စည်းကမ်းတဲ့လား…လိုက်နာချင်စိတ်က အဓိက…
(နေပြည်တော်နဲ့ ပတ်သက်ပြီး ဟိုးအရင်က ပိုစ့်တစ်ပုဒ် ရေးဖူးပါတယ်။ နေပြည်တော်မြို့ထဲကို ပထမဆုံးအခေါက်
အလည်သဘော ရောက်ခဲ့ပြီး ပြန်အလာမှာ “သန့်ချင်ယောင် ဆောင်ထားတဲ့ မြို့တစ်မြို့” ဆိုတဲ့ နာမည်နဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက ……. ဆိုင်ကယ် ကယ်ရီသမားတွေ၊ ကားသမားတွေရဲ့ လူလည်ကျပုံတွေ၊ သမာသမတ် မရှိတဲ့ ပတ်ဝန်းကျင်တွေနဲ့ ကြုံခဲ့ရလို့
အစာမကြေဖြစ်ပြီး ရေးခဲ့တာဆိုပါတော့။
အခုလည်း နောက်တစ်ခေါက်မက ရောက်ခဲ့ပြန်ပါပြီ။ သွားရင်း လာရင်းနဲ့ပဲ ဟိုစပ်စပ် ဒီစပ်စပ်ကြည့်မိ၊ ကြည့်သောသူ မြင်၏၊
မြင်ပေမဲ့ လျှာယားတတ်သူမှ ပြောချင်ဆိုချင် လျှာအယားဖြေချင်လာတာပါ။ ဆိုတော့ … နည်းနည်း လျှာ အယားဖြေမယ်နော်။ )
————————————————————-
နေပြည်တော် မြို့ထဲကို ရောက်ပြီ ဆိုရင် … ဒါ…နေပြည်တော်ထဲ ရောက်ပြီပဲ လို့ တန်းပြီးတော့ သိလိုက်ရစေမယ့် အချက်ကတော့
လမ်းတွေပါ။ သိပ်ကို ချောမွေ့ ကျယ်ပြောလှတဲ့ လမ်းတွေပါပဲ။
အဲဒီ လမ်းတွေဟာ နေပြည်တော်မှာ လက်ရှိ နေထိုင် သွားလာနေတဲ့ ……..မြို့နေ လူထု အတိုင်းအတာနဲ့ နှိုင်းဆကြည့်ရင်တော့
ဒီလမ်းတွေဟာ မလိုအပ်ဘဲ ကျယ်လွန်းနေတယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမဲ့ နောင်လာမယ့် နှစ်များစွာအတွင်း လူဦးရေတွေ၊ ယာဉ်တွေ
ဒီထက် ထူထပ် များပြားလာမယ် ဆိုရင်တော့ ဒါဟာ လုံလောက် ကောင်းမွန်တဲ့ လမ်းတွေပါပဲ။ ဒီလိုဆိုတော့ ဒီလောက်လမ်းအကျယ်ကြီးတွေဟာ
ရေရှည်ကို ကြည့်ပြီး တည်ဆောက်ခဲ့တာပါပဲလားလို့ ယူဆပြီး ချီးကျူးရမှာပါ။
ဒါ့အပြင် လမ်းမကြီးတွေရဲ့ ဘေးတစ်ဖက်စီမှာ လမ်းခပ်သေးသေးလေးတွေ တစ်လမ်းစီ တောက်လျှောက် ဖောက်ထားပေးတာကိုလည်း
တွေ့ရပါတယ်။ အဲဒီ လမ်းကလေးတွေဟာ ဘာအတွက်လဲလို့ စပ်စုကြည့်လိုက်တော့ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ သွားဖို့ သီးသန့် ခွဲထုတ်ပေးထားတဲ့
အနှေးယာဉ်သွားရန် လမ်းကြောင်း ဖြစ်ပါတယ်။ ဆိုင်ကယ်/စက်ဘီးများ သီးသန့်လမ်းမှ သွားလာပါရန် ဆိုပြီး ဆိုင်းဘုတ်တွေလည်း ထောင်ပြထားတာကို
တွေ့ရပါတယ်။
ဟုတ်ပြီ။ ဆိုင်ကယ်တွေ စက်ဘီးတွေ သွားဖို့အတွက် သီးသန့်လမ်းလည်း ရှိပါပြီ။ သီးသန့်လမ်းက သွားကြပါဆိုပြီး သတိပေးထားတဲ့
ဆိုင်းဘုတ်တွေလည်း ရှိပါပြီ။ ပါဠိလိုတွေ၊ အင်္ဂလိပ်လိုတွေ မပါဘဲ မြန်မာစာနဲ့ပဲ ခပ်လွယ်လွယ် ရေးထားတဲ့ သတိပေးလမ်းညွှန်ချက်တွေပါ။
သာမန် အခြေခံပညာ မူလတန်း အဆင့်လောက် သင်ယူဖူးတဲ့သူတွေတောင် ဖတ်တတ်မှာ သေချာပါရဲ့။
လမ်းလည်း အဆင်သင့်၊ စည်းကမ်းလိုက်နာဖို့ သတိပေးချက်ကလည်း အဆင်သင့် ရှိတယ်ဆိုတော့ …
ဆိုင်ကယ်တွေ စက်ဘီးတွေဟာ သီးသန့်လမ်းလေးတွေကနေ သွားကြမှာပဲပေါ့လေ… စည်းကမ်းကို လိုက်နာကြမှာပဲလေ….၊
အဲဒီအတွေးနဲ့ လေ့လာကြည့်မိတော့… အထင်နဲ့ အမြင်ဟာ တက်တက်စင်အောင် လွဲနေပါရဲ့။
လမ်းမကြီးတွေပေါ်ကိုပဲ ဆိုင်ကယ်တွေ စက်ဘီးတွေဟာ ပေါ်ပေါ်တင်တင် တက် မောင်းနေကြလေရဲ့။ ဆိုင်ကယ်/ စက်ဘီးတွေအတွက်
သီးသန့်လမ်းလေးဟာ ခြောက်ကပ် တိတ်ဆိတ်လို့… အသုံးပြုသူ မရှိသလောက်နီးပါး…။
နေပြည်တော်မြို့ထဲက လမ်းမကြီးပေါ်မှာ အခေါက်ပေါင်း များစွာ ကားမောင်းဖူးပါပြီ။ မောင်းတဲ့အချိန်တိုင်း အရှိန်ကို 80 km/h လောက်နဲ့
မောင်းဖြစ်ပါတယ်။ 100 လောက်ထိ မောင်းလို့တောင် ရပါတယ်။ လမ်းတွေက ကား အသွားအလာ နည်းနေသေးပြီး ချောမွှတ်နေတော့
