“ရတနာသုံးပါးကို ကိုးကွယ်ရာလို့ ဗုဒ္ဓက ချမှတ်ခဲ့ပြီးသည့်နောက် အနန္တောအနန္တငါးပါးကို ထပ်ထည့်လာတယ်။ ဘယ်သူတွေထည့်လဲဆိုရင် ဖြူးဆရာတော်ကြီးစကားနဲ့ ပြောရရင်တော့ ၀ါဇိတ်-ဂါဆရိုင်းတွေကထပ်ထည့်လာတယ်။ ဂိုဏ်းဆရာတွေ –။ သူတို့က ရတနာသုံးပါးနဲ့ တန်းတူနေရာလိုချင်တယ်။ ရတနာသုံးပါးကို သူတို့ဝင်လို့မရဘူး။ ဒါဆို ငါတို့ ရတနာငါးပါးဆိုလဲ ကြည့်မကောင်းဘူး။ လုပ်ကြစို့ဟေ့အနန္တောအနန္တငါးပါး ဆိုပြီးတော့။ သူတို့စင်ပေါ်ရောက်ချင်တာနဲ့ မိဘကိုပါဆွဲထည့်တော့ မိဘပါ ပါလာတယ်။ အဲဒါ အနန္တောအနန္တငါးပါး ဖြစ်လာတာ။” – မေတ္တာရှင်(ရွှေပြည်သာ)

မဟာဆရာ ဗြဟ္မဏ
လူသားဟူသည် မွေးဖွားလာသည်နှင့် ပညာကြိုးအကုန်အလိုလို တတ်ကျွမ်းနားလည်နေနိုင်ခြင်းမရှိ၊ လေ့လာဆန်းစစ်သင်ပေး/သင်ယူကြရသည်။ ရှေးအိန္ဒိယအခါကမူ မဟာဆရာတန်းဝင် ဗြဟ္မဏ တို့သည် လူ့ဘ၀ရေးရာကို နိမိတ်ဖတ်၊လမ်းညွှန်သည်။ ဝေဒ၊ ဗေဒင်တို့ဖြင့် မင်းနှင့်အုပ်ချုပ်သူများကို လွှမ်းမိုးချုပ်ကိုင်နိုင်သည်။ သို့နှင့်အမြတ်ဆုံးဇာတိနွယ်ဖြစ်ကာ ပူဇော်မှုအထူထူးကို ခံယူကြရပေသည်။

ခေတ်တို့ပြောင်းခဲ့သောအခါ လူသားတို့တွင် ပညာ/ဆရာစုံခဲ့သည်။ အတန်းပညာကိုစနစ်တကျသင်ကြားပေးသော မူကြိုမှသည် ကောလိပ်၊ တက္ကသိုလ်ကျောင်းကြီးများရှိလာသည်။ အားကစား၊ အနုပညာ၊ အသက်မွေးမှုအတတ်ပညာတို့အတွက် လိုင်စင်ပေးကျောင်းများ၊ သင်တန်းများရှိလာသည်။ ဆရာတို့ကို ထိုသင်တန်း၊ကျောင်း၊တက္ကသိုလ်များကတာဝန်ခံ၍ အခ၊လစာငွေကြေးပေးကာ ကျောင်းသားများအား သင်ကြားစေသည်။ သို့ဆိုသော် ယခုခေတ်ကာလတွင် ဆရာဆိုတိုင်း အနန္တောအနန္တ ခေါင်းစဉ်ကိုငှားတပ်၍ ဆပ်မကုန်ကျေးဇူးရှင်ကြီးများနေရာမရှိသင့်တော့ပေ။
အနန္တောအနန္တ ခေါင်းစဉ်သည် လူသားအချင်းချင်းအခွင့်တူညီမျှမှုကို ချေဖျက်လိုက်ကာ ဆရာတို့အား ပြန်လှန်မော်ကြည့် ထောက်ပြဆွေးနွေးမှုမပြုရဲ မပြုဝံ့သော တပည့်မျိုးဆက်များအားမွေးလာလိမ့်မည်။ အဆိုပါကျောင်းသားများသည် ကျောင်းတက္ကသိုလ်များက ထွက်လာကြသောအခါ နိုင်ငံရေး လူမှုရေးနယ်ပယ်အသီးသီးတွင် မာန်အပြည်နှင့် ခေါင်းမော့ဝင်ဆန့်ရန်ခက်ခဲသွားလိမ့်မည်။

