(နေပြည်တော်နဲ့ ပတ်သက်ပြီး ဟိုးအရင်က ပိုစ့်တစ်ပုဒ် ရေးဖူးပါတယ်။ နေပြည်တော်မြို့ထဲကို ပထမဆုံးအခေါက်
အလည်သဘော ရောက်ခဲ့ပြီး ပြန်အလာမှာ “သန့်ချင်ယောင် ဆောင်ထားတဲ့ မြို့တစ်မြို့” ဆိုတဲ့ နာမည်နဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက ……. ဆိုင်ကယ် ကယ်ရီသမားတွေ၊ ကားသမားတွေရဲ့ လူလည်ကျပုံတွေ၊ သမာသမတ် မရှိတဲ့ ပတ်ဝန်းကျင်တွေနဲ့ ကြုံခဲ့ရလို့
အစာမကြေဖြစ်ပြီး ရေးခဲ့တာဆိုပါတော့။

အခုလည်း နောက်တစ်ခေါက်မက ရောက်ခဲ့ပြန်ပါပြီ။ သွားရင်း လာရင်းနဲ့ပဲ ဟိုစပ်စပ် ဒီစပ်စပ်ကြည့်မိ၊ ကြည့်သောသူ မြင်၏၊
မြင်ပေမဲ့ လျှာယားတတ်သူမှ ပြောချင်ဆိုချင် လျှာအယားဖြေချင်လာတာပါ။ ဆိုတော့ … နည်းနည်း လျှာ အယားဖြေမယ်နော်။ )
————————————————————-

နေပြည်တော် မြို့ထဲကို ရောက်ပြီ ဆိုရင် … ဒါ…နေပြည်တော်ထဲ ရောက်ပြီပဲ လို့ တန်းပြီးတော့ သိလိုက်ရစေမယ့် အချက်ကတော့
လမ်းတွေပါ။ သိပ်ကို ချောမွေ့ ကျယ်ပြောလှတဲ့ လမ်းတွေပါပဲ။

အဲဒီ လမ်းတွေဟာ နေပြည်တော်မှာ လက်ရှိ နေထိုင် သွားလာနေတဲ့ ……..မြို့နေ လူထု အတိုင်းအတာနဲ့ နှိုင်းဆကြည့်ရင်တော့
ဒီလမ်းတွေဟာ မလိုအပ်ဘဲ ကျယ်လွန်းနေတယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမဲ့ နောင်လာမယ့် နှစ်များစွာအတွင်း လူဦးရေတွေ၊ ယာဉ်တွေ
ဒီထက် ထူထပ် များပြားလာမယ် ဆိုရင်တော့ ဒါဟာ လုံလောက် ကောင်းမွန်တဲ့ လမ်းတွေပါပဲ။ ဒီလိုဆိုတော့ ဒီလောက်လမ်းအကျယ်ကြီးတွေဟာ
ရေရှည်ကို ကြည့်ပြီး တည်ဆောက်ခဲ့တာပါပဲလားလို့ ယူဆပြီး ချီးကျူးရမှာပါ။

ဒါ့အပြင် လမ်းမကြီးတွေရဲ့ ဘေးတစ်ဖက်စီမှာ လမ်းခပ်သေးသေးလေးတွေ တစ်လမ်းစီ တောက်လျှောက် ဖောက်ထားပေးတာကိုလည်း
တွေ့ရပါတယ်။ အဲဒီ လမ်းကလေးတွေဟာ ဘာအတွက်လဲလို့ စပ်စုကြည့်လိုက်တော့ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ သွားဖို့ သီးသန့် ခွဲထုတ်ပေးထားတဲ့
အနှေးယာဉ်သွားရန် လမ်းကြောင်း ဖြစ်ပါတယ်။ ဆိုင်ကယ်/စက်ဘီးများ သီးသန့်လမ်းမှ သွားလာပါရန် ဆိုပြီး ဆိုင်းဘုတ်တွေလည်း ထောင်ပြထားတာကို
တွေ့ရပါတယ်။