အဲဒီ အရှိန်လောက်နဲ့ အေးအေးဆေးဆေး မောင်းလို့ ရနေတာကိုး။
အဲဒီ အရှိန်လောက်နဲ့ မောင်းနေတဲ့ ကားတွေကြားမှာပဲ… (သီးသန့်လမ်း ရှိလျက်နဲ့ ကားလမ်းမပေါ် တက်ပြီး) သွားလာနေတဲ့ ဆိုင်ကယ်တွေ၊
စက်ဘီးတွေကို မြင်နေရတော့ ကျွန်တော် တော်တော်လေး စိတ်ပျက်မိပါတယ်။
စည်းကမ်းဆိုတာကို ဆိုင်းဘုတ်ပေါ် တင်ထားရုံပဲ ရှိပြီး လက်တွေ့ မလိုက်နာကြဘူး။ သူတို့ ဘာလို့များ စည်းကမ်းကို လိုက်နာဖို့ ခဲယဉ်းနေတာလဲ။
ဆိုင်ကယ်တွေ၊ စက်ဘီးတွေ သွားဖို့ လုပ်ပေးထားတဲ့လမ်းက ကားတွေ သွားတဲ့ လမ်းမကြီးလောက် ချောမွှတ်မနေတာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ သွားလာလို့
အဆင်ပြေနေတာပဲ။ သေချာ ခင်းကျင်းပေးထားတဲ့ ကွန်ကရိလမ်းလေးပါပဲ။
လမ်းကောင်းက သွားချင်တဲ့ ဆန္ဒနဲ့ စည်းကမ်းဖောက်ရုံမျှ မဟုတ်ပါဘူး။ စည်းကမ်းဆိုတာကို လိုက်နာရကောင်းမှန်း သေချာမသိတဲ့
စိတ်အခြေအနေတွေရယ်၊ ဒါ့အပြင် စည်းကမ်း ဖောက်ဖျက်ရတာကို ရှက်ရကောင်းမှန်း မသိတဲ့ စိတ်ရယ်… စည်းကမ်းအတိုင်း နေထိုင်/
သွားလာတယ်ဆိုတာဟာ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ့်အဆင့်အတန်းကို ကိုယ်တိုင် မြှင့်တင်နေတာပဲ ဆိုပြီး ဂုဏ်ယူရကောင်းမှန်း မသိတဲ့
စိတ်အခြေအနေတွေရယ် ပေါင်းပြီး အခုလို စည်းကမ်းတွေ ဖောက်ဖျက်နေကြတာပါ။
(ရန်ကုန်မှာလည်း ကားမောင်းရင် ထိုင်ခုံ ခါးပတ် ပတ်ရမှာ ဝန်လေးသူတွေ၊ အမှိုက်ကို တွေ့ကရာ နေရာမှာ ပစ်ချဖို့ ဝန်မလေးသူတွေ၊
ယာဉ်မရပ်ရဆိုတဲ့ နေရာမှာ ရပ်၊ ဂငယ် မကွေ့ရဆိုတဲ့ နေရာမှာ ကွေ့…စသည်ဖြင့် စည်းကမ်းကို ဖောက်ချင်တိုင်း ဖောက်နေတာတွေ တွေ့နေရလေရဲ့)
စည်းကမ်းဖောက်ဖျက်သူတွေကို အရေးယူမှု ၊ ဒဏ်ခတ်မှု မရှိတာ၊ တရားဥပဒေ စိုးမိုးမှုပိုင်းဆိုင်ရာ တာဝန်ရှိသူတွေရဲ့ လျော့တိလျော့ရဲ နေမှု၊
ဒါလည်း ထည့်ပြောရမယ်ထင်ပါရဲ့။ လမ်းမပေါ် ဆိုင်ကယ်၊ စက်ဘီး မတက်ရ ဆိုတဲ့ စည်းကမ်းတော့ ထုတ်လိုက်ပါရဲ့။ စည်းကမ်းဆိုတာ စာရွက်ပေါ်
ချရေးထားရုံ၊ ဆိုင်းဘုတ်ထောင်ထားရုံအဆင့်လေး ရောက်ရုံလောက်နဲ့ ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။
အဲဒီ စည်းကမ်းကို ဘယ်သူတွေ ဘယ်လောက် လိုက်နာပြီး၊ ဘယ်သူတွေ ဘယ်လို ဖောက်ဖျက်နေတယ် ဆိုတာ သိတဲ့အထိ လုပ်ရပါမယ်။
အဲဒါဟာ စည်းကမ်း ထုတ်ပြန်သူတွေ လုပ်ဆောင်ရမယ့် တာဝန် ဖြစ်ပါတယ်။
စည်းကမ်းကို လိုက်နာသူတွေ ရှိတယ်။ အဲဒီသူတွေကို အသိအမှတ် ပြုရပါမယ်။ စည်းကမ်းကို ဖောက်ဖျက်သူတွေ ရှိပါတယ်။
စည်းကမ်းမဲ့သူတွေကိုတော့ နောင်အခါတွေမှာ စည်းကမ်း မမဲ့ရဲအောင်၊ စည်းကမ်းဖောက်ခြင်းကို ရှက်တတ်လာအောင် ဒဏ်ခတ်ရပါမယ်။
သိပ်မခက်ခဲဘူးလို့ ထင်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုသာ ရှိရင်… သက်ဆိုင်ရာ တစ်ဦးတစ်ယောက်ဖြစ်စေ၊ တစ်ဖွဲ့တစ်သင်း ဖြစ်စေက…
တာဝန်ယူပြီး စည်းကမ်းဖောက်ဖျက်သူတွေဆီက ရတဲ့ ဒဏ်ငွေကို စည်းကမ်းလိုက်နာသူတွေဆီ ဆုတော်ငွေ ပြန် ပေးလိုက်ရုံစနစ်နဲ့တောင် ပြီးပါတယ်။
စည်းကမ်း ဖောက်ဖျက်တဲ့သူ တစ်ယောက်ကို တွေ့ပြီဆိုပါစို့၊ စည်းကမ်း လိုက်နာသူက အဲဒီ ဖောက်ဖျက်သူကို ဓါတ်ပုံရိုက်၊
ယာဉ်/လမ်း စည်းကမ်း ထိန်းသိမ်းရေးဌာနကို Viber က ဖြစ်ဖြစ် ပို့၊ အရေးယူ ၊ ဒဏ်ရိုက်။ ရိုက်လိုက်တဲ့ ဒဏ်ငွေထဲက အတိုင်းအတာတစ်ခုကို