ဆရာ၊တပည့်ဟူသည် ထိုက်သင့်သောလစာငွေကြေးယူကာ သင်ကြားရေးအလုပ်လုပ်နေသူနှင့် သင်ကြားနေသူ ကိုယ်စီအကျိုးစီးပွားအတွက် အလုပ်လုပ်နေသူများသာဖြစ်ရပေမည်။
ထိုအခြေခံတရားမှသည် မိမိအထက်အရာရှိသည်လည်းကောင်း၊ နိုင်ငံရေးသမားသည်လည်းကောင်း၊ ၀န်ကြီးသည်လည်းကောင်း၊ လွှတ်တော်အမတ်သည်၎င်း။ ယုတ်စွအဆုံး နိုင်ငံတော်သမ္မတသည်၎င်းကိုယ့်အလုပ်ကိုယ်လုပ်နေကြသည့် သူများအဖြစ်မြင်သာလာမည်။ ထိုမှ လူလူချင်းဆက်ဆံရေးတွင် မိမိကိုယ်တိုင်ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုဆက်ဆံရဲလာမည်ဖြစ်သည်။ အောင်မြင်ခြင်းတွင် ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုရှိခြင်းသည်သာ အဓိကမဟုတ်လော။ လူမှုဆက်ဆံရေးတွင် တွန်းတင်ခြင်းလည်းမရှိ၊ ဆွဲချခြင်းလည်းမပြု ဖားခြင်းလည်းမမြည်၊ ကြပ်ပေးခြင်းလည်းမတည်သည့်ပုဂ္ဂလိကခံစားချက်မပါသည့် ဆက်ဆံရေးပြုရမည်။

ပုဗ္ဗာစရိယ မိနဲ့ဘ
မိဘများကို ဆုပ်ကိုင်နှိပ်နယ် ကိုယ်ထိလက်ရောက်ကူညီခြင်း၊ ငွေကြေးဥစ္စာဖြင့်ထောက်ပံ့ကျေးဇူးဆပ်ခြင်းထက် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတရားများ တည်လာအောင်၊ စိတ်ဓါတ်ရေးရာအရ မှန်ကန်သောလမ်းသို့ရောက်အောင်တည့်မတ်ဆောင်ကျဉ်းပေးခြင်းသည်သာ ကောင်းမွန်မှန်ကန်သောကျေးဇူးဆပ်ခြင်းဖြစ်သည်ဟု ဗုဒ္ဓကမိန့်ခဲ့သည်။ (အင်္ဂတ္တရနိကာယ်၊ ဒုကနိပါတ်၊ သမစိတ္တ၀ဂ်၊ ) ထိုဗုဒ္ဓတရားကို ကျော်လွန်၍ အနန္တောအနန္တ ငါးပါးဝင်တို့အား ကျေးဇူးဆပ်၍မကုန်နိုင် ကျေးဇူးချေဖို့ ရန်မဖြစ်နိုင်ဟု အဓိပ္ပါယ်ထွက်သွားခြင်းသည် မသင့်လျှော်ပေ၊ ထိုမှသည် ဗုဒ္ဓကိုယ်တော်တိုင်ကိုပင် “မိခင်ကျေးဇူး နို့တလုံးဖိုးစာပင်မကျေ “ဟူသော အလွန်အကျွံဖွဲ့ဆိုမှုများတွင် မြန်မာတို့နစ်တော့သည်။
သားသမီးဟူသည် မိဘမှ မိခင်သဘာဝအလိုတော်အရ မွေးဖွားလာသော မျိုးဆက်သာလျှင်ဖြစ်သည်။ သားသမီးသည် “ကျွေးမွေးမပျက်
ဆောင်ရွက်စီမံ။ မွေခံထိုက်စေ။ လှူမျှဝေ၍။ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ” တာဝန်ကျေလျှင် အိုကေပါမည်။

