ဇန်န၀ါရီ ၂၈တွင်ချိုင်းနီးစ်နယူးရီးယားနှင့် နှစ်ကူးပြန်ဦးမည်။
မြန်မာပြည်တွင် တိုင်းရင်းသား ၁၃၅မျိုးနှင့် ချိုင်းနီးစ်၊ အိန္ဒိယန်း၊ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယန်များပါ နှစ်ရာချီ
အတူတကွသွေးနှောနေထိုင်ကြရကား လူမျိုးရေး၊ ဘာသာရေးအရ နှစ်သစ်ကူးပွဲ အများဆုံးကျင်းပသည့်နိုင်ငံဟုဆိုမည်။
ထို့အပြင် ၁၉၆၂ခုနှစ်တွင်ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာကောက်သိမ်း၍ ပြည်သူပိုင်ခေါင်းစဉ်တပ် အေးဓမြတိုက်ကာ
တိုင်းပြည်၏ငွေရှင်ကြေးရှင်များကို နှင်ထုတ်ခဲ့သော(ကျေးဇူး)ကြောင့် ယခုအမေရိကားရောက် မြန်မာပြည်မှပြောင်းခိုလာသူများတွင်
မြန်မာပြည်ပေါက် တရုတ်၊ကုလား ကပြားများနှင့် ဆက်စပ်ဆွေမျိုးများ အများစုမှီခိုနေထိုင်ကြ၏။
သို့နှင့် လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ နယူးယောက်တို့တွင် အနေများသော မြန်မာ-အမေရိကန် ချိုင်းနီးစ်ကပြား တရုတ်များအတွက်
နှစ်သစ်ဆုမွန်ဆက်ပေးလိုက်ပါသည်။
ပျော်ရွှင်တက်ကြွဖွယ် ကြက်ဖနှစ်သစ်ဖြစ်ပါစေ။

တက်ကြွတဲ့ကြက်ဖ

ကြက်ဖနှစ်သည်တက်ကြွစွာ ကြိုးစားလုပ်ပါက အောင်မြင်ခြင်းရောက်မည့်နှစ်ဆိုသော်ငြား လက်တွေ့အချက်အလက်များအရမူ
ယခုနှစ်သည် ကမ္ဘာမြေအတွက် ကြမ်းသောနှစ်ဖြစ်မည်ဟုဆိုချင်သည်။ ကမ္ဘာနိုင်ငံရေးအပြောင်းအလဲကြီးအဖြစ့်  ဥရောပယူနီယံမှ
ဗြိတိသျှတို့ထွက်ခွာခြင်း(Brexit) နှင့် အမေရိကသမ္မတသစ် ဒေါ်နယ်ထရမ့်တက်လာခြင်းကား မူလအကြောင်းဖြစ်သည်။
အမျိုသားရေးဝါဒ Nationalism ခေါင်းထောင်လာပေရာ လာတော့မည့်ရွေးကောက်ပွဲများ၌ ဂျာမဏီ၊ ပြင်သစ်၊ နယ်သာလန်နှင့်အီတလီ
စသည့်နိုင်ငံများ၏ခေါင်းဆောင်များလည်း တန်းစီလိုက်ပြောင်းကြတော့မည့်သဘောမြင်နေရ၏။
အချက်အလက်များရှုပ်ထွေးနေသည့်ကြားမှ မြန်မာတို့နှင့်ဆိုင်သည်ထင်သည်များကို ချတွက်ကြည့်ပါမည်။
မှန်လျှင်မှန်၍ မှားလျှင်လည်းမှားသည်ဆိုလေသော် ၀်။