ဟုတ်ပြီ။ ဆိုင်ကယ်တွေ စက်ဘီးတွေ သွားဖို့အတွက် သီးသန့်လမ်းလည်း ရှိပါပြီ။ သီးသန့်လမ်းက သွားကြပါဆိုပြီး သတိပေးထားတဲ့
ဆိုင်းဘုတ်တွေလည်း ရှိပါပြီ။ ပါဠိလိုတွေ၊ အင်္ဂလိပ်လိုတွေ မပါဘဲ မြန်မာစာနဲ့ပဲ ခပ်လွယ်လွယ် ရေးထားတဲ့ သတိပေးလမ်းညွှန်ချက်တွေပါ။
သာမန် အခြေခံပညာ မူလတန်း အဆင့်လောက် သင်ယူဖူးတဲ့သူတွေတောင် ဖတ်တတ်မှာ သေချာပါရဲ့။

လမ်းလည်း အဆင်သင့်၊ စည်းကမ်းလိုက်နာဖို့ သတိပေးချက်ကလည်း အဆင်သင့် ရှိတယ်ဆိုတော့ …
ဆိုင်ကယ်တွေ  စက်ဘီးတွေဟာ သီးသန့်လမ်းလေးတွေကနေ သွားကြမှာပဲပေါ့လေ… စည်းကမ်းကို လိုက်နာကြမှာပဲလေ….၊
အဲဒီအတွေးနဲ့ လေ့လာကြည့်မိတော့… အထင်နဲ့ အမြင်ဟာ တက်တက်စင်အောင် လွဲနေပါရဲ့။

လမ်းမကြီးတွေပေါ်ကိုပဲ ဆိုင်ကယ်တွေ စက်ဘီးတွေဟာ ပေါ်ပေါ်တင်တင် တက် မောင်းနေကြလေရဲ့။ ဆိုင်ကယ်/ စက်ဘီးတွေအတွက်
သီးသန့်လမ်းလေးဟာ ခြောက်ကပ် တိတ်ဆိတ်လို့… အသုံးပြုသူ မရှိသလောက်နီးပါး…။

နေပြည်တော်မြို့ထဲက လမ်းမကြီးပေါ်မှာ အခေါက်ပေါင်း များစွာ ကားမောင်းဖူးပါပြီ။ မောင်းတဲ့အချိန်တိုင်း အရှိန်ကို 80 km/h လောက်နဲ့
မောင်းဖြစ်ပါတယ်။ 100 လောက်ထိ မောင်းလို့တောင် ရပါတယ်။ လမ်းတွေက ကား အသွားအလာ နည်းနေသေးပြီး ချောမွှတ်နေတော့
အဲဒီ အရှိန်လောက်နဲ့ အေးအေးဆေးဆေး မောင်းလို့ ရနေတာကိုး။

အဲဒီ အရှိန်လောက်နဲ့ မောင်းနေတဲ့ ကားတွေကြားမှာပဲ… (သီးသန့်လမ်း ရှိလျက်နဲ့ ကားလမ်းမပေါ် တက်ပြီး) သွားလာနေတဲ့ ဆိုင်ကယ်တွေ၊
စက်ဘီးတွေကို မြင်နေရတော့ ကျွန်တော် တော်တော်လေး စိတ်ပျက်မိပါတယ်။

စည်းကမ်းဆိုတာကို ဆိုင်းဘုတ်ပေါ် တင်ထားရုံပဲ ရှိပြီး လက်တွေ့ မလိုက်နာကြဘူး။ သူတို့ ဘာလို့များ စည်းကမ်းကို လိုက်နာဖို့ ခဲယဉ်းနေတာလဲ။
ဆိုင်ကယ်တွေ၊ စက်ဘီးတွေ သွားဖို့ လုပ်ပေးထားတဲ့လမ်းက ကားတွေ သွားတဲ့ လမ်းမကြီးလောက် ချောမွှတ်မနေတာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ သွားလာလို့
အဆင်ပြေနေတာပဲ။ သေချာ ခင်းကျင်းပေးထားတဲ့ ကွန်ကရိလမ်းလေးပါပဲ။