ဓါတ်ပုံပေးပို့ပြီး လှမ်း သတင်းပေးတဲ့သူကို ဆုတော်ငွေအဖြစ် ပေး၊ ဒီလို လုပ်လည်း ဖြစ်တာပဲ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော် ပေါ့။
အခုတော့ စည်းကမ်းဆိုတာကို ထုတ်တဲ့သူက ထုတ်တော့ ထုတ်ထားပါရဲ့။ စည်းကမ်းဟာ ဆိုင်းဘုတ်ပေါ်မှာပဲ ရှိပြီး စည်းကမ်း သေဝပ်မှု၊
စည်းကမ်းလိုက်နာမှု ဆိုတာတွေဟာ တကယ် အသက်မဝင်လာတဲ့အခါကျတော့ စည်းပျက် ကမ်းပျက် တိုင်းပြည်ကြီးအဖြစ်နဲ့ ရှက်စရာ ဖြစ်နေပါတော့တယ်။
ပိုပြီး ရှက်ဖို့ ကောင်းတာက အဲဒီနေ့က လမ်းမပေါ်မှာ စည်းကမ်း ဖောက်နေတဲ့ သူတွေထဲ ငါးတန်း ခြောက်တန်းလောက် အရွယ်
ကျောင်းသားလေးတွေကိုလည်း တွေ့လိုက်ပါတယ်။
ကျောင်းသားလေးတွေဟာ စက်ဘီးတွေ ကိုယ်စီနဲ့ ကားတွေ တဝီဝီ သွားနေတဲ့ လမ်းမကြီးပေါ်မှာ အေးအေးလူလူ တက် နင်းသွားနေလေရဲ့။
ဆိုတော့ ဒီ ကျောင်းသားကလေးတွေဟာ စက်ဘီး/ဆိုင်ကယ် သွားဖို့ သီးသန့်လမ်းကို မတွေ့လို့လား၊ မဟုတ်ပါဘူး။ တွေ့ကို တွေ့ပါတယ်။
ဒါဖြင့် “စက်ဘီး/ဆိုင်ကယ် စတဲ့ အနှေးယာဉ်တွေ သီးသန့်လမ်းကသာ သွားပါရန်” ဆိုတဲ့ ဆိုင်းဘုတ်ကို မဖတ်တတ်လို့လား၊
ဒါလည်း မဟုတ်သေးပါဘူး။ သူတို့လေးတွေဟာ ကျောင်းသားလေးတွေပါ။ စာကို သေသေချာချာ ဖတ်တတ်နေတဲ့ အရွယ်လေးတွေပါ။
ဆိုင်းဘုတ်ပေါ်က စာကို ဖတ်တတ်မှာ သေချာပါတယ်။
ဒါဖြင့် စာလည်း ဖတ်တတ်တယ်၊ သီးသန့် ခွဲ ထုတ်ထားတဲ့ လမ်းကိုလည်း တွေ့နိုင်နေလျက်နဲ့ ဘာလို့များ စည်းကမ်းကို အေးအေးလူလူနဲ့
ဖောက်ဖျက်နေပါလိမ့်။
သူတို့လေးတွေ တက်နေတဲ့ ကျောင်းတွေမှာ အသင်အပြ ဆရာ/ဆရာမကြီးတွေက စည်းကမ်းဆိုတာ လိုက်နာရမှာ ဖြစ်ကြောင်း၊
စည်းကမ်းလိုက်နာတာဟာ နိုင်ငံကြီးသား ပီသမှာ ဖြစ်ကြောင်း၊ စည်းကမ်း ဖောက်ဖျက်တာဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဆိုတာကို သိပြီး၊
ရှက်တတ်ရမယ် ဖြစ်ကြောင်း..စသည်ဖြင့် သင် မပေးဘူးလား။
သင်ပေးရင်ကော… “ဒီစာပိုဒ်ကို ကျက်ထား”ဆိုတာလောက်နဲ့ ပြီးသွားရောလား။ သင်ပြပေးထားတဲ့ ဆောင်ရန် ရှောင်ရန်ကို ဘယ်လောက်
လိုက်နာကြောင်း သိရတဲ့အထိ… အကျိုးသက်ရောက်မှုတွေ ဘယ်လိုဘယ်ပုံဆိုတာ သိတဲ့အထိ ထိန်းကွပ်ကြပ်မတ်ပေးရမှာ မဟုတ်ဘူးလား။
တိုင်းပြည်ရဲ့ နောင်အနာဂတ်ကို အဲဒီ ကျောင်းသား လူငယ်လေးတွေရဲ့ လက်ထဲ ထည့်ပေးခဲ့ရမှာပါ။ နောင်လာမယ့် မျိုးဆက်ဟာ
အခုမျိုးဆက်လိုပဲ စည်းကမ်း ဖောက်ချင်တိုင်း ဖောက်ဖျက်ဖို့ ဝန်မလေးတဲ့ မျိုးဆက်ပဲ ဖြစ်လာဦးမှာလား။ ရင်လေးစရာပါပဲ။
ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ မရှက်မကြောက် စည်းကမ်း ဖောက်ဖျက်လာကြပြီးပါပြီ။ တော်လောက်ပြီ…တော်သင့်ပြီ ထင်ပါရဲ့။
ဒီလောက် စည်းကမ်း ဖောက်ဖျက်ရရင် တော်လောက်ပြီ။
နောင် လာမယ့် အနာဂတ်မှာ စည်းကမ်းဖောက်ဖျက်ရမှာကို ရှက်ကြောက်သော လူမှုဝန်းကျင် ဖြစ်ဖို့… ကိုယ်တိုင်လည်း ပြုပြင် ပြောင်းလဲပြီး
နေထိုင်သွားသင့်ပါပြီ။
ဒီထက် တဆင့်တက်ရရင်တော့….
နောင် လာမယ့် မျိုးဆက်၊ ကိုယ်တွေ ချန်ထားခဲ့ရမယ့် အနာဂတ်မျိုးဆက်ကိုလည်း စည်းကမ်း ပြည့်ဝသောမျိုးဆက်ဖြစ်အောင်၊
မလုပ်သင့်/မလုပ်ထိုက်တာနဲ့ လုပ်သင့်/လုပ်ထိုက်တာကို ခွဲခြားသိတဲ့မျိုးဆက် ဖြစ်အောင်၊
သိတဲ့အတိုင်းလည်း လုပ်သင့် လုပ်ထိုက်တာကို ပြတ်ပြတ်သားသား လုပ်မယ့် မျိုးဆက် ဖြစ်အောင် …
တွန်းအားပေး လမ်းကြောင်း ဖောက်ပေးခဲ့ဖို့ အချိန်လည်း တန်နေပါပြီ….လို့….
