အင်း အကြောင်းတိုက်ဆိုင်တိုင်း ရေးစရာတွေထွက်လာလွန်းလို့ ချရေးမိလိုက်တာက ဒေါသအကြောင်း။ အရင်ဆုံး မေးခွန်းလေးတွေ မေးကြည့် မယ်နော်။ စာဖတ်သူတို့မှာ အလိုမကျလို့ ဒေါသထွက်ဖူးသလား?။ “ အလိုကြီးက အရနည်းတတ်၏ ” ဆိုသလို လိုချင်တာတွေက အများကြီး၊ မျှော်လင့်ထားတာ လည်း တပုံကြီး၊ ပြန်ရတော့ကျ နည်းနည်းလေးဖြစ်နေလို့ လောဘကြီးရာကနေ ဒေါသပါကြီးတာမျိုးရော ဖြစ်ဖူးသလား။ ကျနော်က သူများကို မေးနေတာ။ ကိုယ့်ဘာကိုယ်ပြန်မေးကြည့်မယ်။ သိပ်ဖြစ်ဖူးတာပေါ့။ ဘယ်နှစ်ကြိမ်လောက် လဲလို့မေးရင် အရေအတွက်ကinfinityထက်တောင် များဦးမလား မသိဘူးနော်။ အဲလိုဖြစ်ရင် ဘယ်လိုခံစားရလဲဆက်မေးမယ်။ သိပ်ပူလောင်တာပဲ။ မျက်နှာကြောတွေက တင်းလို့၊ ကြာတော့ ရယ်ပြဖို့တောင် မျက်နှာက မလိုက်နိုင်တော့ဘူး။ ပြန်ဖြည်လို့မရအောင် တင်းတောင့်နေတာလေ။ ဪ.. ပင်ပန်းလိုက်ပုံများနော်။
ဒါပေမယ့် အမြဲကြီးဖြစ်နေသလားဆိုတော့ အဲလိုတော ့မဟုတ်ပါဘူး။ ပျော်တဲ့အခါ၊ စိတ်ချမ်းသာရတဲ့အခါတွေလည်းရှိတယ်။ အဲလို အချိန်မှာကျ ဒီပူလောင်မှု့တွေကို စွန့်ထားရလို့ ပျော်တာလေးဖြစ်တဲ့အချိန် ပူလောင် တာတွေမရှိတော့ပါဘူး။ ဒါဆို ဒီပူလောင်တတ်တဲ့တရားဟာ အမြဲရှိတဲ့တရား လား၊ မမြဲတဲ့တရားလားပြန်စစ်ပေါ့။ အဲဒီတော့ အဖြေရပြီ။ မမြဲတဲ့တရားမို့ ရှိချင်ရှိလိုက် မရှိတဲ့အခါ မရှိလိုက်ဖြစ်နေတာပေါ့။ ဒါဆို သူတို့သည် ဧည့်သည်လိုဖြစ်သွားပြီနော်။ အမြဲရှိမနေနိုင်လို့လေ။ တို့ ခန္ဓာမှာ မကြာမကြာ လာတတ်တဲ့ ဧည့်သည်ပဲပေါ့နော်။ ဒါဆို သူက အိမ်ရှင် မဟုတ်လို့ သူမလာ အောင် မောင်းထုတ်လို့ ရမှာပေါ့နော်။ ဒါဆို မောင်းထုတ်တဲ့နည်းလေးတော့ သင်ထားဦးမှပဲ။ သူလာတိုင်း ဒုက္ခရောက်ရပြီမို့လေ။ ဒီပူလောင်မှု့တွေ လာမယ့် အရိပ်အယောင်မြင်ရင်ကို ဦးအောင် တံခါးသော့ခတ်ထားမှပါပဲ။ ဘာလို့လဲဆိုတော့ဒီဧည့်သည်ကဝင်လာရင်ကိုယ်လည်းပူသလို၊ ကိုယ်နဲ့နီးစပ် သမျှကိုအပူရှိန်တွေ ဟပ်စေလို့ပဲ။