လမ်းကောင်းက သွားချင်တဲ့ ဆန္ဒနဲ့ စည်းကမ်းဖောက်ရုံမျှ မဟုတ်ပါဘူး။ စည်းကမ်းဆိုတာကို လိုက်နာရကောင်းမှန်း သေချာမသိတဲ့
စိတ်အခြေအနေတွေရယ်၊ ဒါ့အပြင် စည်းကမ်း ဖောက်ဖျက်ရတာကို ရှက်ရကောင်းမှန်း မသိတဲ့ စိတ်ရယ်… စည်းကမ်းအတိုင်း နေထိုင်/
သွားလာတယ်ဆိုတာဟာ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ့်အဆင့်အတန်းကို ကိုယ်တိုင် မြှင့်တင်နေတာပဲ ဆိုပြီး ဂုဏ်ယူရကောင်းမှန်း မသိတဲ့
စိတ်အခြေအနေတွေရယ် ပေါင်းပြီး အခုလို စည်းကမ်းတွေ ဖောက်ဖျက်နေကြတာပါ။

(ရန်ကုန်မှာလည်း ကားမောင်းရင် ထိုင်ခုံ ခါးပတ် ပတ်ရမှာ ဝန်လေးသူတွေ၊ အမှိုက်ကို တွေ့ကရာ နေရာမှာ ပစ်ချဖို့ ဝန်မလေးသူတွေ၊
ယာဉ်မရပ်ရဆိုတဲ့ နေရာမှာ ရပ်၊ ဂငယ် မကွေ့ရဆိုတဲ့ နေရာမှာ ကွေ့…စသည်ဖြင့် စည်းကမ်းကို ဖောက်ချင်တိုင်း ဖောက်နေတာတွေ တွေ့နေရလေရဲ့)

စည်းကမ်းဖောက်ဖျက်သူတွေကို အရေးယူမှု ၊ ဒဏ်ခတ်မှု မရှိတာ၊ တရားဥပဒေ စိုးမိုးမှုပိုင်းဆိုင်ရာ တာဝန်ရှိသူတွေရဲ့ လျော့တိလျော့ရဲ နေမှု၊
ဒါလည်း ထည့်ပြောရမယ်ထင်ပါရဲ့။ လမ်းမပေါ် ဆိုင်ကယ်၊ စက်ဘီး မတက်ရ ဆိုတဲ့ စည်းကမ်းတော့ ထုတ်လိုက်ပါရဲ့။ စည်းကမ်းဆိုတာ စာရွက်ပေါ်
ချရေးထားရုံ၊ ဆိုင်းဘုတ်ထောင်ထားရုံအဆင့်လေး ရောက်ရုံလောက်နဲ့ ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။

အဲဒီ စည်းကမ်းကို ဘယ်သူတွေ ဘယ်လောက် လိုက်နာပြီး၊ ဘယ်သူတွေ ဘယ်လို ဖောက်ဖျက်နေတယ် ဆိုတာ သိတဲ့အထိ လုပ်ရပါမယ်။
အဲဒါဟာ စည်းကမ်း ထုတ်ပြန်သူတွေ လုပ်ဆောင်ရမယ့် တာဝန် ဖြစ်ပါတယ်။

စည်းကမ်းကို လိုက်နာသူတွေ ရှိတယ်။ အဲဒီသူတွေကို အသိအမှတ် ပြုရပါမယ်။ စည်းကမ်းကို ဖောက်ဖျက်သူတွေ ရှိပါတယ်။
စည်းကမ်းမဲ့သူတွေကိုတော့ နောင်အခါတွေမှာ စည်းကမ်း မမဲ့ရဲအောင်၊ စည်းကမ်းဖောက်ခြင်းကို ရှက်တတ်လာအောင် ဒဏ်ခတ်ရပါမယ်။

သိပ်မခက်ခဲဘူးလို့ ထင်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုသာ ရှိရင်… သက်ဆိုင်ရာ တစ်ဦးတစ်ယောက်ဖြစ်စေ၊ တစ်ဖွဲ့တစ်သင်း ဖြစ်စေက…
တာဝန်ယူပြီး စည်းကမ်းဖောက်ဖျက်သူတွေဆီက ရတဲ့ ဒဏ်ငွေကို စည်းကမ်းလိုက်နာသူတွေဆီ ဆုတော်ငွေ ပြန် ပေးလိုက်ရုံစနစ်နဲ့တောင် ပြီးပါတယ်။