တွေးမိပါတယ်။
——————————————————–
လေးစားစွာဖြင့်…
သင့်အေးရိပ်
၂၀၁၆၊ ဒီဇင်ဘာ
=========================
=========================
=========================
24 comments
ဝင့်ပြုံးမြင့်
December 26, 2016 at 12:31 pm
ရေးထားတာပြည့်ပြည့်စုံစုံ။ အားပါးတရ ဝင်ဖတ်ပြီး စိတ်တွေ လေသွားပါကြောင်း။
Thint Aye Yeik
December 26, 2016 at 1:40 pm
.ရေးရင်းနဲ့ စာ တော်တော် ရှည် ရှည်သွားလို့။ မနည်း ဘရိတ်အုပ်ထားရတာ။
😆
စိတ်တွေ လေတာတော့ အဟုတ်ပဲ။ မြို့တော်တော်များများကို သွား လာ ကြည့်ရှုမိလေလေ
စိတ်တွေ အကြီးနဲ့အကျယ် လေသွားလေလေ
အရင်ကကျော်စွာဦးကြီးမိုက်
December 26, 2016 at 1:23 pm
မူလတန်းကျောင်းတွေက စပြီးစည်းကမ်းကိုအလေ့အထဖြစ်အောင် လိုက်နာတတ်အောင်သင်ပေးရမယ်
Thint Aye Yeik
December 26, 2016 at 1:41 pm
ဟုတ်တယ် ဦးကြီးရေ။
အခုက ကျောင်းသားတွေကအစ စည်းကမ်း လိုက်နာရကောင်းမှန်း မသိကြတော့ဘူး။ အဲ့ဒါ တော်တော် နစ်နာတဲ့အချက်ပဲနော်
Foolish Girl
December 26, 2016 at 3:21 pm
စည်းကမ်းလိုက်နာမှုကလည်း အဲဒီစည်းကမ်းကို ထုတ်တဲ့သူတွေအပေါ်လည်း အများကြီးမူတည်တယ်ဆိုတာသိပ်မှန်တာပဲနော်
သင့်အေးရိပ်ပြောသလို
လမ်းပေါ်တွင် အမှိုုက်မပစ်ရ ဆိုပြီးတော့ လမ်းမှာ အမှိုက်ပုံးလုံလုံလောက်လောက်မရှိတာမျိုးပေါ့
အမှိုက်ပုံးရှိရဲ့သားနဲ့လမ်းပေါ်ပစ်ရင်လည်း ထိထိရောက်ရောက်အရေးယူတာမျိုးရှိရင်တော့ အဆင်ပြေလာလေမလားလို့နော်
Thint Aye Yeik
December 26, 2016 at 8:13 pm
ကျနော်တော့ လမ်းပေါ် အမှိုက်မချသင့်ဘူးဆိုတာကို ရှက်စိတ်နဲ့ လိုက်နာပါတယ်။ ကိုယ့်အမှိုက်အတွက် ကိုယ့်မှာ တာဝန်ရှိပါတယ်။ အမှိုက်ပုံး မရှိလို့ ဘက်ခနဲ ပစ်ချရမှာကိုတောင် ရှက်ပါတယ်။ ထည့်ရ သယ်သွားရ လွယ်တဲ့အမှိုက်ဆိုရင် အမှိုက်ပုံး မရှိတဲ့နေရာကနေ ရှိတဲ့နေရာ ရောက်တဲ့အထိ ကိုယ့်ကျောပိုးအိတ် ဘေးအိပ်လေးထဲ ထည့်ပြီး သယ်ပါတယ်။ ကျောပိုးအိတ်မှာ ဘေးအိတ် ၂ခု ပါတာမှာ တစ်ခုက ရေဗူးထည့်ပြီး နောက်တစ်ခုကို အမှိုက်ထည့်ပါတယ်။
အမှိုက်ပုံး ရှိတဲ့နေရာ ရောက်ရင် အဲ့ အမှိုက်တွေကို ရှင်းထုတ်ပါတယ်။
အမှိုက် မပစ်ရလို့ စည်းကမ်း ထုတ်တာ ထုတ်သူတွေ အလုပ်။သူတို့ ထုတ်တဲ့ စည်းကမ်းကို မလိုက်နာသူတွေရှိ လိုက်နာသူတွေရှိ ။ ဒါတွေထိ နောက်ဆက်တွဲ လိုက်ရတာ သူတို့အလုပ်။ အမှိုက်ပုံးတွေ ချပေးထားရမှာလည်း သူတို့အလုပ်။ သူတို့ တာဝန်မကျေရင် သူတို့ ပေါ့လျော့ရင် သူတို့အကြောင်း သိသွားတာက ကိုယ့်အလုပ်။
ပြီးတော့ ကိုယ့်ကြောင့် လမ်းမကြီးတွေ မြို့တော်တွေ ညစ်ပတ်မသွားအောင် တတ်နိုင်သလောက် ထိန်းသိမ်းနေထိုင်ပေးရမှာက ကိုယ့်အလုပ်ပါ။
သူတို့ တာဝန်မကျေတိုင်း ကိုယ်ပါ ဖြစ်ကတတ်ဆန်းနေလိုက်မယ်ဆိုရင် တိုင်းပြည်တစ်ခုလုံး ပွစာတက်တော့မှာကိုး။
:k:
အမှိုက်ပုံး လုံလုံလောက်လောက် ချထားမပေးနိုင်တာ
စည်ပင်( အစိုးရ ဆိုပါစို့) ရဲ့ ဘက်ဂျက် အားနည်းချက်ကြောင့်ဖြစ်မှာပါ။
ဆိုတော့ ကိုယ့်အစိုးရက အကြွေးပေါင်းစုံ ပြသနာပေါင်းစုံကို ဖြေရှင်းနေရတာနဲ့ အချိန်ကုန် လူပန်း ဖြစ်နေတဲ့ ဆင်းရဲမွဲတေသော အစိုးရပါ။
သူ့ကို တတ်နိုင်သလောက် ကူရမှာက တိုင်းသူပြည်သားရဲ့ ဝတ္တရားပါ။
ဒီတော့
ကျနော်တို့ ရပ်ကွက်မှာ အစိုးရက အမှိုက်ပုံးတွေ လာ ချမပေးထားနိင်ဘူးဆိုတာနဲ့ပဲ အမှိုက်တွေကို ပစ်ချင်တိုင်း ပစ်ချနေတော့မှာလား။
