော်ကို ပြောဆိုလိုက်တာပါ။

အဆိုပါ တွေ့ဆုံပွဲကို အစိုးရဝန်ကြီးတွေပါ တက်ရောက်ခဲ့တဲ့အပြင် နိုင်ငံရေးပါတီ ၇၁ ပါတီက ကိုယ်စားလှယ် ၁၃၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲများ အချိန်မီ စတင်နိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို တိုက်တွန်းလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က အဆင်သင့်ဖြစ်ပြီဆိုရင်   တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးဖို့ရာ အစိုးရဘက်ကလည်း အဆင်သင့်ဖြစ်နေပါကြောင်း ပြောဆိုခဲ့ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အမေ့စကား အလေးထား – တရွေ့တအား အပြေးသွား

 

.မေလ ၁၇ ။

၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ နိုင်ငံတည်ငြိမ်မှု ရှိလာဖို့အတွက်               ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲလိုမျိုး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ မကြာခဏကျင်းပဖို့ လိုအပ်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က  အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

.ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ အားကစားကွင်းအတွင်း လူထုနဲ့တွေ့ဆုံစဉ်မှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

.မြန်မာပြည်အတွက် ၂ဝ၁၅ ရွေးကောက်ပွဲဟာ အင်မတန်မှ အရေးကြီးပြီး               အနောက်ဘက်ကို ပြန်ကွေ့မှာလား၊ အရှေ့ကိုပဲ တည့်တည့်ဖြောင့်ဖြောင့် သွားမှာလားဆိုတာကို အဖြေပေးမဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံကြီး တည်ငြိမ်အေးချမ်းစွာနဲ့ တိုးတက်စေချင်တယ်ဆိုရင်တော့ အခုလိုဆွေးနွေးပွဲတွေကို မကြာခဏကျင်းပဖို့လိုအပ်ပါကြောင်းလည်း ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက် NLD ပါတီအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်                   ရှိ၊ မရှိဆိုတာကို ပြည်သူတွေရဲ့ အခြေအနေကိုတွက်ချက်ကြည့်ပြီး ဆုံးဖြတ်မယ်လို့လည်း ပြောပါတယ်။

.ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုတွေအတွင်း … ပုဒ်မ ၅၉ (စ) ဟာ မိမိကို ဦးတည်ပြီး ထည့်သွင်းထားတဲ့ ပုဒ်မဆိုတာ သိနေတာကြောင့် ပြင်ဆင်ပေးဖို့အရေး တောင်းဆိုနေရတာကိုက မျက်နှာပူစရာဖြစ်နေကြောင်းနဲ့   နိုင်ငံရေးအရ ဒါကို ပြင်ဆင်ရမယ်လို့ ပြည်သူတွေက တောင်းဆိုလာတဲ့အခါမှာတော့  အဲဒီ့ပုဒ်မ ပြင်ဆင်နိုင်ဖို့ကို အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အရေးပေါ်အဆင့် – အတွေး မချော်သင့်

.မေလ ၁၆ ။

US နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အရေးပေါ်အဆင့်ကို လက်ရှိသမ္မတ ဘရာ့ခ် အိုဘားမားက နောက်ထပ် တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း သိရပါတယ်။

ဒါဟာ US သမ္မတရဲ့ အိမ်ဖြူတော်ကနေ မေလ ၁၅ ရက် နေ့စွဲနဲ့ ကြေညာလိုက်တာ ဖြစ်ပြီး မြန်မာနိုင်ငံဟာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းမှုတွေကို ဆက်လက်ပြီး အားပေးထောက်ခံ သွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပွါးနေသေးတာကိုတွေ့ရတဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကို အခုလို အရေးပေါ်အဆင့် သက်တမ်း ထပ်တိုးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဘရာ့ခ် အိုဘားမားက အိမ်ဖြူတော် ထုတ်ပြန်ချက်ထဲမှာ ပြောဆိုလိုက်ပါတယ်။

၁၉၉၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ၊ သမ္မတ ဘီလ် ကလင်တန် လက်ထက်ကတည်းက အမိန့်ကြေညာစာ ထုတ်ပြန်ပြီး သတ်မှတ်ထားတဲ့ နှစ်နိုင်ငံဆက်ဆံရေး အရေးပေါ်အဆင့်ဆိုတာကို လက်ရှိသမ္မတ ဘရာ့ခ် အိုဘားမားက နောက်ထပ် တနှစ် သက်တမ်းထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