စည်းကမ်း ဖောက်ဖျက်တဲ့သူ တစ်ယောက်ကို တွေ့ပြီဆိုပါစို့၊ စည်းကမ်း လိုက်နာသူက အဲဒီ ဖောက်ဖျက်သူကို ဓါတ်ပုံရိုက်၊
ယာဉ်/လမ်း စည်းကမ်း ထိန်းသိမ်းရေးဌာနကို Viber က ဖြစ်ဖြစ် ပို့၊ အရေးယူ ၊ ဒဏ်ရိုက်။ ရိုက်လိုက်တဲ့ ဒဏ်ငွေထဲက အတိုင်းအတာတစ်ခုကို
ဓါတ်ပုံပေးပို့ပြီး လှမ်း သတင်းပေးတဲ့သူကို ဆုတော်ငွေအဖြစ် ပေး၊ ဒီလို လုပ်လည်း ဖြစ်တာပဲ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော် ပေါ့။

အခုတော့ စည်းကမ်းဆိုတာကို ထုတ်တဲ့သူက ထုတ်တော့ ထုတ်ထားပါရဲ့။ စည်းကမ်းဟာ ဆိုင်းဘုတ်ပေါ်မှာပဲ ရှိပြီး စည်းကမ်း သေဝပ်မှု၊
စည်းကမ်းလိုက်နာမှု ဆိုတာတွေဟာ တကယ် အသက်မဝင်လာတဲ့အခါကျတော့ စည်းပျက် ကမ်းပျက် တိုင်းပြည်ကြီးအဖြစ်နဲ့ ရှက်စရာ ဖြစ်နေပါတော့တယ်။

ပိုပြီး ရှက်ဖို့ ကောင်းတာက အဲဒီနေ့က လမ်းမပေါ်မှာ စည်းကမ်း ဖောက်နေတဲ့ သူတွေထဲ ငါးတန်း ခြောက်တန်းလောက် အရွယ်
ကျောင်းသားလေးတွေကိုလည်း တွေ့လိုက်ပါတယ်။

ကျောင်းသားလေးတွေဟာ စက်ဘီးတွေ ကိုယ်စီနဲ့ ကားတွေ တဝီဝီ သွားနေတဲ့ လမ်းမကြီးပေါ်မှာ အေးအေးလူလူ တက် နင်းသွားနေလေရဲ့။
ဆိုတော့ ဒီ ကျောင်းသားကလေးတွေဟာ စက်ဘီး/ဆိုင်ကယ် သွားဖို့ သီးသန့်လမ်းကို မတွေ့လို့လား၊ မဟုတ်ပါဘူး။ တွေ့ကို တွေ့ပါတယ်။

ဒါဖြင့် “စက်ဘီး/ဆိုင်ကယ် စတဲ့ အနှေးယာဉ်တွေ သီးသန့်လမ်းကသာ သွားပါရန်” ဆိုတဲ့ ဆိုင်းဘုတ်ကို မဖတ်တတ်လို့လား၊
ဒါလည်း မဟုတ်သေးပါဘူး။ သူတို့လေးတွေဟာ ကျောင်းသားလေးတွေပါ။ စာကို သေသေချာချာ ဖတ်တတ်နေတဲ့ အရွယ်လေးတွေပါ။
ဆိုင်းဘုတ်ပေါ်က စာကို ဖတ်တတ်မှာ သေချာပါတယ်။

ဒါဖြင့် စာလည်း ဖတ်တတ်တယ်၊ သီးသန့် ခွဲ ထုတ်ထားတဲ့ လမ်းကိုလည်း တွေ့နိုင်နေလျက်နဲ့ ဘာလို့များ စည်းကမ်းကို အေးအေးလူလူနဲ့
ဖောက်ဖျက်နေပါလိမ့်။

သူတို့လေးတွေ တက်နေတဲ့ ကျောင်းတွေမှာ အသင်အပြ ဆရာ/ဆရာမကြီးတွေက စည်းကမ်းဆိုတာ လိုက်နာရမှာ ဖြစ်ကြောင်း၊
စည်းကမ်းလိုက်နာတာဟာ နိုင်ငံကြီးသား ပီသမှာ ဖြစ်ကြောင်း၊ စည်းကမ်း ဖောက်ဖျက်တာဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဆိုတာကို သိပြီး၊
ရှက်တတ်ရမယ် ဖြစ်ကြောင်း..စသည်ဖြင့် သင် မပေးဘူးလား။