ဒီလို လုပ်ရအောင်။
လမ်းထိပ်တွေမှာ ဝါးခြမ်းပြားနဲ့ တိုင် လေးတိုင်လောက် စိုက်ပြီး ပလပ်စတစ်အိတ်တစ်အိတ် စွပ်မယ်။
အဲ့ထဲကိုပဲ အမှိုက်ပစ်ပါဆိုပြီး A4နဲ့ သတိပေးစာ ကပ်မယ်။ အမှိုက်အိတ် ပြည့်တိုင်း ကူညီချင်စိတ်ရှိတဲ့ ရပ်ကွက်သူားက အဲ့အမှိုက်အိပ်ကို အမှိုက်ပုံ ရှိရာ ယူသွားပေးမယ်။
ဒါဆိုရင် အမှိုက်ပုံး လာ မထားလည်း ဘာအရေးလဲ။
ငွေကုန်ကြေးကျ သက်သာစွာနဲ့ ကိုယ့်ရပ်ကွက် ကိုယ့်လမ်း ကိုယ့်မြို့ သန့်ရှင်းအောင် တစ်ဖက်တစ်လမ်းက ကူညီပေးလိုက်နိုင်တာပဲ။ ကြွပ်ကြွပ်အိပ်ဖိုးတော့ လူတိုင်း တတ်နိုင်ပါတယ်။ ဒါမျိူး လှူသင့်တယ်။
😆
Foolish Girl
December 27, 2016 at 4:36 pm
အမှိုက်တွေကိုအိတ်ထဲထည့်တတ်တာ သင့်အေးရိပ်တစ်ယောက်ပဲဖြစ်မယ်မထင်ပါဘူး
အဲဒီလိုလူမျိုး တော်တော်များများတွေ့ဘူးတယ်
မြင်ဘူးတယ် ကိုယ်ကိုတိုင်လည်း အမှိုက်ဆိုတာကိုတွေ့ကရာနေရာမပစ်တတ်ဘူး
အမှိုက်ပုံးတွေ့တဲ့အထိ လက်ထဲမှာကိုင်ထားတယ် နောက်ဆုံးအိမ်အထိပါလာတတ်တယ်
တစ်ခါတလေ အိတ်ထဲထည့်ထားတယ် အိတ်တောင်အမှိုက်ပုံနီးနီးအမှိုက်ရှုပ်သွားတဲ့နေ့ရှိတယ်
အမှိုက်တိုင်းက အဲလိုထည့်လို့ရတဲ့ ကိုင်လို့ရတဲ့ အမှိုက်မျိုးမဟုတ်ဘူးလေ
မပစ်လို့မရတဲ့ ကိုင်ထားလို့မရတဲ့ ထည့်သယ်လို့ မရတဲ့ အမှိုက်တွေရှိတတ်တယ်
အဲလိုအချိန်မျိုးဆို အမှိုက်ပုံးမတွေ့လို့ မတတ်နိုင်တဲ့အဆုံးလမ်းဘေးတစ်နေရာမှာချထားခဲ့ရမှာဘဲလေ
အဲဒါကကိုယ်ကိုတိုင်ပြုမှုတဲ့အရာမဟုတ်ပေမယ့် ဒါလေးတွေတော့ရှိတယ်လို့ပြောချင်တာပါ
အဓိကပြောင်းရမှာကတော့ စိတ်ဓါတ်ပေါ့ဗျာ
စိတ်ဓါတ်ကောင်းတဲ့သူကို ဘာသတိပေးစာ ဘာစည်းကမ်းမှထုတ်ပေးဖို့မလိုဘူး သူ့အသိစိတ်နဲ့သူလုပ်မှာဘဲ
စိတ်ထားတတ်မယ်ဆို ဘယ်သတိပေးစာ ဘယ်စည်းကမ်းမှရှိလာမှာမဟုတ်ဘူးလေ
ဒီတော့ စိတ်ဓါတ်မတူညီတဲ့လူတွေကိုညှိဖို့ စည်းကမ်းဆိုတာထားလာရတယ်
ထုတ်ထားတဲ့စည်းကမ်းကိုလိုက်နာမအောင်လည်းလုပ်ရမှာဘဲ
ဘာလို့လည်းဆိုတော့ ကျွန်တော်တို့တွေက လူတွေဖြစ်နေတာကိုးဗျ
စည်းကမ်းမလိုက်နာတဲ့သူတွေထောက်စရာမလိုအောင် အမှိုက်ပုံးတွေချထားလိုက်
အဲဒါကိုမှဆက်ပစ်နေကြတယ်ဆိုဒါကတော့လွန်ပြီလေ ဒီလိုလူမျိုးကိုကျတော့ထိထိရောက်ရောက်အရေးယူရမှာပေါ့
မဟုတ်ဘူးလား
Thint Aye Yeik
December 27, 2016 at 4:46 pm
ဒီပိုစ့်ရဲ့ ဆိုလိုရင်းကိုက… အဲ့နားပတ်ချာလည်ခင်ဗျ။
:k:
စည်းကမ်းကို လိုက်နာရကောင်းမှန်း မသိကြတဲ့သူတွေ၊ စည်းကမ်းဖောက်ဖျက်တာကို မရှက် မကြောက်တဲ့သူတွေ ရှိနေပြီး… ဆိုးတာက..အဲဒီအထဲမှာ ကျောင်းသားလူငယ်လေးတွေကအစ …ပါနေတာ။
ဆိုတော့… အမှိုက်ပုံးတွေ ထားလည်း အဆင်မပြေလောက်သေးဘူး။
လူတွေရဲ့ အတွေးထဲမှာ စည်းကမ်းကို ဖောက်ဖျက်ရမှာကို ရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ်၊ တိုင်းပြည်ကို ကောင်းစေချင်တဲ့စိတ်…စသည်ဖြင့် … တစ်ယောက်ချင်းစီတိုင်းမှာ ရှိလာအောင်…
အခြေခံပညာရေးထဲမှာကိုက ..ထိထိရောက်ရောက် လုပ်စေချင်တာ…
အဲဒါ..အဲဒါ…
😆
ဝင် ဆွေးနွေးပေးနေတဲ့အတွက် ကျေးဇူးနော်…
.နေပြည်တော်နဲ့ ပတ်သက်တာ…နောက်တစ်ပုဒ် ရေးထားသေးတယ်။
:k:
kai
December 26, 2016 at 6:50 pm
စနစ်ကြောင့်မဟုတ်..။
နောက်ပိုင်းသတိထားမိတာတခုက.. ဟိုလူမလုပ်လို့…ငါမလုပ်..။
ဟိုနိုင်ငံလုပ်လို့.. ငါလုပ်..။
သူတို့မလုပ်ထားလို့.. ကိုယ်မလုပ်..။
စတဲ့.. Blame game တွေ…..။ Victim blame တွေ…
ဆိုတော့..
