မတ် ၂၅၊ သောကြာ

တယ်လီဖုန်းကြိုးကို ကျွန်တော် ဖြတ်ပစ်ပြီးပြီ။ ဟို ရဲအုပ်အရူးကြီး တစ်ချိန်လုံး အာရုံစားနေတာ သည်းမခံနိုင် တော့ဘူး။ နောက်ဆုံးဗျာ.. ကြမ္မာငင်တဲ့ အချိန်မှာတောင် လာနှောင့်နေတာ။

မြတ်စွာဘုရား…ဘာလို့ ဒါတွေ ရေးနေတာပါလိမ့်။ တစ်လုံးမှ မမှန်ဘူး။ တစ်ယောက်ယောက်က ကျွန်တော့် ဖောင်တိန်ကို ထိန်းချုပ်ပေးနေသလိုပါလား။

အာ..ဒါပေမဲ့..ကျွန်တော် ရေးမယ်။ ဘာတွေ တကယ်ဖြစ်သလဲဆိုတာ ချကိုရေးမယ်။ ဒါက တော်တော်တော့ အားထုတ်ရတယ်။ ဒါပေမဲ့ ကျွန်တော် လုပ်မှာ။ နောက်ဆုံးအနေနဲ့ဆိုရင်တောင် တကယ်လုပ်ချင်တာ အဲဒါပဲ။

တယ်လီဖုန်းကြိုးကို ကျွန်တော် ဖြတ်..အလို..

ဘာလို့လဲဆိုတော့ ကျွန်တော် လုပ်ကို လုပ်ရမှာ ဖြစ်လို့…အဲဒီမှာ..တွေ့တာပဲ..။ ဟာ..ဘာလို့လဲဆိုတော့… ကျွန်တော် လုပ်ရမှာ..မဖြစ်မနေ လုပ်ရမှာမို့လို့။

မနက်တုန်းက ကျွန်တော်တို့ ပြတင်းပေါက်နားရပ်ပြီး ကစားနေကြတာ။ ကစားနည်းက နည်းနည်းတော့ ပြောင်း သွားတာပေါ့။ သူက ရှေ့ကနေ ဟိုလုပ်သည်လုပ် လုပ်ပြ။ ကျွန်တော်က တတ်နိုင်သလောက်၊ ရနိုင်သလောက် ထိန်းထား။ အဲဒီလို။ ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်တော်ပဲ လက်လျှော့ အရှုံးပေးရတာပဲ။ သူ့အမိန့်ကို နာခံဖို့က လွဲလို့ တခြားဘာမှ ကျွန်တော် လုပ်နိုင်စွမ်းမရှိတော့ပါ။ ဒီလို လက်လျော့ အရှုံးပေးအောင် ဘာက လုပ်လဲ ဆိုတော့ သူ့စိတ်တန်ခိုးလွှမ်းမိုးမှုအောက် ခိုဝင်မိတာနဲ့ သူမတူအောင် ထူးခြားတဲ့ ပျော်ရွှင်မှုကို ခံစားစေတတ် လို့ပါပဲ။

ကျွန်တော်တို့ ကစားနေတုန်း သူက ရုတ်တရက် ထပြီး အထဲဝင်သွားတယ်။ မှောင်လွန်းတော့ သူ့ကို မမြင်ရ တော့ဘူး။ အမှောင်ထဲမှာ ပျောက်ကွယ်သွားပြီလားလို့ ကျွန်တော်ထင်လိုက်သေးတယ်။ ဒါပေမဲ့ သူ ခဏနဲ့ ပြန် ထွက်လာရော။ လက်ထဲမှာ ကျွန်တော့်အခန်းထဲက စားပွဲတင် တယ်လီဖုန်းလို ပုံစံတူ တစ်လုံးပိုက်လာတယ်။ ခပ်ပြုံးပြုံးနဲ့ တယ်လီဖုန်းကို ပြတင်းပေါက်ဘောင်ပေါ်ချ။ ဓားတစ်လက်ကို ယူပြီး ဝိုင်ယာကြိုးကို ဖြတ်။ ပြီးတော့ အထဲ ပြန်သယ်သွားရော။