.မြန်မာပြည်ထဲက တိုင်းရင်းသား လူနည်းစုဒေသတွေနဲ့ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေ… လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် စိုးရိမ်မှု ရှိပါကြောင်း၊   ဒါ့အပြင် … မြန်မာ စစ်ဘက်ဟာ အရပ်သားအစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ မရှိသလောက်ဖြစ်နေပြီး အပြစ်ပေး အရေးယူ မခံရဘဲ လုပ်ဆောင်တာတွေ ဖြစ်နေကြောင်း… စတဲ့အခြေအနေတွေကြောင့် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကို အရေးပေါ်အဆင့်မှာ ဆက်ပြီး သတ်မှတ်သွားဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းလည်း သမ္မတအိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

အခုလို နှစ်နိုင်ငံ ဆက်ဆံရေးကို အရေးပေါ်အဆင့်နဲ့ သက်တမ်းထိုးမြှင့်လိုက်ပေမဲ့ … မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကိုတော့ ဆက်လက် အားပေး ထောက်ခံသွားဖို့ရှိကြောင်းလည်း အိမ်ဖြူတော်ကြေညာချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကုလားအုတ်ကြီး တကိုယ်လုံးဝင် – တဆင့်ချင်းပေါ့ ဖြည်းဖြည်းပင်..

 

.မေလ ၁၄ – ၁၆ ။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တာကြောင့် အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကို နောက်ထပ် ရက်ပေါင်း ၉၀ ထပ်တိုးပေးရေး               သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ထံကို သ၀ဏ်လွှာပေးပို့လိုက်ပါတယ်။

ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စပြီး ရက်ပေါင်း ၉၀ ထိ အရေးပေါ်အခြေအနေ ကြေညာခဲ့တာဟာ မေလ ၁၇ ရက်နေ့မှာဆိုရင် သက်တမ်းကုန်ဆုံးပြီ ဖြစ်ပါတယ်။

အဲဒီနောက် မေလ ၁၆ ရက်နေ့မှာတော့ ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးကို နောက်ထပ် ရက်ပေါင်း ၉၀ တိုးမြှင့်လိုကင်ပြီလို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ဒီအဆိုပြုချက်ကို သဘောမတူသူ မရှိတာကြောင့် နိုင်ငံတော်သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာ တည်တယ်ဆိုတဲ့ အမိန့်အမှတ် – ၁/၂၀၁၅ အရေးပေါ် အခြေအနေ ကြေညာခြင်းကို ထပ်မံပြီး ရက်ပေါင်းကိုးဆယ်အထိ ဆက်လက် အတည်ဖြစ်ရေး  ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ကြေညာလိုက်တာ ဖြစ်ပါတယ်။”

အခုလို ဆုံးဖြတ်ကြေညာချက်ကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဖတ်ကြားခဲ့တာ ဖြစ်ပြီး ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးကို ပြည်ထောင်စုလွှတ်တော်က ထပ်မံ သက်တမ်းတိုးလိုက်တဲ့အတွက် လာမယ့် သြဂုတ်လအထိ လောက်ကိုင်ဒေသဟာ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်သက်မှတ်ထားမှာဖြစ်တဲ့အပြင် စစ်အုပ်ရေးလက်အောက်မှာ ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။

ဒါ့အပြင် ကိုးကန့်ဒေသမှာ တည်ငြိမ်မှုတွေ ပြန်လည် ရရှိလာဖို့ဆိုတာက တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းပေါ်မှာ မူတည်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောဆိုကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.ကြည်ညိုဖွယ်ရာ ဤပြည်သာ

 

.မေလ ၁၅ ။

ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ လက်ပံတောင်းဒေသခံ တောင်သူဒေါ်ခင်ဝင်းရဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက်ဆိုပြီး ရန်ကုန်မြို့က တရုတ်သံရုံးရှေ့မှာ ဆန္ဒပြကြသူတွေထဲက ဖမ်းဆီးတရားစွဲဆိုခံကြရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၆ ဦးကို ထောင်ဒဏ် ၄ နှစ်နဲ့ ၄ လ စီချမှတ်လိုက်ပါတယ်။