ထပ်ပြောမယ်နော..
စနစ်ကြောင့်မဟုတ်…
အတွေးအခေါ်တို့၏ အမြုတေသည်… ဘာသာရေး..။
ခေတ်ပြောင်းချင်လျှင်.. မည်သည့်လူသားကမျှ.. မည်သူ့ကိုမှ ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ ကန်တော့ခြင်းမပြုရ..
မပြုတာက.. စ။ တယောက်စီက.. စ။
အခုစ.. အခုပြောင်း..။ :k:
Thint Aye Yeik
December 26, 2016 at 7:56 pm
ထင်သားပဲ
ဒါပဲ လာပြောမယ် ဆိုတာ။
😆
ကျနော်က ပညာရေးကို ထောက်ပြချင်နေတာ။
ဘာသာရေးက ဒီလောက် အရေးမကြီးဘူးထင်တယ်။
ဘာသာရေး အတွေးအခေါ်တွေ ပြောင်းတိုင်း. . . တိုင်းပြည် ပြောင်းလဲတိုးတက်ရကြေးလို့တော့
တယ် မယုံချင်ချင်။
:k:
ကျနော်ကိုယ်တိုင်က ဘုရားဆိုတာတွေပေါ် ရောက်ရင် ထိုင် ကန်တော့ဖို့ထက် ဓါတ်ပုံ လိုက်ရိုက်ပြီး ဘယ်နေရာမှာ ဘယ်လိုလေး လုပ်ထားတာပါလားဆိုတာကို စိတ်ဝင်စားပြီး လိုက်ငေးတာက အရင်။
ဆိုတော့ ဘာသာရေးကို ကျနော်တော့ တယ်ပြီး စိတ်မဝင်စားလှဘူး။
—————–
တိုင်းပြည်တိုးတက် စေချင်တယ်။
ဘာသာရေးထက် ပညာရေးကြောင့်သာ တိုးတက်မှာကို တွေးမိတယ်။ ဥပမာ စင်္ကာပူ။ ဘာသာရေး ရှုထောင့်က ကြည့်ရင် စင်္ကာပူဟာ သိပ် အပြောလွတ်တယ်။
ပညာတတ်တွေမွေးဖွားနိုင်တာတို့ ပညာရှင်တွေကို ခေါ်ထားပြီး အသုံးချ အသုံးပြုနိုင်တာတို့ကျတော့ အားကျစရာကြီး။
မြန်မာပြည်ရဲ့ ပညာရေးသာ မြင့်လာခဲ့ရင်. . .
မြန်မာပြည်သာ ပညာရှင်တွေကို အသုံးချ အသုံးပြုနိုင်လာခဲ့ရင် စင်္ကာပူနဲ့မခြားဘူးလို့ ယုံတယ်။
အဲ့ဒီအခါ ဘာသာရေးဆိုတာ သူ့”ဘာသာ”သူ ”ရေး”လိမ့်မှာ။
:k:
သူကြီးကို ကျနော် လေးတန်းကျောင်းသားအရွယ်က ဖြစ်တာလေး အကျဉ်း ပြောပြအုန်းမယ်။
ကျနော်တက်နေတဲ့ မူလတန်းကျောင်းကလေးကို အကြီးစား ပြင်ဆင်ပေးဖို့ဆိုပြီး ၁၉၉၄ လောက်က သိန်း ၈ဝကျော် လာလှူတာက ဦးခင်ညွန့်။
သူ ကျောင်းကို လာကြည့်တဲ့နေ့က လေးတန်းကျောင်းသားတွေရဲ့အခန်းထဲ ဝင်လာတာ။
ကျနော်တို့ကို ဆရာမက ဦးခင်ညွန့် လာရင်
လက်အုပ်ချီပြီး မင်္ဂလာပါ ဘဘကြီး!ဘဘကြီး ကျန်းမာချမ်းသာပါစေ ဆိုပြီး ပြိုင်တူဆိုခိုင်းတယ်။
ဦးခင်ညွန့် မလာခင်ကတည်းက ဇာတ်တိုက်ပြီး ညီနေအောင် ကျက်ခိုင်းထားတာ။
တကယ်တမ်း လာတော့ ကျနော် လက်အုပ်လည်း မချီဘူး။ လိုက်လည်း မဆိုဘူး။ ဇာတ်တိုက်နေရကတည်းကကို ဒီခေတ်စကားနဲ့ပြောရင် ချဉ်နေပြီ။ သူက ဘာမို့ လက်အုပ်ချီရမှာတုန်းဆိုပြီး။
ကျနော့်အတွေးထဲမှာ ဦးခင်ညွန့်ကို ဘုရားလို လက်အုပ်ချီ ကန်တော့မနေနိုင်ဘူးဆိုတာလေး တွေးနေမိပြီး သူများ လက်အုပ်ချီ ရွတ်ဆိုတိုင်း လိုက်မလုပ်ဖြစ်ဘူး။
နောက်ပိုင်းလည်း တော်ရုံ ဘုန်းကြီးတောင် ကန်တော့တာမဟုတ်။
ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်)နဲ့ ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)၊ ဆရာတော် နဒ္ဒမာလာဘိဝံသ. . .ဒါပဲ ကန်တော့တာ။
:k:
အာ့နဲ့ပဲ ပြောင်းသွားရောတဲ့လား
kai
December 27, 2016 at 3:33 am
စနစ်ကြောင့်မဟုတ်ဆိုတာ.. တခြားနိုင်ငံနဲ့ လူမျိုးများ…မပါပါလေ..။
ဆိုတော့…
ပြောင်းတာပေါ့..။
ကိုရင်က.. ပြောင်းလဲနေသူပဲ..။ ကိုရင့်လိုလူတွေများလာလေလေ.. တိုင်းပြည်အကောင်းဖက်ပြောင်းလေလေ..။ :k:
Thint Aye Yeik
December 27, 2016 at 4:40 pm
ပြီးခဲ့တဲ့ အပတ်ထဲက နယ်ဘက်ကို မိုင်တစ်ထောင်ကျော် ခရီးထွက်တယ်။
သူကြီး ပြောသလို လုပ်ကြည့်တယ်။ ဘယ်သူ ဘယ်လို အချက်ပြပြ… ကိုယ်က အမှန်အတိုင်း(မြို့တွင်းမှာ ပြသလို) ပြတယ်ပေါ့။
ဘယ်ဘက်ကို ပြောင်းမယ်ဆို ဘယ် အချက်ပြမီးဖွင့်၊ ညာဘက်ကို ပြောင်းမယ်ဆို ညာ အချက်ပြမီးဖွင့်၊
ကိုယ့်ကိုယ်ကို မူတည်ပြီး ကိုယ် ဘာလုပ်မယ်ဆိုတာကိုပဲ အဓိက ထားပြီး ပြဖြစ်တယ်ပေ့ါ။
ကိုယ်က ဘယ်ဘက် လမ်းကြောဘက် သွားမှာမို့ ဘယ်ဘက်အချက်ပြမီး အပြကောင်းတာ
အနောက်က ကပ်ပါလာတဲ့ တစ်စီးက သူ့ကို ကျော် တက်တော့ လို့ ပြောတယ် ထင်ပြီး….တအား ကပ်လာတာ…
ကံကောင်းလို့… အနောက်ကနေ ဝင်အဆောင့် မခံရတယ်။
တတိုင်းပြည်လုံး ပျက်နေတာကို ကိုယ်တစ်ယောက်ထဲလိုလိုက စ ပြင်နေသလိုကြီး…
ဟီးဟီး…
:k:
kai
December 27, 2016 at 5:36 pm
စတစ်ကာလေးပါကပ်ရမယ်ထင်တယ်..
