ကြာတော့သည်လည်း ပြောင့်စကား

Kyi LwinFebruary 4, 20161min780

မင်္ဂလာပါ ။

မြန်ဂေဇက်ရွာသူကြီးနဲ့တကွ ရွာသူရွာသားအားလုံးကျန်းခန့်သာလို့ မာကြရဲ့နော။

တမြန်နေ့ဆီက နေပူတော်က စာတစောင်ရောက်လာလို့ဖတ်မိပါတယ်။

သူကြီး ကိုယ့်တူလည်း ကိုယ်အကွပ်အညပ်လုပ်ထားအုံးတော့။

ပြောချင်ရာတွေပြော ၊ဆိုချင်ရာတွေဆိုနဲ့ သူကြီးမျက်နှာအိုးမည်းသုတ်နေလေရဲ့။

သူကြီးတူ ပြောင်ကြီးကတော့ အတော်ပြောင်ပါပေတယ်နော်။

အတိတ်မေ့ရောဂါများဖြစ်နေလေသလားထင်ရဲ့။

သူ့ညီတော်မောင်တစ်ကောင် သွားပြတဲ့ ခြင်္သေ့ဆေးရုံတော်ကြီးဆီသွားပြခိုင်းရကောင်းလေမလား။

အဲလေ ပြချင်မယ်မထင်ပါဘူး။ ဟိုတကောင်လို ဆန့်ဆန့်ကြီးပြန်လာရမှာကြောက်မှာပ။

ဘာတဲ့ …လွန်ခဲ့တဲ့ ၄ /၅ လလောက်ကတော့ ဒီတခါ ရွာပြန်ရင် ဆိုင်းထမ်းနဲ့ ရောင်းရ ရောင်းရ မုန့်ဟင်းခါးပဲရောင်းစားမယ်လေး..။ စိုုက်ခင်းထဲပဲ သရက်သီးအဆွတ်လိုက်တော့မယ်လေး..။ နွားနို့ပဲ အခစားညှစ်တော့မယ်လေးနဲ့ ..ခုတော့ ရွာ့အနောက်ပိုင်း ထတော (ထန်းတော) မှာ ခွက်ကပ်သောက်ပြီး အမြည်းအတွက် တောထဲ ဖွတ်လိုက်တော့မယ်ဆိုပါလား….။

အကြံကြီးကြံ ၊ အလုပ်ကြီးလုပ်ရှာပါပေရဲ့တော်။

ဟိုကနေလည်း ပုဆိုးမနိုင် ပုဝါမနိုင်နဲ့ ပြေးလွှားလာလိုက်ရတာ အတော်မောနေတာတောင် အပြောကတော့ မလျော့ဘူးတော်ရေ့.။

ဘာတဲ့ … ဒီတောမှာ  ဒီတခါတော့ ငါ့လက်နဲ့ ဖမ်းတဲ့  ဖွတ်ထွက်မပြေးသာဘူးဆိုပဲ။ အားကြိုးမာန်တက်ပါပဲ။ အပြောနဲ့အလုပ် အအုပ်အခံမိပါစေလို့ ဆုတောင်းပါရဲ့တော်..။

ကိုယ့်အသက်တောင် ကိုယ်မနည်းရှူနေသူက ကိုယ့်နှလုံးခုန်သံတောင် ကိုယ်လန့်နေတဲ့သူက ပြောလိုက်တဲ့စကား အကြွားလုံးတစ်ထောင်ပါလား။

မြို့တက်သွားတုန်းကတော့ မတုန်မလှုပ် ခပ်ကုတ်ကုတ်နဲ့မို့ တော်လှထင်မိပ။ သူ့အနီးနားဆွေမျိုးများကတော့ တော်တယ်ပြောကြမှာပေါ့တော့်။ သူတို့လုပ်သမျှ ပါးစပ်ကြီးပိတ် ငြိမ်ကုတ်နေတာကိုး ။တကယ့်တကယ်တော့ ဘာအလုပ်မှ ဟုတ်တိပတ်တိမလုပ်ချင်။ဘာပြောလိုက်ပြောလိုက် ရေငုံနှုတ်ပိတ် ခပ်မဆိတ်ပဲ။

ဒါလောက်မှတော့ ဘာမှဖြစ်မလာမှတော့ မြို့ကနေ ဖွတ်ပြေးပြေးလာရတာတောင်နည်းသေးတယ်။ စိတ်ပျက်စရာပါသူကြီးရယ်။သူကြီးလည်း တူအမှတ် မှတ်မနေပါနဲ့တော့။ ကြာရင်သူကြီးပါ နာမည်ပျက်မယ်။  ကျုပ်တို့က ရပ်ဆွေရပ်မျိုးဆိုတော့ ပြောရေးရှိကပြောအပ်လို့သာပါတော်။

အဲဒီရပ်ကွက်က ကြောင်ရိုက်မနာတွေအများသားလား ဒါကြောင့်လည်း သူတို့ချင်း စုမိ ပေါင်းမိကြပေတာပေါ့။ ဟို အနောက်ပိုင်းက မိကြိုင်တို့ ငရွှေတို့လည်း အတူတူပဲ။ ဟော ..သူတို့တဲအနောက်နားကပ်နေတဲ့ သမတလူကြမ်းအဖွဲ့ထဲလိုက်ပြီးရိုက်စားလုပ်နေတဲ့ ငလှိုင်တို့ ရော ဘာထူးလို့လဲ။ ပြောလည်း ကြောင်တောင်ကြည့်နေတတ်တဲ့ ကောင်တွေပဲ။

သူကြီးကတော့ ရပ်ရွာထဲ လူရိုသေ ရှင်ရိုသေ မို့ ရေးလိုက်ရတာပဲ။

ပြောင်ကြီးက ကြောင်တာလား ။ ပြောင်တာလား ။ မပြောတတ်အောင်ပါပဲတော်။

သူကြီးလည်း ကျန်းမာပါစေ။

မြန်ဂေဇက်ရွာက

မိအေး။

( နာမည်အရင်းမတင်ရဲလို့ )