ဆန္ဒပြတဲ့အတွက် ဖမ်းဆီးခံရသူ ၆ ဦးကို ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ ၊  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င်  ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်တွေ ချမှန်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ တောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်ကို အမှုမှန် ပေါ်ပေါက်ရေးအပြင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့မှာ လူရာနဲ့ ချီဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ဆန္ဒပြသူတွေကို ထောင်ဒဏ်တွေ ချမှတ်လိုက်တာဟာ  ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်လိုက်တဲ့ မတရားမှုတစ်ခု ဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

လက်ရှိအချိန်မှာ မြန်မာပြည်အနှံ့က အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၁၅၇ ဦးနဲ့ အမှုရင်ဆိုင်နေရသူ ၄၅၃ ဦးရှိနေပြီး အများစုကတော့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ … နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တွေနဲ့ တရားစွဲဆိုခံနေရတာဖြစ်ကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အမှိုက်လည်း သိမ်း – ငွေမိုးလည်း ချိမ်း

.မေလ ၁၄ ။

ရန်ကုန် မြို့တော် စည်ပင်သာယာရေး နယ်နမိတ် အတွင်းမှာ အမှိုက်သိမ်း၊ အမှိုက်သယ်လုပ်ငန်း တွေအတွက် ပုဂ္ဂလိက လုပ်ဆောင်ခွင့် လျှောက်ထားတဲ့ ကုမ္ပဏီ ၇ ခု ထဲကနေ   ပြည်တွင်းကုမ္ပဏီတွေ ဖြစ်တဲ့ Zeya & Associate နဲ့ သြစတြေးလျ အခြေစိုက် မြန်မာလူမျိုးပိုင် TYTC Waste Equipment Pty ,Ltd တို့ကို ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။

အဲ့ဒီနောက် ရွေးချယ်ထားတဲ့ ကုမ္ပဏီတွေဟာ အမှိုက်သိမ်းခ လစဉ်ကြေးတွေကို တိုးမြှင့်ကောက်ခံဖို့ ရှိနေကြောင်းလည်း သိရပါတယ်။

အနိမ့်ဆုံးအနေနဲ့ လစဉ် အမှိုက်သိမ်းခဟာ ကျပ် ၃၀ဝ ဖြစ်ခဲ့ရာကနေ ကျပ် ၁၂၀ဝ အထိ တိုးသွားနိုင်ပြီး ၊ အမြင့်ဆုံး အမှိုက်သိမ်းခ ကျပ် ၆၀ဝ ကိုတော့ ကျပ် ၁၆၀ဝ အထိ တိုးမြှင့်ကောက်ခံမယ်လို့ သိရပါတယ်။

အခုလို ဝန်ဆောင်ဆငွေ တိုးမြှင့်ကောက်ခံခြင်းကို ရန်ကုန်မြို့မှာ နေထိုင်တဲ့ ပြည်သူလူထုအနေနဲ့ သဘောတူ ကျေနပ်မှု ရှိမရှိကိုလည်း တစ်လတိတိ စစ်တမ်းကောက်ယူမှာ ဖြစ်ပြီး အများပြည်သူ သဘောတူညီပါမှ အကောင် အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တွင်းက ထွက်သမျှ အမှိုက်တွေကို လိုင်သာယာမြို့နယ်ရှိ ထိန်ပင် အမိုက်ပုံနဲ့ ဒဂုံမြောက်ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင် အမှိုက်ပုံတွေမှာ စွန့်ပစ်နေတာ ဖြစ်ပြီး
လက်ရှိကာလမှာတော့ အဆိုပါ အမှိုက်ပုံကြီးတွေဟာ အလွန်မြင့်တက်နေပြီးဖြစ်ပါတယ်။

နောက်ထပ် အမှိုက်တွေ စွန့်ပစ်စရာ နေရာလပ် မရှိတော့တာကြောင့် အမှိုက်ဟောင်းတွေကို လျှပ်စစ်ဓါတ် ထုတ်ယူမှုတွေ ပြုလုပ်မယ်လို့လည်း

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မလျှော့ခင်က လျော့ပြီးသားပါ မောင်

 

.မေလ ၁၃ ။

.မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍအတွက် အဓိက အထောက်အပံ့ပေးနေတဲ့ .သြစတြေးလျအစိုးရဟာ ဒီနှစ်အတွက် ထောက်ပံ့မယ့် ဘတ်ဂျက်ငွေပမာဏကို ကြေညာလိုက်ရာမှာတော့ ပုံမှန်ထက် ၄၀ % ထိ လျှော့ချလိုက်ကြောင်း သိရပါတယ်။