လူငယ်ဟူသည် အသက်၁၆မှ၂၀ နှစ်တွင် လွတ်လပ်သော လူသားတဦးအဖြစ်ရောက်သင့်လေပြီ။ မိဘ၏အုပ်ထိန်းမှုအောက်မှ တရားဝင်လွတ်မြောက်၍ မိမိအမှုကိုမိမိတာဝန်ခံကြရမည်။ အရက်ဝယ်နိုင်ပြီ၊ ကားမောင်းနိုင်ပြီ။ သီးခြားအိုးအိမ်ထူထောင်နိုင်ပြီ။ မဲပေးနိုင်ပြီ၊ ကိုယ်ကတခြားသူကိုပင်တာဝန်ယူ/တာဝန်ခံနိုင်သော လူကြီးဖြစ်ပေပြီ။ အမေရိကားတွင် အစိုးရအလုပ်၊ ပုဂ္ဂလိကလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဖြည့်ရသည့်စာရွက်စာတမ်းများ၌ မိဘအမည်ကိုမေးမြန်းခြင်းမရှိ၊ ဖြည့်ရန်မလိုပါချေ။
ထိုသို့ ရင့်ကျက်လွတ်လပ်သူအဖြစ်ရောက်သောနေ့(နှစ်)အားအထိမ်းအမှတ်ပွဲပြုကြသည့်နိုင်ငံများလည်းရှိသည်။ အထူးသဖြင့် ထိုဓလေ့အကျင့်ကို ပြုသည်များတွင် ကမ္ဘာအောင်မြင်နေသောနိုင်ငံကြီးများဖြစ်သည့် ဂျာမဏီ၊ စပိန်၊ ဂျပန် တို့လည်းပါသည်။ထိုဓလေ့အကျင့်ကို လောကီလူမှုရေးနယ်တွင် မြန်မာတို့ မွေးစားယူကာ အထိမ်းအမှတ်အခန်းအနား Coming of age တနေ့တရက်သတ်မှတ်လုပ်သင့်သည်။ ထိုရက်မှသည်သားသမီးပေါ်တည်းထားသော နှောင်ကြိုးတို့ကို တရားဝင် ဖြည်လွှတ်ပေးသင့်သည်။
ထိုသဘောအရကောက်ပါလျှင် ၂၀၀၈ မြန်မာ့အခြေခံဥပဒေအထိထည့်သွင်းလာသော မိဘနှင့်သားသမီးဆက်ဆံရေးနှင့် တာဝန်ခံတာဝန်ယူခြင်းဆက်သွယ်မှု၊ ထိုမှလွန်ကဲ၍ သားသမီး၏ ဇနီးခင်ပွန်းအထိနိုင်ငံသားဖြစ်တည်မှုကိုပင် ပတ်သက်စွက်ဖက်ထားသော ၂၀၀၈ အခြေခံဥပဒေ ၅၉(စ)အပိုဒ်ဟူသည် ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်ထားသော လူ့အခွင့်အရေးကြေငြာစာတန်းအပါအ၀င် (ဟိန္ဒူသာသနာမှလွဲသော) ကမ္ဘာ့ဘာသာသာသနာကြီးများ၏ အနှစ်သာရကို ချိုးဖောက်နေသည်မှာထင်ရှားပါ၏။