ခေါင်းစဉ်များသောရှီသမ္မတ

ကမ္ဘာ့အကြီးဆုံးစီးပွားရှင်နိုင်ငံသို့တက်လှမ်းဟန်ုပြင်နေသော ချိုင်းနား၏သမ္မတရှီကျင့်ဖိန်သည် ရာထူးခေါင်းစဉ်များသောသမ္မတ တဦးဖြစ်၏။
ထင်ရှားသည်တို့မှာ ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှုးချုပ်၊ သမ္မတနှင့် ဗဟိုစစ်ကော်မရှင်နာယက တို့ဖြစ်သည်။
ချိုင်းနားပြည်၏ အာဏာပါဝါအရှိဆုံးသူသည် အဲလ့်ပ်တောင်တန်းနားရှိ၊ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်
မြို့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ အမေရိကသမ္မတ ဒေါ်နယ်ထရမ့်ကျမ်းမကျိန်ခင်၃ရက်အလို၊ ဗြိတိသျှဝန်ကြီးချုပ်
ထရ်ီစာမေမှ Brexit အစီအစဉ်များချပြသောနေ့တွင် မိန့်ခွန်းချွေရင်း ကမ္ဘာဇတ်ခုံနေရာကိုယူ၍ ၀င်က,လာခဲ့သည်။
အဆိုပါဖိုရမ်တွင် ကျန်ကမ္ဘာ့ခေါင်းဆောင်များအား ဖီလော်ဆိုဖာတဦးသဏ္ဍန်ဟောပြောပို့ချသွားခဲ့ရာတွင်
(အမေရိကသမ္မတသစ်သို့အမည်တတ်မပြောယုံတမယ် )ထရမ့်မူဝါဒများသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုး မပြုနိုင်ဟု
ဝေဖန်သွားခဲ့ခြင်းသာဖြစ်၏။ အမေရိကားနဲ့ ကုန်သွယ်ရေးစစ်ဖြစ်မည်ကို စိုးရိမ်နေဟန်ရှိသော သမ္မတရှီ၏ ချိုင်းနားသည်
လက်တွေ့တွင်မူ အမေရိကားထံမှ ငွေတိုက်စာချုပ်များ ၁.၁၃ ထရီလီယံဒေါ်လာဘိုးမျှ ၀ယ်မိရက်သားဖြစ်နေကာ
ကမ္ဘာအကြီးဆုံးဈေးကွက်ကြီးဖြစ်သော အမေရိကားပြည်ဆီသို့ ချိုင်းနားထွက်ကုန် ၄၈၂ဘီလီယံဒေါ်လာ(၂၀၁၅)
ဖိုးမျှနှစ်စဉ်တင်ပို့ရောင်းချနေပါ၏။

၂၈၆၅၀၇၅ ထရမ့်

ပြီးခဲ့သော သမ္မတရွေးပွဲတွင် ဟီလာရီနှင့်ယှဉ်လျှင် လူထုမဲ ၂၈၆၅၀၇၅ ရှုံးနေခဲ့ခြင်းက အမေရိကန်အများစုမကြိုက်မနှစ်သက်သောသူ
ထရမ့်ဟူ၍ ပြောနိုင်သည်။
သူ့ပိုင်စီးပွားရေး ၄ခါဒေ၀ါလီခံဖူးလျှက်မှ ဘီလီယံနာဖြစ်နေသူဖြစ်သဖြင့် အမေရိကား၏
စီးပွားရေးစနစ်တွင်”ဂယ်ပေါက်”ကောင်းစွာရှာတတ်သူဖြစ်သည့်အပြင် ယခုသမ္မတလာဖြစ်နေခြင်းက ဒီမိုကရေစီ၏
ဂယ်ပေါက်ကိုလည်းကောင်းစွာညက်မိသူဟု ပြောနိုင်သည်။ မူလပါတီ ရီပါ့ဗလစ်ကင်န်၏ အကောင်းဆုံးသော
သမ္မတလောင်းနိုင်ငံရေးသမား ၁၇ယောက်တို့ကို အနိုင်ရပြီးမှ ဒီမိုကရက်ပါတီ၏ အကောင်းဆုံးရွေးချယ်ခံ
သမ္မတလောင်းဟီလာရီကလင်တန်ကို အနိုင်ရကာရွေးကောက်ခံရသူဖြစ်သည်။
သူ့ကက်ဘိနက်သည်လည်း IQ အမြင့်ဆုံးသူများကို ရွေးချယ်ထားသည့် ထိပ်တန်းချည်းသာလျှင်ဖြစ်သည်။