.မြန်မာနိုင်ငံအတွက် တစ်နှစ်ကို သန်း ၁၀၀ ဝန်းကျင် ကူညီရာကနေ ၄၀ % ထိ လျှော့ချလိုက်တာ ဖြစ်ပါတယ်။

.သြစတြေးလျဟာ ​မြန်မာနိုင်ငံရဲ့ ​ပညာရေးနဲ့ ​ကျန်းမာရေးမှာ ​အဓိက ​အထောက်အပံ့ပေးနေတာ ​ဖြစ်ပြီး ​အာဖရိက ဒေသတွေကိုလည်း ပေးနေကျ ​အကူအညီ ရဲ့ ၇၀% ​ကို ​လျှော့ချမယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်လာမယ့် ​သုံးနှစ်အတွင်းမှာလည်း ​နိုင်ငံတကာကို ​ပေးနေတဲ့ ​ကူညီထောက်ပံ့ငွေတွေကို ​၃.၇ ​ဘီလီယံထိ ​ထပ်မံ ​လျှော့ချမှာ ဖြစ်ကြောင်း ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အခုလို ​ထောက်ပံ့ငွေ လျှော့ချမှုများကြောင့် ​သန်းနဲ့ချီတဲ့ လူတွေရဲ့ ပညာရေး၊ ​ကျန်းမာရေးတွေကို ​ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ​နိုင်ငံ – စာရင်းဝင်ဖြစ်တဲ့ ​​သြစတြေးလျနိုင်ငံအနေနဲ့ ​ဆင်းရဲတဲ့ ​နိုင်ငံကို ​ပေးနေတဲ့ ​အကူအညီတွေ ​လျှော့ချလိုက်တာဟာ ​ရှက်စရာ ကောင်းကြောင်း နောက်ဆက်တွဲအနေနဲ့ ဝေဖန်မှုတွေ ရှိလာပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.ဒေါ်လာဈေးတက် – ပေါ်တာဈေးကွက်

.မေလ ၁၃ ။

.မြန်မာပြည်တွင်းမှာ လတ်တလော ဖြစ်ပွါးနေတဲ့ ဒေါ်လာဈေးတက်နေတဲ့ အရေးနဲ့ ဘဏ်လုပ်ငန်းတိုးတက်ရေး ကိစ္စတွေကို သမ္မတရုံးဝန်ကြီးများနဲ့ ဗဟိုဘဏ် ဥက္ကဌတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

.မေလ ၁၃ ရက်နေ့မှာ ပြုလုပ်တဲ့ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို သမ္မရုံး ဝန်ကြီးများ ဖြစ်ကြတဲ့ ဝန်ကြီး ဦးစိုးသိန်းအပါအဝင် … အစိုးရ အာဏာပိုင်များ၊                                             စီးပွားကူးသန်း – စီမံစီးပွား ဝန်ကြီးများနဲ့ ဗဟိုဘဏ် ဥက္ကဌတို့အပြင်                    ဘဏ်လုပ်ငန်းရှင်များပါ တက်ရောက်ခဲ့ပါတယ်။

အခုလက်ရှိ မြန်မာပြည်တွင်းမှာ US ဒေါ်လာတန်ဖိုးတွေ တဟုတ်ထိုး မြင့်တက်နေပြီး ၁ ဒေါ်လာ ကို ကျပ် တစ်ထောင်ကျော် ကနေ ၁၁၁၂ ကျပ် အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းကို ဆွေးနွေးကြရာမှာတော့ အစိုးရက အစိုးရဝန်ထမ်းတွေကို လခတိုးပေးမယ့်ကိစ္စများ… အပြင် တချို့ဘဏ်တွေဟာ ဒေါ်လာဈေး ကစားဖို့များ ရှိကြသလားဆိုပြီး ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

အခုလို US ဒေါ်လာဈေးနှုန်း မြင့်တက်လာတာကို ထိန်းချုပ်နိုင်ဖို့ ဆိုရင် ဗဟိုဘဏ် အနေနဲ့ သင့်လျော်တဲ့ ဒေါ်လာငွေ ပမာဏ သုံးစွဲခွင့် ပေးဖို့လည်း လိုအပ်တယ်လို့ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

