i carry your heart with me (i carry it in

သူ့ခေတ်သူ့အခါက တီထွင်မှု အားအကောင်းဆုံး ကဗျာစာဆိုတော်ကြီးကတော့ E.E. Cummings (၁၈၉၄- ၁၉၆၂) ပဲဖြစ်ပါတယ်။ သူဟာ ကလေး ဘဝကတည်းက တနေ့ ကဗျာဆရာဖြစ်ရမယ်လို့  စိတ်ပိုင်းဖြတ်ထားခဲ့သူပါ။ အသက် ၈ နှစ်ကနေ  ၂၂ နှစ်အထိ သူဟာ တစ်ရက်ကို ကဗျာတစ်ပုဒ် နှုန်း စပ်ခဲ့ပါတယ်။ ကာရံနဘေ တွေနဲ့ ထုံးမီစံကျ ကဗျာပေါင်းမြောက်များစွာကို လေ့လာနေရင်းနဲ့ သူ့ကိုယ်ပိုင်ကဗျာတွေ စပ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့  ၁၉၁၆ ခုမှာ ဟားဗတ်တက္ကသိုလ် ရောက်သွားချိန်ကစပြီး (အသက် ၂၂ ကစပြီး) သူဟာ ရုတ်ချည်းပြောင်းလဲသွားခဲ့တယ်။ ကာရံယူပုံ စသဖြင့် ကဗျာ ထုံးတမ်းစဉ်လာ အားလုံးကို လွှတ်ချလိုက်ပြီး သူဟာ အဆန်းသစ်ဆုံး ကဗျာတွေကို ဖန်တီးတော့တာပါပဲ။ သာသာစကားရဲ့ စကားလုံးအားကိုယူပြီး စပ်တဲ့သူ့ကဗျာတွေဟာ ပုံမှန်စာရေးသားနည်းမျိုး မဟုတ်ပါဘူး။ စာလုံးအကြီး သုံးချင်သုံးတယ်။ မသုံးချင်မသုံးဘူး။ ဝါကျဖွဲ့စည်းပုံ တစ်ခုလုံးလုံး ပုဒ်ထီးပုဒ်မ မပါ ဘာမပါ ။ အခုခေတ်အပြောနဲ့ဆိုရင် ဟစ်ဟော့လို့ ပြောရမလား မသိ။ အဲဒီလို ဆန်းသစ်လိုက်တဲ့ အခါမှာ သူ့ကဗျာတွေဟာ ကာရံပါတဲ့ ထုံးမီစံကျ ကဗျာတွေထက် အဆပေါင်းများစွာ အသံသာသွားခဲ့တယ်။ အလွန်အမင်း လှတဲ့ ကဗျာတွေ ဖြစ်သွားခဲ့တယ်။ သူ့ကဗျာတွေထဲက အကောင်းဆုံး လို့ သတ်မှတ်ခံရတဲ့ ကဗျာကတော့

i carry your heart with me(i carry it in  တဲ့။ ကဗျာနာမည်ကအစ တို့လို့တန်းလန်းပါ။ I ကို စာလုံးကြီးနဲ့ မရေးဘူး။ ကွင်းစ ကွင်းပိတ်တွေလည်း သုံးချင်သလိုသုံးတယ်။ ဒါပေမယ့် ဟစ်ဟော့ စာသားလို   ရွတ်ချလိုက်။ လှလိုက်တာ အံ့မခန်း။ စာလုံးတွေကလည်း အဆန်းအပြား အမြင့်စားတွေ မဟုတ်ဘူး။ ရှစ်တန်းကလေး ဖတ်လို့ရတဲ့ စာသားပါ။

i carry your heart with me(i carry it in
my heart)i am never without it(anywhere
i go you go,my dear;and whatever is done
by only me is your doing,my darling)
                                                      i fear
no fate(for you are my fate,my sweet)i want
no world(for beautiful you are my world,my true)
and it’s you are whatever a moon has always meant
and whatever a sun will always sing is you
here is the deepest secret nobody knows
(here is the root of the root and the bud of the bud
and the sky of the sky of a tree called life;which grows
higher than soul can hope or mind can hide)
and this is the wonder that’s keeping the stars apart
i carry your heart(i carry it in my heart)

အကောင်းလွန်နေတဲ့ ကဗျာဆိုတော့ ဘာသာပြန်လို့က မရပြန်ဘူး။ မီရုံလောက် စကားပြေပြန်ပါမယ်။
——————————-
မင့် နှလုံးသားကို ငါ့နှလုံးသားထဲမှာ သယ်ဆောင်ထားတယ်  အမြဲ ပဲ ရှိနေခဲ့တယ်   ငါသွားလေရာ မင်းပါတယ် ငါလုပ်သမျှ မင်းလုပ်တာချည်းပဲ . . .