ဆွစိပေါ်လစီ

ဒုသမ္မတ မိုက်ခ်ပင်န့်စ်ကိုပင် သမီးနှင့်သမက်အလိုကျရွေးခဲ့ဟန်ရှိသောထရမ့်တွင် အလွန်ထက်မြက်သော ဂျူးဘာသာဝင်သားမက်ရှိနေ၍
သမီးတင်မက မြေးပင်ဂျူးဘာသာဝင်ပြောင်းထားသော ထရမ့်မိသားစုကြီးသည် အစ္စလမ်မစ်နိုင်ငံများတွင်
စီးပွားရေးပေါင်းများစွာရင်းနှီးမြုတ်နှံလုပ်နေသဖြင့် အဆိုပါနိုင်ငံတို့၏ အပေါ်ကြောကို စောကြောမိသူမှာလည်း သေချာသည်။
စ,ကထဲက ချိုင်းနား၏ အထိမခံ (One China) ပေါ်လစီကိုသွားတို့ထိလျှက် ဆွခဲ့ပေရာ ဆွဲစိ၊စည်းရုံးရန်လည်း
ပြင်ဆင်ထားသည်ထင်ရ၏။
သူသမ္မတဖြစ်လာသည်မှာလည်း တို့ထိဆွရင်း လူတို့၏ အမုန်းဒေါသအားဖြင့် ထင်ပေါ်ကျော်ကြားမှု နှိုက်ယူလျှက် နေရာတခုစီကို
ဆွဲစိယူခဲ့ခြင်းဖြစ်ပါသည်။
သာမန်စီးပွားရေးသမားတဦးသည် နိုင်ငံရေးအရိုးဆွေးဘိုးအေ ကလင်တန်(တို့)ကိုအလဲထိုး၍သမ္မတတက်ဖြစ်လာခဲ့သည်ကိုမမေ့သင့်။ မိန်းစရင်းမီဒီယာတို့ကိုပင် ဆွကာ ရှေ့ဆက်ခဲ့ပေရာ ကျမ်းကျိန်ခါနီးရက်များတွင်ပင် CNN ကို Fake News ဟုပြောခဲ့သည်ဖြစ်၏။
မဲဆွယ်ကာလတွင် လက်တီနိုထိပ်တန်းမီဒီယာ(Univision) သမားကို သတင်းစာရှင်းလင်းပွဲမှနှင်ထုတ်ဖူးသူ သူသည်
အမေရိကား၏အဓိကကော်လာပြာအလုပ်သမားအင်အားစုဖြစ်သော မက်စီကိုနိုင်ငံဖက်မှလာသည့် ပြောင်းခိုသူလက်တီနို(လူညို)များကို
ရာဇ၀တ်ကောင်၊ မုဒိန်းသမား၊ မူးယစ်မှောင်ခိုသမားများဟုစွတ်စွဲဖူးသည်။ အမျိုးသမီးများကိုလည်း အောက်ပိုင်းစကားများဖြင့်
နှိမ်ချဝေဖန်ဖူးသည်။ လူမည်းသမ္မတ အိုဘားမားကိုလည်း သက်တမ်း ၈နှစ်လုံးလိုလို အခြေခံဥပဒေအရ တရားမ၀င်သော သမ္မတအဖြစ်
ပယ်ချထားခဲ့ဖူးသည်။ ပြိုင်ဖက်သမ္မတလောင်းကို ထောင်ထဲသွင်းမည်ပြောဖူးသူ။ အမေရိကန်တို့ အမုန်းများသော ရုရှန်းသမ္မတပူတင်ကို
ချီးကျူးပြောဆိုတတ်သူလည်းဖြစ်ပါ၏။
အဆုံးသတ်ရလဒ်ကြည့်ပါလျှင် ဤသည်တို့မှာ သူ၏အောင်မြင်သွားသော အသုံးချနည်းနာမဟုတ်ပါလော။