ဆယ့်ငါးမိနစ်လောက် ကျွန်တော် တောင့်ခံသေးတယ်။ ဒီထက်ကြီးတဲ့ အကြောက်တရားမျိုး ကျွန်တော့် တစ်သက် မခံစားဖူးဘူး။ အဲဒါကပဲ ကျွန်တော့်ကို ဖြည်းဖြည်းခြင်း လက်လျှော့အရှုံးပေးစေခဲ့တာ။ အဲဒီလို လက်လျှော့လာတာနဲ့အမျှ ပျော်ရွှင်မှုတစ်မျိုးက တိုးပွားလာပါရော။ နောက်ဆုံးတော့ စားပွဲပေါ်က တယ်လီဖုန်း ကိုယူ၊ ပြတင်းပေါက်ဘောင်ပေါ်တင်၊ ဝိုင်ယာကြိုးကို ဖြတ်ပြီး စားပွဲပေါ်ပြန်တင် ထားလိုက်တော့တယ်။

အဲဒီလို ဖြစ်ခဲ့တာပဲ။

ကျွန်တော် စားပွဲဘေးမှာ ထိုင်နေတယ်။ လက်ဘက်ရည်လည်း သောက်ပြီးပြီ။ တည်းရိပ်သာက ကောင်လေး ကလည်း ခွက်တွေ၊ ပန်းကန်တွေ ပြန်သိမ်းတယ်။ ကျွန်တော်က ဘယ်အချိန်ရှိပြီလဲလို့ သူ့ကို မေးကြည့်လိုက် တယ်။ ကျွန်တော့် နာရီက မမှန်တော့ဘူးလို့ စိတ်ထဲထင်မိ သလိုလို။ ငါးနာရီ ဆယ့်ငါးတဲ့…ငါးနာရီ ဆယ့်ငါး။

ကလျာမေကို ခုကြည့်လိုက်ရင် သူတစ်ခုခု လုပ်ပြမှာပဲ။ ကျွန်တော် သိတယ်။ သူ တစ်ခုခုလုပ်ပြရင် ကျွန်တော် လည်း လိုက်ကို လုပ်ရလိမ့်မယ်။

ဘာဖြစ်ဖြစ်..ကျွန်တော် ကြည့်မိရော။ သူက မတ်တပ်ရပ်ပြီး ပြုံးပြလို့။ ကျွန်တော့် မျက်လုံးတွေ သူ့ဆီက မခွာ နိုင်တော့ပါလား။ ဟော..သူ လိုက်ကာဘေးရောက်သွားပြီ။ လိုက်ကာဆွဲတဲ့ ကြိုးကို ဖြုတ်လိုက်တာပါလား။ အနီ ရောင်ကြိုး- အိုး..ကျွန်တော့် အခန်းထဲက ကြိုးအတိုင်းပါပဲလား။ ဟာ.. ကွင်းလျှောလုပ်နေပါရောဗျ။ ဟော..ကြိုး ကို အပေါ်ဘောင်က သံချိတ်မှာ ရစ်ပြီး ဆွဲလိုက်သဗျ။

အခု..ပြန်ထိုင်ပြီး ကျွန်တော့်ကို ပြုံးပြနေပြန်ပြီ။

ကျွန်တော် ကြုံနေရတဲ့ဟာက..အကြောက်တရားရယ်လို့ ခေါ်လို့မရတော့ဘူး။ လုံးဝ မဟုတ်ဘူး..အကြောက် တရား ဆိုတာ။ ဒါဖြင့်..စိတ်ပျက်စရာ၊ ဖျစ်ညှစ်ထိန်းချုပ်ထားတဲ့ ထိတ်လန့်မှု- ဒါပေမဲ့..ဒါပေမဲ့..ဘယ်လိုဖြစ်ဖြစ် ဒီကမ္ဘာပေါ်က ဘယ်အရာနဲ့မှ ကျွန်တော် မလဲဘူးဗျာ။ မကြုံစဖူး ထူးကဲ အားကောင်းတဲ့ အဖန်ဖန်စေ့ဆော် တိုက်တွန်းမှုတစ်ခု – လွတ်စွမ်းမသာအောင် ချုပ်နှောင်ထားတဲ့ ကြမ်းကြုတ်ရက်စက်မှုမှာ အလွန်နူးညံ့တဲ့ ရမ္မက်သွေး စွက်ထားတာမျိုး။

ဟုတ်တယ်။ အခုထပြီး ပြတင်းပေါက်နားသွား၊ သူလုပ်စေချင်တဲ့ အတိုင်း ကျွန်တော် လုပ်ပစ်လိုက်နိုင်တာပေါ့။ ဒါပေမဲ့..ကျွန်တော် စောင့်နေတယ်။ ရုန်းကန်နေတယ်။ ခုခံနေတယ်။ အမည်မသိ ဆန်းကြယ်တဲ့ဟာက တစ်မိ နစ်ထက် တစ်မိနစ် အင်အားကောင်းလာတာ ကျွန်တော် ခံစားလို့ရတယ်။