ဒါကြောင့် စကားပြောရင်းနဲ့ဆန့်ကျင်ဘက်တွေဖြစ်လာရင် အတတ်နိုင်ဆုံး လမ်းကြောင်း ပြောင်းလိုက်ရတယ်။ တော်နေ ဒီဒေါသပူလောင်မှု့တွေ ဝင်လာမှာမို့လေ။ တစ်ခါတစ်လေကျလည်း သူများတွေ အော်ဟစ်ပူလောင် နေတာကို မြင်တာနဲ့ ဝေးဝေးကို ရှောင်ထွက်သွားရတယ်။ သူက ကူးစက်တတ်တယ်လေ။ ဒီလိုနဲ့ပဲ ဒီဧည့်သည်ကြီး မဝင်နိုင်အောင် နည်းမျိုးစုံနဲ့ ရှောင်နေရတာပေါ့။ ဒါက အပြင်ကကူးစက်မှာကို အထင်ကရသိပြီ ရှောင်နိုင် တာနော်။ အဲ ကိုယ့်အတွင်းစိတ်ထဲက ဖြစ်လာတဲ့ ဒေါသအပူကျတော့ နောက်ဖေးပေါက်က လျှိုဝင် လာသလို မသိသာမမြင်သာလို့ သတိမထားရင် မထားသလို အလစ်ချောင်းဝင်လာတာမျိုးတွေကျ ခံရပြီလေ။ တခါးပိတ်ချိန် မရလိုက်ဘူး။
စိတ်မှာ တစ်ခါတစ်လေ အတိတ်က ဘာမဟုတ်တဲ့ ကိစ္စလေးတွေ၊ ပြီးပြီးသားကိစ္စတွေကို ဖျပ်ကနဲသတိရမိပြီး ဒိုင်းဆို မျက်နှာက ပြောင်းသွားပြီ။ ဒေါသက ဝင်သွားမိပြီ။ တားချိန်မရလိုက်ဘူးလေ။ လူတစ်ယောက်ကို တွေ့ပြီး ရယ်ပြမလိုလုပ်ပြီးမှ ချက်ချင်းမျက်နှာကြီး တည်သွားတာနော်။ ဪ.. ဒါသည်ပင် ဒီဒေါသလေးဝင်မှန်းမသိ ဝင်ပူးခံရလို့ ရုပ်ကြီးက အမူအယာ တွေပျက်သွားတယ်၊ ပြောင်းသွားတယ်။ ဒါတွေကျ ဘယ်လိုcontrol လုပ်ရပါ့ မလဲ။ လုပ်ချိန်မရခင်ကို အရင်ဖြစ်နေပြီနော်။ စိတ်ထဲမှာတင်းလို့ မျက်နှာ ကလည်းတင်းလို့ အမူအယာတွေပျက်လို့ ဒါ ဒေါသအပူ ဧည့်သည်ကြီး ဒီစိတ်မှာ ဝင်နေရာယူအုပ်စိုးခံနေရတာနော်။ အင်း သူ့ကိုကျတော့ ဘာနဲ့တားရပါ့မလဲ?၊ အပြင်ကလာတဲ့ဧည့်သည်ကျတော့ ကြိုမြင်ရလို့ သတိနဲ့ရှောင်လိုက် နိုင်ပေမယ့် အတွင်းအတွေးကဖြစ်လာတဲ့ ဧည့်သည်ကြီးကျတော့ အိမ်ဦးခန်း ဝင်ထိုင်နေတာတောင် နောက်မှသိရတယ်။ မောင်းမယ်လုပ်တော့ ထိုင်ပြီး နေပြီ။
ကဲ. ဒါဆို ကျနော်တို့က ဒီအတွင်းရန်သူကြီးကို ပိုပြီးကြောက်သင့်တာပေါ့နော်။ သူ့ကို ဘယ်လို ကာကွယ်ရမလဲဆိုတော့ သတိအစောင့်လေးတွေ အထပ်ထပ်ချထားမှ သူဝင်လာရင် အချက်ပြနိုင်မှာပေါ့။ ကိုယ့်စိတ် လေးထဲမှာ အာရုံတစ်ခု လာတိုက်တယ်။ ဒီအာရုံပေါ်မှီပြီး ဒေါသ၊ လောဘတွေ ဖြစ်ကြတယ်။ ဒါကို မသိလိုက်ဘူး။ လောင်ချင်တိုင်းလောင်လို့အားရမှသိပြီ။ တော်တော်လောင် သွားပြီးပြီလေ။ အင်း ဒါဆိုရင် အမြဲကိုယ့်စိတ်ကလေးကို သတိထားပြီးဒေါသဖြစ်တယ်၊ မဖြစ်ဘူး သတိထားကြည့်နေနိုင်မှပဲ ဒီဧည့်သည် တွေ အလာနည်းသွားမှာပေါ့။ မဟုတ်ရင် သူတို့က အလုံးအရင်းနဲ့ဝင်ပြီး စိတ်ကို သိမ်းပိုက် ထားတော့ သူတို့ခိုင်းရာလုပ်ရတဲ့ဘဝ ရောက်သွား တာပေါ့။
သူတို့က ဘာခိုင်းလဲဆိုတာလည်း ကြည့်လိုက်ပါဦး။ ဒေါသဆိုတော့ နှုတ်တွေကြမ်း၊ အာတွေကြမ်းလို့ ရုပ်ကလည်းကြမ်းကြမ်းလာမယ်။ အမူအယာတွေကလည်း ကြမ်းကြမ်းလာမယ်။ အင်း.. ကျူးလွန်လိုက်မယ့် ကာယကံ၊ ဝစီကံ၊ မနောကံတွေကလည်း တသီတတန်းကြီးပါပဲလားနော်။ ရင်လေး လိုက်တာ။ ကြောက်စရာကောင်းလိုက်တာ။
ဒါကြောင့် သူ့ကိုနာမည်ပေးထားပါတယ်။ “ဒေါသူပုန်” လို့လေ။ သူပုန်ဆိုမှတော့ ဝင်လာတာနဲ့ ဖျက်ဆီးပစ်မယ်။ မီးရှို့ပစ်မယ်၊ တစ်ခုမှကောင်းတာမရှိဘူး။ အကာအကွယ်ကောင်းကောင်းလေးနဲ့ ခံတပ် မာမာလေးလုပ်ထားမှ ဒီသူပုန်တွေမဝင်ရဲမှာဆိုတော့ အင်း.. ဆောက်ဦးမှပါ ပဲလေဆိုတော့ ဘယ်လို စဆောက်ရမလဲ။ ဒီစိတ်ကလေးကိုပဲ ဒေါသဖြစ်၊ မဖြစ် တရစပ်သိအောင် သတိလေးနဲ့ကပ်ပြီး ကြည့်ပေးရုံပါပဲ။ အဲဒီလို ကြည့်ရင်းနဲ့ ကိုပဲ အလစ်မှာ ဘယ်အချိန်က ဝင်သွားမှန်းမသိပဲ ဒေါသက ဖြစ်ပြနေပြီ။ ဒါဆို ဟာ ငါ ဒေါသဖြစ်နေပြီပဲလို့ သိလိုက်ရမယ်။ ဒါမှ သူခိုးဟာ အိမ်ရှင်နိုးမှန်းသိမှ ပြေးသလိုပဲ ဒီသူပုန်ကလည်း သူ့ကိုဝင်လာတာနဲ့သိပြီဟေ့၊ “ ဒေါသဖြစ်နေ ပါလား ” ဆိုရင် သူကပြေးပြီပေါ့။ ဒါဆို စိတ်မှာ ဒေါသလေးကင်းနေရော။ ဒါကိုပဲ ဒေါသမဖြစ်ဘူး၊ မဖြစ်ဘူးလို့ မှတ်နေ သိနေပေးပါ။ အစောင့်ရှိတဲ့ခြံဟာ သူခိုး အလွယ်တကူဝင်လို့မရသလို၊ သတိရှိနေတဲ့စိတ်ကလေးဟာ အကုသိုလ် အလွယ်တကူဖြစ်ခွင့်မရှိတာမို့ အထူးပဲ သတိလေးနဲ့ စိတ်ကလေးကို စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းရင်း…..။

whowho

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”