စစ်စရိပ်ထောင်း အမေရိကား

တကယ်တော့ အမေရိကနိုင်ငံသည် လွန်ခဲ့သောနှစ် ၃၀အတွင်း စစ်ပွဲကြီး ၁၃ခုဆင်နွှဲခဲရာ၌ ဒေါ်လာငွေ ၁၄.၂ ထရီလီယံသုံးခဲ့ကာ Wall
Street ငွေကြေးဈေးကွက်ကြီး၌ ၂၀၀၈ ဘုရှ်လက်ထက်စီးပွားပျက်ကပ်တွင် ၁၉.၂ ထရီလီယံဒေါ်လာတို့ ပျောက်ပျက်ခဲ့ရသည်။
ထရမ့်သည် ဖယ်ဒရယ်အစိုးရ၏အသုံးစရိပ်တို့ စံချိန်တင်လျှော့ကာ သူတပါးနိုင်ငံများအတွက်ကုန်ကျနေသော စစ်စရိပ်တို့ကို
လျှော့ချပစ်မည်ဟန်ရှိရာ အဆိုပါရွေ့ကွက်တို့သည် တိုင်းပြည်၏ကယ်ကွက်ဖြစ်လာနိုင်ကောင်း၏။

နေတိုး၁၂ခု

အဖွဲ့ဝင်၁၂နိုင်ငံ ရှိသည့်အထဲ ဆိုင်ရာနိုင်ငံတို့ ကာကွယ်ရေးအတွက် အမေရိကားမှ စိုက်ထုတ်ငွေကုန်လွန်းလှပေရာ ထရမ့်သဘောမှာ
သူ့ကာကွယ်ရေး သူတို့လုပ်သူလုပ်ပါစေဟုဆိုပေသည်။ စစ်အေးခေတ်ကြီးကားပြီးပြီဖြစ်၍ ကွန်မြူနစ်ဝါဒရှင်လည်းမဟုတ်တော့မူသော
ရုရှားနိုင်ငံ၏ လွှမ်းမိုးမှုတို့ကို ဖယ်ပေးရန် အမေရိကားသည် ကယ်တင်ရှင်လည်းမဟုတ်။
နှစ်ရာချီ မည်သည့်နိုင်ငံကိုမျှ အားမကိုး ကိုယ်တိုင်ရပ်တည်နေကာ စီးပွားဖြစ်လက်နက်၊ စားရေရိက္ခာထုတ်ရောင်းနေရာမှ
ပုလဲဆိပ်ကမ်းသို့ ဂျပန်ဝင်ဗုံးကြဲ၍ ဒုတိယကမ္ဘာစစ်အတွင်း နောက်ကျမှ ဖုန်ခါရန်ဝင်လာသော အမေရိကားသည်
စစ်နှင့်သူ၏အကျိုးအမြတတို့်ကို ကောင်းစွာတွက်ချက်တတ်ပြီးဖြစ်သည်။
အမေရိကား၏အကောင်းဆုံး မိတ်ဖက် ၂နိုင်ငံဖြစ်သော ဗြိတိန်နှင်ဂျပန်တို့ဖက်တွင် ထရမ့်ရပ်ထားနေသည်ကို ဂျပန်ဝန်ကြီးချုပ် အာဘေး
ရွေးကောက်ပွဲပြီးသည်နှင့်ပထမဆုံးလာရောက်၍ကိုယ်တိုင်ကျတွေ့ခဲ့ခြင်းနှင့် Brexit ကို ထရမ့်က “doing great”ဟုဆိုခြင်းက ပြထား၏။
တကယ်တော့ ဥရောပနိုင်ငံများဟူသည် ဆင်ပိန်၍ကျွဲကားမဖြစ်။ ဆင်ကားဆင်တည်း။

