အင်္ဂလိပ်သဒ္ဒါတက်ကျွမ်းလိုသော် (၆) – ပါမောက္ခမျိုးကျော်မြင့်

kaiSeptember 23, 20162min790

အရင်လက Simple Present အကြောင်းကိုတော်တော်စုံစုံလင်လင် ဖော်ပြခဲ့ပြီးပါပြီ။ Simple Present Tense ကိုယခုလောလောဆယ် ပစ္စုပန်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေအတွက် သုံးလို့မရ တာ သတိပြုမိကြပါလိမ့်မယ်။ ဒီတော့ယခုလောလောဆယ်ပစ္စုပန်မှာ ဖြစ်ပျက်နေတဲ့ကိစ္စလေးတွေကို ဘာTense သုံးပြီးဖော်ပြရမှာလဲလို့ မေးစရာဖြစ်လာပါတယ်။ အဖြေကတော့ Present Progressive ပါဘဲ။ တချိန်က present continuous လို့လည်းလူသိများခဲ့ပါတယ်။ present progressive မှာ Form သုံးမျိုးရှိပါတယ်။

am + ving ဥပမာ- “I am playing soccer right now.”
is + ving ဥပမာ- “He is taking three classes this  semester.”
are+ving  ဥပမာ – “They are having fun at the moment.”

am+ving ကို “I” တခုတည်းနှင့်သုံးစွဲပါတယ်။ မှတ်မိကြပါလိမ့်မည်။ “I’m special.” လေ။ ဟုတ်တယ်နော်။ is + ving ကိုအနည်း singular  နှင့်သုံးစွဲပြီး are+ving ကိုအများ pluralနှင့်သုံးစွဲရပါတယ်။
ဒီနေရာမှာ ပစ္စုပန်ဆိုတဲ့ကာလလေးကို ကျန်းမြောင်းစွာ narrowly ယခုလောလောဆယ်အချိန်ကာလလို့ သတ်မှတ်လို့ရသလို၊ ချဲ့ထွင်ပြီးယခုလ ယခုနှစ်၊ ယခုစာသင်နှစ်စသဖြင့် widely သတ်မှတ်နိုင်တာကို  သတိထားမိဖို့လိုပါတယ်။ ဖော်ပြပါ ဝါကျသုံးခုမှာ ပစ္စုပန်ကို အဓိပ္ပာယ်ဖော်ယူပုံခြင်းကွာခြားတာ သတိပြုမိကြပါစေ။

ဥပမာ- “The baby is crying.” ကလေးယခုလောလောဆယ်မှာ ငိုနေသည်။
“I’m taking ESL classes this year.”ယခုစာသင်နှစ်အတွင်း ESLအတန်းများတက်ရောက်နေသည်။
“They are working overtime this month.” ယခုတလလုံးအချိန်ပိုဆင်းပေးနေသည်။

Present progressive ကိုသုံးစွဲတဲ့အခါမှာ ရှုပ်ထွေးသွားစေတတ်တဲ့ စည်းမျဉ်းလေးတခုကို ဖော်ပြပါရစေအုံး။ Present progressive လို့ခေါ်တာ မှန်ပါတယ်။ အများအားဖြင့် လောလောဆယ် ပစ္စုပန်ကာလလေးမှာဖြစ်ပျက်တဲ့အကြောင်းအရာ လေးတွေကို ဖေါ်ပြဖို့သုံးပါတယ်။ ဒါပေမယ့် တခါတရံမှာ ဒီ present progressive ကိုဘဲ အနာဂတ်မှာ ဖြစ်ပျက်မယ့် ကိစ္စလေးတွေနဲ့လည်းတွဲပြီးသုံးလို့ ရပါသေးတယ်။ ခေါင်းရှုပ်သွားပြီလားမသိဘူး။ အသက်ပြင်းပြင်း လေးရှုလိုက်ပါ။ လေကိုတဝကြီးရှုလိုက်ပါ။ ခေါင်းရှုပ်မခံပါနဲ့။ အနာဂတ်မှာ မိမိလုပ်ဖို့ စီစဉ်ထားတဲ့ကိစ္စလေးတွေကိုလည်း present progressive နဲ့သုံးလို့ရပါတယ်။
ဥပမာ-  “I’m having lunch with John tomorrow.” Tomorrow ဆိုတော့အနာဂတ်ဆိုတာ ထင်ရှားနေတာဘဲ။ ဘာဖြစ်လို့ present progressive ကိုသုံးရတာလဲ မေးချင်စရာပေါ့နော်။ မေးလည်းမေးထိုက်ပါတယ်။ အဖြေကတော့ ရှင်းရှင်းလေးပါ။ အင်္ဂလိပ်လို planned မြန်မာလိုပြင်ဆင်ထားတဲ့ကိစ္စဖြစ်တဲ့အတွက် present progressive ကိုသုံးရခြင်းဖြစ်ပါတယ်။ ဆိုလိုတာက John ကိုလည်း နံနက်စာစားဖို့ချိန်းထားပြီးပြီ။ ထမင်းဆိုင်မှာလည်း reservation လုပ်ထားပြီးပြီ။ ဒီလိုကြိုတင်ပြင် ဆင်ထားပြီးသားကိစ္စဖြစ်တဲ့အတွက် present progressive ကိုသုံးရခြင်းဖြစ်ပါတယ်။
တခြားဥပမာလေးတွေကြည့်ရအောင်-
“We are leaving for Burma next week.” မြန်မာပြည်ကိုသွားဖို့ အားလုံးပြင်ဆင်ပြီးပြီ။ လတ်မှတ်လည်းဝယ်ပြီးပြီ။ အရေးကြီးဆုံးက လက်ဆောင်လေးတွေမဟုတ်လား။ ဒါတွေလည်း Garage sale မှာ Dollar store မှာဝယ်ပြီးပြီဆိုပါတော့။ present progressive ကို Now, at the moment, at present, Look!စသည့် Key words လေးတွေနဲ့တွဲပြီး သုံးလေ့ရှိပါတယ်။
ဥပမာ- “Sandy is singing a song right now.”
“Donald is lying to the teacher at the moment.”
“Look! Hillary is helping the children cross the street.”