သင်ပေးရင်ကော… “ဒီစာပိုဒ်ကို ကျက်ထား”ဆိုတာလောက်နဲ့ ပြီးသွားရောလား။ သင်ပြပေးထားတဲ့ ဆောင်ရန် ရှောင်ရန်ကို ဘယ်လောက်
လိုက်နာကြောင်း သိရတဲ့အထိ… အကျိုးသက်ရောက်မှုတွေ ဘယ်လိုဘယ်ပုံဆိုတာ သိတဲ့အထိ ထိန်းကွပ်ကြပ်မတ်ပေးရမှာ မဟုတ်ဘူးလား။

တိုင်းပြည်ရဲ့ နောင်အနာဂတ်ကို အဲဒီ ကျောင်းသား လူငယ်လေးတွေရဲ့ လက်ထဲ ထည့်ပေးခဲ့ရမှာပါ။ နောင်လာမယ့် မျိုးဆက်ဟာ
အခုမျိုးဆက်လိုပဲ စည်းကမ်း ဖောက်ချင်တိုင်း ဖောက်ဖျက်ဖို့ ဝန်မလေးတဲ့ မျိုးဆက်ပဲ ဖြစ်လာဦးမှာလား။ ရင်လေးစရာပါပဲ။

ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ မရှက်မကြောက် စည်းကမ်း ဖောက်ဖျက်လာကြပြီးပါပြီ။ တော်လောက်ပြီ…တော်သင့်ပြီ ထင်ပါရဲ့။
ဒီလောက် စည်းကမ်း ဖောက်ဖျက်ရရင် တော်လောက်ပြီ။

နောင် လာမယ့် အနာဂတ်မှာ စည်းကမ်းဖောက်ဖျက်ရမှာကို ရှက်ကြောက်သော လူမှုဝန်းကျင် ဖြစ်ဖို့… ကိုယ်တိုင်လည်း ပြုပြင် ပြောင်းလဲပြီး
နေထိုင်သွားသင့်ပါပြီ။

ဒီထက် တဆင့်တက်ရရင်တော့….

နောင် လာမယ့် မျိုးဆက်၊ ကိုယ်တွေ ချန်ထားခဲ့ရမယ့် အနာဂတ်မျိုးဆက်ကိုလည်း စည်းကမ်း ပြည့်ဝသောမျိုးဆက်ဖြစ်အောင်၊
မလုပ်သင့်/မလုပ်ထိုက်တာနဲ့ လုပ်သင့်/လုပ်ထိုက်တာကို ခွဲခြားသိတဲ့မျိုးဆက် ဖြစ်အောင်၊
သိတဲ့အတိုင်းလည်း လုပ်သင့် လုပ်ထိုက်တာကို ပြတ်ပြတ်သားသား လုပ်မယ့် မျိုးဆက် ဖြစ်အောင် …
တွန်းအားပေး လမ်းကြောင်း ဖောက်ပေးခဲ့ဖို့ အချိန်လည်း တန်နေပါပြီ….လို့….

တွေးမိပါတယ်။

——————————————————–

လေးစားစွာဖြင့်…

သင့်အေးရိပ်
၂၀၁၆၊ ဒီဇင်ဘာ

 

 

 

စည်းကမ်းဆိုတာ ဆိုင်းဘုတ်ပေါ်မှာသာ…

 

 

 

 

 

 

 

 

=========================

 

ဆိုင်ကယ်/စက်ဘီး သွားဖို့လမ်းကလေး။ တစ်လမ်းမောင်းပါ။

 

 

 

 

 

 

 

 

=========================

 

အားပါးတရ စည်းကမ်း ဖောက်ပြတာ

 

 

 

 

 

 

 

=========================

 

ကျောင်းသားလေးတွေ

 

 

 

 

 

 

 

 

 

About alinsett

alinsett has written 615 post in this Website..

. . .