အစ္စလမ်မစ်အစွန်းရောက်များ

သူ၏ ကျမ်းကျိန်မိန့်ခွန်းတွင်ပင် ထည့်သွင်းပြောရလောက်အောင် မျက်စိစပါးမွှေးစူးနေဟန်ရှိသော ထရမ့်သည် အမေရိကားပြည်ဝင်ခွင့်
ကို (အနည်းဆုံး) မတည်ငြိမ်သည့် အစ္စလမ်မစ်နိုင်ငံများမှသူများကို စိစစ်ပိတ်ပင်တော့မည့်ဟန်ရှိသည်။ Refugee ကိုလည်း
ဆက်လက်လက်ခံတော့မည့်ပုံမပေါ်၊ အမေရိကနိုင်ငံနှင့် မက်စီကိုပြည်ကြား တံတိုင်းကြီး Trump’s wall လည်းကာမည်။
တရားမ၀င်နေသူများထဲမှ ရာဇ၀တ်မှုကျူးလွန်ထားသူ ၃-၄သန်းမျှကိုလည်း နှင်ထုတ်ပစ်ကာ ပြည်ဝင်ပေါက်များပိတ်ဆိုခြင်းဖြင့်
တိုင်းပြည်တွင်းကိုလည်းသန့်စင်ပစ်မည့်သဘောမြင်ရပါ၏။

ရိုဟင်ဂျာနှင့်သူ၏ပြဿနာများဟူသည် လူဦးရေပေါက်ကွဲနေသော ဘင်္ဂလားဒေ့ရှ်ပြည်မှ ဘင်္ဂါလီလူထု၏(တတိယတနိုင်ငံဖြစ်သော)
ဖွံ့ဖြိုးပြီးတိုင်းပြည်များသို့သွားရန် ဇတ်နာစေအောင်လုပ်ထားသော ပြယုဂ်တခုလည်း ဖြစ်ပေရာ အမေရိကနိုင်ငံမှ Rohingya Refugee
များအား လက်ခံရယူနေခြင်းကို ကန့်သတ်/ရပ်စဲပစ်လိုက်လျှင် (ထိုလုပ်ထုံးကို အခြားနိုင်ငံများကလည်း လိုက်လုပ်လာလျှင်)
ထိုလူကုန်ကူးလမ်းကြောင်းသည်မှေးမှိန်သွားမည်ထင်ရ၏။ မှန်မမှန်ကို အမေရိကပြည်တွင်းရောက်ရှိအခြေချပြီး
ရိုဟင်ဂျာအတု/အစစ်များအား ပြန်လှန်စိစစ်ကြည့်ပါလျှင် သိလွယ်နိုင်ပါ၏။
ဤသည်ကား Stepping Stone လုပ်ခံထားရသော မြန်မာပြည်အတွက် သွယ်ဝိုက်အကျိုးစီးပွားဟု ဟူလို။ သို့သော် မြန်မာပြည်နှင့်
မြန်မာတို့အတွက် ပိုဆိုး၍အရေးတကြီးဖြေရှင်းရမည်ဖြစ်သော ဌာနေတိုင်းရင်းသားတို့နှင့် နယ်မြေလု ပြည်တွင်းစစ်များ စစ်ရှောင်
ပြောင်းခိုသူများကား ဆက်ရှိနေဦးမည်သာတည်း။ အမေရိကား၏ ပေါ်လစီသစ်တို့ကြောင့် ထူး၍ လျှော့ကျပြောင်းသွားမည့်ုဟန်မရှိ။
အိမ်နီးချင်း ချိုင်းနားနှင့်ညှိသော်သာ ရပါလိမ့်မည်။