ဘယ်လိုကံကြမ္မာကိုမှ ငါမကြောက်တယ်   မင်းဟာ ငါ့ရဲ့ ကံကြမ္မာ  ဘယ်လိုလောကမျိုးကိုမှ မလိုအပ်တယ်  မင်းကသာ ငါ့လောက သိပ်လှနေတယ်   လကို ဘယ်လိုဖွင့်ဆိုဆို အဲဒါ မင်းပဲ . . .  နေက ဘယ်လိုသီချင်း ဆိုဆို အဲဒါမင်းပဲ . . .

ဟောဒီမှာ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက်တစ်ခု . . .   အမြစ်ရဲ့ အမြစ်၊ အဖူးရဲ့ အဖူး၊ မိုးကောင်းကင်ရဲ့ မိုးကောင်းကင်  ဘဝလို့ခေါ်တဲ့ သစ်ပင်၊  စိတ်လိပ်ပြာလေး မျှော်လင့်နိုင်သမျှထက် ပိုမြင့်တယ်၊ စိတ်ကိုဖုန်းကွယ်လို့ မရအောင်မြင့်တယ်   ဒါဟာ ကြယ်တွေ သိပ်သိပ်ပြီး ကွာလှမ်းနေတဲ့ အကြောင်းရင်းရဲ့ အံ့ဖွယ် . . .

မင့်နှလုံးသားကို ငါ့နှလုံးသားထဲမှာ သယ်ဆောင်ထားတယ် .  . .
—–
ကဗျာရဲ့ အနှစ်ချုပ်ကတော့
အချစ်ဆိုတာ ဘဝသစ်ပင်။ အချစ်ရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ဆိုဖို့ မဖြစ်နိုင်ပါဘူးတဲ့။ ကြယ်တွေကိုတောင် ခြားထားနိုင်တဲ့ အံဖွယ်တစ်ပါးပါတဲ့။ ဒါကတော့ နှောင်းလူတွေ ကောက်ချက်ဆွဲခဲ့တာပါ။ ကဗျာဆရာရဲ့ စိတ်ထဲတော့ ဘာတွေးနေလဲ မသိ။ ဘာလို့ဆို သူ့ရဲ့ ကဗျာနောက်တစ်ပုဒ်ကတော့ ကောင်းလွန်းအားကြီးလို့ ကောင်းတယ်လို့တောင် မသတ်မှတ်ရဲတဲ့ ကဗျာ ဖြစ်နေလို့ပါပဲ။ အဲဒီကဗျာကို မကြိုက်တဲ့လူ မရှိစေရဘူး။ ဒါပေမယ့် ဘယ်သူကမှတော့ ကောင်းတယ် လို့ ဝန်ခံမှာ မဟုတ်ပါဘူး။
အခု တော့ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ အထက်က ကဗျာလေးကိုပဲ အထပ်ထပ် ရွတ်ပြီး ခံစားကြည့်ကြပါနော်။ တကယ့်ကို အံ့လောက်စရာ။
(ကဗျာစကားပြေမှာ  ပုဒ်မ တွေ ပုဒ်ဖြတ်တွေ ရေးမထားပါဘူး။ မူရင်းကဗျာကလည်း အဲဒါတွေ မသုံးလို့ပါ)

ဝင့်ပြုံးမြင့်
( ခရစ္စမတ်နေ့ ၂၀၁၆)