Present progressive ကို negative ပြောင်း ချင်ရင် သိပ်ကိုလွယ်ပါတယ်။ “not” လေးထည့်ပေးလိုက်ရုံပါဘဲ။ negative ကို အတိုတောက်လည်း သုံးလို့ရပါတယ်။
ဥပမာ- “I am not voting for Donald.” “I’m not voting for Donald.””Donald is not making any sense.” “Donald isn’t making any sense.” “The Republicans are not working for the middle class.” “The Republicans aren’t working for the middle class.”

အလားတူ present progressive ကိုသုံးပြီး မေးခွန်းမေးချင်ရင်လည်း တကယ်ကိုလွယ်ကူပါတယ်။ “be” ကို ကတ္တားလို့ခေါ်တဲ့ subject ရဲ့ရှေ့ကိုပို့ပေးလိုက်ရုံပါဘဲ။ ဥပမာ- “He is voting for Hillary.” “Is he voting for Hillary?” “They are voting for Democrats.” “Are they voting for Democrats?” လိုက်ရုံပါဘဲ။
present progressive ကို သုံးစွဲကြတဲ့အခါ အထူးသတိထားစရာနှစ်ချက်ရှိပါတယ်။ အဲ့ပထမဆုံးအချက်ကတော့ ဒီ tense ကို non-action verbs လေးတွေနဲ့သုံးလို့မရပါဘဲ။ action လှုပ်ရှားမှုမပါတဲ့ ကြိယာလေးတွေကိုဆိုလိုပါတယ်။ ဥပမာ- “see” ဆိုတာကို non-action သို့သော် ”look” ဆိုတာကြတော့ action လို့သက်မှတ်ပါတယ်။  မျက်စေ့ဖွင့်ထားရင် ကိုယ်ကဘာမှမလုပ်ဘဲနေသော်လည်း မြင်နေရတယ်မဟုတ်လား။ ဒီတော့ ”see” က non-action ပါ။ “look” ဆိုတာကြတော့ ဟိုကြကည့် ဒီကြည့်နဲ့ မျက်စေ့ရော ခေါင်းရော လှုပ်ရှားရတယ်လေ။  ဒီတော့ “look”  က action ပါ။
အလားတူ “hear, seem, appear” စသည်ကြိယာများကို non-action verbs လို့ခေါ်ပါတယ်။ ၎င်းကြိယာများကို Progressive tense နှင့်သုံးစွဲလို့မရပါ။ “I’m hearing somebody.” ဆိုရင်လုံးဝကို မှားပါတယ်။ အလားတူ”He is seeming sick.” “She is appearing tired.” စသဖြင့်သုံးစွဲ၍မရပါ။ သဒ္ဒါအရမှားနေပါသည်။ အထက်ပါဝါကျများကို simple present သုံးပြီးရေးသားနိုင်မှ မှန်ကန်ပါသည်။
ဥပမာ- “I hear somebody.”  “He seems sick.” “She appears tired.” စသဖြင့်ပေါ့နော်။
အထူးသတိထားဖို့ ဒုတိယအချက်ကတော့ present progressive ကို လောလောဆယ်ပစ္စုပန်မှာဖြစ်ပျက်နေတဲ့ ကိစ္စများမှာသုံးစွဲရတယ်ဆိုတော့ မလိုအပ်ဘဲ မသုံးစွဲမိဖို့ အရေးကြီးပါတယ်။ အားလုံးက ကိုယ့်ကိုမြင်နေရပါလျှက်၊ ကြားနေရပါလျှက်။ “I am wearing a nice sweater.” “I am talking to you all.” စသဖြင့် present progressive ကိုသုံးစွဲမိလျှင် စိတ်မရှည်သူများ က”Yeah, we can see that. We are not blind.” “Yes, we can hear you. We are not deaf.” ဆိုပြီးစိတ်ဆိုးမာန်ဆိုးတုန့်ပြန်ပါလိမ့်မယ်။
တကယ်တော့ ဒီလိုဖုန်းပြောတဲ့အခါ အသုံးများပါတယ်။ ဖုန်းပြောနေစဉ်စာ ဖတ်သားကို မမြင်နိုင်ဘူးမဟုတ်လား။ “What are you doing right now?” လို့မေးကြတာ တွေ့ဘူးပါလိမ့်မယ်။ ကြားဖူးပါလိမ့်မယ်။ အခုစာရေးသူများကို မမြင်ရ၊ မတွေ့ရတော့  “What are you all doing? I hope you are all doing something fun and something productive.” လို့ပြောဆိုရင်း နားပါအုံးမည်။

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် ၂၀၁၆ အောက်တိုဘာထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်ပါသည်။