သင့်အေးရိပ်ရဲ့ “စည်းကမ်းတဲ့လား…လိုက်နာချင်စိတ်က အဓိက…” ဆိုတဲ့ POST ကို ဖတ်မိပြီး ရေးမယ်ရေးမယ်နဲ့မရေးဖြစ်တဲ့ အတွေးလေးရေးဦးမယ်ဗျာ

တစ်ရက်သား အမှိုက်ပစ်မယ်ပေါ့ အမှိုက်ကိုသေချာထုတ်ပြီးအမှိုက်ပုံနားသွားတယ်

အမှိုက်ပုံနားလည်းရောက်ရော

“ဤနေရာတွင်အမှုက်မပစ်ရတဲ့ အမှိုက်ကို ညနေ၄နာရီတစ်ချိန်ညနေ၆နာရီတစ်ချိန် တစ်နေ့နှစ်ချိန်လာသိမ်းပေးမည်ဖြစ်ပါသဖြင့်ထိုအချိန်တွင်လာသောလှည်းတွင်သာပစ်ပေးပါ”

တဲ့။အဲဒီမှာ ပြသနာစတက်တာပေါ့။ ကိုယ်တွေအလုပ်က မနက်၉ ည၆ အိမ်ပြန်ရောက်ရင် အစောဆုံး ၆ခွဲ ဒါတောင် အိမ်နဲ့ရုံးကနီးလို့။ ငါအမှိုက်ဘယ်လိုပစ်ရပါ့လို့ စိတ်ညစ်သွားတယ်။ ဒါနဲ့သယ်လာလက်စအမှိုက်ထုတ်ကိုလည်းဘယ်ပစ်လို့ပစ်ရမှန်းမသိ။အမှိုက်တွေကလည်း မီးဖိုချောင်အမှိုက်တွေဆိုတော့ နံနေပြီ။ ဒီလိုနဲ့ တစ်လမ်းဝင်တစ်လမ်းထွက် အမှိုက်ပုံးလိုက်ရှာတာ အနီးအနားက သိသလောက် အမှိုက်ပုံထားတဲ့နေရာတွေမှာလည်း ခုနလိုစာတမ်းကကပ်ထားတယ်။ ဒီလိုနဲ့ ပါရမီ စိန်ဂေဟာနားအထိရောက်သွားတယ်။ ဒါနဲ့စိန်ဂေဟာရဲ့ အမှိုက်ပုံးမှာ မသိမသာထည့်ထားခဲ့လိုက်ရတယ်။

အိမ်အနီးအနားကလူတွေမေးကြည့်တော့ အုတ်ကျင်းဘူတာရုံနားမှာ အမှိုက်ပုံတစ်ခုရှိတယ်ဆိုတာနဲ့ နောက်အခေါက်တွေကျတော့အဲဒီမှာသွားသွားပစ်ရတယ်။

ဒါနဲ့ တစ်ရက်သူငယ်ချင်းတွေနဲ့စကားစပ်မိတဲ့အခါ အရင်ပစ်နေကျအမှိုက်ပုံကဆိုင်တစ်ဆိုင်နဲ့တော်တော်ကပ်နေပါတယ်။ အဲဒီဆိုင်ကလူတွေက စည်ပင်ကို ပြသနာရှာတော့ စည်ပင်က အမှိုက်ပုံးလာသိမ်းသွားတယ်တဲ့။ ပြီးတော့ အဲဒီလိုအမှိုက်မပုံရလို့ရေးထားတာတောင်မှ အမှိုက်လာပုံသွားလို့ အဲဒီဆိုင်ကလူတွေနဲ့ အမှိုက်လာပစ်တဲ့သူနဲ့ရန်ဖြစ်ကြတယ်။ ဆိုင်ပိုင်ဆိုင်ကလည်းပြောတာပေါ့။ နေ့တိုင်းလာပစ်တဲ့အမှိုက်နံ့တွေကို ရှုနေရတာကြာရင်ရောဂါရတော့မယ် ကိုယ်ချင်းစာကြည့်ပါဦး ဆိုပြီးပြသနာတက်ကြတာပေါ့။

 

ဇာတ်လမ်းကိုပြောပြရင်း အဓိကပြောချင်တဲ့အရာကိုခုမှပြောရတော့မယ်

  1. အမှိုက်ပုံအနီးနေရတဲ့သူတွေလည်း ကိုယ်ချင်းစာတယ်
  2. ရန်ကုန်လိုနေရာမှာနေနေရ အလုပ်လုပ်နေရတဲ့သူတွေက အမှိုက်သိမ်းချိန်မှာ အိမ်မှာရှိမှာမဟုတ်ဘူး ဒီတော့အမှိုက်ပစ်ဖို့ခက်ခက်ခဲခဲဝေးဝေးလံလံပစ်နေရတဲ့သူတွေလည်းကိုယ်ချင်းစာပါတယ်
  3. တော်တော်များများမလုပ်ချင်ကြတဲ့ အမှိုက်သိမ်းတဲ့အလုပ် လုပ်နေကြရတဲ့ စည်ပင်ဝန်ထမ်းတွေဘဝလည်းနားလည်ပါတယ်

ဒါပေမယ့်ပေါ့ နော် အမှိုက်ပုံကနံလို့ဆိုပြီးအဲဒီနေရာကအမှိုက်ပုံးကို သိမ်းလိုက်တာကပြသနာကိုဖြေရှင်းတာမဟုတ်ဘူးလေ။ လုပ်ရမှာက နေ့တိုင်းအမှိုက်တွေလာသိမ်းပြီးသန့်ရှင်းရေးပြန်လုပ်ခဲ့ လိုက်။ ဒါဆို အမှိုက်ပုံနံတဲ့ပြသနာမရှိတော့ဘူးပေါ့။

အဲဒီလိုသိမ်းလိုက်တဲ့အတွက် ဝေးဝေးလံလံကိုမှိုက်သွားမပစ်ချင်တဲ့သူတွေက နောက်ဖေးလမ်းကြားတွေမှာအမှိုက်ကိုလွယ်လွယ်ပစ်လာကြမယ်လေ။ မဟုတ်ဘူးလားဗျာ။

အဆုံးသတ်ရမယ်ဆိုရင်တော့

နိုင်ငံတော်ကိုလည်းအပြစ်မတင်တော့ဘူး အဓိကက ကိုယ်တွေကိုယ်တိုင်က အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ တစ်ပိုင်တစ်နိုင် စည်းကမ်းလိုက်နာလိုက်ကြမယ် ၊ ကိုယ်လုပ်ရမယ့် အလုပ်အပေါ်တာဝန်ကျေကြမယ်ဆိုရင် တော့ အရာရာဟာလှပလာမယ်ထင်ပါတယ်ဗျာ

About Foolish Girl

C K has written 55 post in this Website..