TPP, NAFTA

သမ္မတထရမ့်အိမ်ဖြူတော်ရုံးထိုင်သည်နှင့် အဦးဆုံးဆောင်ရွာက်မည့်အထဲတွင်
အမေရိကားနှင့်ချုပ်ဆိုထားသောကုန်သွယ်ရေးစာချုပ်များအားပြန်လည်ဆန်းစစ်ခြင်း၊ ဖျက်သိမ်းခြင်းပြုမည်ဟု
မဲဆွယ်ပွဲကတိပေးထားပေရာ North American Free Trade agreement ပြန်စိစစ်ညှိနှိုင်းခြင်းနှင့် Trans-Pacific Partnership
မှထွက်မည်လည်းပါသည်။
TPP သည် အာရှဒေသတွင် ချိုင်းနားပြည်မှ စီးပွားရေးအရလွှမ်းမိုးမသွားစေနိုင်ရန် အမေရိကားနှင့် ဂျပန်၊ စင်္ကာပူ၊ သြစတေးလျှ၊
ဗီယက်နမ်စသည့်နိုင်ငံများ၏ ကုန်သွယ်ရေးသဘောတူစာချုပ်သာဖြစ်ပေရာ အမေရိကားထွက်လျှင်
ချိုင်းနားတက်လာမည်မှာသာဖြစ်သည်။
သို့ဆိုသော သမ္မတအိုဘားမားလက်ထက်က ဖြေလျှော့ပေးခဲ့သော ကုန်သွယ်မှုအခွင့်အရေးအချို့ရရှိထားသည့်
(အမေရိကားနှင့်ကုန်သွယ်မှုမရှိသလောက်ဖြစ်သော) အမေရိကားနှင့်မြန်မာအခြေအနေသည် စစ်ရေး၊ စီးပွားရေးအားဖြင့်
ပို၍တိုးတက်ရန်လမ်းမရှိတော့သလိုဖြစ်မည်သေချာပါသည်။ ယခုလျှင်လည်း မြန်မာသည် နယ်စပ်ကုန်သွယ်ရေးဖြင့်
အိမ်နီးချင်းချိုင်းနားပြည်သို့သာ ရာနှုန်းပြည့်နီးပါးမျှ တည်မှီနေရာသောနိုင်ငံဖြစ်ပေရာ အမေရိကားထွက်လျှင်လည်း
ထူး၍ပြောင်းရန်အကြောင်းမရှိ၊ မူလထက်ပို၍ ချိုင်းနားဖက်သို့ရွေ့ကြယုံသာရှိတော့သည်ဟူလို။

ခြုံလိုက်ပါလျှင် အမေရိကသမ္မတအပြောင်းအလဲသည် မြန်မာပြည်အတွက် ထူးခြားသောသက်ရောက်မှုကားရှိလာမည်မထင်။
သို့သော် ကမ္ဘာ့ခေါင်းဆောင်ကြီး လုပ်ချင်သေးဟန်မရှိသော ချိုင်းနားကိုမူ ခေါင်းဆောင်တင် အိမ်နီးနားချင်အမည်တပ် ကပ်ရပေဦးမည်။
အမေရိကားကား ဒေါ်နယ်ထရမ့်၏ မူလဆောင်ပုဒ်အတိုင်း “America First” အတွက်ဖြစ်ပါလိမ့်မည်။
အမေရိကမြေတွင်မွေးသော အမေရိကန်များနှင့်  လူဝင်မှုကြီးကြပ်ရေးတံခါးအဆင့်ဆင့်မှတဆင့်
တရားဝင် ၀င်ရောက်ခဲ့ပြီး အမေရိကန်ဖြစ်သူများအတွက် “ပထမ”ထား မည့်ပေါ်လစီဖြစ်ပါ၏။ ခေတ်သစ်နည်းပညာတို့၏ဖခင်နိုင်ငံ၊ ကမ္ဘာ့အကောင်းဆုံးကော်ပိုရေးရှင်းကြီးများ၏မူလနိုင်ငံ၊ ချမ်းသာကြွယ်ဝပြီး၍ စူပါပါဝါဖြစ်နေပြီးသော
အမေရိကားသည် “သူသာပထမ” လုပ်လာပါက ပထမ ဆက်ဖြစ်နေဖို့ရာသေချာသလောက်ရှိပါသည်။
သို့နှင့် သမ္မတအိုဘားမား၏ နောက်ဆုံးသတင်းစာရှင်းလင်းပွဲ နှုတ်ဆက်စကားအတိုင်းသာ နေ၍လည်းရမည်ထင်သည်။
“We’re Going to Be Okay”

kai

About kai

Kai has written 933 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.