Caste ဇတ်စံနစ်
အိန္ဒိယ၏ ဟိန္ဒူသာသနာတွင် ဇတ်ခွဲစနစ်သည်လွန်ခဲ့သော နှစ်ထောင်ချီကထဲက အမြစ်တွယ်ခဲ့သည်။ လူတို့အား ပုဏ္ဏားမျိုး (ဗြဟ္မဏ)၊ မင်းမျိုး(ခတ္တိယ)၊ ကုန်သည်မျိုး(ဝေဿ)။ သုဒ္ဓ (ဆင်းရဲသားမျိုး) အဖြစ် မွေးရာပါအသားအရောင်မျိုးရိုးဇာတိအရ အမျိုးဇတ်ခွဲခြင်းရှိခဲ့ဖူးလေသည်။ နှစ်ထောင်ချီသမိုင်းအဆက်ဆက် ဂျိန်းမဟာဝီရ၊ ဗုဒ္ဓ၊ အစ္စလမ်သာသနာ၊ အင်္ဂလိပ်ကိုလိုနီ နှင့် အခြေခံဥပဒေထဲတွင်ပင်ထည့်သွင်း၍ ဇတ်စနစ်အား ချေဖျက်ရန်ကြိုးစားခဲ့သော်ငြား ပျောက်ကွယ်သွားခြင်းမရှိမူပဲ သူတို့၏ယဉ်ကျေးမှုထဲတွင် စူးနစ်နေပေသည်။

ဇတ်စနစ်အရ ဇတ်နိမ့်သူတို့သည် ဇတ်မြင့်သူတို့အပေါ် အခေါ်ဝေါ်၊အပြောအဆို ကိုယ်ဟန်အနေများကအစ ရိုကျိုးကိုးကွယ်ဆက်ဆံကြရသည်။ အခွင့်အရေးများဆုံးရှုံးခံကြရသည်။ ထိုခွဲခြားသော ဇတ်စနစ်ကြောင့်ပင် အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးဖြစ်လင့်ကစား တိုးတက်သင့်သလောက်မတိုးတက်နိုင်ပဲ ဒရွတ်ဆွဲလျှက်ရှိသည်ကို တွေ့ကြရမည်။ ထိုယဉ်ကျေးမှုသည် အိမ်နီးချင်းမြန်မာ့မြေထဲသို့လည်း လွန်ခဲ့သောနှစ်ထောင်ချီကထဲကရောက်ရှိကာ ပုံစံတမျိုးဖြင့် အမြစ်တွယ်ခဲ့သည်မှာသေချာသည်။ အတွင်းအပြင် ၃၇မင်းနတ်စိမ်းများ၊ ဘိုးတော်၊ နတ်ကတော်တို့သည်ဇတ်ခွဲခြင်းမှလာသော ကျန်ရစ်သည့်ခြေရာများသာဖြစ်၏။
ဇတ်နိမ့်သူများက မြင့်သူများကို အလွန်အကျူး တွန်းတင်စင်တင်မှုဖြစ်ကာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတို့ရောက်ကုန်သည်ကိုလည်း မျက်မြင်တွေ့နေကြရပါမည်။
အမေရိကားတွင် ယခုတိုင်အောင် တွန်းထိုးလှုပ်ရှားနေရသေးသော လူဖြူ၊ လူမဲ၊လူနီ၊လူဝါ၊လူညို ခွဲခြားမှုများသည် အဆိုပါဇတ်ခွဲစနစ်၏ အခြားမျက်နှာသဏ္ဍန်သာ ဖြစ်ပေသည်။

ခွင့်တူညီမျှ
ဗုဒ္ဓ၀ါဒအလိုအားဖြင့်လည်း ကံ-ကံ၏အကျိုးအားဖြင့် Cause and Effect မိမိကံ(အလုပ်)ကို မိမိသာတာဝန်ခံရပါသည်။ မိဘ ဆရာမှတာဝန်ယူတာဝန်ခံခြင်းမပြုနိုင်၊ ၀ဋ် တို့၏ သဘောသဘာဝဟုခေါ်ပါသည်။