ကမ္ဘာ့ကားစည်းကမ်းအတိုင်း မောင်းနေသောယာဉ်ဖြစ်သည်…။
သတိထား.. တို့.. ဘာတို့.. 🙂
Thint Aye Yeik
December 27, 2016 at 6:04 pm
မျက်နှာဖုံးတစ်ခုပါ စွပ်ထားရမယ်ထင်တယ်။
ဒီကောင် သောက်ရူး ငကြောင်ဆိုပြီး ကိုယ့်ကို သေချာ ကြည့်သွားကြမှာဆိုတော့လေ. . .
အခန့်မသင့်ရင် ကိုယ့်ပုံကြီး ဖဘပေါ်ထိ တက်လာမှာ။
ချီးကျူးခံရ မရက မသေချာ
အရင်ဆုံး အဟားခံရမှာကတော့ ကျိန်းသေပေါက်
:k:
အတွေးလေး
December 26, 2016 at 9:50 pm
စည်းကမ်းလိုက်နာ တို့ဝန်တာ ဆိုတာတင်မဟုတ်ပဲနောင်လာနောက်သားလေးတွေစည်းကမ်းလိုက်နာအောင်လမ်းညွှန်ပေးဖို့ကလည်း ဒို့ဝန်တာ ဖြစ်လာပြီကောလေ
Thint Aye Yeik
December 26, 2016 at 10:29 pm
.ဟော. . .အတွေးလေး. . .
မတွေ့တာ ကြာပြီ။ ကြာပေမယ့် သတိတရ ရွာထဲ ဝင်လာသေးလို့ ပျော်မိတယ်။
ကျနော်တို့ မျိုးဆက်ဟာ သစ်ပင်တွေ စိုက်ခဲ့တဲ့မျိုးဆက်တော့ ဖြစ်သင့်တာပေါ့နော်။
ကိုယ်တွေက အသက်ကြီးနေပြီ။ ဒါပေမယ့် ဒီအပင်တွေရဲ့အသီး အပွင့်တွေကို ကိုယ် စားသွားဖို့ မမှီဘူးဆိုရင်တောင် နောက်လူတွေအတွက် စိုက်ခဲ့ရဦးမှာပဲပေါ့။
ကိုယ်တွေက စည်းပျက်ကမ်းပျက် ခေတ်ပျက်ကြီးထဲ ရှင်သန်နေခဲ့ရတာ။ နောက်မျိုးဆက်ထိတော့ မပျက်သင့်တော့ဘူးပေါ့လေ။ အခုတလော ဒါလေးတွေ တွေးမိလာတယ်။
အတွေးလေးတွေပေါ့
😆
kai
December 27, 2016 at 3:37 am
ဗုဒ္ဓက.. သူ့ဂိုဏ်း(သံဃအဖွဲ့အစည်း) ထဲဝင်ရင်.. သူ့စည်းကမ်း(ဝိနည်း) လိုက်နာရမယ်ဆိုပြီး ချမှတ်ထားတာကို…
မလိုက်နာတဲ့သူ( ဘုန်းကြီး) တွေကို.. ကိုယ်က… ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ ကန်တော့နေရတယ်ဆိုကတည်းက….
ကိုယ်က.. ဘယ်နေရာရောက်နေလည်း သိသင့်..သိရမှာပေါ့…။
ဆိုတော့…
အဲဒီနေရာက စလို့မရ..။ အဲလိုသူတွေကို ရှေ့ကနေ.. ဘာသာရေး(အတွေးအခေါ်) ခေါင်းဆောင်တွေနေရာကနေ ဖယ်ဖြစ်မှ..။ :k:
uncle gyi
December 27, 2016 at 7:41 pm
မြန်မာပြည်မှာစည်းကမ်းမရှိတာသူကြီးကဘာသာရေးကြောင့်လို့ပြောတာလက်မခံပါဘူး
အရင်လွတ်လပ်ပြီးကာစပါလီမန်ခေတ်ကလဲမြန်မာပြည်ဒီဘာသာပါပဲ
မြန်မာပြည်အရပ်ရပ်သန့်ရှင်းတောက်ပြောင်စည်းကမ်းရှိကြပါတယ်
၁၉၆ဝ ၇ဝ နှစ်တွေကုန်းကလဲကားတွေလူတွေစည်းကမ်းရှိကြပါတယ်
အခုလိုမဟုတ်ပါဖူး
ဒါဆိုရင်စံနစ်ကြောင့်ဆိုတာသိသာပါတယ်
kai
December 28, 2016 at 4:42 am
အောက်မှာ.. မြန်မာတွေစည်းကမ်းဖောက်လို့.. ကိုလိုနီဖြစ်ခံရတာလို့ ပြောတဲ့ပြတဲ့ရှေးကဗျာ..။
ဆိုတော့..