သတိ – အကြမ်းဖက်မှု ရပ်တန့်ရေး ဆန္ဒပြစဉ် အကြမ်းဖက် ဖြိုခွဲခံရနိုင်သည်။

.မေလ ၁၃ ။

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့က အမျိုးသမီး ၃၀၀ ကျော်လောက်ဟာ                   “အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး” အတွက် မေလ ၁၃ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

အခုလို ဆန္ဒပြကြရတဲ့အကြောင်းရင်းကတော့ အမျိုးသမီးတွေရဲ့ဘဝ လုံခြုံမှုမရှိတဲ့အတွက် ဖြစ်ပါကြောင်း ဆန္ဒပြတောင်းဆိုသူတွေက ဆိုပါတယ်။

ဒါ့အပြင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင်းက အသက် ၇၃ နှစ်ရွယ်အဖွားအိုတစ်ဦးကို လက်နက်ကိုင် တပ်ဖွဲ့တစ်ခုရဲ့ တပ်သားတစ်ယောက်က မုဒိန်းကျင့်ပြီး သတ်ဖြတ်ဖို့ .ကြိုးစားခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွါးခဲ့ပါတယ်။

အဆိုပါ အမှုကို အရပ်ဘက် တရားရုံးကိုလွှဲပေးဖို့အတွက် တောင်းဆို ဆန္ဒထုတ်ဖော်ခြင်းလည်း ဖြစ်ကြောင်း သိရပါတယ်။

ဆန္ဒထုတ်ဖော်တဲ့ အမျိုးသမီးတွေဟာ အသက် ၇၃ နှစ်အရွယ်ရှိတဲ့ အဖွားအိုတောင်မှ လုံခြုံမှုမရှိတော့ဘူးလို့ ပြောဆိုနေကြပြီး ၊ အမျိုးသမီးတွေရဲ့ဘဝ လုံခြုံမှုရှိဖို့အတွက် ဆန္ဒထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။

မိုးမောက်၊ မန်စီ၊ ဗန်းမော်…စတဲ့ ဒေသတွင်းက အဆိုပါ အမျိုးသမီး ၃၀၀လောက်ဟာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ရပ်တန့် ရေး ၊အဓမ္မပြုကျင့်မှုတွေ ရပ်တန့်ရေး … စတဲ့ ပိုစတာတွေကို ကိုင်ပြီး  .မြို့ကို လှည့်ပတ်ကာ ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

US ပွဲသဘင် – အတူတက် နွှဲဆင်

 

US ၊ ဝေဠုဝန်တောရကျောင်းမှာ သင်္ကြန်ပွဲ ၊ သက်ကြီးပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။

ကျေင်းတိုက်တည်ရှိရာ 1044 Garvin Lane , Bowling Green, KY 4210 မှာ မေလ (၃၀) ရက် စနေနေ့မနက် နံနက် (၉း၀၀) မှာ စတင်ကျင်းပမှာ ဖြစ်တဲ့အတွက် ဓမ္မမိတ်ဆွေသူတော်စင်များ ပါဝင်ဆင်နွဲကြပါလို့ ဖိတ်ကြားအပ်ပါတယ်။

အသေးစိတ်သိလိုသူများ ဆက်သွယ်ရမှာကတော့

The Presiding Monk & Burma Nationals Buddhist Association  ဖုန်း (270) 421 -0894 ၊ (270) 535-5527 ၊ (270) 784-1109 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကယ်လီဖိုးနီးယား မြောက်ပိုင်းရှိ မြန်မာမိသားစု အမြောက်အများနေထိုင်ရာ ဆန်ဖရန်စစ္စကိုရဲ့ ၂၀၁၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို မေလ ၂၄ ရက်၊ တနင်္ဂနွေနေ့ မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပမယ်လို့ သိရပါတယ်။

US မှာ Memorial Day ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတဲ့ စနေ၊ တနင်္ဂနွေနဲ့ တနင်္လာ သုံးရက် ဆက်တိုက် ပိတ်တဲ့ အချိန်ကာလမှာပဲ သင်္ကြန်ပွဲ ပြုလုပ်ခြင်း ဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကို သင်္ကြန်ပွဲတော်မှာ မြန်မာအစားအသောက်မျိုးစုံ ရောင်းချမယ့် ဆိုင်တွေ ဖွင့်လှစ်ထားမယ့်အပြင် သင်္ကြန်အက၊ သင်္ကြန်အလှ ဖျော်ဖြေတင်ဆက်မှုများအဖြစ်                ယဉ်ကျေးမှုစုံ ဖက်ရှင်ပြပွဲကိုလည်း ထည့်သွင်း ကျင်းပဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