8 comments

  • aye.kk

    December 25, 2016 at 11:20 pm

    ခွဲလို့မရတာ
    မှန်လိုက်တာ။

  • ဝင့်ပြုံးမြင့်

    December 25, 2016 at 11:32 pm

    E.E. Cummings ရဲ့အကောင်းဆုံးလို့ သတ်မှတ်မထားတဲ့ အကောင်းဆုံးကဗျာကို တောင်းသူရှိလျှင် သီးသန့်ပေးပါမည်။ ဒီထဲမှာ မရေးပါ။ ဖဘ ချက်ဘောက်ကနေ တောင်းပါလေ။

  • Thint Aye Yeik

    December 26, 2016 at 11:04 am

    သိပ်လှတဲ့ကဗျာပဲ။
    သူ့ ရေးဟန်ကို သဘောကျတယ်။ ရှေးရိုးအစဉ်အလာဟန်တွေထဲက ဖောက်ထွက်လာရဲ ဖောက်ထွက်ပစ်ခဲ့တဲ့ ကဗျာဆရာ့စိတ်ဓါတ်ကိုလည်း လေးစားမိတယ်။ အားကျမိတယ်။

    • ဝင့်ပြုံးမြင့်

      December 26, 2016 at 12:14 pm

      အဲဒါပြောချင်တာ ကိုသူရ။ မော်ဒန် ဆိုတာ ကာရံကို လွှတ်တာ မဟုတ်ဘူး။ ကာရံ နေရာချပုံ ကို လွှတ်တာ။ ရှင်းလား။ မရှင်းရင် အခေါက်ခေါက်ဖတ်။ မြန်မာကဗျာမှာ ၄လုံးစပ်၊ ရလုံးစပ် စသဖြင့် လုပ်ထားတာကို၊ အဲသလို နေရာချထားတာကို လွှတ်ပစ်လိုက်တာ။ ကာရံနေရာချပုံ ကိုလွှတ်ချပြီး စကားလုံးအားနဲ့ပဲ သွားတာ။ အသံလှမှ ကဗျာလှတာပါဆို။ မဟုတ်ရင် စကားလုံးတွေ ဖောင်းပွပြီး စကားလုံး အမှိုက်အိတ်ကြီး ဖြစ်နေမှာပေါ့။ အလှတရားကို ကဗျာမှာ လက်သင့်မခံနိုင်ဘုူး ခံစားချက်အစစ် ဆိုမှ ဆိုတာမျိုး မဟုတ်သေးဘူး။ အသံသာဖို့ မလိုဘူးဆိုရင် အားလုံးဟာ စကားပြေပဲ။ အလှတရားကို လက်သင့်မခံနိုင်ဘူးဆိုရင် အနုပညာသေတာပဲ။ သေပြီဆိုလည်း ပြော၊ နောက်တော့မှ ရေစက်ချမယ်

      အထက်က ကဗျာမှာ အင်မတိအင်မတန်ရှေးရိုးဆန်တဲ့ ကဗျာဆရာဟာ အမော်ဒန်ဆုံး ဖြစ်သွားခဲ့တာ။ အဲဒီမှာ သူ့ကဗျာတွေ အံ့မခန်းဖြစ်သွားခဲ့တာ။

      • Thint Aye Yeik

        December 26, 2016 at 1:37 pm

        ဘာလို့များ စကားပြေနဲ့ကဗျာကို ခွဲခြားခွဲခြား စည်းကြီး တားနေမှာလဲဗျာ။
        အားလုံးက ပညတ်တွေချည်း မဟုတ်လား။
        စာပေအနုပညာမြစ်ကြီးထဲမှာ ဗျာ/ပြေ မျဉ်း ဆွဲမနေပါနဲ့တော့လေ
        :k:
        ကျန်တာ နောက်မှ ဆက်ငြင်းမယ်
        😆

    • ဝင့်ပြုံးမြင့်

      December 29, 2016 at 7:30 am

      ကျေးဇူးပါ ဦးကြီးမိုက်ရေ

  • uncle gyi

    December 27, 2016 at 8:02 pm

    ကဗျာကိုဘယ်သူကဘယ်လိုကောင်းတယ်ပြောပြော
    ကောင်းတာကကောင်းပါလိမ့်မယ်
    ကိုယ့်ခံစားချက်နဲ့ကိုက်ညီလိုက်တဲ့အခါကောင်းတဲ့ကဗျာကိုတော့မှီမယ်မထင်

Leave a Reply