ကျွန်တော် ဒီမှာ ရှိတုန်း။ ထိုင်နေတုန်း။ ရုတ်ခနဲ ကျွန်တော်ထပြီး ပြတင်းပေါက်ဆီပြေး၊ သူလုပ်စေချင်တာကို သွက်သွက်ကြီး လုပ်ပစ်လိုက်မိတယ်။ လိုက်ကာကြိုးကို ဖြုတ်၊ ကွင်းလျှောလုပ်၊ အပေါ်ဘောင်က သံချိတ်မှာ ချိတ်….။

နောက်..သူ့ကို ထပ်မကြည့်တော့ဘူး။ ဒီမှာပဲထိုင်ပြီး စာရွက်ပေါ်ပဲကြည့်နေတော့မယ်။ နောက်တစ်ခါ သူ့ကို ထပ်ကြည့်ရင် ဘာလုပ်ပြမယ်ဆိုတာ ကျွန်တော် သိတာပေါ့။ ကျွန်တော်..သူ့ကိုကြည့်မိရင်..သူလုပ်သလို ကျွန်တော် လိုက်ကို လုပ်မိမှာ။ လုပ်ကို လုပ်ရမှာလေ။

သူ့ကို မကြည့်နဲ့။ တင်းထား။

ဒါပေမဲ့ …ဗလာချည်ကြီး ကျွန်တော် ထရီမိတယ်။ အကျယ်ကြီး။ ဟာ..မဟုတ်ဘူး။ အဲဒါ ကျွန်တော် ရီတာ မဟုတ်ဘူး။ ကျွန်တော့် ကိုယ်ထဲက တစ်ခုခုက ရီတာ။ ကျွန်တော်သိတယ်။

ကျွန်တော် မလုပ်ချင်ဘူး။ ဒါတောင်မှ…ကျွန်တော်..လုပ်ကိုလုပ်ရမယ်..သေသေချာချာသိတယ်။ ဟုတ်တယ်။ လုပ်ကို လုပ်ရမယ်။ သူ့ကို ကြည့်ရမယ်။ ကြည့်..ကြည့်..ပြီးတော့..မင်း..နားလိုက်တော့ စိုးညွန့်ရေ။

ဟာ..ကျွန်တော်…ဒီညှဉ်းပန်းနှိပ်စက်မှုကို ဆွဲဆန့်ဖို့ စောင့်ဆိုင်းနေတာပါလား။ ဟုတ်တယ်။ ဘာအတွက်လဲ.. ဆိုတော့… ဒီအသက်မရှုနိုင်အောင် ခံစားရတာကလေ..တကယ့်ကို ပီတိသောမနဿ ဖြစ်လို့။ ကျွန်တော်စောင့် နေတယ်…လာ..လာ..မြန်မြန်လာ..။ အဲဒီတော့ ဒီမှာ ကြာကြာလေး ပိုထိုင်နိုင်ပြီး ဒီနှိပ်စက်ညှဉ်းပန်းတဲ့ အချိန် တွေကို ပိုပို ဆွဲဆန့်နိုင်မှာ။ အဲဒီလို ခံစားရမှုက ချစ်ပီတိကို အဆုံးမဲ့ အနန္တထိ ပို့ဆောင်ပေးမှာ။

နောက်ထပ်… ကြာကြာ…။

ဟာ..လာပြန်ပြီ..ဒီကြောက်ရွံ့မှု။ သူ့ကို ကျွန်တော် ကြည့်မိတော့မှာ။ ကြည့်မိရင်..ကျွန်တော်ထပြီး..ကိုယ့်ကိုယ် ကိုယ် ဆွဲကြိုးချမှာ။ ဒါပေမဲ့..အဲဒါကလေ..ကျွန်တော် ကြောက်တာ မဟုတ်ဘူး။ အလိုဗျာ…အဲဒါက သိပ်ချိုမြိန် တာ။ သိပ်ကို လှပတာ။

ဒါပေမဲ့..အဲဒါအပြင် နောက်တစ်ခု ရှိသေးတယ်။ အဲဒါနဲ့လည်း ဆက်စပ်နေတယ်။ နောက်မှ ဖြစ်လာမဲ့ တစ်ခု။ ဘာဖြစ်မလဲတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့..အခုလာနေပြီ..သေချာတယ် လာနေပြီ..တကယ်..တကယ်။ အညှဉ်းပန်းခံပြီးရတဲ့ သာယာမှုက တကယ်ကောင်း။ မတရားကို ကောင်း။ အောင်မလေး…အဲဒီကောင်းတာ နောက်မှာ အလွန်ဆိုးဝါးတဲ့ဟာက ကပ်ပါပြီး လိုက်လာတာ။ ကျွန်တော် ခံစားလို့ရတယ်။