ထေရ၀ါဒအလိုအားဖြင့်လည်း သံသရာတွင် မိဘ၊သားသမီး၊ဆရာ၊တပည့်တို့ဟူသည် သူက/ကိုယ်ကတလှည့်စီဖြစ်နိုင်သည်။ အကြိမ်ကြိမ်ဖြစ်နိုင်သည်။ အနန္တောအနန္တခေါင်းစဉ်ကြီးဖြင့် ဆပ်မကုန်ကျေးဇူးရှင်ကြီးများ မဟုတ်ကြပေ။
ခင်ပွန်းကြီး၁၀ပါး။ အနန္တောအနန္တငါးပါးထဲပါသော မိဘ၊ဆရာတို့အား ထိခိုက်ကြလော့။ မလေးမစားထားကြလော့ ဟူ၍ရန်ရည်ရွယ်တိုက်တွန်းခြင်းမဟုတ်။ အပြန်အလှန်လေးစားသမှုနှင့် ဆက်ဆံကြရမည်။
အရောင်တို့တွင် အဖြူမဟုတ်လျှင် အမဲမဖြစ်ပါ။ ကြားတွင်ရောင်စုံသက်တန့်ရှိပါ၏။

ဇတ်ခွဲစနစ်၏ သဏ္ဍန်သည် မြန်မာ့ယဉ်ကျေးမှုတွင် အမြစ်တွယ်နေပါသည်။ တိုးတက်လိုလျှင် ပြင်ကြရမည်။ ပြင်ရဲရမည်။
အရှေ့တိုင်းနှင့် အနောက်တိုင်းကို ဒီမိုကရေစီနှင့်ညှိယူနေရာတွင် ဇတ်ခွဲဝါဒသည် ဂျမ်းတုံးကြီးဖြစ်လိမ့်မည်။

အိန္ဒိယပြည်တွင်လွန်ခဲ့သော ဆယ်စုနှစ် ၆ခုကထဲက ဇတ်စနစ်ကို အခြေခံဥပဒေထဲထည့်တားကာ ပြင်ကြသည်။ ယခုနှစ်ပိုင်းတွင် ဇတ်စနစ်ကြောင့်တွန်းတိုက်မှုသတင်းများ အိန္ဒိယတွင်ခပ်စိတ်စိတ်တွေ့လာရပြီ။ တော်လှန်ရေးနိမိတ်တို့ပြခဲ့ပါပြီ။
စိန့်ပြည်တွင် လွန်ခဲ့သော နှစ်၅၀က ယဉ်ကျေးမှုတော်လှန်ရေးလုပ်ကာ ရှေးရိုးစွန်းအယူတို့ကို ပြင်ခဲ့သည်။ မြန်မာပြည်ရုတ်ချည်းခေတ်ပြောင်းတိုးတက်လိုလျှင် တော်လှန်ရေးလိုပါသည်။
ဇတ်ခွဲစနစ်သည် အသားအရောင်လူမျိုးခွဲခြားနှိမ့်ချခြင်းသာဖြစ်သည်။ အမျိုး၊ ဘာသာ၊ သာသနာမတူဟူ၍ခွဲခြားခြင်းတို့ကို ဖြစ်
ပြင်လျှင် ကွန်ဆာဗေးတစ်၊ ရှေးရိုးစွဲတို့နှင့်တွေ့မည်မှာသေချာပါသည်။ သို့နှင့် အားပြိုင်မှုတခုဖြစ်လာစေရန်ရည်ရွယ်သည်။
လစ်ဘရယ်-ကွန်ဆာဗေးတစ်တို့ အားပြိုင်မှုမှ တွန်းထိုးလှုပ်ရှားရင် လက်ရှိအခြေအနေတို့နှင့်အကိုက်ညီဆုံးသော နေရာတခုတွင်တည်သွားပါမည်။

လူသားတိုင်းခွင့်တူညီမျှ ရှိကြပါစေ။ မြန်မာ့ယဉ်ကျေးမှုတော်လှန်ရေး စနိုင်ပါစေသတည်း။

kai

About kai

Kai has written 883 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.