ရိုးရာယဉ်ကျေးမှု တစ်ခုခုကို ကိုယ်စားပြုပြီး ဖက်ရှင်အလှ ပြသလိုသူများအနေနဲ့လည်း           ဆက်သွယ် စာရင်းပေးနိုင်ပါတယ်။ အဲဒီလို စာရင်းပေးပြီးနောက်မှာတော့ ပွဲတော်မတိုင်မီ

.မေလ ၂၃ ရက်၊ စနေနေ့ ညနေ ၃ နာရီမှာ အစမ်းလေ့ကျင့်ပွဲကို မပျက်မကွက် တက်ရောက်ရမယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ပျော်ရွှင်စရာ ကစားနည်းများ ၊ ရင်ခုန်စရာကံစမ်းမဲ အစီးအစဉ်များလည်း ပါဝင်ဦးမယ့် ဒီရေကစားပွဲဟာဖြင့် ကြွရောက်ဆင်နွှဲမယ့် မြန်မာများ စိတ်အပန်းပြေပြီး ပျော်ရွှင်စေမှာ ဖြစ်ပါတယ်။

အဆိုပါ ဆန်ဖရန်စစ္စကိုနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဝင်ကြေးမရှိ အခမဲ့ ကြွရောက် ဆင်နွှဲနိုင်ပါကြောင်း သတင်းကောင်းလိုက်ရပါတယ်။

သင်္ကြန်ပွဲတော်ကျင်းပမယ့် နေရာကတော့ Kennedy Park, 1333 De c o t o Rd, Union City, CA94587 ဖြစ်ကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာ ကွန်မြူနီတီနှင့် ယဉ်ကျေးမှုစင်တာမှာ ၂၀၁၅ မြန်မာတို့ရဲ့ အတာသင်္ကြန်ပွဲတော်ကြီး ကျင်းပဦးမယ်လို့ သိရပါတယ်။

အဆိုပါ ပွဲတော်ကို မေလ ၂၄ ရက် ၊တနင်္ဂနွေနေ့မနက် ၁၀ နာရီမှာ စတင် ကျင်းပမှာ ဖြစ်တဲ့အတွက် ပွဲတော် ကျင်းပမယ့်နေရာ Kennedy Park, 1333 Decoto Rd, Union City , CA 94587 ကို ကြွရောက် ပါဝင် ဆင်နွှဲနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ နော့သ်ကာရိုလိုင်းနားပြည်နယ်၊ ဓမ္မဗိမာန်ကျောင်းတိုက်မှာလည်း မြန်မာနှစ်ကူးအတာသင်္ကြန်ပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။

ပွဲတော်ကို ကျောင်းတိုက်တည်ရှိရာ 6612 Brass Rd, Jamestown, NC 27282 မှာ မေလ (၂၄)ရက်နေ့ မနက် ၁၀ နာရီမှာပဲ ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာမိတ်ဆွေများအနေနဲ့ နှစ်သစ်ဦး ကုသိုလ်မင်္ဂလာများ ပါဝင်နိုင်စေဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ပွဲတော်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုသူများကတော့ ဖုန်း – 336 – 882-5012 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဒေးလီးစီးတီးမြို့ ၊

Theravada Dhamma Society, 699 Serramonte Blvd. # Daly City, CA 94015 မှာ ဆရာတော် ဦးဃောသိတာ ဘိဝံသကနေပြီးတော့ ထေရဝါဒ ဓမ္မတရားတော် သင်တန်းတွေကို ပို့ချ သင်ကြားပေးနေပါတယ်။

ဓမ္မသင်တန်းတွေကို ဇွန်လ (၂) ရက်နေ့အထိ နေ့စဉ် ည(၇)နာရီမှာ သင်ကြားပို့ချပေးနေတာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများအနေနဲ့ မည်သူမဆို တက်ရောက် နာယူ သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း – (၆၅၀) ၉၉၃ ၈၇၇၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

 

အောင်ဇေ

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 613 post in this Website..

ဗလာ