ကျွန်တော် ဘာမှ မတွေးမှ ဖြစ်မယ်။ မတွေးနဲ့..မတွေးနဲ့။

တစ်ခုခု ချရေး။ ဘာဖြစ်ဖြစ်။ ဘာမှ တွေးစရာလို။ မြန်မြန်သာရေးဖို့ လိုတယ်။

ကျွန်တော့် နာမည် စိုးညွန့်။ စိုးညွန့်။ စိုးညွန့်။ အလိုလေး..ဆက်မရေးနိုင်တော့ဘူး။ စိုးညွန့်။ စိုညွန့်..စိုးညွန့်.. စိုးညွန့်..ခု..ခု..သူ့ကို ကြည့်လိုက်..ကြည့်လိုက်..စိုး..ကြည့်လိုက်စမ်း..စိုး..စိုး…ညွန့်…။

 

ဆေးကျောင်းသား ကိုစိုးညွန့်၏ ဒိုင်ယာရီမှာ ဤတွင် အဆုံးသတ်သွားပါသည်။ အောက်ပါ အချက်အလက်များ မှာ ဦးလှဖြိုး၏ အစီရင်ခံ သုံးသပ်ချက်မှ ဆီလျော်သလို ကောက်နှုတ်ရေးသားထားခြင်း ဖြစ်ပါသည်။

ရဲအုပ်ကြီး ဦးလှဖြိုးသည် မောင်စိုးညွန့်အား အကြိမ်ပေါင်းများစွာ ဖုန်းခေါ်သော်လည်း မကိုင်သဖြင့် ရွှေဧည့်လာ တည်းရိပ်သာသို့ အပြေးလာခဲ့ကြသော်လည်း အခန်းနံပါတ် ရ ရှိ ဆေးကျောင်းသား မောင်စိုးညွန့်၏ အသက်မဲ့ သော အလောင်းကိုသာ မြင်ကြရတော့သည်။ ရှေ့လူများ နည်းတူ မောင်စိုးညွန့်သည် လိုက်ကာကြိုးကို ပြတင်း ပေါက် အပေါ်ဘောင်ရှိ သံချိတ်တွင် ရစ်ပြီး မိမိကိုယ်ကို ဆွဲကြိုးချလျက် သေဆုံးနေပါသည်။

မတူညီသော တစ်ချက်မှာ ၎င်း၏ မျက်နှာထားပင် ဖြစ်ပေသည်။ အပြင်းအထန် လွန်ကဲစွာ ကြောက်ရွံ့မှုကြောင့် ၎င်း၏မျက်နှာသည် ရှုံ့တွလျက်ရှိ၏။ မျက်လုံးများမှာ ပေါက်ထွက်မတတ် ပြူးကျယ်လျက်ရှိသည်။ နှုတ်ခမ်းမှာ ဟလျက်ရှိသော်လည်း သွားများမှာ တင်းတင်းကြီးစေ့လျက်ရှိရာ တစ်စုံတစ်ခုကို သွေးရူးသွေးတမ်း မလွတ်တမ်း ခဲထားသကဲ့သို့ပင်။

၎င်း၏ သွားကြားတွင် အရိအရွဲ အစအနများတွေ့သဖြင့် အတင်းဖြဲ၍ ကြည့်စေရာ အပိုင်းပိုင်း ကြေမွလျက်ရှိ သော ခရမ်းရောင် အစက်ကြီးများ ပါရှိသည့် ပင့်ကူနက်ကြီးတစ်ကောင် ဖြစ်ကြောင်း သိရှိရပေသည်။

စားပွဲပေါ်တွင် တွေ့ရှိရသော ၎င်း၏ ဒိုင်ယာရီအရ ဦးလှဖြိုးတို့ အဖွဲ့သည် မျက်နှာချင်းဆိုင် တိုက်တန်းလျားရှိ သက်ဆိုင်ရာအခန်းသို့ အပြေးအလွှား သွားရောက်ရှာဖွေရာ လွန်စွာထူထဲ ရှုပ်ပွနေသော ပင့်ကူမျှင်များမှလွဲ၍ မည်သည့်အရာကိုမျှ မတွေ့မြင်ခဲ့ချေ။

ထိုအခန်းတွင် လူသူမနေသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရပေသတည်း။

About မောင်ဘလိုင်

has written 140 post in this Website..