ပါလီမန်ခေတ်တလျှောက်.. ဦးနုက.. ပြည်တွင်းစစ်မီးတွေကို မွှေးခဲ့တာမှာ.. တတိုင်းပြည်လုံးသူပုန်ထ.. သူနိုင်တဲ့ရန်ကုန်လေးတခုပဲ.. အင်္ဂလိပ်ထားခဲ့တဲ့.. တိုင်းပြည့်ငွေတွေသုံးပြီး.. လှလှလေး သနပ်ခါးလိမ်းပြသွားတာဖြစ်ပြီး..
ပြည်တွင်းစစ်ထဲ.. အခု(ထိ)တပ်နဲ့အကြီးအကျယ်”ချ”နေတဲ့.. KIA က…. ဦးနု ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာထလုပ်ခြင်းရဲ့ အကျိုးဆက်သာဖြစ်ပါကြောင်း..။
မြန်မာပြည်ထဲသာမက.. ထေရဝါဒနိုင်ငံတွေအားလုံး(အားလုံး) ရဲ့.. ပြဿာနအဓိက အမြုတေဟာ.. ထေရာတွေရဲ့ဝါဒကသာ အဓိကဖြစ်ပါကြောင်း…။
ထေရဝါဒနိုင်ငံများ
သီရိလင်္ကာ ( တမီလ် တိုင်းဂါး ကမ္ဘာအကြာဆုံး ပြည်တွင်းစစ်)
မြန်မာ ( တိုင်းရင်းသားများနဲ့ကမ္ဘာ့အကြာဆုံး ပြည်တွင်းစစ်၊ စစ်အာဏာရှင်)
ထိုင်း ( ကမ္ဘာ့ စစ်တပ်အာဏာအသိမ်းနိုင်ဆုံးတိုင်းပြည်)
လာအို၊ ကမ္ဘောဒီးယား ( ကမ္ဘာ့ လူအသတ်များဆုံး ခမာရုဒ်၊ ပိုပေါ့)
======================
မြန်မာတွေစည်းကမ်းဖောက်လို့
ထီးနန်းပျောက် ဖြစ်ပြီ၊
မှီးငြမ်းထောက်အသစ်မှီသည်
ညစ်ပလီလူမျိုး၊
မိပစ်လို့ ဖရှောင်သွေတယ်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
ဗမာချင်းတော့ ကြွားကြချင်
ဓားပြပင် သူခိုး
ကုလားမြင် သူ့အမေရိုးတော့မလိုပ
ခုမြေရှိုး ပုန်းရှောင်
မိုက်မနော် ပြုမဟေးတို့က
သူ့ပထွေးတော့ ခွေးသို့ မဟောင်၊
ပြောရော့ဟဲ့ ရာဇဝင်ပြောင်အောင်
ဆာသင်တောင် ဒူးချလို့
ပလူးရ ပြေးကျို့ကာ ခွေးသို့ပမာ
တွေးမိတိုင်း အရိုးနာသည်
အမျိုးပါ ဆဲချင်တော့လေး။ ။
အချုပ်တန်းဆရာဖေ
ကထူးဆန်း
December 29, 2016 at 5:45 pm
unicalgyi ကို ditto ပါတယ် .
၁၉၈ဝ ကေ ျ်ာ အချိန်များစကာင်္ပူ ရောက်တုန်းကအများအိမ်သာထဲ ဝင် ရင်ရေရွှတ်ပက် …. စက္ကူ ဗလပွ ..
ဒါပေမဲ့ ဘာသာကြောင့်ရယ်လို့ လီကွမ်းယု ကြီး မယူဆ .. ကြိမ်လုံး ကိုင်တယ် .. ဖိုင်း ချတယ် .. fine city ရယ်လို့ နံမည် တွင် စေတယ် … TV တွေမှာ အမှိုက်ပစ်သူကို အမှိုက်ပြန်သိမ်းစေတဲ့ community service လုပ်တာတွေ ပြန်ပြတယ် … ဘာသာရေးကိုတစ်လုံးမှ မပြောဘဲပြင်ခဲ့တာ….
စီးပွားရေးတိုးတက်လာတာ .. စည်းကမ်းတွေ ကလေးကစ လို့ ကိုင်ခဲ့ ရာကနေ ယနေ့ သန့် ရှင်းသော စကာင်္ပူ ဖြစ်နေတယ် ..ဘာသာရေး နဲ့ မဆိုင်ရေးချ မဆိုင် …
Thint Aye Yeik
December 29, 2016 at 11:49 pm
အဲ့ဒါကြောင့်
အန်ကယ်ကြီး ကွန်မန့်ကို စိမ်းထားတာ။
သူကြီး ရွာ ဘာဖြစ်တယ်မသိ။ အခုစိမ်း။
တော်ကြာ ပုံမှန် ပြန်ဖြစ်။ သူကြီးများ ဝင်နှောင့်နေလေသလား။
ဘာပဲဖြစ်ဖြစ်
ဘာသာရေးနဲ့ မဆိုင် ဆိုတဲ့ အယူအဆ စွဲကိုင်သူမှန်သမျှရဲ့ ကွန်မန့်တွေက်ို အကုန် စိမ်းပါတယ်။
😆
kai
December 31, 2016 at 6:46 am
တခြားနိုင်ငံတွေကို.. တိုးတက်/ကျဆင်း.. ဘာသာရေးကြောင့်လို့မပြောလိုပါ…
စနစ်ကြောင့်မဟုတ်… ဆိုတာ.. ထေရဝါဒနိုင်ငံတွေ.. အထူးသဖြင့်.. မြန်မာတွေနဲ့ မြန်မာပြည်အတွက်(သာ) ဖြစ်ပါကြောင်း..။
သျှားသက်မာန်
May 26, 2017 at 1:10 pm
မြန်မာတွေစည်းကမ်းမရှိတာတော့ ပြောကိုမပြောချင်တော့ဘူး..နေပြည်တော်လေးကတော့ရန်ကုန်နဲ့မတူ ကားရှင်းတာလေးတော့ကြိုက်ပါရဲ ့
သင့်အေးရိပ်
September 7, 2017 at 7:20 pm
နေပြည်တော်က ကားရှင်းလွန်း လမ်းကျယ်လွန်း ကောင်းလွန်းတာ…. အကောင်းလွန်သွားပြီး ဟားစရာကြီး ဖြစ်။
တစ်ဖက် ဆယ်စီး (ဘယ်ညာ အစီး၂ဝ ယှဉ်သွားလို့ ရတဲ့) လမ်းကြီးတွေ…..
လမ်းပေါ်မှာတော့ ကားတစ်မှ မရှိ။
တလွဲပါကွာ….
:k: