မတ်လ ၂၉ ရက်နေ့မှာ  NLD  ဗဟိုကော်မတီအဖွဲ့ဝင်တွေ ပါတီမှတ်ပုံတင်ဖို့/မတင်ဖို့၊ ရွေးကောက်ပွဲ ၀င်/မ၀င် ဆွေးနွေးဆုံးဖြတ်ကြမယ်လို့ သိရပါတယ်။ ကျွန်တော်တို့လူငယ်အမြင်နဲ့ ပြောချင်တာ တခုကတော့၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဝင်စဉ်အခါကလည်း ဦးတင်ဦးနဲ့ အန်တီစုကို ပါတီကထုတ်ပယ်ပြီးမှ ရွေးကောက်ပွဲဝင်ကြရတာ၊ အဲဒီအချိန် နိုင်ခဲ့တုန်းကလည်း အန်တီစုဟာ ရွေးချယ်ခံကိုယ်စားလှယ်မဟုတ်ပါဘူး၊ အလားတူ ဦးဝင်းတင် ဟာလည်း ရွေးချယ်ခံကိုယ်စားလှယ်မဟုတ်ပါဘူး၊ ရွေးကောက်ပွဲဥပဒေထဲမှာ ထောင်ကျနေသူများလို့ဆိုတဲ့အတွက် လက်ရှိထောင်ထဲမှာ ပြစ်ဒဏ်ခံနေရသူများသာ အကျုံးဝင်ပြီး ထောင်ကလွတ်တဲ့လူတွေနဲ့ မပတ်သက်နိုင်ဘူးဟု ယူဆရပါတယ်၊ အန်တီစုလည်း ထောင်ကလွတ်လာရင် ပါတီထဲပြန်ဝင်လို့ရတာပဲမဟုတ်လား၊ အခု ဦးဝင်းတင်တို့ သဘောထားက ရွေးကောက်ပွဲမ၀င်ဘူးပြောနေတော့ သူကိုယ်တိုင်ဝင်အရွေးခံရင်လည်း အသက်အရွယ်နဲ့နိုင်မဲ့ အခြေအနေမရှိတော့၊ သူ့နောက်လိုက် သူ့သဘောထားကို လက်ခံတဲ့လူကလည်း မြန်မာတစ်ပြည်လုံးအတိုင်းအတာ မပြောနဲ့ ရန်ကုန်မြို့မှာတောင် လူ (၁၀၀၀) ရှိမယ် မထင်ဘူးဆိုတော့ ၀င်ရွေးလို့ရှုံးမဲ့အတူတူ ကိုယ့်ကိုယ်ကို သိက္ခာဆယ်တဲ့အနေနဲ့ ၀င်အရွေးမခံဘူးပြောနေတာပေါ့၊ ရွေးကောက်ပွဲမ၀င်လိုပါဟု ပြောနေတဲ့လူအားလုံးကို စိစစ်ကြည့်ရင် အသက် (၇၀)ကျော်တွေချည်းပဲ၊ ဒီလိုအသက်ကြီးလူတွေ အရွေးချယ်ခံယှဉ်ပြိုင်ဖို့အတွက် တော်တော်လေး လှုပ်ရှားရုန်းကန်ရမှာ၊ သာမန်ပုံစံမျိုးနဲ့တော့ ရနိုင်မယ်မထင်ဘူး။ ဒီတော့ အများကြားလို့ကောင်းအောင် ရွေးကောက်ပွဲမ၀င်ဘူး အော်နေတာပါ။

ကျွန်တော်တို့လူငယ်တွေက ရှေ့ဆက်လုပ်ရမဲ့လုပ်ငန်းတွေရှိသေးတယ်၊ အခြားသူတွေနဲ့ ယှဉ်နိုင်တယ်၊ ဖြစ်နိုင်တယ်ဆိုတဲ့လူတွေ ၀င်အရွေးခံမှာပေါ့၊ ဒါမှ လွှတ်တော်ထဲမှာ ၇၅% ကိုယ်စားလှယ်စာရင်းထဲမှာ ကိုယ်ပါဝင်မှ ကိုယ်တိုင်ဖန်တီးနိုင်မှာပေါ့၊ ကိုယ်တိုင်ဥပဒေရေးဆွဲတဲ့အခါမှာ တင်ပြပါဝင်နိုင်မှာပေါ့၊ အမျိုးသားညီလာခံခေါ်ယူပြီး ဥပဒေမူကြမ်းရေးဆွဲစဉ်က ကျွန်တော်တို့ကိုယ်တိုင် သဘောမတူလက်မခံလို့ အမျိုးသားညီလာခံက နှုတ်ထွက်ခဲ့ကြပြီးပြီပဲ၊ ဥပဒေရေးဆွဲတဲ့အထဲ မပါဝင်လို့ ကန့်ကွက်တယ်ဆိုပြီးပြောနေရင် ဘေးထိုင်ဘုပြောနေတာနဲ့ အတူတူပဲ၊ ကိုယ်ပါဝင်မှ ကိုယ်ဖန်တီးလို့ရမှာပေါ့၊ မပါဝင်ဘဲနဲ့ ပါးစပ်နဲ့ပြောနေလို့ အလုပ်ဖြစ်မှာမဟုတ်ဘူး၊ အင်ဒိုနီးရှားမှာလည်း ဒီမိုကရေစီကို စတင်ပြောင်းစဉ်က စစ်တပ်က ၂၅% ပါတာပဲ၊ နောက်ပိုင်းမှာ ဖွဲ့စည်းပုံဥပဒေပြန်လည်သုံးသပ်ပြင်ဆင်ပြီး တဖြည်းဖြည်းနဲ့ စစ်တပ်ကလွှတ်တော်ကိုယ်စားလှယ်ထဲမှာ မပါသလောက်ဖြစ်သွားပြီ။ ဒါကိုနမူနာ ယူသင့်တယ်လို့ ထင်တယ်။

ဦးသုဝေတို့ ဒီမိုကရက်တစ်ပါတီကတော့ ရွေးကောက်ပွဲဝင်မယ်၊ လွှတ်တော်ထဲရောက်ရင် ဥပဒေတွေ ပြင်မယ်ဆိုပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပြီ၊ ကျွန်တော်တို့ အန်အယ်လ်ဒီပါတီက ငြင်းခုန်ရင်းနဲ့ ဘေးထိုင်ဘုပြော၊ အလုပ်မဖြစ်ဘဲ နာမည်ကြီးထမင်းငတ်တော့ အဖြစ်မခံလိုဘူဗျာ။၊ ကျွန်တော်တို့သေချာပေါက်နိုင်မဲ့ နယ်မြေမှာ ၀င်အရွေးခံပြီး တူရာစုပြီး မဟာမိတ်ဖွဲ့ပြီး လွှတ်တော်မှာတရားဝင်ပြောဆိုဆွေးနွေးခွင့်ရအောင် ဆောင်ရွက်ရမှာပဲ၊ ရွှေတူးတဲ့လူတွေ ရွှေတစ်မျိုးတည်းရတာမဟုတ်ပါဘူး၊ ငွေ၊ သွပ်၊ သံ၊ သတ္တုတွေရောပါကြတာပဲ၊ ဒါတွေကို တဖြည်းဖြည်းသန့်စင်လိုက်မှ ရွှေဆိုတဲ့ သန့်စင်သတ္တုကို နောက်ဆုံးရောက်လာတာပါ။ စတူးတုံးကတည်းက ရွှေမှာအရောအနှောတွေပါလို့ မယူတော့ဘူးဆိုရင် အဲ့ဒီအရောအနှော မြေစာတွေလာကျူံးယူမဲ့လူတွေက အဆင်သင့် စောင့်နေကြတာပါ။ နည်းစနစ်ကောင်းကောင်းနဲ့ စနစ်တကျ သန့်စင်မယ်ဆိုရင် အရောအနှောတွေပါတဲ့ ရွှေသတ္တုဟာ အချိန်တိုအတွင်း သန့်စင်တဲ့ ရွှေဖြစ်သွားမှာပါ။ ဒါတောင်မှ ၉၉.၉၉% ပဲ ရမှာပါ။ ၁၀၀% မရပါဘူး၊ ကျွန်တော်တို့ အန်အယ်လ်ဒီက ၇၀ ကျော် အတွေ့အကြုံကြွယ်ဝသူများ သတိမထားမိတာကလေးကို ဖော်ပြရတာပါ။ လူငယ်ဆိုတော့ စမ်းကြည့်ချင်တယ်၊ ၀င်မပြိုင်နိုင်စရာအကြောင်းမရှိတော့၊ ၀င်ပြိုင်မှ နိုင်တယ်/ရှုံးတယ်ဆိုတဲ့ အဖြေထွက်လာမှာပါ။ ကျွန်တော်တို့လူငယ်တွေကတော့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ပဲ အားသန်နေကြကြောင်းပါ။

About koaung

aung thu has written 9 post in this Website..

ဝါသနာအရစမ်းသပ်ရေးကြည့်တာပါ